Transparency Myanmar

transparency.myanmar@gmail.com

နယ်နိမိတ် ပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားမှုကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများကို အဆုံးသတ်ရန် လုပ်ကိုင်လျက် ရှိကြောင်း ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံက ထုတ်ဖော် ပြောဆိုသည်။ နှစ်နိုင်ငံ နယ်စပ်ဒေသရှိ ပရာဗီဟာရာ ဘုရားကျောင်းအတွင်းရှိ နယ်နိမိတ် ပိုင်ဆိုင်မှုကြောင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူငါးဦး သေဆုံးခဲ့သည်။ ယင်းပစ်ခတ်မှုများ အဆုံးသတ်ရန် အိမ်နီးချင်း နှစ်နိုင်ငံ သဘော တူညီခဲ့ကြပြီးနောက် နယ်စပ်ဒေသ ဆိုင်ရာ တင်းမာမှုများ ရပ်တန့်နိုင်ရေး အတွက် လုပ်ဆောင်လျက် ရှိကြောင်း ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြဿနာကို ကိုင်တွယ် ဖြေရှင်းမှုနှင့် ပတ်သက်၍ ပြည်တွင်း၌ ရှပ်ဝါနိုင်ငံရေး အင်အားစုများ၏ ဖိအားပေးမှု ခံနေရသော ဝန်ကြီး အဖိဆစ်ဝိချာချီဝက နှစ်ဖက်သော နိုင်ငံမှ စစ်တပ်များနှင့် နိုင်ငံရေး ဝန်ကြီးဌာနများ ပူးပေါင်းပြီး အခြေအနေ ပုံမှန် ပြန်ဖြစ်အောင် ကြိုးစား လုပ်ကိုင် နေကြကြောင်း ပြောကြားသည်။ လွန်ခဲ့သည့် ၁၁ ရာစုနှစ်က လက်ရာ ဖြစ်သော ပရာဗီဟာရာ ဘုရားရှိခိုးကျောင်း အနီးတစ်ဝိုက် အကြီးစား ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် နယ်စပ်ဒေသ အခြေအနေမှာ စိုးရိမ် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

အဆိုပါဖြစ်ရပ်ကို ကြည့်လျှင် မိမိတို့အနေဖြင့် ထိုင်းနိုင်ငံ အချုပ်အခြာ အာဏာပိုင်နက် ကာကွယ်ရေးနှင့် ပတ်သက်၍ မည်သည့်အခါမျှ ပျက်ကွက်ခဲ့ခြင်း မရှိကြောင်း အပတ်စဉ် ရုပ်သံ မိန့်ခွန်း အစီအစဉ်မှ တစ်ဆင့် ဝန်ကြီးချုပ် အဖိဆစ်က ပြောဆိုသည်။

ပရာဗီဟာရာ ဘုရားကျောင်းတွင် စခန်းချထားသော ထိုင်းစစ်တပ်မှ စစ်ဗျူဟာမှူးက အခြေအနေမှာ တင်းမာခဲ့ကြောင်း ပြောဆိုသည်။ "နှစ်ဖက်စလုံး အခု အချိန်အထိ သတိရှိရှိနဲ့ စောင့်ကြည့်နေကြတယ်" ဟု ၎င်းက ဆိုပြီး ထိုင်းနှင့် ကမ္ဘောဒီးယား စစ်တပ်တို့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဆွေးနွေးခဲ့ကြကြောင်း၊ အခြေအနေ တိုးတက် ကောင်းမွန်အောင် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း အသိပေး ပြောဆိုသည်။

ပရာဗီဟာရာမှာ ဟိန္ဒူဘုရားကျောင်း ဖြစ်ပြီး အဆိုပါ ဘုရားကျောင်း ပရဝုဏ် အနီးတစ်ဝိုက် ဒေသကို နှစ်နိုင်ငံစလုံးက သူပိုင်ထိုက်၊ ကိုယ်ပိုင်ထိုက် အငြင်းပွားခဲ့ကြခြင်း ဖြစ်သည်။ နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများတွင် အမြောက်များ၊ မော်တာများ၊ ရော့ကက်များ အသုံးပြုခဲ့ကြပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လေ့လာ သုံးသပ်သူများ အဆိုအရ အဆိုပါ နယ်စပ်ဒေသ အရေးကိစ္စကို နှစ်နိုင်ငံစလုံးက ပြည်တွင်း အမျိုးသားရေး နှိုးကြားမှု အတွက် အသုံးချနေကြခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဖြစ်ပွားသော တိုက်ပွဲကြောင့် ကမ္ဘောဒီးယား စစ်သားနှစ်ဦးနှင့် အရပ်သား တစ်ဦး သေဆုံးခဲ့ရပြီး ထိုင်းနိုင်ငံဘက်တွင် နယ်စပ်ဒေသမှ ရွာသားတစ်ဦး သေဆုံးခဲ့ကြောင်း နှစ်ဖက်စလုံးက ထုတ်ဖော် ပြောဆိုသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်မှုများ ခဏတာမျှ ဖြစ်ပွားခဲ့ရာ ထိုင်းစစ်သား တစ်ဦး ထပ်မံ သေဆုံးခဲ့ရသည်။ နှစ်နိုင်ငံ မီဒီယာများက ထိခိုက် သေဆုံးမှုများ ပိုမို များပြားနိုင်ကြောင်း ရေးသားကြသော်လည်း ထိုင်းသတင်းစာများက ကမ္ဘောဒီးယား စစ်သား ၆၄ ဦး ကျဆုံးခဲ့ရသည်ဟု သတင်း ပေးပို့သည်။ နယ်စပ်ဒေသ တစ်လျှောက်တွင် သေဆုံးခဲ့သော ထိုင်းစစ်သား ဦးရေ အနည်းဆုံး ၃၀ ခန့် ရှိသည်ဟု လည်း ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားမှုကြောင့် နယ်စပ်ဒေသ ကျေးရွာများတွင် နေထိုင်သူများအား အရေးပေါ် ကယ်ဆယ် ပြောင်းရွှေ့ပေးခဲ့ရသည်။ ထိုင်းနိုင်ငံ တစ်ဖက်တည်းတွင် ဒုက္ခသည်များ အဖြစ် အိုးအိမ်ပစ်ကာ ထွက်ပြေးရသူ ၈၀၀၀ ဝန်းကျင် ရှိကြောင်း Sri Sa Ket ပြည်နယ် အုပ်ချုပ်ရေးမှူး အဆိုအရ သိရသည်။ သို့သော် တိုက်ပွဲများ ဖြစ်ပွားပြီး နှစ်ရက် အကြာခန့်တွင် စစ်ရှောင်သူ ရွာသားများ နေအိမ် အသီးသီးသို့ ပြန်သွားကြသည်ဟု ဆိုသည်။ "အခြေအနေက တိုးတက် ကောင်းမွန်နေပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

ယင်းနယ်စပ်ပြဿနာနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက ၂ နှစ်တာ ကာလအတွင်း အပြန်အလှန် ပြစ်တင် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ ကုလသမဂ္ဂက ပရာဗီဟာရာ ဘုရားကျောင်းကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ၂၀၀၈ ခုနှစ်၊ ဇူလိုင်လတွင် သတ်မှတ်ခဲ့ပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား ဆက်ဆံရေးမှာ ခပ်တင်းတင်း ဖြစ်လာခဲ့သည်။

ကမ္ဘာ့တရားရုံးက အဆိုပါ ဘုရားကျောင်း၏ ပင်မဝင်ပေါက်မှာ ထိုင်းနိုင်ငံဘက်တွင် ရှိသော်လည်း ကမ္ဘောဒီးယား နိုင်ငံကသာ ပိုင်ဆိုင်ကြောင်း ၁၉၆၂ ခုနှစ်တွင် ဆုံးဖြတ်ချက် ချမှတ်ပေးခဲ့သည်။ အဆိုပါ ဘုရားကျောင်း ပရဝုဏ် အနီးတဝိုက်မှ ၄ ဒဿမ ၆ စတုရန်း ကီလိုမီတာ အကျယ် နယ်မြေကို နှစ်ဖက်စလုံးက သူပိုင်ထိုက် ကိုယ်ပိုင်ထိုက် အငြင်းပွားနေကြခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ရှပ်ရောင်စုံ နိုင်ငံရေးတွင် ပါဝင်သော ရှပ်ဝါအင်အားစု ၅၀၀၀ ခန့်က အဆိုပါ နယ်စပ်ပြဿနာ ကိုင်တွယ် ဖြေရှင်းရာတွင် ညံ့ဖျင်းသည်ဟု စွပ်စွဲကာ ဝန်ကြီးချုပ် အဖိဆစ်ဝိချာချီဝအား ရာထူးမှ နုတ်ထွက်ပေးရန် ဘန်ကောက်မြို့ရှိ အစိုးရရုံး ပရဝုဏ် အပြင်ဘက်၌ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

အဆိုပါ အရေးကိစ္စတွင် အရှေ့တောင် အာရှ နိုင်ငံများ (အာဆီယံ) က ကြားဝင် ဖြေရှင်းသင့်သည် ဟူသော အကြံပြု ပြောဆိုချက်များလည်း ထွက်ပေါ်လျက် ရှိသည်။ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန အဆိုအရ လက်ရှိ အာဆီယံ ဥက္ကဌ ရာထူး ရယူထားသော အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa လာရောက် လည်ပတ်မည်ဟု သိရသည်။ သို့သော် ခရီးစဉ်အတွင်း ဆွေးနွေးမည့် အကြောင်းကိစ္စကို မသိရှိရသေးပေ။ ထိုင်းဝန်ကြီးချုပ် အဖိဆစ်ကမူ အာဆီယံ ကြားဝင် ဖြေရှင်းရန် မလိုအပ်ဟု ပြောဆိုလိုက်သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment