Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁.၄.၂၀၁၁

ဘာသာပြန်သတင်းများ - ၂

မြန်မာအပေါ် sanctions များ တင်းကြပ်ရန် အမေရိကန် အထက်လွှတ်တော် အမတ်များ တိုက်တွန်း

(AFP သတင်းမှ 1 Apr 2011 ရက်စွဲပါ “US senators urge tougher Myanmar sanctions” သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ တပ်မတော် အစိုးရ အဖွဲ့ဝင်များ အပေါ် ချမှတ်ထားသော sanctions များ ဖြေလျှော့ပေးရန် တောင်းဆိုမှုများကို အမေရိကန် ပြည်ထောင်စု အနေဖြင့် ပယ်ချရမည် ဖြစ်ပြီး sanctions များ ပိုမို ထိရောက်မှု ရှိစေရန်အတွက် အထူး ကိုယ်စားလှယ်တစ်ဦး ခန့်အပ် တာဝန် ပေးသင့်ကြောင်း ဖော်ပြထားသည့် ပေးစာ တစ်စောင်ကို အမေရိကန် အထက်လွှတ်တော် အမတ် ၄ ဦးက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။

“စစ်အစိုးရ၏ လတ်တလော လှုပ်ရှားမှုများနှင့် လူ့အခွင့်အရေး ဆက်လက် ညှဉ်းပမ်းနေမှု များသည် sanctionsများ ဖြေလျော့ပေးရန်ကို စဉ်းစားရာတွင် လိုအပ်သော စံညွှန်းများနှင့် လတ်တလော ကိုက်ညီမှု မရှိသေးပါ” ဟု နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ထံ အထက် လွှတ်တော် အမတ်များက ရေးသား ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အထက် လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ဥက္ကဋ္ဌ Dianne Feinstein၊ အထက် လွှတ်တော် ရီပတ်ပလစ်ကန် ခေါင်းဆောင် Mitch McConnell၊ အထက် လွှတ်တော် ပတ်ဝန်းကျင်နှင့် ပြည်သူ့ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ Barbara၊ ရီပတ်ဘလစ်ကန် လွှတ်တော် အမတ် Mark Kirkတို့က အထက်ပါ ပေးစာကို လက်မှတ် ရေးထိုးခဲ့ကြသည်။

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ sanctions ကိစ္စအပေါ် လတ်တလော မှတ်ချက်ပေးမှုများကို အထက်လွှတ်တော် အမတ်များက ထောက်ပြခဲ့ကြပြီး “မြန်မာအစိုးရက ထိထိရောက်ရောက် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်လာသည် အထိ sanctions များကို ဆက်လက် ချမှတ်ထားရမည် ဆိုသည့် အချက်ကို မိမိတို့ သဘောတူသည်” ဟု ပြောကြားခဲ့ကြသည်။ ထို့အပြင် sanctions များ ပိုမို ထိရောက်၍ ကောင်းစွာ အသုံးဝင်အောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီနှင့်အတူ လုပ်ကိုင်နိုင်ရန် အတွက် မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး တစ်ဦးကို ဝန်ကြီး ကလင်တန်အနေဖြင့် ခန့်အပ် တာဝန်ပေးရန် အထက်လွှတ်တော် အမတ်များက တိုက်တွန်းလိုက်သည်။

သို့ဖြစ်ပါ၍ ဤကဲ့သို့ အရေးကြီးသည့် ရာထူးတာဝန်ကို ထမ်းဆောင်နိုင်ရန် လိုအပ်သော ကျွမ်းကျင်မှုနှင့် အရည်အသွေး၊ အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်တစ်ဦးကို အစိုးရက အမြန်ဆုံး ခန့်အပ် တာဝန်ပေးရန် တိုက်တွန်းထားခြင်း ဖြစ်သည်ဟု ပေးစာတွင် ရေးသားထားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လွတ်လပ်သော ဈေးကွက် ပြုပြင် ပြောင်းလဲမှုများကို တံခါးဖွင့် ပေးစေရန် ကွန်ဂရက်က ဥပဒေဖြင့် ပြဌာန်း         ပေးထားသော “မြန်မာအာဏာရှင် ခေါင်းဆောင်များ အပေါ် ဘဏ်လုပ်ငန်း ဆိုင်ရာ ပိတ်ဆို့မှုများ ထပ်မံ ချမှတ်ပိုင်ခွင့်” ကို ကျင့်သုံးရန် ဝန်ကြီး ကလင်တန်ကို အထက်လွှတ်တော် အမတ်များက တိုက်တွန်းခဲ့ကြသည်။

**********************************************************************************************************

ဒန်ကလေကို တရားရုံးက အာမခံဖြင့်လွှတ်

(Associated Press မှ 29 March 2011 ရက်စွဲပါ “Myanmar Court Frees Australian Publisher on Bail” ကို ဘာသာ ပြန်ဆိုသည်)

အမျိုးသမီး တစ်ဦးအား မူးယစ်ဆေးဝါး တိုက်ကျွေးမှုဖြင့် ဖမ်းဆီး တရားစွဲဆိုခြင်း ခံထားရသော ဩစတြေးလျ နိုင်ငံသား သတင်းဂျာနယ် ထုတ်ဝေသူ ရော့စ် ဒန်ကလေ (Ross Dunkley) ကို မြန်မာ အစိုးရ တရားရုံးက အာမခံဖြင့် လွှတ်ပေးလိုက်သည်။

ဩစတြေးလျ နိုင်ငံသား ရော့စ် ဒန်ကလေသည် သတင်းစာစောင် အကြီးအကဲ တစ်ဦး၊ လေးစားထိုက်သည့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည့် အပြင် နှလုံးရောဂါ အတွက် ဆေးဝါးကုသမှု ခံယူနေရသူ ဖြစ်သောကြောင့် အာမခံဖြင့် လွှတ်ပေးခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့တော်မှ ကမာရွတ် တရားရုံးက ပြောကြားသည်။ ရော့စ် ဒန်ကလေ ရင်ဆိုင်နေရသည့် မူးယစ်ဆေးဝါး တိုက်ကျွေး ဖြားယောင်းမှုနှင့် လူဝင်မှု ဥပဒေချိုးဖောက်မှု နှစ်ခုအတွက် ကျပ်သိန်း ၅ဝ စီ အသီးသီး အာမခံ တင်သွင်းရသည်ဟု သိရှိရသည်။

ဒန်ကလေ ကမူ ယင်းအပေါ် စွပ်စွဲချက် အားလုံးကို ငြင်းဆိုထားပြီး ၎င်းသည် စတင် ဖမ်းဆီးခံရသည့် ဖေဖော်ဝါရီ ၁ဝ ရက် မှစ၍ ရန်ကုန်မြို့တော်မှ နာမည်ပျက် အင်းစိန်ထောင်တွင် ချုပ်နှောင်ထားခြင်း ခံရခဲ့ရသည်။ ယင်းသည် အကယ်၍သာ ပြစ်မှုနှစ်ခုစလုံး အပေါ် ပြစ်ဒဏ်ပေးခြင်း ခံရပါက ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်နှင့် ရင်ဆိုင်ရဖွယ် ရှိသည်ဟု ဆိုသည်။

အထက်ပါ တရားစွဲဆိုမှုများသည် စီးပွားရေး ပဋိပက္ခနှင့် ဆက်စပ် ပတ်သက်နေပြီး အင်္ဂလိပ်ဘာသာ Myanmar Times ဂျာနယ် ထိန်းချုပ်ခွင့်ကို စွန့်လွှတ်အောင် ဖိအားပေးရန် ရည်ရွယ် ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒန်ကလေ၏ အသိုင်းအဝိုင်းက ပြောကြားခဲ့သည်။

**********************************************************************************************************

ကျောက်မျက် လေလံပွဲဒေါ်လာ ၂.၈ဘီလျံ စံချိန်တင် ရရှိ

(Associated Press မှ 26 March 2011 ရက်စွဲပါ “Myanmar gems auction erans record $ 2.8 b” သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ယခုလ အတွင်း အဝေးမြို့တော် နေပြည်တော်၌ ကျင်းပသော နှစ်ပတ်လည် ကျောက်မျက် ရတနာ လေလံပွဲတွင် ကျောက်စိမ်း၊ ကျောက်မျက်များ၊ ပုလဲများ ရောင်းချရမှုမှ အမေရိကန် ဒေါ်လာ ၂.၈ဘီလျံကျော် ဝင်ငွေ ရရှိခဲ့သည်ဟု သိရှိရသည်။

ကျောက်စိမ်း အတွဲပေါင်း ၁၆၉၃၉ တွဲ၊ ကျောက်မျက်ရတနာ အတွဲပေါင်း ၂၀၆ တွဲနှင့် ၂၅၅ တွဲကို ဈေးပြိုင် လေလံတင် ရောင်းချရာမှ စံချိန်တင် ဝင်ငွေရရှိခဲ့ခြင်း ဖြစ်သည်ဟု အပတ်စဉ် သတင်းဂျာနယ် The Voice က ဖော်ပြထားသည်။

ဆိုးဝါး စုတ်ပြတ်လှသော လူ့အခွင့်အရေး စောင့်ရှောက်မှု မှတ်တမ်းများကြောင့် အနောက် နိုင်ငံများ၏ စီးပွားရေးနှင့် နိုင်ငံရေး အရေးယူ ဒဏ်ခတ်မှု sanctions များကို ရင်ဆိုင်နေရသော မြန်မာတပ်မတော် အစိုးရအတွက် သတ္တုတွင်း ဝန်ကြီးဌာနမှ စီစဉ်သော ကျောက်မျက် လေလံပွဲသည် အဓိက နိုင်ငံခြား ငွေရပေါက် တစ်ခု ဖြစ်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်း ထုတ်လုပ်သော နိုင်ငံတစ်ခု ဖြစ်သည့်အပြင် ပတ္တမြား ရာခိုင်နှုန်းကိုလည်း ထုတ်လုပ် ပေးနေသည်ဟု ဆိုသည်။

*********************************************************************************************************

ဆီးရီးယား အစိုးရ နုတ်ထွက်ကြောင်း နိုင်ငံပိုင် ရုပ်သံ ကြေညာ

(AFP သတင်းမှ 30 March 2011 ရက်စွဲပါ “ Syrian government resigns: state TV” သတင်းကို ဘာသာ ပြန်ဆိုသည်)

ဆီးရီးယား ဝန်ကြီးချုပ် မိုဟာမက် နာဂျီအိုထရီ၏ အစိုးရအဖွဲ့က အင်္ဂါနေ့တွင် သမ္မတ ဘာရှား အယ်အာဆတ်ထံ နုတ်ထွက်လွှာ တင်သွင်းခဲ့ရာ သမ္မတက လက်ခံလိုက်သည်ဟု နိုင်ငံပိုင် ရုပ်သံက သတင်း ထုတ်ပြန်သည်။ အစိုးရ နုတ်ထွက်မှုကို သမ္မတ အာဆတ်က လက်ခံခဲ့သည်ဟု နိုင်ငံပိုင် Syrian Televisionက ကြေညာခဲ့ခြင်း ဖြစ်သည်။

ဘာ့သ်ပါတီ အုပ်ချုပ်သော ဆီးရီးယားတွင် မတ်လ လယ်က ဖြစ်ပွားခဲ့သော လွတ်လပ်ခွင့် ပိုမို တောင်းဆိုသည့် ဆန္ဒပြပွဲများ အပြီးတွင် နိုင်ငံတော်က ကတိပြုခဲ့သည့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများစွာအား အကောင်အထည် ဖော်ရမည့် တာဝန်ကို လာမည့် ရက်များအတွင်း ဖွဲ့စည်းမည့် အစိုးရ အဖွဲ့သစ် အနေဖြင့် မလွှဲမသွေ ရင်ဆိုင်ရတော့မည် ဖြစ်သည်။

အဆိုပါ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများတွင် ၁၉၆၃ ခုနှစ် ဘာ့သ်ပါတီ အာဏာ ရချိန်မှစ၍ ထုတ်ပြန် ထားခဲ့သော အရေးပေါ် အုပ်ချုပ်မှုကို အဆုံးသတ်ခြင်း၊ မီဒီယာများနှင့် နိုင်ငံရေးပါတီများ အပေါ် ပျော့ပြောင်းသည့် ဥပဒေများ ပြဌာန်းပေးခြင်း စသည့် အစီအစဉ်များ ပါဝင်မည်ဟု မျှော်လင့် ရကြောင်း သိရှိရသည်။

********************************************************************************************************

အငြင်းပွား ရေပြင်နယ်နိမိတ် အနီးတွင် လက်တွေ့ပစ်ခတ်စစ်ရေး လေ့ကျင့်မှု တောင်ကိုရီးယားပြုလုပ်

(AFP သတင်းမှ 30 March 2011 ရက်စွဲပါ “S.Korea stages Live-fire drill near tense sea border” သတင်းကို ဘာသာ ပြန်ဆိုသည်)

ပြီးခဲ့သော နိုဝင်ဘာလက မြောက်ကိုရီးယားတို့၏ အမြောက်ဖြင့် ပစ်ခတ် ရန်စမှုကြောင့် လူအသေအပျောက် ရှိခဲ့သော ကျွန်းပေါ်တွင် တောင်ကိုရီးယား စစ်တပ်က ဗုဒ္ဓဟူးနေ့၌ လက်တွေ့ အမြောက် ပစ်ခတ်မှု လေ့ကျင့်ခန်း ပြုလုပ်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

အငြင်းပွား ပင်လယ်ဝါ ရေပြင် နယ်နိမိတ် အနီးရှိ ယွန်ပြောင်းကျွန်းပေါ်တွင် အမြောက် ပစ်ခတ် လေ့ကျင့်မှုကို ဒေသ စံတော်ချိန် မနက် ၉း၃၀ တွင် စတင်ခဲ့ပြီး တစ်နာရီကြာ လေ့ကျင့်ရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။

လူနေအိမ်များ ပျက်စီးကာ အရပ်သား ၂ ဦး၊ မရင်းတပ်သား ၂ ဦး သေဆုံးခဲ့ရသော နိုဝင်ဘာ ၂၃ရက် အမြောက် ပစ်ခတ်မှု ဖြစ်ပွားပြီး နောက်ပိုင်း အငြင်းပွား နယ်နိမိတ် တလျှောက် တင်းမာမှုများ ကြီးထွား လာခဲ့သည်။ ယင်းကဲ့သို့ တောင်ကိုရီးယား အရပ်ဖက် ပစ်မှတ်များ အပေါ် တိုက်ခိုက်မှုသည် ၁၉၅၀-၅၃ ကိုးရီးယား စစ်ပွဲ နောက်ပိုင်း ယခု ပထမဆုံး အကြိမ် ဖြစ်သည်ဟု ဆိုသည်။

အခင်းမဖြစ်မီ တစ်ရက်က တောင်ကိုရီးယားတို့ စစ်ရေး လေ့ကျင့်ပစ်ခတ်သော အမြောက် ကျည်ဆံများ မြောက်ကိုရီးယား ရေပြင်သို့ ကျရောက် ခဲ့ခြင်းကြောင့် တုန့်ပြန်ခြင်း ဖြစ်သည်ဟု ပြုံယမ်းက ပြောင်ပြောင် တင်းတင်း တုန့်ပြန် ပြောကြားခဲ့သည်။

ပြီးခဲ့သော ဒီဇင်ဘာ ၂၀ ရက်နေ့က ယွန်ပြောင်ကျွန်းပေါ်တွင် လက်တွေ့ ပစ်ခတ် လေ့ကျင့်ခန်း ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ဗုဒ္ဓဟူးနေ့က လေ့ကျင့်မှုကို ပထမဆုံး ပြန်လည် ပြုလုပ်ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားတို့က ပြန်လည် ပစ်ခတ်မည်ဟု ခြိမ်းခြောက်မှုများ ရှိသော်လည်း အနှောင့် အယှက် မရှိ အောင်မြင်စွာ လေ့ကျင့် ပြီးစီး ခဲ့သည်ဟု သိရှိရသည်။

မြောက်ကိုရီးယား ကမ်းခြေနှင့် အနီးဆုံး ကျွန်းတစ်ခု ဖြစ်သည့် ဘန်ယောင်ကျွန်း ပေါ်တွင်လည်း အလားတူ လက်တွေ့ ပစ်ခတ်စစ်ရေး လေ့ကျင့်မှုကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment