Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁.၄.၂၀၁၁

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အုပ်ချုပ်ရေးအဖွဲ့ဟု အမည်ပြောင်းသော်လည်း လူ ပြောင်းလဲခြင်းမရှိ

မြန်မာတစ်နိုင်ငံလုံးရှိ ဒေသဆိုင်ရာအာဏာပိုင်များ အခြေစိုက်ရာ ရုံးခန်းဆိုင်းဘုတ်များအား ၁၉၉၆ ခုနှစ်မှ စတင် ခေါ်ဆိုခဲ့သည့် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးကောင်စီ အမည်အစား အုပ်ချုပ်ရေးအဖွဲ့ဟူသော အမည်ဖြင့် မတ်လ ၃၀ ရက် မနက် ၈နာရီ ၅၅ မိနစ်က ပြောင်းလဲ သုံးစွဲခဲ့ကြောင်း နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနမှ အမည်မဖော်လို သော တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တာဝန်ရှိသူက "ကျွန်တော်တို့ ထင်နေတာက ၃၁ ရက်နေ့လို့ ထင်နေတာ ကျွန်တော်တို့လည်း ၃၁ ရက် သတင်းပဲ ရထားတာလေ၊ ၂၉ ရက်မနက်ကျမှ တစ်နိုင်ငံလုံးကို ချိတ်ပိတ်ထားတဲ့ စာအိတ်တွေနဲ့ ကက(ကြည်း)က တာဝန်ယူပြီး ဒီနေ့၊ ဒီအချိန်မှာ ပြောင်းရမယ်ဆိုတာ ဖြန့်တာလို့ ကြားရတယ်"ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးမှ တိုင်းအဆင့် တာဝန်ရှိသူတစ်ဦးကလည်း "ကျွန်တော်တို့ အစည်းအဝေးကို ၂၉ ရက်နေ့ လည်က မြို့တော်စည်ပင် ရုံးမှာလုပ်တယ်။ ညသန်းခေါင်လောက်မှ အစည်းအဝေးပြီးတယ်။ အစည်းအဝေးမပြီးခင် စက်နဲ့ ဒေသဆိုင်ရာအာဏာပိုင်ရုံးအသီးသီးကို လှမ်းပေါက်ပြီး၊ မနက်ဖြန် ဘယ်အချိန်မှာ၊ဘာလုပ်ရမယ်ဆိုတာ အကြောင်းကြားတယ်"ဟု ပြောကြားသည်။

ဒေသဆိုင်ရာ အာဏာပိုင်ရုံးများ၏ ဆိုင်းဘုတ်အား အမည်ပြောင်းလဲသော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များအား ပြောင်းလဲခြင်း မရှိသေးကြောင်း သိရှိရသည်။ ဒေသဆိုင်ရာ အာဏာပိုင်ရုံးအချို့၏ ဆိုင်းဘုတ်နာမည်အား ပြောင်းလဲခြင်း ရှိသော်လည်း ဆက်သွယ်ရေးအရ လွယ်ကူသော၊ လူသွားလူလာ များပြားသော ရပ်/ကျေး ရုံးများ၏ ဆိုင်းဘုတ်များကိုသာ အချိန်မှီပြောင်းလဲနိုင်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

     "ဒီညမှာ ညွှန်ကြားချက်တက်ပြီး နောက်တစ်နေ့မနက်ပိုင်းမှာတော့ ချက်ချင်းပြောင်းနိုင်မှာမဟုတ်ဘူးလေ။ ဒီနေ့ နေ့လည် ပြန်ကြားရတာကတော့ ရပ်ကွက်ကြီးတွေ ကျေးရွာအုပ်စုရုံးတွေပဲ ဆိုင်းဘုတ် အမည် ပြောင်းရသေးတယ်။ မြို့နယ် ရုံးတိုင်းတော့ မပြောင်းမနေရပါပဲ။"ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်အာဏာပိုင်တစ်ဦးက "ညက တစ်ညလုံး မယက ရုံးမှာ အစည်းအဝေး လုပ်တယ်။ ပြီးတာနဲ့ မြို့နယ်ထဲက အဝိုင်းဖောက်စက်မှာ စာလုံးတွေဖောက်ပြီး မနက်၈နာရီ ၅၅ မိနစ်မှာ ဆိုင်းဘုတ် တင်ရတာ၊ ဘာမှ မပြောင်းလဲပါဘူး။ ညက အစည်း အဝေး မှာလည်း လူတွေပြောင်းဖို့ မရှိသေးပါဘူးမယက ဥက္ကဋ္ဌကလည်း ပြောပါတယ်။"ဟု ဖုန်းဖြင့်ဆက်သွယ်မေးမြန်းချက်အား ဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ခံလူထုအများစုသည် မတ်လ ၃၀ ရက်မနက် အစိုးရသစ်ဖြစ်ပေါ်လာခြင်းအား မတ်လ ၃၀ ရက် ညနေပိုင်း အထိ သိရှိခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သော မြို့ခံ ၂၀ အား မေးမြန်း ကြည့်ရာမှ သိရှိရသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

နည်းပညာဖွံ့ဖြိုးတိုးတတ်ရန် အိန္ဒိယ-မြန်မာ ပူးပေါင်းဆောင်ရွက်မည်

မြန်မာနိုင်ငံ၌ နည်းပညာ ဖွံ့ဖြိုး တိုးတတ်မှု ဆောင်ရွက်နိုင်ရန် အိန္ဒိယ-မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ITEC သည် ၎င်းတို့နိုင်ငံ၏ မိတ်ဆက်နိုင်ငံများမှ ပြည်သူများအား အိန္ဒိယနိုင်ငံသို့ စေလွှတ်၍ သင်တန်းများ တတ်ရောက်စေခြင်း၊ နည်းပညာ နှင့် စီးပွားရေးပညာရပ်များကိုလေ့လာနိုင်ရန် စေလွှတ်၍ဆောင်ရွက်ခဲ့ရာ ၂၀၀၉-၂၀၁၀ ခုနှစ် တွင် မြန်မာနိုင်ငံအတွက် ပညာသင်ဆုကို ၁၄၄ နေရာ အထိ ဖြည့်ဆည်းပေးခဲ့ပြီး ယခု ၂၀၁၀-၂၀၁၂ နှစ်အတွက်လည်း ပညာသင်ဆု ၁၅၀ ပေးအပ်ရန်ရည်ရွယ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးမှ စီစဉ်ဆောင်ရွက်ခဲ့သည့် အိန္ဒိယ-မြန်မာ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအရ အိန္ဒိယ နိုင်ငံတွင် ပညာသင်ကြားပြီး ပြန်ရောက်လာခဲ့ကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ တွေ့ဆုံပွဲနှင့် အတွေ့အကြုံများ ဖလှယ်ပွဲကို ၂၀၁၁ မတ်လ ၁၇ ရက်နေ့၌ မန္တလေးမြို့ ဆီဒိုးနားပိာုတယ် အမရပူရခန်းမ၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများမှ တက်ရောက် ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး ဒေါက်တာ V.S Sechadri က ဂုဏ်ပြုစကားပြောကြားပြီး ပညာတော်သင်မှ ပြန်ရောက် လာသည့် ဝန်ထမ်းများမှ သင်တန်းအတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

၁၉၆၄ စက်တင်ဘာ ၁၅ ရက်နေ့မှစတင်၍ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင် ရွက်မှုများကို (ITEC)အရ အိန္ဒိယအစိုးရ၏ အကူအညီဖြင့် ပူးပေါင်းဆောင်ရွက်လာခဲ့ပြီးဖြစ်လေသည်။

-------------------------------------------------------------------------------------------------------------

မှောင်ခို ဓာတ်ဆီဈေး မြင့်မားမှုများကြောင့် ပုဂ္ဂလိကဆီဆိုင်များ၌ ရောင်းအားတက်

ပြင်ပတွင် ဝယ်ယူရသည့် မှောင်ခိုဆီဈေးကြီးမြင့်မှုများကြောင့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ဝယ်ယူမှု များပြားလာပြီး စက်သုံးဆီ ရောင်းအား တက်လာကြောင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်တစ်ဆိုင်တွင် အလုပ် လုပ်ကိုင်နေသော တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

စက်သုံးဆီ ပြင်ပမှောင်ခိုဈေးများမှာ တရွေ့ရွေ့နှင့် တက်နေသည့်အတွက် ဆီပန့်များတွင် ဝယ်ယူအားပေးမှု ပိုများလာကြောင်း၊ စက်သုံးဆီ ပြင်ပ မှောင်ခိုဈေးနှုန်းမှာ ၁ ဂါလံ ၄၈၀၀ ဖြစ်နေသည့်အတွက် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ တွင် ဝယ်ယူမှုများပို၍များပြားလာပြီး စောင့်ဆိုင်း ဝယ်ယူမှုများ ရှိလာပြီဖြစ်ကြောင်း၊ သင်္ကြန်ရက်နီးလာပါက ဈေးနှုန်းများ ပိုမို မြင့်တက်လာမည်ပာု ခန့်မှန်းရကြောင်း၊ သွားလာမှုသိပ်မရှိသည့် ယာဉ်ပိုင်ရှင်များ ကလည်း နေ့စဉ်ခွဲတမ်းအရသာ ဆီထုတ် နေရကြောင်းသိရသည်။

ရန်ကုန်ပြင်ပ စက်သုံးဆီဈေးကွက်အခြေအနေကို စုံစမ်းမေးမြန်းရာ ပျဉ်းမနား ကန်ဦးအနီးရှိ ပုဂ္ဂလိကဆီဆိုင်များတွင်လည်း ဝယ်ယူမှုများ များပြားလာသည့် အတွက် နေ့စဉ်ရုံးတတ်၊ ရုံးဆင်းသွားလာနေသည့် ပြည်သူများ အခက်တွေ့နေရကြောင်း ပြည်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် မောင်တောမြို့နယ်၌လည်း ပြင်ပစက်သုံးဆီရောင်းဈေးမှာ မတ်လဆန်းပိုင်းမှ စ၍ ကျပ် ၂၀၀၀ အထိ ပေးဝယ် နေရကြောင်း၊ ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် ဈေးသက်သာသော်လည်း လိုသလောက်မရသည့်အတွက် ယခုကဲ့သို့ ပြင်ပဆီကိုသာ အားကိုးနေရကြောင်း မောင်းတော မြို့နယ်မှ မြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ပြင်ပ စက်သုံးဆီဆိုင်များဈေးတက်လာသည့်အတွက် အမြန်ရေယာဉ်ဈေးနှုန်းများမှာလည်း မြင့်တက် လျှက်ရှိကြောင်းသိရသည်။

နယ်စက်သုံးဆီဆိုင်များတွင် ခွဲတမ်းအရသာ ရောင်းချရကြောင်း၊ ထို့ပြင် လမ်းခရီးအခြေအနေများကြောင့်အချိန်မီ မရောက်နိုင်သည့်အတွက် လိုသလောက် ရောင်းပေးနိုင်ခြင်းမရှိကြောင်း နယ်မြို့တစ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်တွင် လုပ်ကိုင်လျှက်ရှိသော တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

-------------------------------------------------------------------------------------------------------------

ဘဏ္ဍာ - အခွန်ဝန်ထမ်းများအချိန်ပိုဆင်းနေရ

လာမည့်ဧပြီဘတ်ဂျက်နှစ်သစ်မှစပြီး အစိုးရသစ်စတင်မည်ဖြစ်ရာ ဘတ်ဂျက်သစ်အတွက် စာရင်းအင်းဆိုင်ရာ ကိစ္စများကို အလောတကြီး ဆောင်ရွက်စေခြင်းကြောင့် ဘဏ္ဍာအခွန်ဝန်ထမ်းများ အချိန်ပိုအလုပ် ဆင်းနေရကြောင်း ယင်းဝန်ထမ်းအသိုင်းအဝိုင်းမှ သိရှိရသည်။

ယင်းဌာနမှ မြို့နယ်အဆင့် အရာထမ်းတစ်ဦးက “အဖြစ်ကတော့ မနှစ်ကနဲ့မတူဘူးလို့သာ အော်လိုက်ချင်တော့တယ်။ ခါတိုင်းလည်း ဒီအချိန်ဆို အလုပ်ရှုပ်နေကျပဲ ဒါပေမယ့် ခုကပိုဆိုးတယ် ၂၀၀၄-၀၅လောက် အထိ အမှုတွဲတွေ အကုန်ပြန်လှန်ရတယ်။ တိုင်းအစိုးရနဲ့ ဗဟိုအစိုးရ အမွေခွဲမှာ ဆိုတော့လေ ဒီကြားထဲ အရင်လူက ဘော်ချက်သွားတာတွေနဲ့ အချို့အမှုတွဲတွေ ကိုင်ရတာ ရူးတောင်ရူးချင်တယ်။ ဒဂုံတို့ လသာတို့ဆို အလျော်အစား ကြမ်းတော့ တစ်နှစ်တည်း ဦးစီးသုံးယောက်လောက် ပြောင်းတာရှိတယ် အရင်လူလုပ်ခဲ့တာတွေ နောက်လူက ဘယ်အကုန်ခေါင်းခံနိုင်မလဲ အဲဒီ လူကို ရှာရ တာက အလုပ်တစ်ခုဖြစ်နေတယ်။ စနေနေ့ပါမကျန်ဘူး။ အစောဆုံးပြန်ရ ညနေခြောက်နာရီပဲ ”ဟု ပြောကြားသည်။

ထိုသို့ အချိန်ပိုဆင်းရသော်လည်း ထောက်ပံ့မှု တစ်စုံတစ်ရာမရကြောင်း ကိုယ်ပိုင်အစီအစဉ်ဖြင့်သာ ဆောင်ရွက် နေရကြောင်း ဝန်ထမ်းများက ဆိုသည်။

အငယ်တန်းဝန်ထမ်းတစ်ဦးက “ရတာက ငါးသောင်းခြောက်သောင်း ဘယ်လိုမှ မလောက်ဘူး အပြင်မှာ ကျူရှင်ပြရ သေးတယ် အချိန်ပို ဆိုတော့ ခွကျတာပေါ့ စားတာသောက်တာကအစ ခက်တယ် တစ်ချို့ဖန်(fund) တောင့်တဲ့ မြို့နယ် တွေကတော့ ထမင်းကျွေးတာ လက်ဖက်ရည် တိုက်တာ ရှိပါတယ် နေပြည်တော်အဖွဲ့တွေ ဧည့်ခံစရိတ်ကလည်း ရှိသေးတယ်လေ ” ဟု ပြောကြားသည်။

နေပြည်တော်မှ တာဝန်ရှိသူများ ကိုယ်တိုင်လာရောက် စစ်ဆေးဆောင်ရွက်နေကြောင်း အချို့ မြို့နယ်များတွင် ပြောင်းရွှေ့သွားသော ဦးစီးများမှာ နယ်စွန်နယ်ဖျားသို့ ရောက်နေသဖြင့် ယင်းတို့လုပ်ခဲ့သော ကိစ္စအချို့အတွက် ပြန်လည် ဆက်သွယ်ရသည်မှာ အခက်အခဲများစွာ ရှိနေကြောင်း စာရင်းလိမ်များလည်း ဖော်ထုတ်တွေ့နေရကြောင်း ယင်းအသိုင်း အဝိုင်းမှစုံစမ်းသိရှိရသည်။

The CJs News

-------------------------------------------------------------------------------------------------------------

လာမည့်ပညာသင်နှစ်၌ ရန်ကုန်မြို့တော် သင်ခန်းစာ ပြောင်းလဲမည်

လက်ရှိ ဒုတိယတန်းသင်ခန်းစာတွင် သင်ကြားလျှက်ရှိသော မြန်မာစာဖတ်စာတွင် ပါဝင်သည့် ရန်ကုန်မြို့တော် သင်ခန်းစာအား လာမည့် ပညာသင်နှစ်မှ စတင်၍ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်

လက်ရှိသင်ကြားနေသော ဒုတိယတန်းရှိ မြန်မာစာသင်ခန်းစာ၌ ရန်ကုန်မြို့တော်သည် ပထမမြို့တော်အဖြစ် ပါဝင်ကြောင်း၊ အခြေခံဥပဒေအရ မြန်မာနိုင်ငံ၏ ပထမမြို့တော်သည် နေပြည်တော်ဖြစ်သွားသည့်အတွက် ကိုက်ညီမှု မရှိတော့ကြောင်း၊ ထို့ကြောင့် ၎င်းသင်ခန်းစာအား ပယ်ဖျက် လိုက်ခြင်း ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိဒုတိယတန်း၌ သင်ကြားလျှက်ရှိသော သင်ခန်းစာအား ၁၉၉၈ ခုနှစ်မှ စတင်၍ပြဋ္ဌာန်း သင်ကြားစေခြင်း ဖြစ်ပြီး ၎င်းသင်ခန်းစာနေရာ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြန်မာနိုင်ငံ၏ ပထမမြို့တော်ကို နေပြည်တော်အဖြစ် အစားထိုး သင်ကြားသွားမည်ဖြစ်ကြောင်း ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန သင်ရိုးပြုစုရေးဌာန မှတာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

သင်ရိုးပောာင်းအား လျှော့ပစ်၍ သင်ကြားခြင်းပင်ဖြစ်ကြောင်း၊ သို့သော် ယခင်ပထမမြို့တော်ဖြစ်သည့် ရန်ကုန် မြို့တော်သင်ခန်းစာအား ပယ်ဖျက် ပြီးပါက သင်ကြားရန် နေပြည်တော်အကြောင်း အစားထိုး ထည့်သွင်းမည်ဖြစ်သော်လည်း လက်ရှိ၌ နေပြည်တော်အကြောင်းမှာ သင်ရိုး ပြုစုနေဆဲ ဖြစ်သည့်အတွက် ယခုနှစ် ၂၀၁၁-၂၀၁၂ ပညာသင်နှစ် တွင် ပါဝင်နိုင်ဦးမည် မပာုတ်သေးကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

၎င်း သင်ခန်းစာပယ်ဖျက်ကြောင်းကို မတ်လ ၂၃ ရက်နေ့၌ အခြေခံပညာကျောင်းများသို့ စာပို့၍ အကြောင်း ကြားပြီးပြီဖြစ်ကြောင်း မူလတန်း ကျောင်းတစ်ကျောင်းမှ ဆရာမတစ်ဦးမှပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်ရှိတိုင်းနေရာများ၌ တိုင်းဒေသကြီးဖြစ်သွားသည့်အတွက် အခြေခံ ဥပဒေနှင့် မညီညွှတ်သည့် သင်ရိုးညွှန်းတန်း မှန်သမျှအား ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ အတန်းတိုင်းတွင်လည်း သင်ကြားလျှက်ရှိသည့် သင်ခန်းစာများ၌ ညီညွှတ်မှုများ မရှိတော့ပါက ပြင်ဆင်ရမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်းပြောကြားခဲ့သည်။

ထို့ပြင် မူလတန်းစာအုပ်များ၌ ပါဝင်သည့် တို့အလံပာူသည့် သင်ခန်းစာ၌ ပါဝင်သည့်သင်ရိုးများ၌လည်း အလံသစ် အကြောင်းအား သင်ကြားမည် ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူမှပင် ပြောကြားခဲ့သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"စီးပွားရေးလုပ်ငန်းတွေကို သုံးသပ်ဖို့အတွက် အချက်အလက်ကိန်းဂဏန်းတွေရဖို့လိုအပ်ပါတယ်၊  ကိန်းဂဏန်းတွေလို့ ပြောတဲ့အခါမှာလည်း အမှန်တွေ ရဖို့လိုပါတယ်။ ဒါမှသာ သေချာတဲ့သုံးသပ်ချက် တွေရမှာပါ" ဟု စီးပွားရေး ပညာရှင် တစ်ဦးက ပြောသည်။ လုပ်ငန်းရှင် အချို့နှင့် ပညာရှင် အချို့တို့သည် အချက်အလက်ညွှန်းကိန်းအမှန်များကို ပြည့်စုံစွာ မရရှိသည့်အတွက် ဆုံးဖြတ်ချက်အချို့ ပြုလုပ်ရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်းနှင့် လုပ်ငန်းများအတွက် လိုအပ်သောစာတမ်းများ သုံးသပ်ချက်များ ပြုစုရေးသားရာတွင် အချက်အလက်ဟောင်း များကိုသာ ကိုးကား ရေးသားနေကြရကြောင်းသိရသည်။

မတ် ၂၈ ထုတ် The Messenger အတွဲ(၁) အမှတ် (၄၆) တွင်ပါသည့် "ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေး ဆိုင်ရာ ကိန်းဂဏန်း အညွှန်းအမှန်များ ရရှိရန်လိုအပ်" သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"ကားနှစ်စီးလောက်က တန်းစီထားတယ်။ သူတို့ရှေ့မှာ နောက်ထပ်ကားသုံးလေးစီကို ပေးပြီး ဖြတ်ဝင်တယ်။ ဆီတန်းစီတဲ့ ကားက ရှည်တော့ လမ်းအကွေ့တွေ ရောက်ပြီဆိုရင် တန်းစီထားတဲ့ကားက ကျန်တဲ့ကားတွေကိုဖုန်းဆက်ခေါ်ပြီး ကားသုံး လေးစီးလောက်က ရှေ့ကဖြတ်ဝင်သွားရော။ နောက်ကကားက သိလို့ပြောတော့လည်း သူတို့က လေးငါးယောက်လောက် ပေါင်းပြီး ပြဿနာရှာတယ်။ ဆီဆိုင်ကို ပြောတော့လည်း ဘာမှဖြေရှင်း မပေးနိုင်ဘူး" ဟု ကိုယ်တိုင် ကြုံတွေ့ ခဲ့ရသူ ကိုစောမင်းက ပြောသည်။ ဓာတ်ဆီဆိုင်ဈေးနှင့် ပြင်ပပေါက်ဈေး နှစ်ဆနီးပါးကွာခြားနေသဖြင့် အကျိုး အမြတ် များများ ရရှိနေသောကြောင့် စီးပွားရေး လုပ်ငန်းတစ်ခုအသွင် အုံလိုက်ကျင်းလိုက်လုပ်ကိုင်လာကြပြီး ဗိုလ်ကျလူလည်လုပ်မှုများ ပေါ်ပေါက် လာခြင်း ဖြစ်သည်ဟု ဓာတ်ဆီထုတ်လုပ်သူ အများစုက သုံးသပ်သည်။

မတ် ၂၉ ထုတ် TURENEWS အတွဲ(၃) အမှတ်(၃၁) မှာပါသည့် "စက်သုံးဆီတန်းစီရာတွင် အုပ်စုဖွဲ့ ဗိုလ်ကျလူလည် လုပ်မှုများရှိ" သတင်း ဆောင်းပါးမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"ဒီမှာ (မြန်မာနိုင်ငံ)က ဈေးကွက်စီးပွားရေးကို အစိုးရက အတိုင်းအတာတစ်ရပ်အထိ ထိန်းသိမ်းပံ့ပိုး လုပ်ကိုင်ဆောင်ရွက် ပါမယ်။ အရင်းရှင်၊ ဓနရှင် အခွင့်ထူးခံ လူတန်းစား ဝင်ရောက်ခြယ်လှယ် လုပ်ကိုင်ဆောင်ရွက်တာတွေ မရှိရအောင် ဆောင်ရွက်ပါမယ်။ အမျိုးသား အကျိုးစီးပွားကို ရှေးရှု လုပ်ကိုင်မယ်" နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောသည်။

၎င်းအပြင် နိုင်ငံတော်သမ္မတက ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် အချို့နိုင်ငံများမှ အစိုးရမှ ချုပ်ကိုင်ခြင်းမရှိသည့် ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးပြီး အချို့နိုင်ငံများတွင် အစိုးရမှအတိုင်းအတာတစ်ရပ်အထိ ချုပ်ကိုင်ဆောင်ရွက်သည့် ဈေးကွက် စီးပွားရေးစနစ်ဟူ၍ နှစ်မျိုးတွေ့ရကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။

ဧပြီ ၁ ထုတ် မြန်မာပို့စ်ဂလိုဘယ် အမှတ်(၄)တွင်ပါသည့် "အရင်းရှင်၊ ဓနရှင်၊ အခွင့်ထူးခံလူတန်းစားများ ဝင်ရောက် ခြယ်လှယ်ခြင်း မပြုသည့် ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်မည်" သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"လူစည်ကားရာနေရာတွေမှာ ပိုက်ဆံပွတ်တာတောင်ဖမ်းနေတာ၊ သူတို့ဆော့တဲ့ကစားနည်းက သုံး၊  ရှစ်အန်စာဝိုင်းပါ၊ ဂျင်ဆော့သလိုပဲ။ ငွေကတော့ အများကြီးပဲတွေ့ရတယ်။ ပိတောက်ချောင်းရဲစခန်းနဲ့ နီးပြီးအဝင်အထွက် တစ်ပေါက်ပဲ ရှိတော့ ဝင်ဖမ်းရင် လွယ်မှာပေါ့"

ဧပြီ ၁ ထုတ် မြန်မာပို့စ်ဂလိုဘယ် အမှတ်(၄)တွင်ပါသည့် "သီရိမင်္ဂလာဈေးသစ်ကြီးတွင် သောင်းဂဏန်း မှ သိန်းဂဏန်းကြား လောင်းကစားဝိုင်းများ ပြုလုပ်နေ" သတင်းမှ ကုန်တင်ကုန်ချလုပ်သားတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

သမ္မတကြီးပြောသည့် "အား" သုံးအားကို ခွဲခြမ်းစိတ်ဖြာခြင်း        

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် မေ ၃၀ နေ့ကကျင်းပခဲ့သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားသည်။ အဆိုပါ မိန့်ခွန်းမှာ အနည်းငယ်ရှည်သော မိန့်ခွန်းတစ်ခုဖြစ်သော်လည်း ကဏ္ဍပေါင်းစုံကို စုစုစည်းစည်းနှင့် တင်ပြနိုင်သည့်အတွက် ချီးကျူးမိပါသည်။

ထူးထူးခြားခြားတင်ပြသွားမှာ "အား" သုံးအား ဖြစ်သည့် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အားနှင့် နိုင်ငံတော်ကာကွယ်ရေးအင်အားတို့ ဖြစ်သည်။ နိုင်ငံရေးအင်အားကို သမ္မတ ဦးသိန်းစိန်က " နိုင်ငံရေးအင်အားဆိုတာကတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပဲဖြစ်ပါတယ်။ လူမျိုးစု ပေါင်း ၁၀၀ ကျော်နဲ့ စုစည်းနေထိုင်ကြတဲ့ ကျွန်တော်တို့နိုင်ငံအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ အလွန်အရေးကြီးပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲရင် နိုင်ငံတော်ကြီးလည်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးသွားမှာ ဖြစ်တဲ့အတွက် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို အထူးအလေးထားပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်" ဟု ပြောကြားသွားလေသည်။ ထိုအတွက်ကြောင့်ပင် နိုင်ငံတော်လူထု ဆက်သွယ်ရေး ယန္တရားတစ်ခုဖြစ်သော သတင်းစာ၏ မျက်နာဖုံးတွင် "တည်ငြိမ်အေးချမ်းမှ ဒီမိုကရေစီဖော်ဆောင်နိုင်မည်" ဟု ရေးသားထားခြင်း ဖြစ်ပေလိမ့်မည်။          

သို့သော် တည်ငြိမ်းအေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးကို ရှေ့တင်ပြီး လက်နက်နှင့် ငြိမ်းချမ်းရေးကို အပေးအယူ လုပ်ကာ နိုင်ငံရေးလုပ်စားမှုများကြောင့် စစ်မှန်သည့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ရနိုင်ပါ၏လောဟု မေးစရာပင်ရှိပါသည်။ အမှန်စင်စစ် တည်ငြိမ် အေးချမ်းမှုဟူသည် နိုင်ငံတော်မှ စစ်ရေးအင်အားဖြင့် ဖိနှိပ် ထားခြင်းမျိုးဖြင့် ရမလာနိုင်မည်မဟုတ်ဘဲ အောက်ခြေမှ ညီအကိုရင်းပမာ ချစ်ကြည် ရင်းနှီးမှုကို တဖြည်းဖြည်း တည်ဆောက်ယူမှသာ ရရှိနိုင်မည် ဖြစ်သည်။        

သမ္မတကြီး ဦးသိန်းစိန်က ယင်းသဘောတရားကိုပင် "တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ ယခင်အတွေ့အကြုံများအရ ပါးစပ်က ပြောနေရုံနဲ့မရပါဘူး။ စားပွဲမှာထိုင်ပြီး ဆွေးနွေးနေရုံနဲ့လည်း ဖြစ်မလာနိုင်ပါဘူး။ ပထဝီအနေအထားအရ ရေခြားမြေခြားဖြစ်နေတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသတွေကို တစ်ဆက် တစ်စပ်တည်း ဖြစ်သွားအောင် ကားလမ်းတွေ၊ မီးရထားလမ်းတွေ ဖောက်ပေးရပါမယ်။ တံတားတွေ ဆောက်ပေးရပါမည်။ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်းတွေ မြှင့်တင်ပေးရပါမယ်။ တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားရေးဘဝ တိုးတက် မြင့်မားလာအောင် စီးပွားရေး အခြေခံကောင်းတွေ ပြုလုပ်ပေးရပါမယ်။ ဒီလမ်းတွေ၊ တံတားတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်း တွေကို အသုံးချပြီး တိုင်းရင်းသားတွေရဲ့ လူမှုဘဝမြင့်မားလာအောင် မြှင့်တင်ပေးရမှာဖြစ်ပါတယ်၊ မော်တော်ကားလမ်းတွေ၊ တံတားတွေများများ ဖြစ်ပေါ်လာတာနဲ့အမျှ တစ်နေရာနှင့် တစ်နေရာ ကူးလူးဆက်သွယ် သွားလာမှုတွေ များပြားလာပြီး "တွေ့ပါများတော့ ရင်းနှီး၊ မြင်ပါများတော့ ချစ်ခင်" ဆိုသလို တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးမှုတွေ ပိုမိုရှိလာမှာဖြစ်ပါတယ်။

ယခုလို ရုပ်ပိုင်းဆိုင်ရာ သာမက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရဲ့ အခြေခံဖြစ်တဲ့ စစ်မှန်တဲ့မျိုးချစ်စိတ်ဓာတ် ဖြစ်သော ပြည်ထောင်စု စိတ်ဓာတ် ထွန်းကားလာအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်"ဟု ပြောကြားသွားသည်။ ယင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပါသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ ရပိုင်ခွင့်များကို ရောင်ပြန် ဟပ်သလိုဖြစ်နေသော်လည်း လက်တွေ့မဆောင်ရွက်နိုင်လျှင် လေကြီးမိုးကြီးဖြစ်နေသောကြောင့် "ဆောက်ဖြစ်မှ ကျောင်းဒကာ" ဟူ၍သာ ဆိုချင်ပါသည်။ နိုင်ငံရေးအင်အား (တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေး) ဆိုသည်မှာ တွေ့ဆုံညှိုနှိုင်းမှု ပေါင်းစုံနှင့် သူ့ဘက်ကိုယ့် ဘက်ချင့်ချိန်ပြီးမှသာ  အောင်မြင်မှုဆီသို့ တဖြည်းဖြည်း ရွှေ့လျားသွားသည်ဖြစ်ရာ သမ္မတကြီးပြောခဲ့သလို "စားပွဲမှာ ထိုင်ပြီး ဆွေးနွေးနေရုံနဲ့ဖြစ်မလာဘူး" ဟုဆိုပါက ရွှေပြည်တော် မျှော်တိုင်းဝေးနေအုံမည် ဖြစ်သည်။ အခြေခံကျကျ နှစ်ဦးနှစ်ဘက် အဆိုပြုချက် များဖြင့် တည်ငြိမ်မှုဆီသို့ မချဉ်းကပ်နိုင်မခြင်း "တွေ့ပါများတော့ ရင်းနှီး၊ မြင်ပါများတော့ ချစ်ခင်" မဖြစ်ဘဲ "တွေ့ပါများတော့ မုန်းတီး၊ မြင်ပါများတော့ ရိုက်ချင်" ဖြစ်နေမည်သာဖြစ်သည်။ သို့သော် မိန့်ခွန်းပါ "တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားဘဝ တိုတက်မြင့်မားအောင် စီးပွားရေး အခြေခံ ကောင်းများတည်ဆောက်ပေးရပါမယ်" ဟု ဖော်ပြချက်အား လက်တွေ့ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်လျှင် တိုင်းရင်းသူ၊ တိုင်းရင်းသား များ၏ ပညာရေးရေချိန်လည်း မြင့်မားလာမည်ဖြစ်သောကြောင့် ငြိမ်းချမ်းရေးခရီးလမ်းအတွက် ကြိုဆိုစရာပင်ဖြစ်သည်။        

သမ္မတကြီးဦးသိန်းစိန်က စီးပွားရေးအင်အားနှင့်ပတ်သက်၍ ဆက်လက်ပြောကြားရာတွင် "စီးပွားရေးအင်အား တောင့်တင်းအောင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ စီးပွားရေးအင်အား မတောင့်တင်းရင် သူတစ်ပါးရဲ့ အထင်အမြင်သေးမှု၊ နှိမ့်ချမှုကို ခံရမှာဖြစ်ပါတယ်။ စီးပွားရေးဟာ နိုင်ငံရေးရဲ့ ကွင်းဆက် လည်းဖြစ်ပါတယ်။ စီးပွားရေးအင်အား တောင့်တင်းရင် လူတွေဟာ ကောင်းကောင်းစားနိုင်၊ ဝတ်နိုင်၊ အဆင့်အတန်းရှိရှိ နေနိုင်မှာဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပ ဘေးပယောဂ တွေ ဝင်လာနိုင်စရာမရှိပါ ဘူး" ဟုပြောကြားသွားခဲ့သည်။          

နိုင်ငံတော်သမ္မတသည် တရုတ်ပြည်သူသမ္မတနိုင်ငံ၏ လူမှုစီးပွားရေးဘဝကို တစ်ဆစ်ချိုး ပြောင်းလဲပေးခဲ့သော ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်၏ "ချမ်းသာတာ ကောင်းတယ်"ဟူသော အယူအဆကို သဘောကျနှစ်ခြိုက်၍လားမသိ၊ ထိုသဘောနှင့်ခပ်ဆင်ဆင်"စီးပွားရေးအင်အား မတောင့်တင်းရင် သူတစ်ပါးရဲ့ အထင်အမြင်သေးမှု၊ နှိမ့်ချမှုကို ခံရမှာဖြစ်တယ်" ဟု ဆိုခဲ့လေသည်။ သို့သော် ယခုလိုကမ္ဘာပြုမှု မြန်ဆန်စွာ ဖြစ်ပေါ်ခဲ့သော အခါသမယကြီးတွင် စီးပွားရေး တောင့်တင်းပြီး လူအများကောင်းကောင်းဝတ်၊ ကောင်းကောင်းစားနိုင်ရုံဖြင့် ဘေးပယောဂများ မဝင်နိုင်ဟု ဆိုခြင်းမှာများစွာ အဓိပ္ပာယ်မရှိသလိုဖြစ်နေသည်။          

ထို့အပြင် သမ္မကြီးက " စက်မှုနိုင်ငံထူထောင်နိုင်ဖို့အတွက် ကျွန်တော်တို့နိုင်ငံမှာ သဘာဝအရင်းအမြစ်တွေ ရှိပါတယ်။  သို့သော်လည်း အရင်းအနှီးတွေ လိုပါတယ်၊ စွမ်းအင်လိုပါတယ်၊ အသိပညာရှင်၊ အတက်ပညာရှင် စတဲ့ လူသားအရင်းအမြစ်တွေလိုပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး တော့လည်း ထိုက်သင့်တဲ့ အမွေခံကောင်းတွေ ရရှိထားပြီးဖြစ်လို့ ကျွန်တော်တို့ ကြိုးစားပြီးလုပ်သွားရင် ဖြစ်မလာနိုင်စရာမရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အစိုးရအနေနဲ့ လက်ရှိ တိုးတက်မှု ရှိနေတဲ့ စိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန်မပျက်ဆက်လက်တိုးတက်အောင် ဆောင်ရွက်ရင်း စက်မှုနိုင်ငံ အဖြစ် ကူးပြောင်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟုဆိုသည်။        

သမ္မတကြီး၏ စက်မှုထူထောင်ရေးနှင့်ပတ်သက်၍ ခြွေလိုက်သည့် မိန့်ခွန်းမှာ စစခြင်း ဆောက်နှင့် ထွင်းလိုက်သလို ဖြစ်သည်။ "စက်မှုနိုင်ငံ ထူထောင်နိုင်ဖို့အတွက် ကျွန်တော်နိုင်ငံမှာ သဘာဝအရင်း အမြစ်တွေရှိပါတယ်" သည်တဲ့၊ သဘာဝ သယံဇာတဆိုသည်မှာ စက်မှုထူထောင်ရေးအတွက် မြင့်တင်အား ဖြစ်နိုင်သော်လည်း များများထုတ်က မြန်မြန်ကုန်တတ်သော သဘောရှိပါသည်။ သို့သော် စိုက်ပျိုးလယ်ယာကဏ္ဍကို တိုးတက်အောင် တည်ဆောက်ရင်း စက်မှုနိုင်ငံအဖြစ် တည်ဆောက်သွားမည့် မဟာဗျူဟာကတော့ မှန်ကန်သည့်လမ်းကြောင်းဖြစ်ပါသည်။ အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယ နိုင်ငံများသည် အဆိုပါ လမ်းနှစ်မွှာ (လယ်ယာနှင့်စက်မှုကဏ္ဍ နှစ်ရပ်လုံး တိုးတက်အောင်ဆောင်ရွက်ခြင်း) ဗျူဟာဖြင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်သွားနိုင်လေသည်။          

သမ္မတကြီးသည် နိုင်ငံတော်အင်အားကတော့ "မိမိတို့နိုင်ငံရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးအတွက် သားစဉ် မြေးဆက် တည်ဆောက်သွားကြရမယ့်ကိစ္စ ဖြစ်ပါတယ်။ နိုင်ငံရေး ကာကွယ်ရေးအင်အား မတောင့်တင်းရင် သူတစ်ပါးရဲ့ အနိုင်အထက် ပြုကျင့်မှုကို ခံကြရမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့ပါသည်။ ယင်းကို သေချာစဉ်းစား သုံးသပ်ကြည့်ပါက မြန်မာနိုင်၏ အမျိုးသားလုံခြုံရေးကို အဓိက ခြိမ်းခြောက်နိုင်သော ထင်းရှာလှသည့် နိုင်ငံဆိုလို့ ပေါက် ဖော်ကြီး တရုတ်တစ်နိုင်ငံ တည်းသာရှိပါသည်။ သမ္မတဆက်လက်ပြီး "ဒါကြောင့် နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် ကမ္ဘာ့အဆင့်မီ တပ်မတော်တစ်ရပ်ရှိဖို့ လိုအပ်ပါတယ်။ လက်ရှိတပ်မတော်ကို အင်အားတောင့်တင်းတဲ့ တပ်မတော်၊ စွမ်းရည်ရှိတဲ့ တပ်မတော်၊ ခေတ်မီတဲ့တပ်မတော်၊ မျိုးချစ်စိတ်ထက်သန်တဲ့ တပ်မတော်ဖြစ်အောင် အားလုံးဝိုင်းပြီး တည်ဆောက်ကြရပါမယ်။ နိုင်ငံတော် ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် နိုင်ငံတော် ကာကွယ်ရေးကို နိုင်ငံသားအားလုံးဝိုင်းပြီး တာဝန် ယူကြရမှာ ဖြစ်ပါတယ်" ဟုပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ အိုဟောင်းနေသည့် စနစ်ကျင့်သုံးနေသော တပ်မတော်ကို ခေတ်မီတပ်မတော် အသွင်ကူးပြောင်း နေရန်မှာ လွန်စွာအရေးကြီးပါ သည်။ အင်းအားတောင့်တင်းသည့် ခေတ်မီတပ်မတော်ဖြစ်မှသာ ဒီမိုကရေစီသဘောတရားများကို ကျေပွန် အောင် လိုက်နာမှာဖြစ်ပြီး တည်ပြည်နှင့်လူမျိုး၏ လုံခြုံရေးကို အပြည့်အဝစောင့်ရှောက်နိုင်မှာဖြစ်သည်။          

နိုင်ငံတော်သမ္မတကြီးမှ ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းမှာပါသည့် "အား" သုံးအားကို အဓိက စိစစ်ဝေဖန် ပိုင်းခြား ထားခြင်း ဖြစ်ပါသည်။ အမှန်တကယ်တော့ မြန်မာနိုင်ငံ၌သာမဟုတ် နိုင်ငံတိုင်းတွင် ယင်း"အား" သုံးအား တောင့်တင်းခိုင်မှာမှုရှိမှသာ တခြားနိုင်ငံများမှ လေးစားမည် ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းပါ "အား" သုံးအားအတိုင်း မြန်မာနိုင်ငံကို တိုးတက် ဖွံ့ဖြိုးအောင် ဆောင်ရွက်မည်ဆိုပါက မြန်မာနိုင်ငံသည် ဂုဏ်ကျက်သရေ ထွန်းပြောင်သည့် နိုင်ငံတစ် နိုင်ငံဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါတော့သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment