Transparency Myanmar

transparency.myanmar@gmail.com

(BBC သတင်းကို ဘာသာ ပြန်ဆိုသည်)

ထိုင်းအမျိုးသား စီးပွားရေးနှင့် လူမှု ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ အဆိုအရ နိုင်ငံ စီးပွားရေးသည် ကျဆင်းမှုမှ ပြန်လည် ရုန်းထွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် နောက်ဆုံး သုံးလတွင် GDP ၁ ဒဿမ ၂ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်ကို တွေ့ရကြောင်း ယင်းဘုတ်အဖွဲ့က ထုတ်ပြန်သော ကိန်းဂဏန်းများက ဆိုသည်။

ထိုင်းစီးပွားရေးသည် ယမန်နှစ် ဒုတိယ လေးလပတ်တွင် ၀ ဒဿမ ၆ ရာခိုင်နှုန်း၊ တတိယ လေးလပတ်တွင် ၀ ဒဿမ ၃ ရာခိုင်နှုန်း ကျုံ့သွားခဲ့ပြီး စီးပွားရေး ကျဆင်းမှုသို့ ရောက်ရှိ သွားခဲ့ရသည်။ ယခုကဲ့သို့ စီးပွားရေး ကျဆင်းမှုမှ ပြန်လည် ရုန်းထွက်နိုင်ခဲ့သည်မှာ ကုန်ပစ္စည်း တင်ပို့မှုများ မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

စီးပွားရေး တိုးတက်မှု ဆိုင်ရာ ကိန်းဂဏန်းများ ပြန်လည် ကောင်းမွန်လာခြင်း နှင့်အတူ စားသောက်ကုန်နှင့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာပြန်ရာ ဗဟိုဘဏ် အနေဖြင့် အတိုးနှုန်းထား မြှင့်တင်ပေးရမည့် အခြေအနေနှင့်လည်း ရင်ဆိုင်ကောင်း ရင်ဆိုင်ရ လာနိုင်သည်ဟု လေ့လာ သုံးသပ်သူများက ဆိုသည်။

ထိုင်းဘဏ် (The Bank of Thailand) သည် ဇန်နဝါရီလ အတွင်း ကုန်ဈေးနှုန်းများ မြင့်တက်မှုကို လျှော့ချနိုင်ရန် အလို့ငှာ ငွေချေးငှားမှု စရိတ်စက (အတိုးနှုန်း) ကို ၁ ရာခိုင်နှုန်း၏ လေးပုံ တစ်ပုံမှ ၂ ဒဿမ ၂၅ ရာခိုင်နှုန်းထိ မြှင့်တင်ပေးခဲ့သည်။ လာမည့် မတ်လတွင် ကျင်းပ ပြုလုပ်မည့် အစည်းအဝေးပွဲ၌ ထိုင်းဘဏ်အနေဖြင့် အတိုးနှုန်းများ ထပ်မံမြှင့်တင် ပေးရဖွယ် ရှိကြောင်း ဘောဂဗေဒ ပညာရှင်များက မျှော်လင့်ထားကြသည်။

တတိယ လေးလပတ် အတွင်း စီးပွားရေး ကြီးထွားလာမှုက ထိုင်းနိုင်ငံ အနေဖြင့် စီးပွားရေး ကျဆင်းမှုမှ ရုန်းထွက်နိုင်အောင် ဖန်တီးပေးလိုက်ခြင်း ဖြစ်ကြောင်း Standard Chartered Bank မှ ဘောဂဗေဒ ပညာရှင် Usara Wilaipich က ပြောကြားသည်။

"အခုလို ဖွံ့ဖြိုးတိုးတက်လာမှုက ဗဟိုဘဏ်က ကျင့်သုံးနေတဲ့ ဈေးနှုန်းများ ပုံမှန်ဖြစ်ရေး မူဝါဒကို ကျောထောက် နောက်ခံ ပေးမယ်လို့ ထင်ပါတယ်" ဟု ၎င်းက ဆိုသည်။

ကုန်ပစ္စည်း တင်ပို့မှု ခေါင်းထောင်လာခြင်း

ထိုင်းနိုင်ငံသည် အရှေ့တောင် အာရှ ဒေသတွင် ဒုတိယ အကြီးဆုံး စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်ပြီး ကုန်ပစ္စည်း တင်ပို့သည့် အခန်းကဏ္ဍကို အလွန်အမင်း အမှီသဟဲ ပြုနေရသည်။ ၂၀၁၀ ပြည့်နှစ်၏ ရှုပ်ထွေးသော ပထမ ကိုးလတာ ကာလ လွန်မြောက် သွားပြီးနောက် ထိုင်းနိုင်ငံ၏ အရေးကြီးသော ဈေးကွက်အချို့တွင် ဝယ်လိုအားများ ပြန်လည် မြင့်တက်လာခဲ့သည်။ အကြောင်းမှာ ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများ ပြန်လည် နာလန် ထူလာသောကြောင့် ဖြစ်သည်။ အသားတင် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ တင်ပို့မှုမှာ ၂၀၁၀ ပြည့်နှစ်၏ နောက်ဆုံး သုံးလတွင် ၆ ဒဿမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ယမန်နှစ်က အဆိုပါ ကာလတွင် ၁၄ ဒဿမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေး ဘုတ်အဖွဲ့က ဆိုသည်။

၂၀၁၀ ပြည့်နှစ် တစ်နှစ်တာ ကာလ တစ်လျှောက် ထိုင်းနိုင်ငံမှ ပြည်ပ တင်ပို့မှုမှာ ၂၈ ဒဿမ ၁ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့သည်။ ထိုင်းစီးပွားရေး အတွက် သတင်းကောင်း တစ်ခုမှာ ယခုနှစ် တွင်လည်း ပြည်ပ တင်ပို့မှု ဆက်လက် မြင့်တက်နေခြင်းပင် ဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ၏ နိုင်ငံခြားသို့ တင်ပို့ ရောင်းချမှုမှာ ယမန်နှစ် ဇန်နဝါရီလထက် ၂၂ ဒဿမ ၃ ရာခိုင်နှုန်း မြင့်တက် လာသည်ကို တွေ့ရသည်။

"နိုင်ငံခြား ဝယ်လိုအား မြင့်တက်မှုက ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ပြည်ပ တင်ပို့မှု အပေါ် ဖွံ့ဖြိုးပြီး နိုင်ငံတွေ၊ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုလို နိုင်ငံတွေ ဘက်က ဝယ်လိုအားတွေ မြင့်တက် လာလိမ့်မယ်လို့ ကျွန်တော်တို့က မျှော်မှန်းထားပါတယ်" ဟု Tisco Securities မှ ဘောဂဗေဒ ပညာရှင် တစ်ဦးက ဆိုသည်။

နှေးကွေးနေသော တိုးတက်မှု

မည်သို့ပင် ဆိုစေကာမူ ယခု ကြုံတွေ့နေရသော အခြေအနေ အရပ်ရပ်ကို ထိုင်းစီးပွားရေး အတွက် သတင်းကောင်းများ ဟူ၍ မရသေးပေ။ လက်ရှိ ၂၀၁၁ ခုနှစ် ထိုင်းနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ယမန်နှစ်၏ တိုးတက်မှုနှုန်း ဖြစ်သော ၇ ဒဿမ ၈ ရာခိုင်နှုန်းကို လိုက်မီနိုင်မည့် အနေအထားတွင် မရှိသေးပေ။ ယခုနှစ် အတွင်း စီးပွားရေး တိုးတက်မှုနှုန်းမှာ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း အထိသာ ရှိလိမ့်မည်ဟု မျှော်လင့်ရကြောင်း ထိုင်းဘဏ်က ခန့်မှန်းထားသည်။

ထိုင်းစီးပွားရေး နှေးကွေး သွားစေခဲ့သည့် အကြောင်း အချက် များစွာ ရှိသည့် အနက် တစ်ခုမှာ ငွေကြေး ဖောင်းပွမှုနှင့် အတိုးနှုန်း မြင့်မားမှုတို့ ဖြစ်ကြောင်း လေ့လာ ဆန်းစစ်သူတို့က ဆိုသည်။ ထိုင်းပြည်ပ ပို့ကုန်များ အပေါ် တရုတ်နိုင်ငံမှလည်း ဝယ်လိုအား လျော့နည်းနေကြောင်း၊ ၂၀၁၁ ခုနှစ်အတွက် စီးပွားရေး တိုးတက်မှု ဆိုင်ရာ ကန်းဂဏန်းများ နိမ့်ကျနေဦးမည်သာ ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

"နိုင်ငံ အတော်များများရဲ့ စီးပွားရေး လုပ်ငန်းတွေဟာ ယခု အချိန်အထိ ကောင်းကောင်း မွန်မွန် မြင့်တက် လာနေတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံအနေနဲ့ ပထမ သုံးလပတ် အတွင်းမှာ ပြည်ပ တင်ပို့မှု အခန်းကဏ္ဍကို ကျောထောက် နောက်ခံ ပေးသင့်ပါတယ်" ဟု Kasikor စီးပွာရေး သုတေသန စင်တာမှ ဘောဂဗေဒ ပညာရှင် Pimonwan Mahujchariyawong က ပြောကြားသည်။

"ဒါပေမဲ့ ခက်တာက ဗဟိုဘဏ်တွေ အတော် များများက ငွေကြေး ဖောင်းပွမှု တိုက်ဖျက်ရေးကိုပဲ အာရုံ စိုက်နေကြတော့ ပြည်ပ တင်ပို့တဲ့ အခန်းကဏ္ဍမှာ ထိခိုက် နစ်နာမှုတွေ ဆက်လက် ဖြစ်ပေါ်နေဦးမှာပါ" ဟုလည်း ယင်းက ဆက်လက် ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment