Transparency Myanmar

transparency.myanmar@gmail.com

နာမည်ကျော် အမေရိကန် စွမ်းအင် ကော်ပိုရေးရှင်းကြီး တစ်ခုဖြစ်သည့် BP ၏ ရုရှား အခြေစိုက် ကုမ္ပဏီခွဲက စီးပွားရေး ဒဏ်ခတ် အရေးယူခြင်း ခံထားရသည့် နိုင်ငံများတွင် စွမ်းအင်ဆိုင်ရာ လုပ်ငန်းများ လည်ပတ် လုပ်ကိုင်ရန် နည်းလမ်း ရှာဖွေလျက် ရှိကြောင်း လျှို့ဝှက် သတင်းပေါက်ကြားမှု တစ်ရပ်ကို ကိုးကားကာ Telegraph သတင်းစာက ရေးသား ဖော်ပြသည်။

အမေရိကန် သံတမန်များ၏ လျှို့ဝှက်ကြေးနန်း တစ်ခုကို နာမည်ကျော် WikiLeaks က ထုတ်ဖော်ချက် အရ ရုရှား TNK-BP ဘုတ်အဖွဲ့က ခြွင်းချက်များ ပါဝင်သော အဆိုပြုချက်များကို ဗီတို အာဏာသုံး၍ ပယ်ချလိုက်ပြီးနောက် CEO  Bob Dudley အား ရုရှားမှ ထွက်သွားရန် ဖိအားပေး ခံခဲ့ရကြောင်း သိရသည်။ TNK-BP မှ ရုရှား ဒါရိုက်တာများက မြန်မာ၊ ကျူးဘားနှင့် ဆူဒန်နိုင်ငံများတွင် စွမ်းအင် လုပ်ငန်းများ လုပ်ကိုင်ရန် ဖိအား ပေးခဲ့ကြသည်ဟု မစ္စတာ Bob Dudley က အမေရိကန် အစိုးရ အရာရှိကြီးများအား ပြောဆိုခဲ့ကြောင်း ကြေးနန်းတွင် ဖော်ပြထားသည်။

အမေရိကန် BP ကော်ပိုရေးရှင်း၏ ကမ္ဘာလုံး အတိုင်းအတာ စွမ်းအင် ထုတ်လုပ်မှု၏ ၂၅ ရာခိုင်နှုန်းကို TNK-BP က လုပ်ကိုင် ဆောင်ရွက်ကြောင်း၊ ရုရှား နိုင်ငံရေးတွင် ပါဝင်သူ လူနည်းစုများ၏ Alfa-Access-Renova (AAR) နှင့် ဗြိတိန် ကုမ္ပဏီ တစ်ခုတို့ သဘော တူညီချက် တစ်ရပ် ရယူခဲ့ကြသည့် ၂၀၀၃ ခုနှစ်တွင် ထူထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှို့ဝှက် ကြေးနန်း မှတ်တမ်းကို ရုရှားနိုင်ငံ၊ မော်စကို အခြေစိုက် အမေရိကန် သံရုံးမှ ဝါရှင်တန်သို့ ၂၀၀၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် ပေးပို့ခဲ့သည်။ "AAR နှင့် German Khan တို့သည် ယင်းစီမံကိန်းများကို စိစစ်နိုင်ရေး အတွက်TNK-BP ၏ အရင်းအမြစ်များကို စနစ်တကျ အသုံးချ ခဲ့ကြသည်ဟု မစ္စတာ Bob Dudley က ဆိုသည်။ ၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၆ ရက်စွဲဖြင့် ထွက်ပေါ်လာသော သံတမန် မှတ်တမ်း တစ်ခုတွင်လည်း TNK-BP မှ ဒုတိယ ဥက္ကဌ နှင့် အမေရိကန် အရာရှိကြီးများ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ အသေးစိတ်ကို ဖော်ပြထားသည် ဟု ဆိုသည်။

"AAR ၏ စီးပွားရေး မိတ်ဖက်များ၊ အထူးသဖြင့် German Khan တို့သည် BP ကော်ပိုရေးရှင်းက ရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်သော ကာဒစ္စတန်၊ ကျူးဘား၊ မြန်မာ အစရှိ သကဲ့သို့သော နိုင်ငံများမှ စီမံကိန်းများတွင် ရင်းနှီး မြှုပ်နှံရန် TNK-BP ၏ အရင်းအမြစ်များကို အသုံးချလျက် ရှိသည်" ဟု သံတမန် ကြေးနန်းတွင် ဖော်ပြထားသည်။

"TNK-BP ဘုတ်အဖွဲ့က အဆိုပြု ချက်များကို ပယ်ချလိုက်ချိန်တွင် German Khan က အဆိုပါ အဆိုပြုချက်များကို AAR ၏ ထိန်းချုပ်မှု လက်၌ ရှိသော သီးခြား ကုမ္ပဏီတစ်ခုသို့ လွှဲပေး လိုက်ကြောင်း၊ ယင်းအစီအစဉ် ကြာင့် German Khan နှင့် AAR၏ မိတ်ဖက် ကုမ္ပဏီများ အခြေအနေ ကောင်းမွန်ခဲ့ခြင်း ဖြစ်ကြောင်း" ဆက်လက် ဖော်ပြသည်။ German Khan ကုမ္ပဏီသည် သဘောထား မတည်ငြိမ်သော စီးပွားရေး အဖွဲ့အစည်း တစ်ခု ဖြစ်သည်ဟု မစ္စတာ Bob Dudley က စွပ်စွဲ ပြောဆိုကြောင်း အလားတူ မှတ်တမ်း တစ်ရပ်က ဆိုသည်။

ခရင်မလင် အစိုးရ အေးဂျင့်များသည် မိမိ ရုရှား နိုင်ငံတွင်းမှ အလုပ်သမား ဥပဒေ ချိုးဖောက်မှုဖြင့် ထွက်ခွာသွားအောင် ဖိအားပေးမှုများ၊ ညှင်းပန်း နှိပ်စက်မှုကို ဆက်တိုက် လုပ်ဆောင်ခဲ့သည် ဟုလည်း မစ္စတာ Bob Dudley က စွပ်စွဲပြောဆိုသည်။ အမေရိကန် သံတမန် ကြေးနန်း ပေါက်ကြားချက်အရ ရုရှား အစိုးရသည် TNK-BP ၏ စီးပွားရေး အုပ်စု နှစ်ခု အချင်းချင်း တိုက်ခိုက်မှုများ ဖြစ်ပေါ်စေရန် ဦးတည်ချက် ရှိခဲ့သည်ဟု မစ္စတာ Dudley က ယုံကြည်ခဲ့သည်။ အချင်းချင်း ယှဉ်ပြိုင် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ဆက်လက် ရပ်တည်နိုင်သူအား ရုရှားနိုင်ငံ၏ တတိယမြောက် အကြီးဆုံး ရေနံ ကုမ္ပဏီကြီး တစ်ခု ထူထောင်ပေးရန် ခိုင်းစေမည်ဟုလည်း ၎င်းက ယုံကြည်သည်။ "အချင်းချင်း ဆားဘီးယား ကျားများကဲ့သို့ အပြန်အလှန် ကိုက်ခိုင်းပြီး အသက်ရှင်သော ကျားကို မိမိလိုရာ စေခိုင်းမည့် သဘော ဖြစ်သည်" ဟု ၎င်းက တင်စား ပြောဆိုခဲ့သည်။

အခြားသော သတင်း ပေါက်ကြားမှု တစ်ရပ်အရ မစ္စတာ Dudley နှင့် နိုင်ငံတကာပိုင်း ဆိုင်ရာ CEO Tony Hayward တို့အကြား ပါဝါယှဉ်ပြိုင်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ရုရှား စွမ်းအင် ဒုတိယဝန်ကြီး Vlamidir Milov က ထုတ်ဖော် အသိပေးခဲ့သည်။ မစ္စတာ Tony Hayward မှာ ရေနက်ပိုင်းတွင် သွယ်တန်းထားသော ပိုက်လိုင်းမှ ရေနံ ယိုစိမ့်မှုကြောင့် ရာထူးမှ နုတ်ထွက် ပေးလိုက်ရသူ ဖြစ်သည်။ (မှတ်ချက်- ၎င်းမှာ ယခုအခါ ရုရှားအခြေစိုက် TNK-BP ၏ CEO အဖြစ် လုပ်ကိုင်နေသည်။)

BP သည် လတ်တလော ကာလတွင် နိုင်ငံပိုင် Rosneft နှင့် စီးပွားရေး မဟာမိတ်အဖြစ် ပူးပေါင်းကာ အာတိတ်ဒေသ ရေနံ ရှာဖွေရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။

Rosneft ၏ ဥက္ကဌ Igor Sechin သည် မိမိအားထိုးစစ်ဆင်တိုက်ခိုက်ရန် နိုင်ငံရေး သြဇာအာဏာ ရှိသူ လူနည်းစုများကို ကျောထောက် နောက်ခံ ပေးခဲ့သည်ဟု မစ္စတာ Dudley က စွပ်စွဲ ပြောဆိုခဲ့ကြောင်း သံတမန် ကြေးနန်းများက ဆိုသည်။

အဆိုပါ ပြဿနာများနှင့် ပတ်သက်၍ BP ကုမ္ပဏီ ပြောရေးဆိုခွင့် ရှိသူကို AFP သတင်းဌာနက ဆက်သွယ် မေးမြန်းရာ ထင်မြင် သုံးသပ်ချက် မပြုလုပ်လိုကြောင်း တုံ့ပြန်ခဲ့သည်။ "BP နှင့် Rosneft တို့သည် ခိုင်မာသော ဆက်ဆံရေး ရှိကြပြီး တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အလေးထားသူများ ဖြစ်သည်" ဟုသာ ပြောဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment