Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့မှုကြောင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသော ရိုဟင်ဂျာ မွတ်စလင် ၂၀၀ ခန့်အား ကူညီ ထောက်ပံ့နိုင်ရေး အတွက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး နှင့် ၎င်းတို့ကို တွေ့ဆုံခွင့် ပေးသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့တစ်ဖွဲ့က ထိုင်းအစိုးရကို တိုက်တွန်း ပြောဆိုလိုက်သည်။ အဆိုပါ ရိုဟင်ဂျာ မွတ်စလင် လူနည်းစုများမှာ မြန်မာနိုင်ငံတွင် ညှင်းပန်း နှိပ်စက်မှုများနှင့် ကြုံတွေ့ခဲ့ရသောကြောင့် ထိုင်းနိုင်ငံသို့ လှေငယ်များဖြင့် ထွက်ပြေးလာခဲ့ကြခြင်း ဖြစ်ပြီး ၎င်းတို့ကို ပြန်လည် နှင်လွှတ်မည် ဆိုပါက ဆိုးရွားသော ဖိနှိပ် ချုပ်ခြယ်မှုများနှင့် ထပ်မံ ကြုံတွေ့ရနိုင်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) အဆိုအရ လူပေါင်း ၁၅၈ ဦး ပါဝင်သည့် ရိုဟင်ဂျာမွတ်စလင်အုပ်စုသည် ခိုလှုံခွင့် ရယူနိုင်ရန် အလို့ငှာ ထိုင်းနိုင်ငံ ကမ်းခြေ ဒေသသို့ ပြီးခဲ့သည့် ဇန်နဝါရီလတွင် ရောက်ရှိလာကြောင်း၊ နောက်ထပ် လူ ၆၈ ဦးပါ ရိုဟင်ဂျာ အုပ်စုမှာလည်း ဖူးခက်ကမ်းခြေသို့ လှေငယ်ဖြင့် ဆိုက်ရောက်လာစဉ် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ယခုအခါ ၎င်းတို့အား ပြန်လည် နှင်လွှတ်ရန် ထိုင်းအစိုးရက စီစဉ်လျက် ရှိကြောင်း သိရသည်။

ထိုင်းအစိုးရသည် ယင်းရိုဟင်ဂျာ မွတ်စလင်များ အရေးကိစ္စကို ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ကြားဝင် ဖြေရှင်းမည့် ကိစ္စအား ထပ်ခါတလဲလဲ ငြင်းဆန်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မွတ်စလင်များ ညှင်းပန်း နှိပ်စက်ခံနေရကြောင်း သိသော်လည်း ထိုင်းအစိုးရက မသိကျိုးနွံပြုလျက် ရှိကြောင်း HRW က စွပ်စွဲပြောဆိုသည်။

UNHCR နှင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသော ရိုဟင်ဂျာများ တွေ့ဆုံမေးမြန်းခွင့် ရှိမှသာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပေးနိုင်မည့် အရေအတွက်ကို ဆုံးဖြတ်နိုင်မည် ဖြစ်သည်ဟု HRW ၏ အာရှဒေသ ဆိုင်ရာ ဒါရိုက်တာ Brad Adams က ထိုင်းအစိုးရကို တိုက်တွန်း ပြောဆိုသည်။

အတိတ်ကာလကို ကြည့်ပါက ထိုင်းရေတပ်သည် ရိုဟင်ဂျာ ဒုက္ခသည်များကို လှေငယ်ဖြင့် မြန်မာပြည်သို့ ဖိအားပေး နှင်လွှတ်မိခဲ့သည့် အတွက် လူ့အခွင့်အရေး အုပ်စုများ၏ ပြင်းပြင်းထန်ထန် ဝေဖန် ကန့်ကွက်မှု ခံခဲ့ရသည်။ လူ့အခွင့်အရေး လှုပ်ရှားသူများ အဆိုအရ မြန်မာ အာဏာပိုင်များသည် ရိုဟင်ဂျာ မွတ်စလင်များကို နှစ်ပေါင်း ၃၀ တာမျှ ဖိနှိပ်ချုပ်ခြယ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ရိုဟင်ဂျာ အရေးကိစ္စကို အနည်းငယ်သာ အာရုံစိုက်ကြကြောင်း သိရသည်။

မှတ်တမ်းများအရ ရိုဟင်ဂျာမွတ်စလင် သုံးသိန်းခန့်မှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့သည် ယခုအခါ တရားဝင် သို့မဟုတ် ယာယီ ဒုက္ခသည် စခန်းများတွင် ဆင်းရဲ ချို့တဲ့စွာဖြင့် နေထိုင်လျက် ရှိကြောင်း၊ ဖမ်းဆီး ထိန်းချုပ်ခံရမှု၊ မြန်မာနိုင်ငံသို့ ပြန်လည် နှင်လွှတ်မှု အစရှိသော ကိစ္စများနှင့် ကြုံတွေ့ရမည်ကို ထိတ်လန့် နေကြရကြောင်း လူ့အခွင့်အရေး အဖွဲ့များက ဆိုသည်။

Thai-ASEAN News Network မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment