Transparency Myanmar

transparency.myanmar@gmail.com

(Reuters မှ 7 February 2011 ရက်စွဲပါ "North Korea Fishing Boat Drifts South, 31 Quizzed: report" ကို ဘာသာ ပြန်ဆိုသည်)

မြောက်ကိုရီးယား လူမျိုး ၃၁ ဦး တင်ဆောင် လာသော ငါးဖမ်းလှေ တစ်စီးသည် ပြီးခဲ့သည့် နှစ်က မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ် ခဲ့သော တောင်ကိုရီးယား ကျွန်း အနီး အငြင်း ပွားနေသော ရေပိုင်နက်တွင် မျောနေကြောင်း တောင်ကိုရီးယား မီဒီယာက တနင်္လာနေ့က ဖော်ပြခဲ့သည်။

ငါးဖမ်း လှေပေါ်တွင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၂၀ ပါဝင်လာပြီး Yeonpyeong ကျွန်းအနီးတွင် ခြေရာ ခံမိခဲ့ပြီး အနောက်ဘက် ဆိပ်ကမ်းမြို့ အင်ချွန်းသို့ ဦးတည် နေသည်ဟု ယွန်ဟတ် (Yonhap) သတင်း အေဂျင်စီက ပြောသည်။ မြောက်ကိုရီးယား လူမျိုးများအား စစ်မေးဆဲ ဖြစ်ကြောင်း သတင်းက ဆိုသည်။

"အခုထိတော့ သူတို့က ထွက်ပြေးလာတဲ့ သဘောကို ထုတ် မပြောသေးပါဘူး" ဟု စစ်တပ်မှ တာဝန် ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟတ်က ပြောကြား ခဲ့သည်။

အခြား စစ်တပ် တာဝန် ရှိသူ တစ်ဦးက ပြောကြား ရာတွင် အဆိုပါ ငါးဖမ်းလှေကို ကျွန်းပေါ်ရှိ တောင်ကိုရီးယား တပ်က မြူများ ထူထဲစွာ ကျနေသည့် ကြားမှ တွေ့ရှိ ခဲ့ကြောင်း၊ ထိုနေရာမှာ မြောက် ကိုရီးယား ကမ်းခြေမှ ၁၁ ကီလိုမီတာ (၇ မိုင်) အကွာတွင် ဖြစ်ကြောင်း ပြောခဲ့သည်ဟု ယွန်ဟတ်က သတင်း ဖော်ပြ ခဲ့သည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ အစိုးရ တာဝန် ရှိသူများက မှတ်ချက် ပေးရန် ငြင်းဆန်ခဲ့သည်။

ယခု ကိစ္စမှာ အင်္ဂါနေ့တွင် ကိုရီးယား နှစ်နိုင်ငံ တာဝန် ရှိသူများ တွေ့ဆုံ ဆွေးနွေးရန် ရှိသည့် အချိန်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယခု ဆွေးနွေးခြင်းမှာ နိုဝင်ဘာလ Yeonpyeong ကျွန်းကို မြောက်ကိုရီးယားက တိုက်ခိုက် ခဲ့ပြီးနောက် ပထမဆုံး အကြိမ် ဖြစ်သည်။

နှစ်နိုင်ငံ ဗိုလ်မှူးကြီးများသည် ခြံစည်းရိုး ခတ်ထားသော နယ်စပ်ရှိ ငြိမ်းချမ်းရေး ယူထားသော ရွာတွင် တွေ့ဆုံမည် ဖြစ်ရာ မြောက်ကိုရီးယား၏ တင်းမာမှု လျော့သွားစေလိုသည့် သဘောထားကို စမ်းသပ်ခြင်းလည်း ဖြစ်သည်။

တောင်ကိုရီးယားသည် ပြီးခဲ့သည့် မတ်လက ၎င်း၏ ရေတပ် သင်္ဘောကို တော်ပီဒို ထိမှန်၍ သင်္ဘောသား ၆ ဦး သေဆုံး ရခြင်း အတွက် မြောက်ကိုရီးယားအား စွပ်စွဲ ခဲ့သည်။ အဆိုပါ ကိစ္စအား ပြုံယမ်းက ငြင်းဆိုခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလက မြောက်ကိုရီးယားသည် အငြင်းပွားနေသော ရေပြင်အနီးရှိ တောင်ကိုရီးယား ကျွန်းအား ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦး အပါအဝင် လေးဦး သေဆုံး ခဲ့သည်။ မြောက်ကိုရီးယားကမူ တောင်ကိုရီးယား၏ လက်နက်ကြီး လေ့ကျင့်ခန်းများကို အဆိုပါ ဒေသတွင် ပြုလုပ်ခြင်းကြောင့် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ပြောသည်။

အင်္ဂါနေ့ စစ်ဖက်ဆိုင်ရာ အကြို ဆွေးနွေးပွဲသည် ကာကွယ်ရေး ဝန်ကြီးများ ကဲ့သို့သော အဆင့်မြင့် ဆွေးနွေးပွဲ အတွက် အချိန်နှင့် အကြောင်းအရာ သတ်မှတ်ရန် ဆွေးနွေးကြမည် ဖြစ်သည်။

ဒေသတွင်း အင်အားကြီး နိုင်ငံများက ကိုရီးယား နှစ်နိုင်ငံအား ပဋိပက္ခများ ပြေလည်အောင် ညှိ၍ မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်များအတွက် နိုင်ငံတကာ ဆွေးနွေးပွဲများ ပြန်စနိုင်ရန် တိုက်တွန်းလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment