Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁.၄.၂၀၁၁

ဘာသာပြန်သတင်းများ - ၁

မြန်မာတပ်မတော်အစိုးရအဖွဲ့ ဖျက်သိမ်းကာ အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆို

(ABC News မှ 30 March 2011 ရက်စွဲပါ “Myanmar’s Junta is Dissolved as Gov’t Sworn in” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အရပ်ဖက် အစိုးရထံ တာဝန် ပြောင်းလဲ အပ်နှင်းသည့် ကျမ်းသစ္စာကျန်ဆိုမှု အခမ်းအနား ပြုလုပ်ပြီးနောက် တပ်မတော် အစိုးရကို တရားဝင် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

ယင်းကဲ့သို့ အရပ်ဖက်အစိုးရ အဖြစ် အသွင်ကူးပြောင်းမှုသည် တပ်မတော်၏ အာဏာ ချုပ်ကိုင်မှု ဆက်လက် ခိုင်မာစေရန် အပေါ်ယံ အသွင် ပြောင်းလဲခြင်းသာ ဖြစ်သည်ဟု အများစုက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ထားကြသည်။ မြန်မာနိုင်ငံတွင် အနှစ် ၂၀ အတွင်း ပထမဆုံး အကြိမ် ရွေးကောက်ပွဲများကို မနှစ်က နိုဝင်ဘာလတွင် ကျင်းပပေးခဲ့သော်လည်း ရွေးကောက်ပွဲ အတုသာ ဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပက ဝိုင်းဝန်း ပြစ်တင် ဝေဖန် ခဲ့ကြသည်။ီ

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့သစ်သည် အဝေးမြို့တော် နေပြည်တော်၌ ဗုဒ္ဓဟူးနေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုကာ တာဝန်လွှဲပြောင်း လက်ခံလိုက်သည်ဟု နိုင်ငံပိုင် မီဒီယာက ထုတ်ပြန် ကြေညာခဲ့သည်။

အချိန် ကြာမြင့်စွာ အုပ်ချုပ်ခဲ့သော တပ်မတော် အစိုးရ၏ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို တရားဝင် ဖျက်သိမ်းလိုက်ပြီဟုလည်း အစိုးရရုပ်သံက ထုတ်လွှင့် ကြေညာသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်သော နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် မြန်မာနိုင်ငံကို ၁၉၈၈ ခုနှစ်မှ စ၍ အုပ်ချုပ်လာခဲ့သော အဖွဲ့အစည်း ဖြစ်သည်။

*****************************************************************************************************

အစိုးရသစ်က မြန်မာနိုင်ငံအတွက် အပြောင်းအလဲ တစုံတရာ ဆောင်ကြဉ်းပေးမှာလား (မေးခွန်းနှင့် အဖြေများ)

(Reuters သတင်းမှ 30 March 2011 ရက်စွဲပါ “ Q+A:Will Myanmar newgovernment bringany change?” အမေး အဖြေ ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ရာစုနှစ်ဝက် နှစ်ငါးဆယ်နီးပါး အတွင်း ပထမဆုံး အရပ်ဖက်အစိုးရကို ဗုဒ္ဓဟူးနေ့တွင် တရားဝင် အာဏာ အပ်နှင်းလိုက်ပြီ ဖြစ်သော်လည်း ယခင် တပ်မတော် အစိုးရဟောင်း၏ အဖွဲ့ဝင်များက အရေးပါသော နေရာများတွင် ရှိနေဆဲ ဖြစ်သောကြောင့် ကြီးမားသော အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်ပေါ်ရေး အလားအလာမှာ ခပ်ပါးပါးသာ ရှိနေသည်။

တပ်မတော် အစိုးရက သမ္မတသစ် ဦးဆောင်သည့် ဝန်ကြီး ၃၀ အစိုးရ အဖွဲ့ကို တာဝန် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ပြီး အစိုးရသစ် အဖွဲ့ဝင် အများစုမှာ ဗြိတိသျှ ကိုလိုနီဟောင်း မြန်မာနိုင်ငံကို စစ်အာဏာဖြင့် ဖိနှိပ် အုပ်ချုပ်ခဲ့သည့် အာဏာပိုင် အဖွဲ့ဟောင်းမှ အငြိမ်းစားနှင့် တာဝန် ထမ်းဆဲ ဗိုလ်ချုပ်များသာ ဖြစ်သည်။

အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ အကြားတွင် မဟာဗျူဟာမြောက် တာဝန်များ ရှိကာ ဆယ်စု ၂ စုကြာ သယံဇာတ ကြွယ်ဝသော်လည်း ကုန်သွယ်ရေး ပိတ်ဆို့မှု sanctions များ စီးပွားရေး တစ်လွဲ စီမံ ခန့်ခွဲမှုများကြောင့် ခေတ်နောက်ကျ နေသော မြန်မာနိုင်ငံ၏ ရှေ့ရေးနှင့် ပတ်သက်သော မေးခွန်းနှင့် အဖြေ အချို့ကို အောက်တွင် ဖော်ပြထားသည်။

Q  :        မြန်မာနိုင်ငံမှာ များများစားစား ပြောင်းလဲမှာလား?

A  :        ယခင်ကနှင့် အလားတူ အာဏာ ဇက်ကြိုး ချုပ်ကိုင်မှုကို ရင်ဆိုင်နေရ ဆဲဖြစ်၍ ပြုပြင် ပြောင်းလဲမှုများ အချိန်တိုအတွင်း မဖြစ်နိုင်ပါ။  အထူးသဖြင့် တပ်မတော် အစိုးရ၏ အာဏာရှင် ခေါင်းဆောင် အသက် ၇၈ နှစ် အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရှိနေသေး၍ မဖြစ်နိုင်သေးပါ။

ပြီးခဲ့သော နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာခြင်းကြောင့် အပြုသဘောဆောင် ပြောင်းလဲမှုအတွက် မျှော်လင့်ချက်များ ရှိလာခဲ့သော်လည်း တပ်မတော် အစိုးရက သူတို့၏ လမ်းကြောင်းကို ပြောင်းလဲရန် (သို့) သူတို့၏ သဘောထားကို ပြောင်းလဲမည့် လက္ခဏာ ပြသခဲ့ခြင်း မရှိပါ။

ဗိုလ်ချုပ်ကြီးများနှင့် သူတို့၏ စီးပွားရောင်းရင်းများ လွှမ်းမိုးသော စနစ်ဟောင်းနှင့် အလွန်တူသည့် စနစ်သစ် အတွက် အုတ်မြစ်ချမှု တစ်ခု ဖြစ်သော လွှတ်တော် ဖွဲ့စည်းခြင်း မတိုင်မီတွင် ဥပဒေ ဒါဇင်ပေါင်း များစွာကို လျှို့ဝှက် ထုတ်ပြန်ကာ မြင်သာ၊ ထင်သာ လုံးဝ မရှိသော ပုဂ္ဂလိကပိုင် ပြုလုပ်ရေး လုပ်ငန်းစဉ်ကို ကြိုတင် ပြုလုပ်ခဲ့သည်ကို အားလုံး အသိပင် ဖြစ်သည်။

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ နောက်ပိုင်းတွင်လည်း အတိုက်အခံ များကို ဘေးသို့ ဖယ်ထုတ်ခြင်း၊ ထောင်ချခြင်းတို့ကို တပ်မတော် အစိုးရက ဆက်လက် လုပ်ဆောင်ခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပွဲ ကျင်းပခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများနှင့် စေ့စပ် ညှိနှိုင်းရန် ကြိုးစားခြင်၊ နိုင်ငံရေး အကျဉ်းသား ခန့်မှန်းခြေ ၂၁၀၀ ကျော်ကို လွှတ်ပေးခြင်း၊ ဒီမိုကရေစီ လိုလားသော အင်အားစုများကို နိုင်ငံရေး နယ်ပယ် အတွင်းသို့ ခေါ်ယူခြင်း စသော နိုင်ငံတကာ အသိုင်းအဝိုင်း၏ လိုလား တောင်းဆိုမှုများ ကိုလည်း ပြည့်မှီအောင် ကြိုးပမ်းမှု လုံးဝမရှိပါ။

Q  :        ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘာဖြစ်မလဲ?

A  :        မြန်မာနိုင်ငံ၏ တစ်မိုးအောက် တစ်ယောက် အာဏာရှင် ခေါင်းဆောင်သည် သူ၏ နိုင်ငံရေးနှင့် စစ်ဖက် ရာထူးများကို မလွှတ်ချင် လွှတ်ချင်ဖြင့် စွန့်လွှတ်လိုက်ပြီ ဖြစ်ရာ အနားယူရန် အလားအလာ ရှိနေသော်လည်း သိသိသာသာ ဆက်လက် လွှမ်းမိုးရန် စီစဉ်မည်ဖြစ်၍ သူ့ကို စိန်ခေါ်ဝံ့သူ အနည်းငယ်သာ ရှိနေပါလိမ့်မည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၁၉၉၂ ခုနှစ် အာဏာရပြီး နောက်ပိုင်း မှစ၍ အာဏာ အားလုံးကို တစ်ဦးတည်း လက်ဝါးကြီး အုပ်ခဲ့သူ ဖြစ်သောကြောင့် သူ့နေရာ ဆက်ဆံမည့် သူများအနေဖြင့် လွတ်လွတ်လပ်လပ် လှုပ်ရှားရန် အိပ်မက် မက်နိုင်မည့် အလား အလာပင် မရှိပါ။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီးသည် သူ၏ သစ္စာခံများကို အုပ်ချုပ်ရေး၊ တရားရေး၊ လွှတ်တော်နှင့် စစ်တပ် စသော အရေးကြီးနေရာ အားလုံးတွင် နေရာချထားပေးပြီး ဖြစ်သည်။ တစ်ချိန်က သူတစ်ဦးတည်း ချုပ်ကိုင်ခဲ့သော အာဏာကို ယခုအခါ သမ္မတ၊ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်တို့က ခွဲဝေ ကိုင်တွယ်ရမည် ဖြစ်ရာ ယခုကဲ့သို့ ထိထိရောက်ရောက် အာဏာခွဲဝေမှုသည် သူ့လို အာဏာရှင် တစ်ဦး နောက်ထပ် ပေါ်မလာအောင်  တားဆီးရန် ရည်ရွယ် စီစဉ်ထားခြင်း ဖြစ်သည်ဟု အကဲခတ် လေ့လာသူများက ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သူ့ရှေ့မှ ယခင် ခေါင်းဆောင်များကို ဖယ်ရှားပြီး အာဏာ ရရှိလာခြင်း ဖြစ်ရာ ပြည်သူလူထု အတွင်း၌ သာမကပဲ တပ်မတော် အတွင်း၌ပါ အလွန် လူကြိုက် နည်းသည်ဟု သိရှိရသည်။ သူ့အနေဖြင့် နိုင်ငံရေး မြင်ကွင်းမှာ ဖြည်းဖြည်းမှန်မှန် ထွက်ခွာနိုင်ရန် အတွက် အထက်ပါ စနစ်သစ်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု အကဲခတ် လေ့လာသူများက သုံးသပ် ထားကြသည်။

Q  :        Sanctions များ ရုတ်သိမ်းမည့် အခွင့်အရေး ရှိသလား။

A  :        အနောက်နိုင်ငံ sanctions များသည် တပ်မတော် အစိုးရကို ထိခိုက်အောင် မပြုလုပ်နိုင်ပဲ မြန်မာနိုင်ငံကို အာရှ အိမ်နီးချင်းများနှင့် တရုတ်နိုင်ငံ စသော ကျားများ၏ ပါးစပ်နားသို့ရောက်အောင် တွန်းပို့ခဲ့သည်ဟု ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ထားကြသော်လည်း အချိန်တို အတွင်း ကုန်သွယ်ရေး အတားအဆီးများ ရုပ်သိမ်းမည့် လက္ခဏာ မရှိသလို နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ အစိုးရသစ်အပေါ် ကြီးမားစွာ သံသယ ရှိနေသည်။

အနောက် နိုင်ငံများက “ကုန်သွယ်ရေး အတားအဆီးများကို မရုတ်သိမ်းမီ ထင်သာမြင်သာ ပြောင်းလဲမှုများကို တွေ့မြင်ရန် လိုအပ်သည်” ဟု ပြောဆိုထားကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကလည်း “ sanctions ကိစ္စကို ဆွေးနွေးရန် တိုက်တွန်း ထားသော်လည်း sanctions များ ဆက်လက် ချမှတ်ထားသင့်သည်” ဟု မကြာသေးမီက အကြံပြုခဲ့သည်။

NLD၏ အဆိုပါ သဘောထားက ဗိုလ်ချုပ်ကြီးများကို ဒေါသ ထွက်စေခဲ့သော်လည်း ကျွမ်းကျင်သူများ ပြောကြားရာတွင် “ရွေးကောက်ပွဲများကို သပိတ် မှောက်မှုကြောင့် ဖျက်သိမ်း ခံခဲ့ရသည့် NLD ပါတီ အနေဖြင့် တရားဝင်ကဏ္ဍ ပျောက်ဆုံးနေသည့် အချိန်မျိုးတွင် ပါတီ၏ ဒီမိုကရေစီ လှုပ်ရှားမှု အစီအစဉ်ကို ရှေ့ဆက်တိုးဖို့ ကြိုးစားရာ၌ sanctions များကို ဝှက်ဖဲအဖြစ် အသုံးပြုခြင်း ဖြစ်ဖွယ်ရှိသည်” ဟု မှတ်ချက် ပေးခဲ့ကြသည်။

အစိုးရ အဖွဲ့သစ်နှင့် ဆက်ဆံကြည့်ကာ စမ်းသပ်ရန် ကြိုးစားဖွယ် ရှိသည့် နိုင်ငံတကာ အသိုင်းအဝိုင်းသည် တပ်မတော်အစိုးရ ဖျက်သိမ်းလိုက်ခြင်းကို အပြုသဘော ဆောင်သည့် အဆင့်တစ်ခု အဖြစ် ရှုမြင်ကြပါလိမ်မည်။ ယခု အရပ်ဖက် အစိုးရ ဖြစ်လာသော ယခင် ဗိုလ်ချုပ်ဟောင်းများက အပြုသဘော ဆောင်စွာ တုန့်ပြန်ကြမည်လား ဆိုသည်ကိုမူ စောင့်ကြည့်ကြ ရဦးမည် ဖြစ်သည်။

Q  :        အပြုသဘော ဆောင်သော ကောင်းမွန်သည့် ကိစ္စများ ထွက်ပေါ်လာမှာလား။

A :         ကျွမ်းကျင်သူ အများစုက “မြန်မာ အစိုးရသစ်သည် ယခင် အဟောင်းနှင့် တစ်ထေရာတည်း တူလိမ့်မည်” ဟု ပြောကြားလျက် ရှိသည်။ ယခုကိစ္စသည် ပြောင်းလဲမှုအတွက် အခွင့်အလမ်း ပြတင်းပေါက်ဟု အချို့က ရှုမြင်နေ ကြသော်လည်း အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရှိနေသေးသော အချိန်တွင် ထိုပြတင်းပေါက် ကောင်းစွာ ပွင့်မည် မဟုတ်သေးပေ။

မြန်မာနိုင်ငံ၏ များပြားလှစွာသော တိုင်းရင်းသား အုပ်စုများအတွက် တပ်မတော်၏ ဗဟိုအာဏာ ချုပ်ကိုင်မှုကို ခြိမ်းခြောက်ခြင်း မပြုသည့် နည်းလမ်းဖြင့် ဒေသတွင်း နိုင်ငံရေးကို ပြောဆိုရန် အခွင့်အလမ်း တစ်ခုအဖြစ် ရှုမြင်ထားကြသည့် တိုင်းနှင့်ဒေသကြီး လွှတ်တော် ၁၄ခု ဖွဲ့စည်းခြင်းမှာမူ မျှော်လင့်ချက် ထားစရာ ကောင်းသည့် ကိစ္စ တစ်ခု ဖြစ်သည်။

တပ်မတော်က အာဏာ ချုပ်ကိုင်မှုကို ဆက်လက် ကာကွယ်ထားသော်လည်း တိုက်ရိုက် ထိန်းချုပ်သည့် နေရာမှ ဖယ်ပေးထားသည့် အတွက် အပြင်လူများ အတွက် နေရာ ရလာမည်ဖြစ်ကာ များစွာ လိုအပ်နေသော ပြုပြင် ပြောင်းလဲရေး အခွင့်အလမ်းများ ထွက်ပေါ်လာနိုင်သည်။

ယခု ဝန်ကြီးသစ်များ ထဲတွင် တပ်မတော် နောက်ခံသမိုင်း မရှိသော အရပ်သား အချို့ ပါဝင်လာသည်။ ပညာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့ကို သက်ဆိုင်ရာ ပညာရှင်များက ဦးဆောင်ကြမည် ဖြစ်ရာ အစိုးရအဖွဲ့အတွင်း ပညာတတ် လူတန်းစားတို့၏ နယ်ပယ် တစ်ခု ရှိလာခြင်းကို ညွှန်ပြနေသည်။

ပြုပြင် ပြောင်းလဲရေးသို့ ချဉ်းကပ်ရမည့် တာဝန်သည် မြန်မာအစိုးရ အဖွဲ့သစ် အပေါ်တွင် သာမကပဲ နိုင်ငံတကာ အသိုင်းအဝိုင်း အပေါ်တွင်လည်း များစွာ ကျရောက်နေသည်ဟု ပညာရှင် အများစုက သုံးသပ် ပြောကြားကြသည်။ “အကယ်၍သာ အနောက်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံအပေါ် တင်းမာသော သဘောထားကို ဆက်လက် ကိုင်စွဲထားပါက ဆင်းရဲနွမ်းပါးသော မြန်မာပြည်သူများ အတွက် အပြောင်းအလဲကို ဆောင်ကြည်း ပေးနိုင်မည့် အခွင့်အလမ်းကို ဆုံးရှုံးသွားနိုင်ဖွယ် ရှိသည်” ဟု ပညာရှင်များက သတိပေး ပြောကြားထားသည်။ ထို့ကြောင့်ပင်လျှင် sanctions များ ရုတ်သိမ်းရေး(သို့) အနည်းဆုံး ပြန်လည် သုံးသပ်ရေးကို အရေးကြီးသည်ဟု ရှုမြင် နေကြခြင်း ဖြစ်သည်။

*********************************************************************************************

အစိုးရသစ် အာဏာ လွှဲယူပြီးနောက် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာမန် အဓိပတိ စကားပြောဆို

(Associated Press မှ April 2011 ရက်စွဲပါ “Germany’s Merkel speaks with Myanmar opposition leader Suu Kyiafter new government sworn in” သတင်းကို ဘာသာ ပြန်ဆိုသည်)

ဂျာမန် ချန်ဆယ်လာ (အဓိပတိ) Angela Merkelက မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောဆိုခဲ့ပြီး သူမ၏ နိုင်ငံရေးပါတီ (NLD) ကို အသိအမှတ်ပြုရေး အတွက် တောင်းဆိုမှုများကို အလေးထား ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

မြန်မာ တပ်မတော် အစိုးရ တရားဝင် ဖျက်သိမ်းပြီး အရပ်ဖက် အစိုးရ အမည်ခံ အဖွဲ့အစည်းထံ အာဏာ လွှဲပြောင်းပေးပြီးနောက် တစ်ရက်အကြာ ကြာသပတေးနေ့တွင် ယင်းသို့ တယ်လီဖုန်းဖြင့် စကား ပြောဆိုခဲ့ကြခြင်း ဖြစ်သည်ဟု Markel ၏ ရုံးမှ သတင်း ထုတ်ပြန်သည်။

ဖိနှိပ် ချုပ်ချယ်သော စစ်အစိုးရကို နှစ်ပေါင်းများစွာ အကြမ်းမဖက် အံတု ရင်ဆိုင်ခဲ့သည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကို လေးစားကြောင်း Markel က ပြောကြားခဲ့သည်ဟု သူမ၏ ရုံးက ပြောဆိုသည်။

မြန်မာအစိုးရ အဖွဲ့သစ်ထံ မျှော်လင့်ထားသည့် ကိစ္စရပ်များ အပေါ်တွင် ၎င်းတို့နှစ်ဦး သဘော တူညီမှု ရှိခဲ့သည်ဟု ဂျာမန် အစိုးရက ပြောကြားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက တောင်းဆိုထားသော နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး ကိစ္စနှင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီ အားလုံးကို အပြည့်အဝ အသိအမှတ်ပြုရေး ကိစ္စတို့ကိုလည်း ဂျာမန်အစိုးရက ထောက်ပြ ပြောဆိုခဲ့သည်။

************************************************************************************************

မြန်မာ့ရှဲဒိုး ပြဇာတ်တွင် စစ်အစိုးရအစား သမ္မတနေရာယူ

(30 March 2011 ရက်စွဲပါ The New York Times မှ Seth Mydans ရေးသားသော Presidents Replaces Junta in Myanmar Shadow Play ကို ဘာသာ ပြန်သည်)

ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံတွင် ဘုရားစူး ကျိန်ပြောရမည့် အရပ်သားအစိုးရ အာဏာ ရယူခဲ့ရာ အဆိုပါ ပြောင်းလဲမှုတွင် ရာစုနှစ် တစ်ဝက်ခန့် အုပ်ချုပ်လာသည့် စစ်တပ်ကသာ အာဏာ ဆက်လက် ဆုပ်ကိုင် ထားသည်သာ ဖြစ်သည်။

ပါလီမန် အသစ်တွင် စစ်တပ် ကျောထောက်နောက်ခံ ပြုသည့် အဓိကပါတီ၏ ခေါင်းဆောင် ဖြစ်သော စစ်တပ် အရာရှိဟောင်း အသက် (၆၅) နှစ်ရှိ ဦးသိန်းစိန်သည် သမ္မတသစ် ဖြစ်လာသည်။ ၎င်းသည် ဆယ်စုနှစ် နှစ်ခုခန့် အုပ်ချုပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်သော စစ်အစိုးရ နေရာတွင် အစားထိုး ဝင်လာသူ ဖြစ်သည်။

သို့သော် ဦးသန်းရွှေသည် နောက်ကွယ်တွင် အာဏာ ဆက်လက်ရှိ နေမည် ဖြစ်ပြီး၊ အရပ်သား အုပ်ချုပ်မှုကို အမိန့် တစ်ခုဖြင့် လွှမ်းမိုးနိုင်ခွင့် ရှိနေပါသေးသည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ မှစ၍ စစ်တပ်မှ အုပ်ချုပ်ခဲ့ရာ လက်ရှိ စစ်အစိုးရသည် ၁၉၈၈ မှစ၍ အုပ်ချုပ်ခဲ့ရာ ၁၉၈၈ တွင် စစ်တပ်သည် ဒီမိုကရေစီ ဆန္ဒပြမှုများအား နှိမ်နင်းရာတွင် လူ (၃၀၀၀) ခန့် သေဆုံးခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် စစ်တပ် နောက်ခံပြု ပါတီ ရှုံးနိမ့်ခဲ့မှုကြောင့်၊ စစ်တပ်က အာဏာ လွှဲပြောင်း ပေးခဲ့ခြင်း မရှိပေ။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် (၂၁)နှစ်အတွင်း (၁၅) နှစ်ခန့် နေအိမ် အကျယ်ချုပ်ဖြင့် နေခဲ့ရပြီး၊ ပြီးခဲ့သည့် နိုဝင်ဘာလကမှ လွတ်မြောက်လာခဲ့သည်။ သူမ၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် မပါဝင်ရန် ရွေးချယ် ခဲ့သောကြောင့်၊ ပါလီမန် အသစ်တွင် ကိုယ်စားပြု ပါဝင်ခွင့် မရပေ။

ယခု အသွင် ကူးပြောင်းရေးသည် ဒီမိုကရေစီ လမ်းပြမြေပုံကို အဆုံးသတ်သွားစေခဲ့သည်။ လမ်းပြ မြေပုံတွင်၂၀၀၈ ခုနှစ် အခြေခံဥပဒေ ဆန္ဒခံယူပွဲနှင့် ပြီးခဲ့သည့်နှစ်က ရွေးကောက်ပွဲများ ပါဝင်ခဲ့ရာ၊ အဆိုပါ ကိစ္စများကိုမရိုးသားမှုများ၊ တရားမဝင်မှုများ ရှိသည်ဟု အများက မြင်ခဲ့ကြသည်။

အနောက်နိုင်ငံများမှ ဝေဖန်သုံးသပ်သူ အများစုကမူ ယခုပြောင်းလဲမှုမှာ အရပ်သား အရေခြုံ မှုကြောင့် လက်မခံကြပေ။ သို့သော် အချို့ကမူ တဖြည်းဖြည်း ပြောင်းလဲရေး အတွက် တံခါးဖွင့် ပေးသလို ဖြစ်ကြောင်း မျှော်လင့်ချက် စကားများ ပြောခဲ့ကြသည်။

“ဒီစနစ်ထဲမှ အလားအလာ ရှိတဲ့ ပြုပြင်ပြောင်းလဲရေး သမားတွေကို ရွေးထုတ်ပြဖို့ ကြိုးစား သူတွေဟာ အကြောင်းမဲ့ မျှော်လင့်နေတဲ့ စိတ်မူ မမှန်သူတွေလို့ ဆိုရမှာ ဖြစ်တယ်။ အစိုးရသစ်မှ ပါတဲ့သူတွေ အများစုရဲ့ ဗီဇသွေးထဲမှာ ကြောက်စိတ် အရင်းခံတဲ့ စိတ်ပါနေပြီးသားပါ။ ဒါကြောင့် ကျွန်တော်တို့ အများဆုံး မျှော်လင့်လို့ ရမှာကတော့ ပညာရေးတို့ ကျမ်းမာရေး တို့မှာပါတဲ့ အရပ်သား ဝန်ကြီးတွေဟာ စစ်အစိုးရရဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုကြောင့် ဆုံးရှုံးခဲ့ရတဲ့ လူမှုရေး ကိစ္စတွေကို ပြန်လှန် ကြည့်လေမလား ဆိုတာပါပဲ” ဟု Human Rights Watch မှ မြန်မာ့အရေး ကျွမ်းကျင်သူ David Mathieson က ပြောသည်။

အခြေခံဥပဒေ အသစ်အရ ပါလီမန်တွင် ၂၅% ကို စစ်တပ်အတွက် သတ်မှတ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် စစ်တပ်နှင့် စစ်တပ် နောက်ခံပြုပါတီတို့ ပေါင်းလျှင် ပါလီမန်၏ ၈၄% ကို ကြီးစိုး ထားနိုင်သည်ဟု United States Campaign for Burma မှ အမှုဆောင် ဒါရိုက်တာ အောင်ဒင် က ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးအားလုံးကို ခန့်အပ်ထားခြင်း၊ တရားသူကြီးများ ခန့်ထားခြင်း၊ ဘတ်ဂျက်ကို ချုပ်ကိုင်ထားခြင်း၊ အဓိက ဥပဒေများ ပြဌာန်းခဲ့ခြင်း တို့ကို ပြုလုပ်ခဲ့သည်ဟု Payap တက္ကသိုလ်မှ ပါမောက္ခ ဝင်းမင်းက ပြောသည်။ ထို့ကြောင့် ဖြစ်နိုင်သည့် ပြောင်းလဲမှုမှာ အစိုးရ အဖွဲ့ ပြင်ဆင် ဖွဲ့စည်းမှု မဟုတ်ပဲ ဗိုလ်ချုပ်မှူးကြီး တဖြည်းဖြည်း ဘေးရောက်သွားမည့် အရေးသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment