Transparency Myanmar

transparency.myanmar@gmail.com

၈.၃.၂၀၁၁
 
ပြည်တွင်းသတင်းများ


ထားဝယ် အထူးစီပွားဇုန် ဥပဒေ ထုတ်ပြန်
မတ် ၇။


နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ထားဝယ် အထူးစီးပွားရေးဇုန်ဥပဒေကို ဥပဒေ အမှတ် ၁၇/၂၀၁၁ ဖြင့် ထုတ်ပြန် ကြေညာခဲ့ကြောင်း သတင်းရရှိသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေကို အခန်း ၁၂ ခန်း၊ ပုဒ်မ ၅၈ ခုဖြင့် ပြဋ္ဌာန်းထားပြီး အခန်း ၁၂ ခန်း၏ ခေါင်းစဉ်များမှာ အခန်း(၁) အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊ အခန်း(၂) ရည်ရွယ်ချက်များ၊ အခန်း(၃) ထားဝယ် အထူးစီးပွားရေး ဇုန်၊ အခန်း(၄) ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၅) ရင်းနှီးမြှုပ်နှံသူ၏ အထူးအခွင့်အရေးများ၊ အခန်း(၆) ရင်းနှီး တည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ၏ သီးခြားတာဝန်များ၊ အခန်း(၇) မြေအသုံးပြုခြင်း၊ အခန်း(၈) ဘဏ်နှင့် ငွေရေးကြေးရေး စီမံခန့်ခွဲခြင်းနှင့် အာမခံလုပ်ငန်း၊ အခန်း(၉) အကောက် ခွန် ဦးစီးဌာနက စီမံခန့်ခွဲ ခြင်းနှင့်ကုန်ပစ္စည်းများ စစ်ဆေးခြင်း၊ အခန်း(၁၀) ကူးစက်ရောဂါ ရှိ မရှိ စစ်ဆေးခြင်းနှင့် ကူးစက် ရောဂါပြန့် ပွားမှုမရှိစေရန် သီးသန့်ထားရှိခြင်း၊ အခန်း(၁၁) အလုပ်သမားရေးရာ ကိစ္စရပ်များ၊ အခန်း(၁၂) အထွေထွေတို့ ဖြင့် ပြဋ္ဌာန်းထားကြောင်း သိရသည်။

ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ၏ သီးခြားတာဝန်များနှင့်ပတ်သက်၍ မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေနှင့် ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေ နှစ်ခုစလုံးတွင် ပြဋ္ဌာန်းထားသော်လည်း အချို့ပြဋ္ဌာန်းချက်များသည် မြန်မာ့ အထူး စီးပွားရေးဇုန် ဥပဒေတွင် မပါဝင်ဘဲ ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေတွင်သာ ပါဝင်သည်ကို တွေ့ရှိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေတွင် ရင်းနှီးမြှုပ်နှံသူ၏ အထူး အခွင့်အရေးများကို အသေးစိတ် ပြဋ္ဌာန်းထားသည်ကို ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေပုဒ်မ ၁၂ အရ သိရသည်။
 
ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေအရ ထားဝယ် အထူးစီးပွားရေးဇုန်တွင် ပါဝင်မည့် ဇုန်များမှာ ၁။ အဆင့်မြင့် နည်းပညာစက်မှု ဇုန်များ၊၂။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဇုန်များ ၃။ ပို့ကုန် ပစ္စည်း ထုတ်လုပ်မှု ဇုန်များ ၄။ ဆိပ်ကမ်းနယ်မြေ ဇုန်များ ၅။ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဇုန်များ ၆။ သိပ္ပံနှင့် နည်းပညာ သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေးဇုန်များ
၇။ ဝန်ဆောင်မှု လုပ်ငန်း ဇုန်များ  ၈။ တစ်ဆင့်ခံ ကုန်သွယ်မှု ဇုန်များနှင့် ၉။ အစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့် ဇုန်များ ပါဝင်ကြောင်း သိရသည်
   
မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေကို ဥပဒေအမှတ် ၈/၂၀၁၁ ဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေကို ဥပဒေ အမှတ် ၁၇/၂၀၁၁ ဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။


--------------------------------------------------------------------------------------------

တန်ပိုတင်သည့် ကုန်တင်ယာဉ်နှင့် ကုန်တင်ဆောင်ပေးသည့် ကားဂိတ်ကိုပါ အရေးယူမည်
မတ် ၇။


၂၀၁၁ ခုနှစ် ဇန်န၀ါရီ လဆန်းပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံ၏ အဝေးပြေး လမ်းမကြီးများပေါ်တွင် သတ်မှတ်တန် ချိန်ထက် ပိုမိုတင်ဆောင် သွားလာသည့် ကုန်တင်ယာဉ်ကြီးများ ကုန်တင်ဆောင်ခြင်းနှင့် ပတ်သက်၍ အာဆီယံ စံနှုန်းနှင့် အညီ ဝင်ရိုးအလိုက်သာ ကုန်တင်ဆောင်ရန် သတ်မှတ်ထားပြီးဖြစ်ရာ အဆိုပါ အာဆီယံစံနှုန်းထက် ပိုမို တင်ဆောင်လာပါက ကုန်တင်ယာဉ်အပြင် ကုန်တင်ဆောင်ပေးသော ကားဂိတ်ကိုပါ အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သတိရသည်။

ကားဂိတ် လုပ်ငန်းရှင်များထံသို့လည်း ကုန်စည် တင်ဆောင်ရာတွင် အာဆီယံနှုန်းအတိုင်း ဝင်ရိုးအလိုက်သာ တင်ဆောင်ပေးကြရန် သက်ဆိုင်ရာက မတ်လ ၁ရက်နေ့မှ စတင်ကာ ညွှန်ကြားထာပြီး ဖြစ်ကြောင်းလည်း သိရသည်။

ထို့အတူ လမ်းတံတား လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များမှ အာဆီယံ စံချိန်စံညွှန်းအတိုင်း သတ်မှတ် ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို ဆောင်ရွက်နေမှုအား မည်သူမဆို အနှောင့်အယှက်ပေး ခြင်း ဖြစ်ပေါ်ပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

တန်ပိုတင်ဆောင်ခြင်းအား အရေးယူမှုများကို မတ်လ ပထမအပတ်အတွင်း စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

-------------------------------------------------------------------------------------------------------------

အစိုးရ ငွေတိုက်စာချုပ် အတိုးငွေများ မတ်လ ၁၅ ရက် စတင် ထုတ်ပေးမည်
မတ် ၇။


၂၀၁၀​ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ စနစ်သစ်ဖြင့် ရောင်းချခဲ့သော အစိုးရ ငွေတိုက်စာချုပ်များကို ရောင်းချခဲ့ရာ ငွေကျပ် ၂၃၅၃ သန်းကျော် ရရှိပြီး ရောင်းချထားသည့် အစိုးရ ငွေတိုက်စာချုပ်များအပေါ် အတိုးငွေ ကျပ် ၁၁၃ သန်းကျော်ကို မတ်လ ၁၅ ရက်နေ့မှ စတင်ကာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရ ငွေတိုက်စာချုပ်များကို ဘဏ်များသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တိုက်ရိုက်ရောင်းချပြီး ဘဏ်မဟုတ် သည့် အဖွဲ့အစည်းများနှင့်တစ်ဦးချင်းသို့ ဗဟိုဘဏ်၏ အရောင်းကိုယ်စားလှယ်ဖြစ်သော မြန်မာ့ ငွေချေး သက်သေခံလက် မှတ်များ လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက်(MSEC)မှ  ရောင်းချလျက်ရှိသည်။

အစိုးရ ငွေတိုက်စာချုပ်များသည် နှစ်နှစ်၊ သုံးနှစ်၊ ငါးနှစ် သက်တမ်းရှိ စာချုပ်များ ဖြစ်ကြပြီး အတိုးနှုန်းများမှာ ၁၀ ဒဿမ ၅ ရာခိုင်နှုန်း၊ ၁၁ ရာခိုင်နှုန်းနှင့် ၁၁ဒဿမ ၅ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာ ငွေတိုက်စာချုပ်ရဲ့ အတိုးနှုန်းက ဘဏ်တိုးထက် နိမ့်နေတော့ ဝယ်ယူဖို့ အားမသန်တာပါ။ ရေရှည်မှာ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးလာတာနဲ့အမျှ အတိုးနှုန်းကို ဈေးကွက်က ပြဌာန်းလာမှာဖြစ်လို့ ဈေးကွက်ရဲ့ တောင်းဆိုမှုအရ အတိုးနှုန်း အတက်အကျတွေ အထိုက်အလျောက် ရှိလာနိုင်ပါတယ်။ မျှော်မှန်းဖို့ စောသေးတယ်ဆိုရင်တောင် အတိုးနှုန်းရဲ့ သဘာဝဖြစ်တဲ့ အပ်ငွေ ဒါမှမဟုတ် ရင်းနှီးငွေ ကာလကြာရှည် ရင်းနှီးမှုအပေါ် မူတည်သတ်မှတ်တဲ့ အတိုးနှုန်း ပေါ်ပေါက်လာဖို့ သိပ်မဝေးတော့ဘူးထင်တယ်”ဟု (MSEC)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။  
 

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ


ထို့ပြင် ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြုပ်နှံသူသည် ထားဝယ် အထူးစီးပွားရေး ဇုန်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများအတွက် မြေဌားရမ်းခများ၊ မြေအသုံးချမှု ပရီမီယံကြေးများကို တည်ဆဲဥပဒေများ၊ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းသို့ ပေးချေရမည်ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေး ဇုန် ပုဒ်မ ၃၆ တွင် ပြဋ္ဌာန်းထားသော်လည်း မြန်မာအထူးစီးပွားရေးဇုန်ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားခြင်းမရှိ သည်ကို တွေ့ရသည်။

အလားတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်ပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့် မဆန့်ကျင်ပါက တည်ဆဲ ဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက် တရပ်ရပ်နှင့်  သက်ဆိုင်သည့် ကိစ္စရပ်များကို ဤဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဤဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိသည့် ကိစ္စရပ်များသည် မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေတွင် ပါရှိပါက ယင်း ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေပုဒ်မ ၅၅ တွင်ပြဋ္ဌာန်းထားသည်။

မတ် ၉ ထုတ် Weekly ELEVEN မှာပါသည့် ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေကို ထုတ်ပြန် သတင်း ဆောင်းပါးမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"သုံးချင်သလောက်လည်း သုံးနိုင်ချင်မှ သုံးနိုင်မှာဆိုတော့ မျှမျှတတသုံးစေချင်တယ်။ နိုင်ငံတော်ရဲ့ ရသုံးငွေကိုကြည့်ရင် ရငွေမှာလည်း အခွန်ဘယ်လိုကောက်တယ်၊ နည်းနေလား၊ များသွားလား၊ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုလုပ်သင့်တယ် စတာတွေကို ဆွေးနွေးတဲ့အခါကျမှ ဘတ်ဂျက်က ဘယ်လောက်ရနိုင်တယ်ဆိုတာ ရငွေကို တွက်ရမယ်၊ တွက်ပြီးတော့မှ ဘယ်ဌာနမှာ ဘယ်လောက် သုံးသင့်တယ်ဆိုတာမျိုး လုပ်ရတာကိုး။ ရှိတဲ့ငွေပေါ်မှာ မူတည်ပြီးမှ သုံးရတာဆိုတော့ ကိုယ် သုံးချင်သလောက်တော့ ဘယ်သုံးလို့ရနိုင်မလဲ"

မတ် ၉ ထုတ် Myanmar Post မှာပါသည့် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးသုဝေနှင့် အင်တာဗျူး ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"လယ်သမားတွေကို ပြည်သူ့လွှတ်တော် အမတ်တွေက လိုအပ်ချက်တွေကိုမေးမယ်။ သက်ဆိုင်ရာ လွှတ်တော်ကို တင်ပြ ပြီး ကြိုးစားရမယ်။ လယ်သမားတွေအတွက် အကျိုးရှိရင် တိုင်းပြည်အတွက်လည်းရှိရင် ဥပဒေကို အတည်ပြုရမှာ ဖြစ် တယ်။ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေကလဲ လိုက်နာဆောင်ရွက်သွားရမှာဖြစ်တယ်"

မတ် ၈ ထုတ် Flower news မှာပါသည့် တောင်သူလယ်သမားအရေး အစိုးရသစ်ဖော်ဆောင်ဖို့လို သတင်းဆောင်းပါးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"အခု တရုတ်၊ စင်ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေက နာမည်ကြီးဘဏ်တချို့က မြန်မာနိုင်ငံမှာ ဘဏ်ခွဲတွေ ဖွင့်နိုင်ဖို့အတွက် လာညှိနှိုင်းနေတယ်။  လောလောဆယ် ရှေ့ပြေးညှိနှိုင်းရေး ရုံးလေးတွေ ဖွင့်ပြီး လုပ်ငန်းဆောင်ရွက် နေပါ တယ်။ သူတို့ဘက်ကတော့ မြန်မာပြည်မှာ ဖွင့်ခွင့် ရချင်နေကြတယ်။ မြန်မာပြည်နဲ့ စီးပွားရေးဆက်နွယ်မှုရှိတဲ့သူတို့နိုင်ငံ ကလုပ်ငန်းကို ပံ့ပိုးပေးနိုင်ဖို့ အဓိကထားပြင်ဆင်နေတာပါ"

မတ် ၉ ထုတ် Weekly ELEVEN မှာပါသည့် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် ဖွံ့ဖြိုးရေး ဘဏ်အချို့ ဖွင့်လှစ်ခွင့်ရရှိနိုင်ရန် လာရောက်ညှိနှိုင်းနေ သတင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်
 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းဆောင်းပါး

လွှတ်တော်သို့ ဥပဒေကြမ်းတွေတင်သွင်းတော့မည်.........

 ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် လွှတ်တော်ကော်မတီ လေးခု၌ တစ်ခု အပါအဝင်ဖြစ်သော ဥပဒေကြမ်း ကော်မတီများကို မတ်လ ၁ရက်နေ့က အတည်ပြု ဖွဲ့စည်းရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ၁၀ ဦးနှင့် ကျန်ပါတီများမှ ၁၅ဦးပါဝင်ကြောင်း မတ်လ ၂ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းမီဒီယာများတွင် တရားဝင် ထုတ်ပြန် ထားချက်အရ သိရသည်။

ဥပဒေကြမ်းကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လိုက်နာရန်အချက်များတွင် "ကော်မတီသည် ဥပဒေ ကြမ်းတစ်ရပ်နှင့် စပ် လျဉ်း၍ ပြင်ဆင်ရန် အကြံပြုချက်များသည် ဥပဒေကြမ်းတွင်ပါရှိသည့် ကိစ္စနှင့် စပ်လျဉ်းသော အကြံပြုချက်များ ဖြစ်ရမည့် အပြင် ထိုဥပဒေကြမ်း၏ သဘောတွင် အကျုံးဝင်သော အကြံပြု ချက်များလည်း ဖြစ်ရမည်။ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်း ဆွေး နွေးနိုင်သည်" တို့ပါဝင်သည်။

အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့တွင် ဥပဒေကြမ်း ကော်မတီများ ဖွဲ့စည်းပြီးဖြစ်ရာ ကော်မတီ လုပ် ပိုင်ခွင့် ၂(ခ) အရ ပြည်သူများနှင့် သက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ပညာရှင်များက ဥပဒေရေးရာ အကြံပြုချက်များကို လွှတ်တော် ဥပဒေကြမ်း ကော်မတီများသို့ ပေးပို့ အကြံပြုခွင့် ရှိမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဝင် လွှတ်တော်အမတ် ဒေါက်တာ မြတ်ဉာဏစိုး (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF) ၏ ပြောပြချက်အရ သိရ သည်။ "ကျွန်တော်တို့ ဥပဒေကြမ်း ကော်မတီက ကော်မတီလုပ်ပိုင်ခွင့် ၂(ခ) မှာဖော်ပြထားသလို ပြည်သူတွေ၊ သက်ဆိုင် ရာ ကျွမ်းကျင်သူတွေဆီက ဥပဒေရေးရာ အကြံပြုချက်တွေ၊ ဝေဖန်သုံးသပ်ချက်တွေကို စိစစ်ပြီး အမျိုးသား လွှတ်တော်ကို တင်ပြခွင့်ရှိတယ်။ ပြည်သူတွေရဲ့ အကြံပြုချက်တွေ ကျွန်တော်တို့ဆီပို့ရင် ဆွေးနွေးမယ်၊ ဥပဒေပြုမယ်ပေါ့" ဟု ယင်းမှ ရှင်း လင်း ပြောကြားသွားသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် အခြားလွှတ်တော်အသီးသီးတွင် လွှတ်တော်အမတ်များ အဆိုနှင့် မေးခွန်းများ တင်သွင်းခွင့်ရရှိခြင်းမှာ ဥပဒေပြုလုပ်ငန်းများအတွက် အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ကြောင်း လွှတ် တော်အမတ်အချို့နှင့် နိုင်ငံရေး သုံးသပ်ဝေဖန်သူများက ထောက်ပြ ပြောကြားသည်။ "လွှတ်တော် အစည်းအဝေးရဲ့ ပထမ တစ်နာရီကို မေးခွန်း မေးခွင့် ရမယ်။ နောက်အဆိုလည်း တင်သွင်းခွင့် ရှိတယ်လို့ လွှတ်တော် နည်းဥပဒေတွေမှာ ဖော်ပြထား ပြီးသားပဲ။ သူတို့တင်တဲ့ မေးခွန်းတွေ ၊ အဆိုတွေက ဥပဒေတွေ ဖြစ်သွားတယ်။ ဒါမှ ပြည်သူ့အကျိုး သယ်ပိုးတယ်လို့ ဆိုနိုင်မှာ။ လွှတ်တော်ထဲမှာ ငူငူကြီးထိုင်နေလို့ကတော့ မထူးဘူး" ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်နေ အငြိမ်းစား တရားသူကြီးဟောင်းတစ်ဦးက ဆိုသည်။

လွှတ်တော်သို့ ဥပဒေကြမ်းများ ပေးပို့ရာတွင်လည်း ဥပဒေကြမ်း တင်သွင်းခွင့် ရှိသူများသည် ဥပဒေကြမ်း၏ ရည် ရွယ်ချက်နှင့် အကျိုးအကြောင်း ဖော်ပြချက်တို့နှင့်အတူ မိတ္တူသုံးစောင်ပြုစု၍ လွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံ ပေးပို့ရမည်။ ထို့ပြင် ဥပဒေကြမ်းတစ်ရပ် ပေးပို့ရာတွင် သာမန်အားဖြင့် လွှတ်တော်အစည်းအဝေး မကျင်းပမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ ပေးပို့ရမည် ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်က ပေးပို့သောဥပဒေကြမ်းကို လက်ခံ ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ပါက ဥက္ကဋ္ဌသည် ယင်းဥပဒေကြမ်းကို နိုင်ငံတော် ပြန်တမ်းတွင် ကြေညာစေရမည်ဟု သိရသည်။

 ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ လွှတ်တော် အခွင့်အရေးကော်မတီ၊ အစိုးရ၏ အာမခံချက်များနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီတို့ကို လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။

ထို့အပြင် မတ်လ ၁ ရက်နေ့၌ ကျင်းပခဲ့သော တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ် လွှတ်တော် ပုံမှန် အစည်း အဝေး အသီးသီး၌ ဥပဒေပြုရေး ကော်မတီများနှင့် တိုင်းရင်းသား လူမျိုးများအရေး ဆိုင်ရာ ကော်မတီတို့၏ အဖွဲ့ဝင် ဦးရေ နှင့် အမည်စာရင်းတို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က တင်ပြခဲ့ကြောင်း သိရသည်။

 ဥပဒေပြုရေးဆိုင်ရာ ကော်မတီအတွက် တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အသီးသီးမှ အနည်းဆုံး အဖွဲ့ဝင် ၅ဦးနှင့် အများဆုံး ၁၀ ဦးအထိ လွှတ်တော် ကိုယ်စားလှယ်များနှင့် သင့်လျှော်သည့် နိုင်ငံသားများကို အမည်စာရင်း တင်သွင်းခဲ့ပြီး တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာ ကော်မတီအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များ အသီးသီးမှ အနည်းဆုံး  အဖွဲ့ဝင် ၅ဦးမှ  အများဆုံး ၇ဦးထိ လွှတ်တော်ကိုယ်စားလှယ်များနှင့် သင့်လျှော်သည့် နိုင်ငံသားများ၏ အမည်စာရင်းကို တင်သွင်းခဲ့သည်။

ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းလျာထားချက်များကိုပါ သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များကို တင်ပြခဲ့သည်။ ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မတ် ၃ ရက်တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေး အသီးသီး၌ ဆွေးနွေးနိုင်ကြောင်း ဆွေးနွေးလိုပါက သက်ဆိုင်ရာ လွှတ်တော်ရုံးသို့ အမည်စာရင်းပေးပို့ရန် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌများက ကြေညာခဲ့သည်။

Ref:  True News အတွဲ(၃)၊ အမှတ် (၂၈)

          The Voice weekly အတွဲ(၇)၊ အမှတ် (၁၃)

          Weekly ELEVEN NEWS အတွဲ(၆)၊ အမှတ်(၂၃)
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

0 comments:

Post a Comment