Transparency Myanmar

transparency.myanmar@gmail.com

ဒေါက်တာတင်ထွန်းဦး မြန်မာတိုင်းမ် CEO ဖြစ်ပြီ


ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၁၄

ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် လ.ဝ.က ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် အဖမ်းခဲ့ရသည့် သြစတြေးလျနိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေ Ross Dunkley ၏ Myanmar Consolidated Media Group Ltd (MCM) အယ်ဒီတာချုပ်ရာထူးကို ရှယ် ယာဝင်တဦးဖြစ်သူ ဒေါက်တာတင်ထွန်းဦးက ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် လွှဲပြောင်းယူလိုက်ကြောင်း သတင်းရရှိသည်။

လဝက ပုဒ်မ ၁၃(၁)ဖြင့် ထိန်းသိမ်းခံရသည့် မစ္စတာ ရော့စ်ဒန်ကလေ၏ နေထိုင်ခွင့်ဗီဇာသက်တမ်းသည် ဖေဖော် ဝါရီလ ၂၇ ရက်နေ့မှ ကုန်ဆုံးမည်ဖြစ်ပြီး ဗီဇာသက်တမ်းတိုးရန် စီစဉ်နေခိုက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အမှုတွင် လိုက်ပါ ဆောင်ရွက်ပေးနေသူ တစ်ဦးကလည်း ပြောကြားသည်။

MCM သည် မြန်မာတိုင်းမ်စ် ဂျာနယ်ကို ၂ဝဝဝ ခုနှစ်မှ စတင်ထုတ်ဝေခဲ့သည်။ စတင်ချိန်က ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် နီးစပ်သူ ဦးဆန်နီဆွေ၊ မစ္စတာ ဒန်ကလေနှင့် နိုင်ငံခြားသားအနည်းငယ်၊ အစိုးရနှင့် နီးစပ်သူ အနည်းငယ်တို့ ပါဝင်ခဲ့သည်။ ဦးဆန်နီဆွေက ၄ဝ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ပြီး မစ္စတာဒန်ကလေမှာ ရှယ်ယာ ၄၉ ရာခိုင်နှုန်းဖြင့် စတင်ချိန် ကတည်းက အများဆုံး ဖြစ်သည်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် အဖမ်းခံရပြီးနောက် ဆက်စပ်သူတဦးဖြစ်သည့် ဦးဆန်နီဆွေပါ ယာယီထိန်းသိမ်းခံခဲ့ ရပြီး ၎င်း၏ ရှယ်ယာများကို ဇနီး ဒေါ်ယမင်းထင်အောင်က ၂ဝဝ၆ ခုနှစ် နှစ်လယ်ပိုင်းအထိ လွှဲပြောင်းယူခဲ့သေးသည်။ ထို့ နောက် ဒေါ်ယမင်းထင်အောင်က ဒေါက်တာတင်ထွန်းဦးသို့ လွှဲပြောင်းပေးခဲ့သည်။

မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် အပတ်စဉ်ထုတ် မြန်မာတိုင်းမ် သတင်းဂျာနယ်ကို ထုတ်ဝေသော Myanmar Consolidate Media Group Ltd တွင် မစ္စတာဒန်ကလေက အစုရှယ်ယာ ၄၉%ကို ပိုင်ဆိုင်ပြီး မြန်မာစွယ်စုံ ဂရု(ပ်) မှ ဒေါက်တာတင်ထွန်းဦးက ၅၁%ကို ပိုင်ဆိုင်ကြောင်း သိရသည်။

          ဂျာနယ်၏ အစုရှယ်ယာဝင် တစ်ဦးဖြစ်သော ဒေါက်တာတင်ထွန်းဦးသည် အစိုးရနှင့် ပူးပေါင်းထားသည့် လုပ်ငန်း များစွာရှိသည့်အပြင် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး ပုစွန်တောင်မြို့နယ်တွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့သောကိစ္စနှင့် ပတ်သက်ပြီး မစ္စတာ ဒန်ကလေနှင့် သဘောထားကွဲလွဲမှုများ ရှိခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

ယခုလ ၁၂ ရက်နေ့တွင် ကြေးမုံသတင်းစာ၌ နိုင်ငံတော်ပိုင် အဆောက်အအုံများ ရောင်းချရေးကော်မတီမှ မြေ၊ အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက် စုစုပေါင်း ၂၆၈ ခုကို ရောင်းချမည့် စာရင်းဖော်ပြခဲ့ရာ MCM ငှားရမ်းဖွင့်လှစ်သည့် ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်း အမှတ် (၃၇၉-၃၈၃) အဆောက်အအုံလည်း ပါဝင်သည်။

Ref; Internet News

--------------------------------------------------------------------------------------------------------------------------------

မြန်မာတိုင်း(မ်) တည်ထောင်သူ ဒန်ကလေ အာမခံဖြင့် ပြန်လွတ် 


ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၄၊

လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ၁၃(၁) ဖောက်ဖျက်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာတိုင်းမ် ဂျာနယ် ပူးတွဲတည်ထောင် သူ သြစတေးလျနိုင်ငံသား ရော့စ်ဒန်ကလေသည် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က အာမခံဖြင့် ပြန်လွတ်လာကြောင်း သတင်းရရှိ သည်။

ဖေဖေါ်ဝါရီလ ၁၀ရက်နေ့တွင် ဖမ်းဆီးခံရသော ၎င်းကို အာဏာပိုင်တို့က ဖေဖေါ်ဝါရီလ ၁၁ရက်နေ့တွင် အင်းစိန် ထောင် အချုပ်သို့ ပြောင်းရွှေ့ပြီး ၂ ရက်အကြာ အာမခံရသွားခြင်း ဖြစ်သည်။ မစ္စတာဒန်ကလေသည် တရားရုံးတွင် အမှုကို ဆက်လက် ရင်ဆိုင်သွားရမည် ဖြစ်သည်။

မြန်မာတိုင်း(မ်)သည် အပတ်စဉ်ထုတ်ဂျာနယ်များထဲတွင် လုပ်ငန်းကြော်ငြာအများဆုံးရရှိသော ဂျာနယ်တစ်စောင် ဖြစ်ပြီး စီးပွားရေးအရလည်း မျက်စိကျစရာဖြစ်နေသည့်အတွက် အယ်ဒီတာမူဝါဒကို ချုပ်ကိုင်ထားသော မစ္စတာဒန်ကလေအား ဖယ်ထုတ်ရန် ကြိုးစားပုံရသည်ဟု ရန်ကုန်မှ သတင်းထောက်တစ်ဦးက သုံးသပ် ပြသည်။

Ref; Internet News

--------------------------------------------------------------------------------------------------------------------------------

နိုင်ငံပိုင် အဆောက်အအုံများ စုစုပေါင်း ၂၆၈ ခုအား ရောင်းချမည်


ဖေဖော်ဝါရီလ ၁၄

နိုင်ငံတော်ပိုင် အဆောက်အအုံများ ရောင်းချရေး ကော်မတီနှင့် နိုင်ငံပိုင် သိမ်းဆည်းထားသောပစ္စည်းများ ထုခွဲ ရောင်းချရေး ကော်မတီတို့မှ တိုက်ခန်း၊ လုံးချင်း၊ မြေကွက် စုစုပေါင်း ၂၆၈ ခုအား ရောင်းချရန်အတွက် အဆိုပြုလွှာများ ခေါ်ယူထားကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်များအရ သိရသည်။

ရောင်းချမည့် တိုက်ခန်းစာရင်းများထဲတွင် ရန်ကုန်၏ မြို့တွင်းဧရိယာများဖြစ်သော ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်း၊ ဗိုလ်တစ်ထောင် မြို့နယ်များရှိ နေရာကောင်းများ အများစု ပါဝင်လာကြောင်း သိရသည်။

လုံးချင်းစာရင်းများထဲတွင် အစိုးရဌာနဆိုင်ရာရုံးများ ပါဝင်လာပြီး ရန်ကုန်၏ အချက်အချာကျသော လမ်းမတန်း များဖြစ်သည့် ကမ်းနားလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ဆိပ်ကမ်းသာလမ်း၊ ဘုရင့်နောင် လမ်းမကြီး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ ရွှေတောင်ကြားလမ်း၊ ဓမ္မစေတီလမ်းတို့ အပါအဝင် အခြား လမ်းမတန်းများတွင်သာ အများဆုံးတည်ရှိသည့် ရုံးများ၊ နိုင်ငံတော်ပိုင် အဆောက်အအုံများ ပါဝင်ကြောင်း သိရသည်။

နိုင်ငံတော်ပိုင် အဆောက်အအုံများ ရောင်းချရေးကော်မတီမှ လုံးချင်း ၈၆ ခု၊ တိုက်ခန်း ၄၅ ခန်းနှင့် မြေကွက် ၂၆ ခုအား ရောင်းချမည် ဖြစ်ပြီး နိုင်ငံပိုင် သိမ်းဆည်းထားသောပစ္စည်းများ စီမံခန့်ခွဲမှုကော်မတီမှ မြေနှင့်အဆောက်အအုံ ၆၅ ခု၊ တိုက်ခန်း ငါးခန်းနှင့် မြေကွက် ၄၁ ကွက် တို့အား ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

 

(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ် များအတွက် သတင်းများနှင့် ဆောင်းပါးများကိုအချိန်ပေးဖတ်ရှုရ သည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ်တခုခုကိုရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ)မဟုတ်ပါ ကြောင်း အသိပေး ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment