Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရန် မစဉ်းစားမီ မြန်မာ စစ်အစိုးရ အနေဖြင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ကို အသိအမှတ် ပြုပြီး သူမနှင့် ဒိုင်ယာလော့ခ် ပြုလုပ်ကာ ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးသင့်ကြောင်း အမေရိကန် သံတမန်တစ်ဦးက ပြောကြားလိုက်သည်။

အာဆီယံနှင့် အင်ဒိုနီးရှား နိုင်ငံက ကိုရီးယား ကျွန်းဆွယ်တွင် ဖြစ်ပေါ်နေသော ပြဿနာများ ဖြေရှင်းရာ၌ တက်ကြွသည့် အခန်းကဏ္ဍမှ ပါဝင် လုပ်ဆောင်နေမှုကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုပါကြောင်း ၎င်းက ဆိုသည်။ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Joseph Y Yun က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများသည် မြန်မာ့ အရေးကိစ္စနှင့် ပတ်သက်၍ တူညီသော အဆိုပြုမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရကြောင်း ပြောကြားသည်။

"အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ တောင်းဆိုမှုတွေဟာ တကယ့်ကို ပြည့်စုံ ကောင်းမွန်ပါတယ်။ မြန်မာ အာဏာပိုင်တွေ အနေနဲ့ သူတို့ရဲ့ တောင်းဆိုချက်တွေကို အလေးအနက် ထားပြီး လက်တွေ့ကျကျ လုပ်ကိုင် ဆောင်ရွက် ပေးသင့်ပါတယ်" ဟု မစ္စတာ Joseph Yun က ပြောသည်။

အရှေ့ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ကျွမ်းကျင်သူ မစ္စတာ Yun က အကယ်၍ မြန်မာ အစိုးရကသာ နိုင်ငံတကာ အသိုင်းအဝိုင်း၏ တောင်းဆိုမှုများ အတိုင်း စနစ်တကျ လိုက်ပါ ဆောင်ရွက်မည် ဆိုပါက အပြုသဘော ဆောင်သော တုံ့ပြန်မှုများ ရှိလာမည် ဖြစ်ကြောင်း ပြောဆိုသည်။

"ပြောရရင်တော့ ရှင်းပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် တိုးတက်မှု ရှိအောင် လုပ်လာတာနဲ့ အမျှ နိုင်ငံတကာ အသိုင်း အဝိုင်းကလည်း အပြုသဘော ဆောင်တဲ့ တုံ့ပြန်မှုတွေ မဖြစ်မနေ လုပ်လာမယ်လို့ ထင်ပါတယ်" ဟု ဆက်လက် ပြောသည်။

အင်ဒိုနီးရှား နိုင်ငံ လွန်းမ်ဘွတ် (Lombok) ကျွန်းတွင် ကျင်းပ ပြုလုပ်သော ဆွေးနွေးပွဲ၌ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ၊ ကနေဒါ အပါအဝင် အာဆီယံ၏ ဒိုင်ယာလော့ခ် မိတ်ဖက်နိုင်ငံများ အနေဖြင့် မြန်မာ နိုင်ငံအပေါ် ဒဏ်ခတ် အရေးယူမှုများ ဖယ်ရှားရေးကို စဉ်းစားရန် လိုအပ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ထုတ်ဖော် ပြောဆိုကြသည်။ အကြောင်းမှာ မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပြီး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်လည်း နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီ ဖြစ်သောကြောင့်ဟု ဆိုသည်။ သို့သော် ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အတူ ပူးတွဲ လုပ်ဆောင် သင့်ကြောင်း ပြောဆိုသည်။

မြန်မာ့ နိုင်ငံရေးတွင် ပါဝင် ပတ်သက်နေသော နိုင်ငံရေး ပါတီများ မြန်မာနိုင်ငံ အနာဂတ် ဖွံ့ဖြိုး တိုးတက်ရေးတွင် ပါဝင် လုပ်ကိုင် ပေးနိုင်ရေး အတွက် ပြီးပြည့်စုံသည့် ဒိုင်ယာလော့ခ် ဖြစ်ပေါ်အောင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများက တွန်းအား ပေးခဲ့ကြောင်း မစ္စတာ Marty Natalegawa က ဆိုသည်။

အာဆီယံ အဖွဲ့က ကိုရီးယား ကျွန်းဆွယ် အရေးကိစ္စအတွက် အကူအညီ ပေးရန် စိတ်ဆန္ဒ ရှိသည့် အတွက် ကြိုဆို လိုက်ပါကြောင်း မစ္စတာ Yun က ချီးမွမ်း ပြောဆိုသည်။ ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်မှု ရှိရေးနှင့် မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးတို့ ချိတ်ဆက် နေသည် ဟုလည်း ၎င်းက သုံးသပ်သည်။

"အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းပြီး နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီနဲ့ ပြန်လည် ပူးပေါင်းလာဖို့ အဆိုပြုတဲ့ နေရာမှာ ရှင်းရှင်း လင်းလင်း ရှိထားသင့်တယ်လို့ ထင်ပါတယ်" ဟုလည်း ဆိုသည်။

တောင်နှင့် မြောက်ကိုရီးယား အကြား ဖြစ်ပေါ်လျက် ရရှိသော ပဋိပက္ခ အတွက် အဖြေ ရှာရာတွင် ပိုမို တက်ကြွစွာ လုပ်ကိုင် ဆောင်ရွက်ရန် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက လွန်းမ်ဘွတ် ဆွေးနွေးပွဲတွင် သဘော တူညီခဲ့ကြသည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စု၊ တရုတ်၊ ရုရှား၊  ဂျပန် နှင့် တောင်-မြောက် ကိုရီးယား တို့ ပါဝင်သည့် မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေး ဆိုင်ရာ ခြောက်နိုင်ငံ ဆွေးနွေးပွဲ၏ ကြိုးပမ်း ဆောင်ရွက်ချက်များကို အာဆီယံ အနေဖြင့် ထောက်ပံ့ ပေးသွားမည် ဖြစ်သည်ဟု ဆိုသည်။

အင်ဒိုနီးရှား နိုင်ငံ အာဆီယံအဖွဲ့ ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်စဉ် ကိုရီးယား ကျွန်းဆွယ် ပြဿနာ ဖြေရှင်းရေး အတွက် အာဆီယံ အနေဖြင့် များစွာ လုပ်ဆောင် ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Joseph Yun က ပြောဆိုသည်။ "ခြောက်နိုင်ငံ ဆွေးနွေးပွဲမှာ ပါတဲ့ နိုင်ငံတွေနဲ့ အဆက်အသွယ်တွေ ပြုလုပ်ပြီး ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ဖို့ ဘယ်လို လုပ်ကိုင် ဆောင်ရွက်နိုင်မလဲ ဆိုတာ သိလာ ပါလိမ့်မယ်" ဟု ဆိုသည်။

Jakarta Post မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment