Transparency Myanmar

transparency.myanmar@gmail.com

(ဖေဖော်ဝါရီလ ၆ ရက် ၂၀၁၁ ရက်စွဲပါ AFP သတင်းဌာနမှ "Thai-Cambodian border ceasefire agreed" သတင်းနှင့် ဆက်စပ် သတင်းများကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနယ်စပ် အနေအထားကို ကုလသမဂ္ဂသို့ ကမ္ဘောဒီးယား တင်ပြ

          နှစ်ရက်ကြာ တိုက်ခိုက် မှုများအတွင်း လူသုံးဦး သေဆုံးခဲ့ရသော ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှ ပေါက်ကွဲလု အနေအထားကို အရေးတယူ ရှိစေရန် အတွက် ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီးက စနေနေ့တွင် ကုလသမဂ္ဂသို့ စာတစ်စောင် ပေးပို့ခဲ့သည်။

          ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဥက္ကဌ Maria Luiza Ribeiro Viotti ထံ လိပ်မူထားသော ပေးစာတွင် "ကမ္ဘောဒီးယား နယ်စပ်မှ ပေါက်ကွဲလု အနေအထားကို လုံခြုံရေး ကောင်စီက အရေးတယူ သတိပြု စေလိုပါသည်" ဟု ဖော်ပြထားသည်။

          ထိုင်းနိုင်ငံက စတင် တိုက်ခိုက်ခဲ့သည်ဟု ပေးစာက စွပ်စွဲထားသော်လည်း ကုလသမဂ္ဂ ကြားဝင်ရေးကို ရှင်းရှင်းလင်းလင်း တောင်းဆိုထားခြင်း မရှိပါ။

          "ယခုကဲ့သို့ ဗြောင်ကျကျ ရန်စမှုကို ရင်ဆိုင်ရသည့် ကမ္ဘောဒီးယား တပ်ဖွဲ့များအနေဖြင့် မိမိ ကိုယ်မိမိ ကာကွယ်သည့် အနေဖြင့် တုန့်ပြန်ရန်မှ တစ်ပါး အခြား ရွေးချယ်စရာ မရှိခဲ့ပါ" ဟု ပေးစာတွင် ရေးသားထားသည်။

          ကမ္ဘောဒီးယား စစ်သား တစ်ဦးနှင့် ထိုးအရပ်သား တစ်ဦး သေဆုံးခဲ့ရသော  အစောပိုင်း တိုက်ပွဲ လေးများအပြီး နာရီပိုင်းအကြာတွင် အငြင်းပွား ၁၁ ရာစု ဘုရားကျောင်းအနီး၌ အိမ်နီးခြင်း ၂ နိုင်ငံအကြား စနေနေ့က ထပ်မံ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ထိုင်းစစ်သား တစ်ဦး သေဆုံးခဲ့သည်။

          ထိုင်းနှင့် ကမ္ဘောဒီးယားတို့က ယခု ပဋိပက္ခများကို အစပျိုးသူအဖြစ် အပြန်အလှန် စွပ်စွဲလျက် ရှိသည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ် အရေးနှင့် ပတ်သက်၍ သည်းခံကြရန် အမေရိကန် တိုက်တွန်း

          အနည်းဆုံး ၂ဦး သေဆုံးခဲ့သော ၂နိုင်ငံ နယ်စပ်မှ အပြန်အလှန် ပစ်ခတ်မှုများ အပြီးတွင် အမေရိကန် ပြည်ထောင်စုက ထိုင်းနှင့် ကမ္ဘောဒီးယားတို့ အနေဖြင့် အမြင့်ဆုံး စိတ်ရှည် သည်းခံမှုကို ပြသကြရန် သောကြာနေ့တွင် တိုက်တွန်းလိုက်သည်။

          ၂ဖက်စလုံးအနေဖြင့် အမြင့်ဆုံး သည်းခံမှုကို ပြသကာ တင်းမာမှု လျှော့ချရေးအတွက် ဆောင်ရွက် ရမည့် အရာအားလုံးကို လုပ်ဆောင်ကြရန်နှင့် နောက်ထပ် ပဋိပက္ခ ဖြစ်ပွားမှုကို ရှောင်ရှား ကြရန် အမေရိကန် ပြည်ထောင်စုက တိုက်တွန်းခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့် ရှိသူက AFP သို့ ပြောကြားသည်။ "အနေအထားကို ကျွန်မတို့ အနီးကပ် စောင့်ကြည့် နေပါတယ်"ဟု သူမက ဆက်လက် ပြောဆိုသည်။

          ၂ နိုင်ငံအကြား ကာလကြာရှည် အငြင်းပွားခဲ့သော ၁၁ ရာစု ရှေးဟောင်း ပရာဗီယာ ဘုရားကျောင်း အနီးမှ ပဋိပက္ခများကို အစပျိုးသူအဖြစ် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ အပြန်အလှန် စွပ်စွဲ လျက်ရှိသည်။

          ယခု အခင်းဖြစ်ရပ်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တင်ပြရန် စီစဉ်လျက် ရှိသည်ဟု ကမ္ဘောဒီးယားက ပြောကြားထားသည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ် အပစ်အခတ် ရပ်စဲရေးသဘောတူ

          ထိုင်း နှင့် ကမ္ဘောဒီးယား နယ်စပ်မှ အငြင်းပွား ပရာဗီယာ ဘုရားကျောင်းအနီး အနည်းဆုံး ၄ ဦး သေဆုံးရသော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်မှ အပြန်အလှန် ပစ်ခတ်မှုများကို အဆုံးသတ်ရန် စေ့စပ် ညှိနှိုင်း ခဲ့ကြသည်ဟု ၂ နိုင်ငံ စစ်တပ်များက ပြောကြားလိုက်သည်။

          ၂ နိုင်ငံစလုံးမှ စစ်ဖက် တပ်မှူးများ နယ်စပ်မြို့လေးတွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် "ထိုင်းနှင့် ကမ္ဘောဒီးယား အကြား အပစ်အခတ် ရပ်စဲကြဖို့ သဘော တူညီမှု ရခဲ့ပါတယ်။ ၂ ဖက် စလုံးက အင်အား ထပ်ဖြည့်မှာ မဟုတ်တော့ပါဘူး"ဟု ထိုင်း စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆန်ဆန်းကွေကမ်နတ် က AFP သို့ ပြောကြားသည်။

          ကမ္ဘောဒီးယား ဗိုလ်ချုပ်ကလည်း "ပစ်ခတ်မှုများ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း အတည်ပြု ခဲ့သော်လည်း လတ်တလော အနေအထားမှာ တင်းမာနေဆဲဖြစ်သည်"ဟု ဆက်လက် ပြောဆိုခဲ့သည်။

          ထိုင်း အရပ်သား တစ်ဦးနှင့် ကမ္ဘောဒီးယား စစ်သား တစ်ဦး သေဆုံးခဲ့ရသော သောကြာနေ့က ၂နာရီကြာ တိုက်ပွဲ အပြီးတွင် ပရာဗီယာ ဘုရားကျောင်း အနီးစနေနေ့ မနက်က ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ထိုင်းစစ်သား တစ်ဦး သေဆုံးခဲ့သည်ဟု သိရှိရသည်။

          သောကြာနေ့က ပဋိပက္ခတွင် ဘုရားကျောင်းဓာတ်ပုံရိုက် အသက်မွေးသော ကမ္ဘောဒီးယား အရပ်သား တစ်ဦးလည်း သေဆုံးသွားခဲ့သည်ဟု စစ်ဖက်က ပြောကြားခဲ့သော်လည်း ကမ္ဘောဒီးယား အစိုးရက အတည်ပြုရန် ငြင်းဆိုခဲ့သည်။

          အပစ်ရပ် ဆွေးနွေးပွဲများ အပြီးတွင် ဖမ်းဆီးရမိထားသော ထိုင်း စစ်သား ၄ဦးကို ပြန်လွှတ်ပေး ခဲ့သည်ဟု နယ်စပ်မှ ရရှိသော သတင်းများအရ သိရှိရသည်။ နှစ်ဖက်စလုံးရှိ ထိခိုက်ဒဏ်ရာ ရမှုများ ရှိသည် ဟုလည်း ကြားသိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment