Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၀.၄.၂၀၁၁

ပြည်တွင်းသတင်းများ

စာရေးဆရာကြီး ပါရဂူ ကွယ်လွန်

နိုင်ငံရေးဒဿန၊ တော်လှန်သောအတွေးအခေါ် စသည်တို့ကဲ့သို့ ဒဿနိကဆိုင်ရာ နှင့် ဘာသာရေး စာပေများစွာ ရေးသားခဲ့သူ အသက် ၉၁နှစ် အရွယ်ရှိ စာရေးဆရာကြီး ပါရဂူသည် စနေနေ့ နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံ၌ နှလုံးသွေးကြောပိတ် ရောဂါဖြင့် ကွယ်လွန် သွားခဲ့သည်ဟု သိရသည်။

ဆရာကြီး၏ ရုပ်အလောင်းအား ရေဝေးသုဿန် အအေးတိုက်တွင် ၃ ရက်ကြာ ထားရှိဦးမှာဖြစ်ပြီး တနင်္လာနေ့တွင် သင်္ဂြိုဟ်မည်ဟု သိရှိရသည်။ ဆရာကြီးသည် အိန္ဒိယ ဂန္တဝင်စာပေများဖြင့် အထူးထင်ရှားပြီး ဝေသာလီ၊ စိတ္တရလေခါ၊ စိတြ၊ ဒိဗျာ၊ အမ္ဗပါလီတို့မှာ ဆရာကြီး၏ ထင်ရှားသော ဝတ္ထုကြီး များဖြစ်ကာ ဂျပန်ခေတ်တွင်လည်း ဂျပန်စာသင် ကျောင်းများအတွက်  ဂျပန်ဘာသာဖြင့် ဆောင်းပါးများရေးသားခဲ့သေးသည်။

ဆရာကြီးက ဟိန္ဒီစာအုပ်တွေ အများဆုံး ဘာသာပြန်ပါတယ်။ အိန္ဒိယစာပေကို အင်္ဂလိပ်ဘာသာကနေ တဆင့် ပြန်နိုင်တဲ့ပုဂ္ဂိုလ်များ ရှိပေမယ့် ဟိန္ဒီ၊ သက္ကတ ကနေ တိုက်ရိုက်ပြန်နိုင်တဲ့ပုဂ္ဂိုလ်ကတော့ အင်မတန် နည်းပြီးတော့ ခုလို ဆရာပါ တိမ်းပါးသွားခြင်းဟာ ကြီးစွာသော ကွက်လပ်ကြီး ဖြစ်ပါတယ်”ဟု သူက ပြောသည်။

ဆရာကြီး ပါရဂူသည်သျှန်တိနိကေတန် စာကြည့်တိုက်ကြီးကို ရွှေပေါက္ကံမြို့သစ် ၁၆ ရပ်ကွက်တွင် ထူထောင်ခဲ့ပြီး ၂၀၀၄ခုနှစ်မှ ကွယ်လွန်ချိန်အထိ နေထိုင်သွားခဲ့ကာ အဆိုပါစာကြည့်တိုက်ကြီးသည် ကျမ်းပြုလိုသူများ သမိုင်းလေ့လာသူများအတွက် အဖိုးမဖြတ်နိုင်သည့် နေရာ တစ်နေရာ ဖြစ်ကြောင်း စာရေးဆရာ ချစ်ဦးညိုက ဆက်လက်ပြောကြားခဲ့သည်။

ဆရာကြီးသည် ပခုက္ကူ ဦးအုံးဖေ တသက်တာစာပေဆု၊ ညီတော်မင်းနန်၊ မြန်မာနိုင်ငံ ဟိန္ဒူစာပေအသင်း၏ ရွှေတံဆိပ်စု၊ ဂေါရီ စာအုပ်များဖြင့် ဘာသာပြန်စာပေဆုများကိုရရှိခဲ့ပြီး ၁၉၅၈ ခုမှ ၁၉၆၅ ခုအထိ မြန်မာနိုင်ငံ စာရေးဆရာ အသင်းနှင့် သမဂ္ဂများတွင် အမှုဆောင်အဖြစ် ပါဝင်ကာ ၁၉၇၁ မှ ၁၉၇၅ အထိ မြန်မာစာပေကော်မရှင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

ဆရာကြီး ပါရဂူသည်သျှန်တိနိကေတန် စာကြည့်တိုက်ကြီးကို ရွှေပေါက္ကံမြို့သစ် ၁၆ ရပ်ကွက်တွင် ထူထောင်ခဲ့ပြီး ၂၀၀၄ခုနှစ်မှ ကွယ်လွန်ချိန်အထိ နေထိုင်သွားခဲ့ကာ အဆိုပါစာကြည့်တိုက်ကြီးသည် ကျမ်းပြုလိုသူများ သမိုင်းလေ့လာသူများအတွက် အဖိုးမဖြတ်နိုင်သည့် နေရာ တစ်နေရာဖြစ်ကြောင်း စာရေးဆရာ ချစ်ဦးညိုက ဆက်လက်ပြောကြားခဲ့သည်။

ဆရာကြီး ပါရဂူကို အဘဦးဘစော ၊ အမိ ဒေါ်မေတုတ်တို့မှ ၁၉၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁ဝ) ရက်တွင် ဟင်္သာတခရိုင်၊ သန္ဓံသနော့ကျေးရွာ၌ မွေးဖွားခဲ့ပြီး ၁၂ နှစ်အရွယ်မှ  ၃၄နှစ် အရွယ်ထိ သာသနာ့ဘောင်တွင် နေထိုင်ခဲ့ကာ လူဝတ်လဲပြီးနောက်ပိုင်းတွင်လည်း အိမ်ထောင်ပြုခဲ့ခြင်း မရှိဘဲ တစ်ကိုယ်တည်း နေထိုင်ခဲ့သူဖြစ်ကြောင်းသိရသည်။

--------------------------------------------------------------------------------------------------------------------------------

UMFCCI ရွေးကောက်ပွဲ ဝေဘန်ခံရ

ဧပြီ ၉။

ယနေ့ ကျင်းပပြီးစီးခဲ့သော မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်ကြီးများ အသင်း( UMFCCI) ၏ ရွေးကောက်ပွဲတွင် တရုတ်နွယ်ဖွားတစ်ဦးဖြစ်သူ ဦးဝင်းအောင် ဥက္ကဌအဖြစ်ရွေးချယ်ခံခဲ့ရပြီး အစိုးရသစ်လက်ထက် ပထမဆုံး လျှို့ဝှက်မဲပေးစနစ်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ ဒီမိုကရေစီစံနှုန်းများနှင့် လုံးဝကိုက်ညီခြင်း မရှိခဲ့ဟု ဝေဘန်ခံခဲ့ရကြောင်း သိရသည်။

အစိုးရအသစ်လက်ထက်၊ ဒီမိုကရေစီ နည်းနဲ့ စနစ်တကျ တင်မြှောက်တယ်ဆိုလို့ မျက်နှာသစ်တွေ တွေ့ရမလားလို့ သွားကြည့်တာ ၊ ဒီလူက ဒီလူပဲ ၊ ဇာတ်တိုက်ထားတဲ့ ရွေးကောက်ပွဲလိုပဲ ဘာမှ ထူးခြားမှု မရှိဘူး၊ အချိန်ကုန်တယ်၊ မဲရေတွက်ရတဲ့သူတွေ အလုပ်ရှုပ်လို့ အားနာရတာပဲရှိတယ်ဟု အပြောင်းအလဲကို လေ့လာနေသူ တစ်ဦးကဆိုသည်။

“ထူးခြားတာက အမျိုးသားအဆင့် အဖွဲ့အစည်းကြီးမှာ တိုင်းရင်းသား လူမျိုးမဟုတ်တဲ့သူ တစ်ယောက်ကို ခေါင်းဆောင်တင်လိုက်သေးတယ်၊  ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်အစိုးရအခြေအနေ ဘာမှ မသိဘဲနဲ့ ဘယ်လို ဦးဆောင်မလဲ ဆိုတာက သံသယ ဖြစ်စရာကောင်းတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

နိုင်ငံတော်အဆင့် စက်မှုလုပ်ငန်း အဖွဲ့အစည်းကြီး တစ်ခုဖြစ်သော်လည်း နာမည်ကြီးလုပ်ငန်းရှင်ဟူ၍ တစ်ဦးတစ်ယောက်မျှ မပါဝင်ခြင်း၊ လူသစ် မျက်နှာသစ် လုပ်ငန်းရှင်များနှင့် ပညာရှင် အဆင့်ပါဝင်မှု နည်းခြင်းတို့က ထိုအဖွဲ့အစည်းသည် မည်သည့် အရွေ့တစ်ခုကိုမျှ ထူးခြားစွာ ဖြစ်ပေါ်စေ လိမ့်မည်ဟုမထင်ကြောင်းလည်း ထိုပွဲသို့ တက်ရောက်ခဲ့သူ ပညာရှင်တစ်ဦးကပြောကြားသည်။

“ တိုင်းရင်းသား လုပ်ငန်းရှင်တွေ ပေါ်ပေါက်လာဖို့နဲ့ ရှင်သန်ကြီးထွားလာအောင်လုပ်ပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်၊ မဟုတ်ရင် စင်္ကာပူလို မလေးရှားလို အရာရာ တရုတ်နွယ်ဖွားတွေက လွှမ်းမိုးသွားလိမ့်မယ်၊ မလေးရှားမှာက မဟာသီယာ ရှိတုန်းက တရုတ်တွေရဲ့ စီးပွားရေးခြိမ်းခြောက်မှု မခံရအောင် မလေးလုပ်ငန်းရှင်တွေကို ဦးစားပေးခဲ့တယ်’’ ဟု လူငယ်တစ်ဦးက သူ၏ အမြင်ကို ပြောသည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ တတိယ မိန့်ခွန်းတွင် တိုင်းရင်းသား လုပ်ငန်းရှင်များ ပေါ်ပေါက်လာရန် အားပေးရ မည်ဖြစ်ပြီး နောက်ကွယ် တွင် နိုင်ငံခြားသားများ ရှိလာနိုင်သည့်အတွက် အထူးသတိထားရမည်ဟု ပါရှိခဲ့သည်။

--------------------------------------------------------------------------------------------------------------------------------

မြန်မာပိုင် မဲခေါင်မြစ်အတွင်း ဓားပြတိုက်မှုနှုန်း တိုးလာ

ဧပြီ ၉။

တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ ၊ထိုင်းနိုင်ငံ တို့အား ဖြတ်သန်းစီးဆင်းသည့် မဲခေါင်မြစ်၏ မြန်မာပိုင် မြစ်ကြောင်းတစ်လျှောက်တွင် သင်္ဘောဓားပြတိုက်မှုများသည် တစ်နှစ်ထက်တစ်နှစ် များပြားလာကြောင်း တာချီလိတ်မြို့ရှိ ဒေသခံတစ်ဦးမှ ဆိုသည်။

အဆိုပါပုဂ္ဂိုလ်က “ဓားပြတွေက စက်လှေတွေ၊ပဲ့ချိတ်တွေ သုံးပြီး ထိုင်းဘက်ကနေ တက်လာတဲ့ အဆန်လှေတွေကို လမ်းကနေဖြတ်ပြီး ဓားပြ တိုက်လာတာပါ။ ဒီနှစ်မှာတော့ အရင်နှစ်တွေကထက်စာရင် ပိုများလာပါတယ်။ ဓားပြအတိုက်ခံရတဲ့ စက်လှေတွေကတော့ မြန်မာလူမျိုးပိုင်တွေ နည်းပါ တယ်။ ဓားပြတွေကလည်း မြန်မာငွေနဲ့ လောငွေ တောင်းတာမဟုတ်ဘူး။ ယွမ်ရယ်ဘတ်ရယ်ပဲ တောင်းကြတာ များတယ်။ ဓားပြတိုက်ခံရတဲ့သူတွေက လည်း ကုန်လှေတွေ နည်းပါတယ်။ ကုမ္ပဏီပိုင်လှေတွေနဲ့ လောပန်တွေပိုင်တဲ့လှေတွေကို ဓားပြတိုက်တာ ပိုများပါတယ်။”ဟု ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ချက်အား ပြန်လည်ဖြေကြားသည်။

မဲခေါင် မြစ်ကြောင်းတစ်လျှောက် ဓားပြမှုများ ဖြစ်ပွားခြင်းသည် မြန်မာပိုင်နယ်မြေတွင်သာ ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး၊ ဓားပြမှုများ ခပ်စိတ်စိတ် ဖြစ်ပွားလာခြင်းသည် ၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်လာကာ ပွင့်လင်းရာသီတွင် ဓားပြမှုများ ပိုဖြစ်ပွားတတ်ကြောင်း ရွှေတြိဂံဒေသခံများမှ ဆိုသည်။

ဓားပြအတိုက်ခံရသူ အများစုသည် နိုင်ငံခြားလူမျိုးများ အများစုဖြစ်သဖြင့် သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများ၊ နယ်ခြားကော်မတီဝင် များသည် မြန်မာနိုင်ငံမှ တာဝန်ရှိသူများပါဝင်သော နယ်ခြားကော်မတီနှင့် မဲခေါင်မြစ်ကြောင်းတွင်း လုံခြုံရေးဆိုင်ရာညှိနှိုင်းမှုများ ဆွေးနွေးမှုများ ရှိခဲ့သော် လည်း အဆိုပါ ဆွေးနွေးပွဲများ၏ ကောင်းကျိုးရလဒ်မှာ သိသိသာသာ ဖြစ်ပေါ်လာခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။

ဧပြီလ ၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ရွှေတြိဂံနယ်မြေတွင် တရုတ်နိုင်ငံပိုင် ကုမ္ပဏီတစ်ခုမှ သင်္ဘော သုံးစင်းသည် မဲခေါင်မြစ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးကျောက်များ ဆယ်ယူရေးလုပ်ငန်းစဉ်အား ဆောင်ရွက်နေစဉ် သင်္ဘော ၃ စင်းနှင့် သဘောင်္ ကပ္ပတိန် ၃ ဦးအား စက်လှေငါးစီးဖြင့် လာရောက်စီးနင်းကာ ပြန်ပေးဆွဲထားမှုအား နယ်မြေခံ တပ်မတော်စစ်ကြောင်းမှ ကယ်တင်နိုင်ခဲ့သည်ဟူ၍ ပါရှိခဲ့ သော်လည်း ပြန်ပေးဆွဲမှုအား ကျူးလွန်သော အဖွဲ့၏အမည်ကိုမှု ထုတ်ဖော်ခြင်းမရှိသည်ကို တွေ့ခဲ့ရသည်။ နိုင်ငံပိုင်သတင်းစာမှ တရုတ်ကုမ္ပဏီပိုင် သင်္ဘောသုံးစင်းဟု ဖော်ပြသော်လည်း အဆိုပါသင်္ဘောသုံးစင်းသည် မဲခေါင်မြစ်အတွင်းပြေးဆွဲကာ လောင်းကစားလုပ်ငန်းအား လုပ်ဆောင်နေသော King Roman Casino မှ ဖြစ်ကြောင်း အမည်မဖော်လိုသူတစ်ဦးမှ ဆိုသည်။

တာချီလိတ်မြို့တွင် နေထိုင်သော မြို့ခံများကမှု ဓားပြတိုက်မှုအား ကျူးလွန်နေသူများသည် အင်အား ၁၀၀ မှ ၂၀၀ အတွင်းရှိသည့် ခွန်ဆာ၏ MTA မှ လက်ကျန်အဖွဲ့တစ်ဖွဲ့ ဖြစ်သော နော်ခမ်းဦးဆောင်သော အဖွဲ့ ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

(ကျော်စွာ)

--------------------------------------------------------------------------------------------------------------------------------

ပုဂ္ဂလိကကျောင်းသားများ မြန်မာစာအပါအဝင် ဘာသာရပ်ဆိုင်ရာ အားနည်းမှုများကြုံတွေ့

ရန်ကုန်၊ ဧပြီ ၈။

             မြန်မာနိုင်ငံရှိ နိုင်ငံတကာသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသားများသည် မိခင်ဘာသာဖြစ်သော မြန်မာစာအပါအဝင် ဘာသာရပ်အချို့တွင် အားနည်းမှုများ ကြုံတွေ့ နေရသည့်အတွက် နွေရာသီ၌ ဆရာများငှားကာ ပြန်လည်သင်ကြားနေရကြောင်းသိရသည်။

               ယင်းကျောင်းများ၌ တတ်ရောက်သင်ကြားလျှက်ရှိသောကျောင်းသားများသည် နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာရပ်အား တတ်ကျွမ်းပြည့်ဝမှု ရှိသော်လည်း မိခင်ဘာသာရင်းများဖြစ်သည့် မြန်မာစာဘာသာ၊ သချာင်္နှင့် ဝိဇ္ဇာဘာသာရပ် များ၌ အားနည်းမှုများရှိလာခြင်းကြောင့် ယခုကဲ့သို့ နွေရာသီ ကျောင်းပိတ်ရက်မျိုးတွင် ကျောင်းသားများအားနည်းသည့် ဘာသာရပ်များအား အိမ်၌ ဆရာများခေါ်ယူသင်ယူနေရခြင်းဖြစ်ကြောင်းသိရသည်။

               မိဘများအနေဖြင့် မိမိတို့၏သားသမီးများအား အခြားသူများထက် ပညာတတ်များဖြစ်စေချင်သည့်အတွက် အင်္ဂလိပ်ကျောင်းများ၌သာ ထားပေး ကြောင်း၊ သို့သော် အင်္ဂလိပ်ဘာသာရပ်အား လိုက်နိုင်သော်လည်း မိခင်ဘာသာ မြန်မာစာနှင့် သချာင်္ ဘာသာရပ်များတွင်အားနည်းမှုများရှိသည့်အတွက် ဆရာခေါ်သင်နေရကြောင်း ILBC ကျောင်း၌ တတ် ရောက်သင်ကြားနေသော ကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူကပြောကြားခဲ့သည်။

               နိုင်ငံတကာကျောင်းများ၌ သင်ကြားပုံနည်းစနစ်များသည် ကျောင်းသားများကို ဦးတည်၍သင်ကြားသည့် ပုံစံဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြုလုပ် ခြင်းဖြင့် ကျောင်းသားများက ပို၍နားလည်တတ်လွယ်ကြောင်း၊ သို့သော် ဆိုးကျိုးအနေဖြင့် အနောက်တိုင်းယဉ်ကျေးမှုဖြစ်သည့် မိဘများအပေါ် ပြုမူပြော ဆိုမှုများသည် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်ကြောင်း ကျောင်းသားမိဘ တစ်ဦးကလည်းပြောကြားခဲ့သည်။

               မြန်မာနိုင်ငံ၌ နိုင်ငံတကာကျောင်း (၁၀)ကျောင်းကျော်ရှိပြီး သင်ကြားပုံနည်းစနစ်များမှာ နိုင်ငံတကာနည်းတူ သင်ကြားခြင်းဖြစ်၍ ကောင်းကျိုး များရှိသကဲ့သို့ ဆိုးကျိုးများလည်းရှိကြောင်းတွေ့ရသည်။ ယင်းနိုင်ငံတကာကျောင်းများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ကျောင်းသားအများစုသည် ပြည်တွင်းရှိ တက္ကသိုလ်၊ ကောလိပ်များ၌ ပညာဆက် လက်သင်ကြားခြင်းမပြုတော့ပဲ ပြည်ပရှိတက္ကသိုလ်ကျောင်းများသို့သာ ကူးပြောင်းတက်ရောက် ခြင်းများကိုတွေ့ရှိရသည်။

(အတွဲ-၂၊ အမှတ်-၁၄၊ ၈ ဧပြီ ၂၀၁၁ Bi Weekly Eleven ပါ  “ပုဂ္ဂလိကကျောင်းများမှ ကျောင်းသားများ ဘာသာရပ်အချို့အား ကိုယ်ပိုင်ဆရာများငှားကာ ပြန်လည်သင်ကြားနေရ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

--------------------------------------------------------------------------------------------------------------------------------

နေရောင်ခြည်သုံး ဆိုလာစနစ်ဖြင့် ကျေးရွာအချို့ လျှပ်စစ်မီးရရှိရန်ကြိုးပမ်း

               မြန်မာနိုင်ငံ၌ နာဂစ်ဒဏ်ခံ ကျေးရွာအချို့နှင့် လျှပ်စစ်မီးရရှိရန်ခက်ခဲသည့် ကျေးရွာအချို့၌ နေရောင်ခြည်သုံး ဆိုလာစနစ်အား အသုံးပြု၍ လျှပ်စစ်မီးရရှိရန် မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်အသင်း(REAM)မှ ကြိုးစား၍ စမ်းသပ်ဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိကြောင်းသိရသည်။

               ယင်း (REAM) အသင်းသည် ယခုအခါ ဧရာဝတီတိုင်းဒေသကြီးအတွင်းကျော်ဇံကျေးရွာအုပ်စုရှိ အိမ်ခြေအနည်းငယ်ကို စမ်းသပ်ဆောင်ရွက် လျှက်ရှိပြီး လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများတွင်သာ ၎င်းစနစ်အား ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

               လောလောဆယ်၌ အိမ်တစ်လုံးစီ၌ ဘက်ထရီအိုးတစ်လုံးနှင့် LED မီးပွင့်တစ်ပွင့်စီ ရရှိမည်ဖြစ်ကြောင်း၊ အိမ်တစ်လုံး၌ ဆိုလာဘက်ထရီ ချာချင် ထားရှိမည်ဖြစ်ပြီး ၎င်းအိမ်မှအခြားအိမ်သို့ ဘက်ထရီအားသွင်းသည့်အလုပ်ကို လုပ်ရမည်ဖြစ်ကြောင်း၊ အားသွင်းခအနေဖြင့် ယင်းအိမ်များမှ တစ်အိမ်လျှင် ငွေကျပ်တစ်ရာစီကောက်ခံမည်ဖြစ်ကြောင်း၊ ဖယောင်းတိုင်မီးများထက် မီးအလင်းရောင်ပိုရမည်ဖြစ်ပြီး ရေရှည်အသုံးပြုသူများအတွက် တွက်ချေကိုက် ကြောင်း မြန်မာ့ပြန်ပြည့်မြဲ စွမ်းအင်အသင်း(REAM) မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

               ယင်းဆိုလာစွမ်းအင်သုံးလျှပ်စစ်မီး သုံးစွဲသူများအနေဖြင့်  အရစ်ကျစနစ်ဖြင့် စုစုပေါင်း ငွေကျပ်သုံးသိန်း ပေးသွင်း ရမည်ဖြစ်ပြီး အိမ် ၂၄ လုံးစာခြောက်ဗို့ဘက်ထရီအိုး ၂၄ လုံးနှင့် LED မီးပွင့် ၂၄ ပွင့် ရရှိမည်ဖြစ်ကြောင်းသိရသည်။

(အတွဲ-၂၊ အမှတ်-၁၄၊ ၈ ဧပြီ ၂၀၁၁ Bi Weekly Eleven ပါ  “လျှပ်စစ်မီးရရှိရန်ခက်ခဲသည့် ကျေးရွာအချို့၌ နေစွမ်းအင်သုံး ဆိုလာ စနစ်ဖြင့် အလင်းရောင်ရရှိရေးစမ်းသပ်ဆောင်ရွက်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

တရုတ် - မြန်မာ ဆက်ဆံရေး အပြောင်းအလဲမရှိ

ရန်ကုန်၊ ဧပြီ ၉။  

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ ပေါ်ပေါက်လာပြီးနောက်ပိုင်းတွင်လည်း တရုတ်-မြန်မာ ဆက်ဆံရေးမှာ ယခင်ကဲ့သို့ပင် ဆက်လက်ရှိနေဦး မည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ပြောကြားသည်။

“ အစိုးရသစ် ဖွဲ့ပြီးပြီးချင်း တရုတ်က ပထမဆုံးလာတဲ့ နိုင်ငံခြား ကိုယ်စားလှယ်အဖွဲ့ဖြစ်တယ်၊ ပထမဆုံး ဝမ်းမြောက်ကြောင်း သဝဏ် လွှာပို့တယ်၊ ပြီးတော့ အခု အစိုးရအဖွဲ့ကလည်း အရင်အစိုးရအဖွဲ့က လူတွေပဲ များတယ်၊ နိုင်ငံတော်အဆင့် ဆောင်ရွက်စရာကဏ္ဍတွေ အများကြီးလည်း ကျန်နေတဲ့အတွက် တရုတ်-မြန်မာ ဆက်ဆံရေးက အရင်လိုပဲ ကောင်းနေဦးမယ်’’ဟု နိုင်ငံရေးလေ့လာသူ လူလတ်ပိုင်းတစ်ဦးက ပြောကြားသည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီးနောက် ရေနံလုပ်ငန်း၊ ရေအားလျှပ်စစ်လုပ်ငန်းနှင့် ချေးငွေကိစ္စများ ဆောင်ရွက်သွားခဲ့ပြီး တရုတ်ရေနံ ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ဆေးရုံဆေးခန်းများ ဆောက်လုပ် ရန်အတွက် ဒေါ်လာ ၆ သန်းခန့် လှူဒါန်းသွားမည်ဟုလည်း ကမ်းလှမ်းခဲ့သည်။

“ တစ်ချိန်မှာတော့ တရုတ်-မြန်မာ ဆက်ဆံရေးက အပြောင်းအလဲ ဖြစ်လာနိုင်တယ်၊ အခုအစိုးရ အသစ်က ပြောတဲ့အတိုင်းလဲ လုပ်တယ်၊ အနောက်က ပိတ်ဆို့အရေးယူမှုတွေကိုလဲ ဖယ်ရှားလာနိုင်တယ်ဆိုရင် တရုတ်က သဘောကျမယ် မထင်ဘူး၊ ဈေးကွက် ပွင့်လာလေလေ သူ့အတွက် ပြိုင်ဘက်တွေ များလာလေ လေပဲဆိုတော့ တရုတ်က ဒါကို ကြိုက်မယ်မထင်ဘူး” နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသူ လူငယ်တစ်ဦးက သူ၏ အမြင်ကို ပြောကြားသည်။

မကြာသေးမီကပင်  မြန်မာနယ်စပ်တလျောက်တွင် တရုတ်စစ်စခန်းများ တိုးချဲ့လာခြင်းကို  မြန်မာနှင့် အမေရိကန်ဆက်ဆံရေး တိုးမြှင့်လာပါက တရုတ်၏လုံခြုံရေးကို ကြိုတင်ကာကွယ်ရန်ဖြစ်သည်ဟု ပြည်ပအခြေစိုက် မြန်မာအသံလွှင့်ဌာနများတွင် ကြေညာသွားခဲ့သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ၁၉၈၈ နောက်ပိုင်း စစ်အစိုးရအုပ်ချုပ်ချိန်မှ စတင်ကာ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးကို ဆောင် ရွက်ပြီးနောက်ပိုင်း စီးပွားရေးအရ နီးကပ်စွာဆက်ဆံလာခဲ့ရာ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် အဓိက ရင်းနှီးမြှပ်နှံသူဖြစ်ပြီး စစ်အစိုးရ၏  အရေး  အပါဆုံး မဟာမိတ်အဖြစ် ရပ်တည်ခဲ့သည်။

----------------------------------------------------------------------------------------------------

အစိုးရသစ်တွင် အရပ်သားပညာရှင်များ ပါဝင်ခွင့်ရ

နေပြည်တော်၊ ဧပြီ ၉။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု စတင်ကြေညာသည့် မတ်လ ၃၀ရက်နေ့မှ စ၍ ယခင် စစ်အစိုးရလက်ထက် ဝန်ကြီးများနေရာတွင် စစ်ဘက်အရာရှိကြီးများကိုယ်စား အရပ်သားပညာရှင်အချို့ ဝင်ရောက်နေရာယူလာပြီး ယခင်ကမရှိခဲ့သော အမျိုးသမီးဒုတိယဝန်ကြီးများပါ ပါဝင်လာ ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရ သည်။

ပြည်ထောင်စုအဆင့်ဝန်ကြီးများနေရာတွင် ကျန်းမာရေးဝန်ကြီးအဖြစ် ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ ပါမောက္ခချုပ် ဒေါက်တာဖေသက်ခင်၊ ပညာ ရေးဝန်ကြီးနေရာတွင် မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြအေးတို့သည် အစိုးရသစ်လက်ထက်တွင် အရပ်သားဝန်ကြီးများအဖြစ် စတင်ပါဝင် လာခြင်း ဖြစ်သည်။

ဒုတိယဝန်ကြီးများနေရာတွင် အရပ်သားများ ပိုမိုပါဝင်လာပြီး ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာမျိုးမြင့်၊ အမျိုးသားနှင့် စက်မှုစီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကံဇော်၊ ဒုတိယပညာရေးဝန်ကြီးအဖြစ် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဦးဘရွှေတို့ ရွေးချယ်ခံခဲ့ရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးများအဖြစ် ရန်ကုန် ယဉ်ကျေးမှုတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ စန္ဒာခင်သည် ဒုတိယ ယဉ်ကျေးမှုဝန်ကြီးအဖြစ်လည်းကောင်း၊ ဒေါက်တာမြတ်မြတ်အုံးခင်သည် ဒုတိယ ကျန်းမာရေးဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခံခဲ့ရသည်။

ထိုကဲ့သို့ အရပ်သားများ အစိုးရအဖွဲ့တွင် ပါဝင်ခွင့် ရလာခြင်းကို နိုင်ငံရေး သုံးသပ်လေ့လာသူများနှင့် ပါတီများက ကောင်းမွန်သော အပြောင်း အလဲအဖြစ် မျှော်လင့်လျှက်ရှိပြီး အစိုးရအဖွဲ့နှင့် ဒုဝန်ကြီးများသည် ငါးနှစ်သက်တမ်းဖြစ်ရာ နောင်ရွေးကောက်ပွဲများအပြီးတွင် အရပ်သားဝန်ကြီးများ ပိုမို ပါဝင်လာစေရန် လမ်းစတစ်ခု အဖြစ်လည်း ရှုမြင်လျှက် ရှိကြ သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"မင်္ဂလာဈေးရှေ့မှာက အမြဲတမ်း လူစည်ကားနေတာ၊ ကုန်ပစ္စည်းတွန်းလှည်းတွေ၊ ကုန်ထမ်းသမားတွေနဲ့ အမြဲတမ်း ရှုပ်နေ တာ၊ ဆီတန်းစီတဲ့ကားတွေက ရပ်ထားတော့ ခရီးသည်တင်ကားတွေ အဌားကားတွေနဲ့ ကျပ်သိပ်နေတာ၊ အချိန်မရွေး ယာဉ်အန္တရာယ်ဖြစ်နိုင်တယ်" ဟု မင်္ဂလာဈေးအနီး အလှကုန် ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးကပြောသည်။

(ဧပြီ ၄ ထုတ် The Messenger အတွဲ(၁) အမှတ်(၄၇) တွင်ပါသည့် "စက်သုံးဆီထုတ်ရန် တန်းစီသော ကားများကြောင့် ယာဉ်အန္တရာယ် ဖြစ်ပေါ်နိုင်" သတင်းမှ ကောက်နှုတ်ချက်)

-----------------------------------------------------------------------------------------------------------------------------

"ဒီလိုလက်လွှဲရောင်းချတာတွေများလာမယ်ဆိုရင်တော့ ချမ်းသာတဲ့သူတွေကပဲ အရမ်းချမ်းသာသွားပြီး နောက်ဆက်တွဲအနေနဲ့ လူတန်းစား ကွဲပြားသွား နိုင်မယ်။ နိုင်ငံမှာ အရေးကြီးတဲ့လူလတ်တန်းစား လုံးဝပျောက်သွားမယ်လို့ ဦးမော်သန်းက သတိပေးပါတယ်။

"တစ်ဦးတစ်ယောက်က ဦးဆောင်ပြီး လုပ်တာမျိုးက တစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်မယ်။  အများသဘောနဲ့ ဆုံးဖြတ်တာထက် အမှားများ သွား ပြီဆိုရင် သမိုင်းတစ်ပတ်ပြန်လည်ပြီး ဟိုခေတ်တုန်းကလို ပြည်သူပိုင်သိမ်းတာတွေအထိ ပြန်ဖြစ်ကောင်းဖြစ်သွားနိုင်တယ်" လို့ ဦးမော်သန်း (ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် အငြိမ်းစားက အကြုံပြု ပြောကြားသွားပါတယ်။

(ဧပြီ ၅ ထုတ် TRUE NEWS အတွဲ(၃) အမှတ် (၃၂) တွင်ပါသည့် " အများပိုင်ပြုလုပ် တာထက် ကော်ပို ရိတ်လုပ်တာက အများပြည်သူကို ပိုပြီး အကျိုးပြုစေပါတယ်" သတင်းမှ ကောက်နှုတ်ချက်)

-------------------------------------------------------------------------------------------------------------------------

"သို့သော် ပြဿနာက Goverment  တာဝန်ယူပြီးဆိုတာနဲ့ တစ်ပြိုင်နက် Goverment ဗျူရိုကရေစီက ကြီးလာနိုင်တယ်။ ဒါဆိုရင် အစိုးရရဲ့ လုပ်ငန်း တွေက Dynamic ဖြစ်ဖို့ အခက်အခဲရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က သွားရမယ့် ကျွန်တော်အမြင်ပေါ့လေ။ သွားမယ့်လမ်းကြောင်းကိန်းနဲ့သွားရမှာ မှန် ပေမယ့် သိပ်ပြီးတော့ အစိုးရကဏ္ဍကို အများကြီးထားလို့မဖြစ်ဘူး။ Free Market နဲ့ပဲ သွားမယ်။ အစိုးရ တစ်စုံတစ်ရာတာဝန်ယူမယ်။ သို့သော် လက်ဝါး ကြီးအုပ်တစ်စုက ခြယ်လှယ်တာ မျိုးမဖြစ်အောင် ဝင်ထိန်းပေးမယ်။ ဒါကလည်း Minimum ဖြစ်အောင် အနိမ့်ဆုံးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ သဘော တစ်ခုပါပဲ။ အဲဒါပဲ ကျွန်တော်တို့ စဉ်းစားချက်နဲ့ ကိုက်တော့ သဘောကျတယ်"

(ဧပြီ ၇ ထုတ် 7DAY အတွဲ(၁၀) အမှတ် (၅) တွင်ပါသည့် "သမ္မတ မိန့်ခွန်းအပေါ်အမြင်များ" မှ စာရေးဆရာကျော်ဝင်း၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်)

-----------------------------------------------------------------------------------------------------------------------------------

"လုပ်ငန်းရှင် ဆုံးရှုံးတယ်ဆိုတာ ဝါးဖောင်နဲ့ ကျွန်တော်တို့အတွက် စားအိုးစားခွက်လောက်ပဲ ဆုံးရှုံးတာပါ။ နောက်ပြီး သူတို့ အတွက်က ဒီလောက်လေးနဲ့ ဘာမှမဖြစ်လောက်ပါဘူး။ ကျွန်တော်တို့မှာ မသေလို့ ရှင်ကြရတာပါ။ ပြီးတော့ ရာသီမကုန် ခင် အလုပ်သိမ်းသွားတော့ ဝင်ငွေလည်း ဆုံးရှုံးပါတယ်။ ဒီကြားထဲက ကျွန်တော်တို့ရဲ့ လုပ်အားခ အပြည့်အဝမရဘူးဆို တော့ ကျွန်တော်တို့အတွက် အတော်ဒုက္ခရောက်ပါတယ်"

(ဧပြီ ၈ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၆) အမှတ် (၅၁၃) တွင်ပါသည့် "လေဘေးသင့် ရေလုပ်သားများ လုပ်အားခ အပြည့် မရ" သတင်းမှ ဖျာပုံမြို့နယ်ဘုန်းကြီတောင် ကျေးရွာမှ ရေလုပ်သား ကိုထူးနိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်)

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီနှင့် စိတ်ဓာတ်ရေးရာ တန်ဖိုးများ

မြန်မာ့လူမှုရေးနယ်ပယ်တွင် နောက်ပြောင် ပြောဆိုလေ့ရှိသော စကားတစ်ခွန်းရှိသည်။ မြန်မာလူမျိုး နှစ်ယောက်ရှိလျှင် အဖွဲ့သုံးဖွဲ့ ကွဲသည်ဟူ ၍ ဖြစ်သည်။ မိမိကိုယ်တိုင်က တစ်ဖွဲ့၊ အခြားသူက တစ်ဖွဲ့၊ အခြားသူနှင့် မိမိ ပေါင်း၍ တစ်ဖွဲ့ စသည်ဖြင့် သုံးဖွဲ့ကွဲသည်ဟု ပြက်ရယ်ပြု ပြောဆိုလေ့ ရှိသည့် ပြက်လုံးလေးသည် မိမိကိုယ်ကို အထင်ကြီး လွန်းခြင်း၊ မိမိကိုယ်ကို သိမ်ငယ်လွန်းခြင်း၊ စိတ်တိုလွယ်ခြင်း၊ သနားလွယ်ခြင်း၊ ခေါင်းမာလွန်းခြင်း၊ ယုံကြည်လွယ်ခြင်း၊ သံသယပွားခြင်းစသည့် ဆန့်ကျင်ဘက်များဖြင့် အစဉ်အမြဲ ဒွန်တွဲနေသော မြန်မာလူမျိုး၏စရိုက်ကို ပီပီပြင်ပြင် ဖော်ကျူးနေသည်ကို တွေ့ရသည်။

မုဒိတာပွားပါဟူသော စကားရပ်နှင့် တွဲလျှက်ပင် မစ္ဆရိယ ဝန်တိုစိတ်လည်း အလွန်ပင်များသော လူမျိုးဖြစ်သည်။ သူတစ်ပါးကို ချီးမွမ်းဂုဏ်ပြု ပြောဆိုလေ့ရှိသော်လည်း မိမိနှင့်တန်းတူ (သို့) မိမိနှင့် ပြိုင်ဘက်ဖြစ်လျှင်မူ ချီးမွမ်းရန် လွန်စွာ ဝန်လေးတတ်ပြီး အပြစ်မရှိ အပြစ်ရှာ နှိမ်ချပြောဆိုလေ့ရှိ သည်။ မိမိအောက်နှင့် မိမိအထက် အလွန်ကွာဟသူများကို ညှာတာ၊ လေးစားလေ့ရှိသော်လည်း မိမိနှင့် တန်းတူရည်တူရှိသူ၊ ကွာဟမှုနည်းသူအပေါ်တွင် မလိုမုန်းထားစိတ်များ တတ်ကြသည်မှာ မြန်မာလူမျိုးတို့၏ အမြစ်တွယ်နေသော အမူအကျင့် စိတ်နေစိတ်ထားများ ဖြစ်သည်ဟုဆိုလျှင် ကျွန်ုပ်ကို အပြစ် မတင်စေလိုပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်ကိုယ်တိုင်ပင် မြန်မာလူမျိုးတစ်ဦးဖြစ်ပြီး  မြန်မာလူမျိုးဟုဆိုသည်ထက် မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်း ခဲ့သော မည်သည့်နွယ်ဖွားမဆို ထိုကဲ့သို့ စိတ်အခြေခံနည်းနည်းချင်းစီမှ များစွာရှိမည်ကို ခံစားချက်ကင်းကင်းဖြင့် သုံးသပ်မိသောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ စိတ်အခြေခံတန်ဖိုးများ နည်းပါးရခြင်းသည် ကျွန်ုပ်တို့၏ အပြစ်မဟုတ်ပါ။ ထိုကဲ့သို့ စိတ်ဓာတ်များ ဖြစ်ပေါ်စေရန် သမိုင်းကြောင်း အခြေခံများနှင့် ပတ်ဝန်းကျင်များက  ကျွန်ုပ်တို့ ဦးနှောက်များ၊ အတွေးအခေါ်များကို ပုံသွင်းခဲ့ကြခြင်း ဖြစ်သည်။  

ရှေးမြန်မာ မင်းများလက်ထက်တွင် သူရဲကောင်းကို မြှောက်စားလေ့ရှိသော်လည်း ယင်းသူရဲကောင်းသည် ထင်ပေါ်ကျော်ကြားလာလျှင်မူ ဘုရင့် အာဏာလုယူမည့်သူဟု ထင်မြင်ခံလာရပြီး သုတ်သင်ဖယ်ရှားခံရလေ့ရှိသည်ကို တွေ့ရသည်။ ထို့ပြင် အရည်အချင်းမရှိသူပင် ဖြစ်သော်ငြား ဘုရင်၊ မူးမတ်၊ အရာရှိကြီးများနှင့် ဆွေမျိုးနီးစပ်သူ ၊ ပလဲနံပသင့်သူများသည် ချီးမြှောက်ခံရလေ့ရှိပြီး ယင်းတို့ထက် အရည်အချင်းရှိသူများအပေါ် သြဇာညောင်း ရန် ကြိုးပမ်းကြသောအခါ မိမိထက် နိမ့်ပါးသူက အာဏာပြခြင်းကို မလွှဲသာ၍ ကြိတ်မှိတ်သည်းခံခဲ့ရသောစိတ်များသည် ယနေ့ မျက်မှောက်ကာလ အထိ အစဉ်အလာတစ်ရပ်သဖွယ် ပါရှိလာသည်။ မိမိကမှန်သော်လည်း အထက်အရာရှိဖြစ်၍ မပြောဆိုရဲခြင်း၊ မိမိ၏ ရာထူးနှင့်အလုပ်ကို အထိအခိုက်မခံနိုင်၍ ဝေဖန်နိုင်ခွင့် မရှိခဲ့ခြင်းတို့သည် ကျွန်ုပ်တို့ မြန်မာလူမျိုးများ၏ စိတ်ထဲတွင် ဖွဲမီး သဖွယ် အတွင်းလှိုက်စားနေခဲ့ပြီး လူတစ်ဦးတစ်ယောက် အောင်မြင်လျှင် အရည်အချင်းကြောင့်ဟု မမြင်နိုင်တော့ဘဲ အကပ်ကောင်း၍ ရသည်၊ မိမိမှာ အကပ်မကောင်း၍ အောင်မြင်မှုမရဟု အဆိုးမြင်တတ်သည့်အကျင့်များ ဖြစ် ပေါ်လာသည်။ ထိုကဲ့သို့ အကျင့်များသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု လျော့နည်းသွားစေပြီး ယုံကြည်မှု တည်ဆောက်မရတော့ဘဲ ပေါင်း စည်း လုပ်ကိုင်တတ်မှုကို ပျက်ယွင်းစေသည်။

ပေါင်းစည်းလုပ်ကိုင်တတ်မှုကို အဓိပ္ပါယ်ဖွင့်လျှင် များစွာကျယ်ပြန့်မည်ဖြစ်ရာ နိုင်ငံရေးအရပြောရလျှင် ပေါင်းစည်း လုပ်ကိုင်ခြင်းသည် ဒီမိုကရေစီ မည်၏။ တစ်ဦးချင်း တစ်ယောက်ချင်း အစွမ်းရှိသမျှ ပေါင်းစပ်လုပ်ကိုင်ရင်း ဦးခေါင်းနေရာ ဦးခေါင်း၊ ဒူးနေရာ ဒူး၊ ခြေထောက်နေရာ ခြေထောက် စသည် တို့ကို သတ်မှတ်ရန် အများဆန္ဒဖြင့် ဆုံးဖြတ်ရပြီး အနည်းစု၏ သဘောထားကိုလည်း တလေးတစားထားရှိခြင်းသည် ဒီမိုကရေစီ၏ အခြေခံစံနှုန်းများ ဖြစ်သည်။ သို့ရာတွင် ခြေထောက်နေရာမှသူသည် ဦးခေါင်းနေရာကို တက်လှမ်းနိုင်ရန် ကြိုးစားပါက ကြိုးစားသလောက်လဲ အကျိုးဖြစ်ထွန်းပြီး ခြေ ထောက်ဖြစ်၍ ဘယ်သောအခါမှ ဦးခေါင်းမဖြစ်ဟု သတ်မှတ်ချက်မရှိပါ။ ထို့ကြောင့် ဒီမိုကရေစီကို ကျင့်သုံးသူများသည် မိမိ၏ နေရာအနေအထားကို  ကျေနပ်စွာ လက်ခံလေ့ရှိပြီး  မည်သူ့ကိုမျှ အပြစ်တင်ခြင်းမရှိဘဲ ကိုယ်တိုင်သာ ကြိုးစားလေ့ ရှိသည်ကို တွေ့နိုင်သည်။ အငြင်းပွားမှုများ ရှိစေကာမူ အဖွဲ့ အစည်း၊ အသိုင်းအဝိုင်း၏ အကျိုးစီးပွားအတွက် ဦးတည်သည့် အငြင်းပွားမှုသာဖြစ်ပြီး အပြစ်တင်ခြင်း၊ နင်ပဲငဆ ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း များ မရှိသလောက်ပင်ဖြစ်သည်။

ကျွန်ုပ်တို့ မြန်မာလူမျိုးများသည် ဒီမိုကရေစီကို လွန်စွာလိုလားကြသည်။ ဒီမိုကရေစီရလျှင် လူတိုင်းတိုးတက်ပြီဟု ထင်ကြသည်။ မိမိထင်သလို ပြောဆို၍ရပြီ မည်သူ့ကိုမျှ ဂရုစိုက်ရန် မလိုတော့ဟု လွဲမှားစွာ အတွေးပေါက်ကြသည်။ ထိုအချက်သည် လွန်စွာအန္တရာယ်ကြီးသည်။ ဒီမိုကရေစီတွင် လွတ်လပ်စွာပြောဆိုခွင့် ရှိသော်လည်း မိမိပြောစကားအပေါ် တာဝန်ခံမှုလည်း ရှိရသည်။ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောသကဲ့သို့ လွတ်လပ်ပြီဟူ၍ လမ်းပေါ်တက် ဆေးရိုးလှမ်း၍ မရဟူသည့် ဆုံးမစကားကို သတိရရန် လိုသည်။ ပြောချင်ရာပြော ဆိုချင်ရာဆို လုပ်ချင်ရာ လုပ်လျှင် ဒီမို ကရေစီမဟုတ်၊ မင်းမဲ့စားရိုက် ဆန်မှုကိုသာ ဖြစ်ပေါ်စေတော့မည်။ စည်းပျက်ကမ်းပျက် ဗိုလ်ချုပ်အောင်ဆန်း ခပ်နာနာ ပြောခဲ့သော ပြည့်တန်ဆာ နိုင်ငံဖြစ်ပေလိမ့်မည်။

        ဆိုရလျှင် ကျွန်ုပ်တို့ လိုလားနေသော ဒီမိုကရေစီကြီးသည် အကန့်အသတ် အထိန်းအကွပ်နှင့်တော့ ရခဲ့ပြီ။ ကျွန်ုပ်တို့ ဘာလုပ်ကြမည်နည်း။ မိမိတို့ တစ်သက်လုံး မကျေမနပ် ခံစားခဲ့ရသော ခံစားချက်များကို ဖွင့်ထုတ်မည်လား။ မိမိကို မတရားပြုခဲ့သောသူများကို အချက်အလက်မဲ့ ဝေဖန် တိုက် ခိုက်ကြမည်လား။ အစိုးရကို ဆဲဆိုခြင်းသည် ဒီမိုကရေစီ မည်ပါ့မည်လား။

ယခုပင်လျှင် စလယ်ဝင်အိုး ဖင်မမည်းခင်ကကွဲဆိုသလို ဒီမိုကရေစီ ဘက်တော်သားများဟု နှစ်ပေါင်းများစွာ ကြွေးကြော်နေသူတို့ တစ်ဦးနှင့် တစ်ဦး နင်ပဲငဆ အကြောင်းမဲ့တိုက်ခိုက်ကြလေပြီ။ ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်းများစွာ အနစ်နာခံခဲ့ကြသူများ နေရာတစ်နေရာအတွက် စတင် ကွဲပြဲကြသည်။ မည်သူက ခေါင်းနေရာ မည်သူက ဒူးနေရာ သဘောတူမဆုံးဖြတ်ကြ။ ဆုံးဖြတ်လျှင်လည်း မိမိကိုယ်ကို လက်မခံ။ ဒီမိုကရေစီ လူသားကြီး များသည် ဒီမိုကရေစီနည်း လမ်းမကျစွာပင် ဦးတည်ချက် ရည်ရွယ်ရာ မရှိ ငြင်းခုံနေကြပြီ။ အပြန်အလှန် စွပ်စွဲ၍ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုအထိ ဖြစ်ပွား နေကြပေပြီ။

ထိုကဲ့သို့ စိတ်အခံများနှင့် မည်သို့ ဒီမိုကရေစီကို တည်ဆောက်ကြပါမည်နည်း။ ဒီမိုကရေစီ ဦးဆောင်လူတန်းစားပင် ယခုကဲ့သို့ဖြစ်နေလျှင် သာမန်ပြည်သူက ဒီမိုကရေစီကို မည်သို့သိနိုင်ပါမည်နည်း။ အနော်ရထာ၊ ဘုရင့်နောင်၊ ဦးအောင်ဇေယျ ၊ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စသည်ဖြင့် ကျွန်ုပ်တို့၏ သမိုင်းကြောင်းသည် စစ်သားများ၏ လက်အောက်တွင်သာ ကြီးပြင်းလာခဲ့ရပြီး မိတ်ဆွေနှင့်ရန်သူ နှစ်မျိုးသာရှိသည့်အမြင်၊ ကိုယ်နှင့်မတူ ကိုယ့်ရန်သူဟူ သည့် အာဏာရှင်ဆန်သည့် စိတ်ဓာတ်များ ရိုက်သွင်းခံခဲ့ရသည့်အတွက် ကျွန်ုပ်တို့လူမျိုးများ စိတ်အခြေခံ နိမ့်ပါးရခြင်းကို နားလည်သဘောပေါက်လျှင်  ဒီမိုကရေစီတည်းဟူသော မတူညီမှုများကို ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်တတ်သည့် အလေ့အကျင့်ကိုမွေးမြူရန် ယခုမှ စတင်၍ လုပ်ဆောင်သွားကြရန် အရေးကြီးကြောင်း သတိပြု၍ ဆင်ခြင်သွားကြပါဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment