Transparency Myanmar

transparency.myanmar@gmail.com

(The Straits Times မှ 8 February 2011 ရက်စွဲပါ "UN Willing to Meet on Cambodia-Thai Clashes" ကို ဘာသာ ပြန်ဆိုသည်)

ကမ္ဘောဒီးယားနှင့် ထိုင်း နိုင်ငံ တို့ အကြား လေးရက်ကြာ အပြန် အလှန် နယ်စပ် ဖြတ်ကျော် ပစ်ခတ်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက စိုးရိမ် ပူပန်ကြောင်း တနင်္လာနေ့တွင် ထုတ်ဖော် ပြောဆိုခဲ့ပြီး အငြင်းပွားမှုနှင့် ပတ်သက်၍ အစည်းအဝေး ကျင်းပရန် ဆန္ဒ ရှိသည်ဟု ပြောကြားလိုက်သည်။

နယ်စပ် တင်းမာမှု ကြီးထွား လာခြင်းကို အလွန် အမင်း စိုးရိမ် ပူပန်ကြောင်း လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များက ထုတ်ဖော် ပြောဆို ခဲ့ကြသည်ဟု ဖေဖော်ဝါရီ လအတွက် အလှည့်ကျ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသူ ဘရာဇီး သံအမတ်ကြီး Maria Luiza Ribeiro Viotti က ပြောကြားသည်။

လူ ၇ ဦး သေဆုံးကာ ဒေသခံ နေထိုင်သူများ ထောင်နှင့် ချီ၍ တိမ်းရှောင် နေကြရသည့် တိုက်ခိုက်မှု နှင့် ပတ်သက်၍ သူမက ပြောကြား ရာတွင် လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များက အပစ် အခတ် ရပ်စဲရေးကို တောင်းဆို ခဲ့ပြီး လက်ရှိ အနေအထားကို ငြိမ်းချမ်းစွာ ဖြေရှင်း ကြရန် နှစ်နိုင်ငံ စလုံးကို တိုက်တွန်း လိုက်သည်ဟု ဆိုသည်။

"အဖွဲ့ဝင်တွေက လုံခြုံရေး ကောင်စီ အစည်း အဝေး ကျင်းပဖို့ ဆန္ဒ ရှိကြောင်း ထုတ်ဖော် ပြောဆို ထားကြပြီး လက်ရှိ အနေအထားကို အနီးကပ် စောင့်ကြည့် နေကြမှာပါ" ဟု သူမက ဆက်လက် ပြောကြားသည်။ မကြာသေးမီက ကမ္ဘောဒီးယားက ထိုင်းနိုင်ငံနှင့် နယ်စပ် ပဋိပက္ခကို အားချင်း အရေးယူ ဆောင်ရွက်ရန် လုံခြုံရေး ကောင်စီကို တောင်းဆိုသည့် စာတစ်စောင် ပေးပို့ခဲ့သည်။

"အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သူ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ဝင်ရောက် စေ့စပ် ဖြန်ဖြေ ပေးနေတဲ့ အစီအစဉ်ကို လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေက ထောက်ခံ ကြပါတယ်" ဟု ဖြေကြားခဲ့သော သံအမတ်ကြီး Viotti က လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံမှ ကိုယ်စားလှယ် များက တံခါးပိတ် တိုင်ပင် ဆွေးနွေးပွဲများ ပြုလုပ် ခဲ့သည်ဟု ဆက်လက် ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့က အပြင်းအထန် တိုက်ခိုက် မှုများကြောင့် ယခင် တစ်ရက်က သဘော တူခဲ့သည့် အပစ် အခတ် ရပ်စဲမှု ပျက်ပြား သွားခဲ့ပြီးနောက် တနင်္လာနေ့တွင် ၄ ရက်မြောက် အဖြစ် ကမ္ဘောဒီးယားနှင့် ထိုင်းတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။ ယခု တိုက်ပွဲသည် နှစ်ပေါင်း များစွာ အတွင်း အိမ်နီးချင်း နှစ်နိုင်ငံ အကြား အဆိုးဝါးဆုံး ပဋိပက္ခ ဖြစ်ပြီး နှစ်ဖက် စလုံးက အပြန် အလှန် တိုက်ပွဲကို အစပျိုးကြောင်း စွပ်စွဲလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment