Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းပင်လယ်ကွေ့နှင့် မြန်မာနိုင်ငံ ဘက်မှ လာသော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများ ယာယီ ပိတ်ဆို့မည့် ကိစ္စများကြောင့် ယခုနှစ် ထိုင်းနိုင်ငံတွင်း လျှပ်စစ် ဓာတ်အားခများ မြင့်တက်လာဖွယ် ရှိကြောင်း The Nation သတင်းစာက ရေးသား ဖော်ပြလိုက်သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် ထိုင်းလျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးဌာန (Egat) အနေဖြင့် ပိုမို စရိတ်စက ကုန်ကျမည့် ရေနံလောင်စာကို အသုံးပြုရလာရမည် ဖြစ်သည်။

Egat က ခန့်မှန်း တွက်ချက်မှုအရ ထိုင်းပင်လယ်ကွေ့ရှိ Arthit၊ JDA- B17 လုပ်ကွက်များ အပါအဝင် မြန်မာနိုင်ငံမှ သွယ်တန်း ပေးပို့သော သဘာဝ ဓာတ်ငွေ့များကို အစားထိုးရန် ယခုနှစ် အတွင်း သိုလှောင်ရေနံ လီတာပေါင်း ၂၁၆ သန်းခန့် လိုအပ်မည် ဖြစ်သည်။ ထိုင်းပင်လယ်ကွေ့မှ တစ်နေ့လျှင် သဘာဝ ဓာတ်ငွေ့ သန်း ၇၀၀ ကုဗလက်မ ပေးပို့မှုသည် ယခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အကြား ရပ်ဆိုင်းမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ တစ်နေ့လျှင် ၁ ဒဿမ ၂ ဘီလီယံ ကုဗလက်မ ပေးပို့မှုမှာ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၂၉ ရက်နေ့များတွင် လျော့ကျသွားမည် ဖြစ်သည်။

"သိုလှောင်ထားတဲ့ ရေနံ အသုံးစရိတ်က ဓာတ်ငွေ့ အသုံးစရိတ်ထက် ပိုမိုမြင့်မားပါတယ်။ စရိတ်စကတွေ ထဲမှာ လောင်စာဆီ အခွန် ကောက်ခံမှုတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်" ဟု Egat အုပ်ချုပ်ရေးမှူး Sutas Patamasiriwat က ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြောကြားသည်။

"ဓာတ်ငွေ့ သွယ်တန်းပေးပို့မှု ယာယီပိတ်တဲ့ ကိစ္စကြောင့် ထိခိုက်နစ်နာမှုတွေ အများကြီး ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ကြိုတင် စီစဉ်ထားပြီး ဖြစ်ပါတယ်။ ယာယီပိတ်မယ့် ကိစ္စကို ဆောင်ကရန် (ထိုင်းသင်္ကြန်) နဲ့ နှစ်သစ်ကူး (New Year) ရုံးပိတ်ရက်ရှည် ကာလ တွေမှာ လုပ်မှာပါ။ အဲဒီအချိန်တွေမှာ ဓာတ်အား သုံးစွဲမှုက ပုံမှန်ထက် ၃၀ ကနေ့ ၃၅ ရာခိုင်နှုန်းလောက်ထိ လျော့နည်း တတ်ပါတယ်" ဟု ၎င်းက ဆိုသည်။

Egat က သဘာဝဓာတ်ငွေ့ စွမ်းအင်သုံး ဓာတ်အား ထုတ်လုပ်ရေး စက်ရုံများ ဖြစ်ကြသော Chana နှင့် Khon Kaen တို့ကို ပြန်လည် ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရေး အတွက် သဘာဝ ဓာတ်ငွေ့ ပေးပို့မှုများ ရပ်ဆိုင်းရန် စီစဉ်ခြင်း ဖြစ်သည်။ Chana ဓာတ်အားထုတ် စက်ရုံကို မတ်လမှ ဇွန်လအတွင်း၊ Khon Kaen ဓာတ်အားထုတ် စက်ရုံကို စက်တင်ဘာလ အတွင်း ပြုပြင် ထိန်းသိမ်းမှုများ ပြန်လည် လုပ်ဆောင်မည် ဖြစ်သည်။

ထိုင်းတစ်မျိုးသားလုံး ဆိုင်ရာ လျှပ်စစ် ဓာတ်အား သုံးစွဲမှုမှာ ယခုနှစ် အတွင်း ၄ ဒဿမ ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်ဟု Egat က ခန့်မှန်းသည်။ ယင်းသို့ ခန့်မှန်းရာတွင် ထိုင်းအမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေး ဘုတ်အဖွဲ့၏ စီးပွးရေး တိုးတက်မှု ဟောကိန်းကို အခြေခံ၍ တွက်ချက်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်အားသုံးစွဲမှု အမြင့်ဆုံး ၅ ဒဿမ ၄၉ ရာခိုင်နှုန်း( ၂၅၃၂၇ မီဂါဝပ်) အထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

ယခုနှစ်အတွက် ထိုင်းအရန် လျှပ်စစ် ဓာတ်အားနှင့် ပတ်သက်၍ စိုးရိမ် ပူပန်စရာ မရှိဟု လည်း မစ္စတာ Sutas Patamasiriwat က ဆိုသည်။ သို့သော် ၎င်းအနေဖြင့် စိုးရိမ် ပူပန်နေသည့် အချက်မှာ ရေလှောင်တမံများမှ ရေပမာဏပင် ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်း ကာလများတွင် ထိုင်းနိုင်ငံတစ်ဝန်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ရေလှောင်တမံများရှိ ရေပမာဏမှာ လွန်ခဲ့သော နှစ်များထက် ၅ ရာခိုင်နှုန်းခန့် လျော့နည်းသွားသည် ဟု ဆိုသည်။

ထိုင်းနိုင်ငံ အနောက်ဘက် ဒေသများမှ ရေလှောင် တမံများတွင်ရေ ၄ ဒဿမ ၃ ဘီလီယံ ကုဗမီတာ လျော့နည်းသွားသည်။ အဆိုပါ ရေလှောင်တမံများမှ ရေ ၅ ဒဿမ ၃ ဘီလီယံ ကုဗမီတာမျှသာ ထုတ်ယူ သုံးစွဲနိုင်မည်ဟု ဆိုသည်။ ထို့ပြင် မိုးရေချိန် လျော့နည်းမှုကြောင့် လာအို နိုင်ငံတွင်းရှိ Huay Ho ရေလှောင်တမံ တွင်လည်း ရေများ သိသိသာသာ လျော့နည်း ကျဆင်းသွားသည့် ကိစ္စနှင့် ပတ်သက်၍ Egat က စိုးရိမ် ပူပန်လျက် ရှိသည်။ Huay Ho ရေအား လျှပ်စစ် ဓာတ်အားထုတ် စက်ရုံမှ ထွက်ရှိသည့် ဓာတ်အားများကို ထိုင်းမြောက်ပိုင်း ဒေသများတွင် အဓိက မှီခို အသုံးပြု နေရသည်။ လျှပ်စစ်ဓာတ်အား အမြင့်ဆုံး အသုံးပြု ချိန်များတွင် တချို့တစ်ဝက် မီးပြတ်တောက်မှု နှင့် လုံးလုံးလျားလျား မီးပြတ်တောက်မှုများ ဖြစ်ပေါ်လာဖွယ် ရှိသည်ဟု Egat က ခန့်မှန်းသည်။

"ထိခိုက်နစ်နာမှုတွေ လျော့နည်းသွားစေရေး အတွက် ထိုင်းနိုင်ငံရဲ့ နေရာဒေသ တချို့က ဓာတ်အားတွေကို ခွဲဝေ အသုံးပြုဖို့ ကျွန်တော်တို့ စဉ်းစားသွားမှာပါ" ဟု Egat အုပ်ချုပ်ရေးမှူး Sutas Patamasiriwat က ဆိုသည်။

The Nation မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment