Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂.၅.၂၀၁၁

ဘာသာပြန်သတင်းများ - ၁

တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ရထားလမ်းဖောက်လုပ်မည်

(The Peninsula News မှသတင်းကို ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသကို အိန္ဒိယသမုဒ္ဒရာနှင့် ဆက်သွယ်ပေးမည့် မီးရထားလမ်း ဖောက်လုပ်ရန် မြန်မာနှင့် တရုတ်တို့ သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း အစိုးရအရာရှိကြီးများနှင့် ပြည်တွင်း မီဒီယာများက ဆိုသည်။

အဆိုပါ မီးရထားလမ်းကို လာမည့်သုံးနှစ်အတွင်း အဆင့်ငါးဆင့်ဖြင့် ဖောက်လုပ်သွားမည်ဖြစ်ပြီး ရထားလမ်း စုစုပေါင်းအရှည်မှာ ၁၂၁၅ ကီလို မီတာ(၇၅၅မိုင်) ရှိမည်ဖြစ်ကြောင်း၊ ရထားလမ်းသည် မြန်မာနိုင်ငံ အနောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် တရုတ်နိုင်ငံ၊ ယူနန် ပြည်နယ်တို့ကို ဆက်သွယ်မည်ဖြစ်ကြောင်း မီးရထား ပို့ဆောင်ရေးဝန်ကြီးဌာနမှ စီနီယာ အရာရှိကြီးတစ်ဦးက ဆိုသည်။

"အဲဒီစီမံကိန်းကြီးထဲမှာ မီးရထားလမ်းနဲ့ ပြိုင်တူ အဝေးပြေး ကားလမ်း ဖောက်လုပ်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်" ဟု အမည်မဖော်လိုသူ အဆိုပါ အရာရှိကြီးက ဆိုသည်။  အဆိုပါ မီးရထားလမ်းနှင့် မော်တော်ကားလမ်း တို့ကို လက်ရှိ တရုတ်နှင့်မြန်မာအကြား သွယ်တန်း ဖောက်လုပ် နေသည့် စွမ်းအင်ပိုက်လိုင်းနှစ်ခုနှင့် ပြိုင်တူ ဖောက်လုပ်သွားမည် ဖြစ်သည်။ လက်ရှိ ဖောက်လုပ်နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း နှစ်ခု ပြီးစီးသွားပါက နှစ်စဉ် တရုတ်နိုင်ငံသို့ ရေနံစိမ်းတန်ချိန် ၁၂ သန်း နှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံ တင်ပို့နိုင်မည်ဖြစ်သည်။

မီးရထားလမ်းဖောက်လုပ်သည့် စီမံကိန်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် အာရှ အိမ်နီးချင်းနိုင်ငံများ အကြား မီးရထားလမ်း၊ မော်တော်ကားလမ်း၊ လျှပ်စစ်ဓာတ်အားပေး လိုင်းများဖြင့် ဆက်သွယ်နိုင်ရေး ဟူသည့် ကွန်ယက် စီမံကိန်းကြီးတစ်ခု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ် သည်။ ယင်းကွန်ယက် စီမံကိန်းကြီးတွင် တယ်လီ ဆက်သွယ်ရေး ကွန်ယက် ဖွဲ့ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်ခြင်း၊ ရေနက် ဆိပ်ကမ်း များ ဖောက်လုပ်ခြင်း တို့လည်း ပါဝင်သည်။

တရုတ်နိုင်ငံသည် မြန်မာ၏ လွန်စွာရင်းနှီးသော နိုင်ငံရေး မိတ်ဖက်နိုင်ငံကြီးတစ်ခုဖြစ်သလို မြန်မာနိုင်ငံတွင်း စွမ်းအင်နှင့် အခြေခံအဆောက် အအုံများ တည်ဆောက်ပေးခြင်းဆိုင်ရာ စီမံကိန်းကြီးများကို ဝင်ရောက်လုပ်ကိုင်ပြီး ဧရာမ ရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ်လာရန်တာစူနေပြီဖြစ်သည်။

ယင်းစီမံကိန်းများကို လတ်ရှိအနေအထားတွင် အကောင်အထည်ဖော်လျက် ရှိပြီး လာမည့်ငါးနှစ်အတွင်း အပြီးသတ်ရန်လည်း စီစဉ်ထားသည်။ တရုတ်နိုင်ငံသည် မြန်မာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပြီး ကုန်သွယ်ရေးကို နီးနီးကပ်ကပ် လုပ်ကိုင်ခွင့် ရရှိနေခြင်းအပေါ် များစွာ အာသီသတွေ့လျက် ရှိသည်။ ယင်းသို့ လုပ်ကိုင်ရာ တွင်လည်း တရုတ်အတွက် ပြိုင်ဘက် လွန်စွာ နည်းပါးသည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် အနောက်ကမ္ဘာ၏ စီးပွားရေးပိတ်ဆို့မှုများ ရင်ဆိုင်နေရသောကြောင့်ဖြစ်သည်။ ယူနန်ပြည်နယ်နှင့် မြန်မာနယ်စပ်ဒေသ ကုန်သွယ်ရေးမှာ လတ်တလော နှစ်များအတွင်း လွန်စွာ မြင့်တက်ခဲ့ပြီ ဖြစ်သည်။

****************************************************************************************************************

မြန်မာ-ဘင်္ဂလားဒေ့ရှ် စစ်ဘက်ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

(ABC Radio Australia မှသတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အပြန်အလှန် ဆက်ဆံရေးမြှင့်တင်ရန် နှင့် စစ်ဘက် အပါအဝင် ပူးပေါင်း ဆောင်ရွက်များ ပိုမိုလုပ်ကိုင်ရန် နှစ်နိုင်ငံ အစိုးရတို့ သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း ABC ရေဒီယို သတင်းဌာနက ဆိုသည်။

မြန်မာနိုင်ငံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် ဧပြီလ နောက်ဆုံးပတ် တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ သမ္မတ Zillur Rahman နှင့် ခြောက်ရက်တာ အလည်အပတ်ခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

Narinjara သတင်းဌာနအဆိုအရ အဆိုပါခရီးစဉ်သည် ၂၀၀၈ ခုနှစ်၊ နှစ်နိုင်ငံရေပိုင်နက်ကိစ္စ အငြင်းပွားမှု ဖြစ်ပေါ်ပြီး နောက်ပိုင်း မြန်မာ ထိပ်ပိုင်း အဆင့်မြင့်အရာရှိတစ်ဦး ဘင်္ဂလားဒေ့ရှ်သို့ ပထမဆုံး လာရောက်လည်ပတ်မှု တစ်ရပ် ဖြစ်သည်ဟု ဆိုသည်။ တွေ့ဆုံဆွေးနွေးရာတွင် ဘင်္ဂလား ဒေ့ရှ် သမ္မတ Rahman က နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံ ရေးကို မြှင့်တင်ရန် စိတ်ဝင်စားကြောင်း ပြောသည်။

မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(လေ)က အနာဂတ်ကာလတွင် ဘင်္ဂလားဒေ့ရှ်သို့ မြန်မာတပ်ဖွဲ့များ စေလွှတ်ကာ စစ်သင်တန်း တက်ရောက် စေလိုကြောင်း ပြောကြားသည်။

***************************************************************************************************************

အမေရိကန်လူ့အခွင့်အရေးဖိအားပေးမှုများ အောင်မြင်မှုရှိမည်မဟုတ်ဟု တရုတ်မီဒီယာထုတ်ဖော်

(AP သတင်းကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုကို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ပြဌာန်း ပြောဆိုခွင့်ပြုမည် မဟုတ်ကြောင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်သော အမေရိကန် ဖိအားပေးမှုများသည် နှစ်နိုင်ငံအကြား ဆွေးနွေးမှုများကို ပျက်စီးစေလိမ့်မည် ဖြစ်ကြောင်း ကွန်မြူနစ် ပါတီက ထုတ်ဝေသော သတင်းစာကဆိုသည်။

နှစ်စဉ်ကျင်းပသော အမေရိကန်-တရုတ် လူ့အခွင့်အရေး ဒိုင်ယာလော့ခ်ဆွေးနွေးပွဲ ဒုတိယမြောက်နေ့တွင် တရုတ် ကွန်မြူနစ်ပါတီအာဘော် The Global Times သတင်းစာက အထက်ပါအတိုင်း ခေါင်းကြီးရေးသားလိုက်ခြင်း ဖြစ်သည်။ ယင်းလူ့အခွင့်အရေး ဒိုင်ယာလော့ခ်သည် တရုတ်အစိုးရ ဆန့်ကျင်ဝေဖန်သူများ အပေါ် ဖိနှိပ်မှုကြီးများကို ထုတ်ဖော်မှု တစ်ရပ်လည်းဖြစ်သည်။

တရုတ်-အမေရိကန်နှစ်နိုင်ငံအကြား ဆွေးနွေးပြောဆိုမှုများသည် လတ်တလောနှစ်များအတွင်း တိုးတက် ဖြစ်ထွန်းမှု ရှိသည်ကို တွေ့ရပြီး ယခု နှစ်တွင်မူ ယခင်ကထက်ပို၍ သွေးထိုးစမ်းမည့်အနေအထားတွင် ရှိသည်ဟု မျှော်လင့်ရသည်။ လူ့အခွင့်အရေး ဆော်သြသူများကမူ ဝါရှင်တန်နှင့် ဘေဂျင်းအကြား အပြန်အလှန်သံတမန်ဆက်ဆံမှု တန်ဖိုးကို မေးခွန်းများစွာထုတ်လျက် ရှိသည်။

The Global Times သတင်းစာက ရေးသားရာတွင် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စု၏ အဆိုပြုမှုများကို လက်သင့်ခံမည် မဟုတ်ကြောင်း၊ တရုတ်ပြည်သူအများစုသည် လူ့အခွင့်အရေးနှင့် ပတ်သက်သော ပြင်ပ ဖိအားပေးမှုများအပေါ် များစွာ စက်ဆုတ်ရွံရှာလျက် ရှိကြောင်း ဖော်ပြပါရှိသည်။

“တရုတ်ပြည်သည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု ဖြစ်သည့်အားလျော်စွာ မိမိ၏ ပြည်တွင်းနိုင်ငံရေး ဖွံ့ဖြိုး တိုးတက်မှု အပေါ် အမေရိကန် ပြည်ထောင်စုက ပြဌာန်းပြောဆိုလာမှုကို လက်သင့်ခံရန် လုံးဝဥဿုံ အလားအလာမရှိပေ” ဟု ဆိုသည်။ နှစ်နိုင်ငံ တံခါးပိတ်ဆွေးနွေးပွဲမတိုင်မီ ကာလ တွင် နှစ်ဖက်စလုံးက တင်းမာသောစကားလုံးများသုံးကာ ပြစ်တင် ဝေဖန်လျက်ရှိသည်။

အမေရိကန်ပြည်ထောင်စုကလည်း ဆွေးနွေးပွဲအတွင်း တရုတ်နိုင်ငံ၏ ဥပဒေ စည်းမျည်းစည်းကမ်းများ၊ ဘာသာရေး လွတ်လပ်ခွင့်များ၊ အလုပ်သမားနှင့် တိုင်းရင်းသားလူနည်းစု အခွင့်အရေးများ အစရှိသည်တို့ကို အဓိက အာရုံ စိုက်သွားမည်ဟုဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးကမူ မိမိတို့အနေဖြင့် အမေရိကန် ဝင်ရောက်စွက်ဖက်မှုဟု ယူဆရသည်များ အားလုံး ကို ပယ်ချသွားမည် ဖြစ်သည် ဟု ဆိုသည်။ “တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နိုင်ရေးအတွက် အမေရိကန် ပြည်ထောင်စုက လူ့အခွင့်အရေးကိစ္စကို ယိုးမယ်ဖွဲ့ ပြောဆိုလာပါက မိမိတို့အနေဖြင့် ဆန့်ကျင်သွားမည် ဖြစ်သည်” ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။

ယခု တရုတ်-အမေရိကန်နှစ်နိုင်ငံဒိုင်ယာလော့ခ်မှာ တရုတ်ကွန်မြူနစ်အစိုးရ၏ လတ်တလောနှစ်များအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖိနှိပ်ချုပ်ခြယ် မှုများကြောင့် များစွာ ပုတ်ခတ်ပြောဆိုခံနေရသည်။ နာမည်ကျော်လူသိများသော ဥပဒေ သမားများနှင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး တက်ကြွစွာ လှုပ်ရှားသူများအပါအဝင် များစွာသော တရုတ်ပြည်သူများက အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခံရမှုများ၊ နေအိမ်များ သိမ်းဆည်းခံရမှုများကို မေးခွန်းထုတ်ကြ သည်။ မြောက်အာဖရိက နှင့် အရှေ့အလယ်ပိုင်းဒေသမှ ဆူပူအုံကြွမှုများ တရုတ်ပြည်သို့ ကူးဆက်လာမည်ကိုစိုး၍ ကွန်မြူနစ်အစိုးရက ယခုလို ပြုမူခြင်း ဟုတ်၊မဟုတ်ကို မေးခွန်းထုတ်ကြခြင်း ဖြစ်သည်။

ဧပြီလ နောက်ဆုံးပတ်တွင် တရုတ်ပြည်အရှေ့ပိုင်း၊ Jiangsu ပြည်နယ်မှ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း ခံထား ရသော အဆိုတော် Zuoxiao Zuzhou နှင့် အားကစားကလောင်ရှင် Zhang Xiaodan တို့အားပြန်လွှတ်ပေးလိုက်သည်။ ယင်းတို့နှစ်ဦးသည် တရုတ်အစိုးရဆန့်ကျင်ရေးသမားနှင့် ထင်ရှားသော အနုပညာရှင်ဖြစ်သော Ai Weiwei ဖမ်းဆီး ထိန်းသိမ်း ခံထားရမှုမှ လွတ်မြောက်ရေးအတွက် ဂီတပွဲတော်တစ်ခု၌ ပရိတ်သတ်များအား ဦးဆောင်ကာ ဆော်သြခဲ့မှု ကြောင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ Ai Weiei သည် ဧပြီလ ၃ ရက်နေ့တွင် ဘေဂျင်းလေဆိပ်၌ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။

ဟောင်ကောင်အခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဆိုင်ရာ သတင်းအချက်အလက် စင်တာအဆိုအရ Zuoxiao နှင့် Zhang တို့နှစ်ဦးအား ရဲတပ်ဖွဲ့က လွတ်မြောက်ခွင့်မပေးခင် ၁၂ နာရီတာကြာမျှ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ Suzhou ပြည်နယ်၊ Jiangsu မြို့တွင် ကျင်းပရန်ရှိသည့် သုံးရက်တာဂီတဖျော်ဖြေပွဲ ဖြစ်မြောက်ရေး ဆောင်ရွက်သူများက အဆိုပါပွဲကို လျှပ်စစ်မီးအခက်အခဲကြောင့် ဖျက်သိမ်းလိုက်ကြောင်း ပြောကြားသည်။ ထို့ပြင် ၎င်းတို့အနေဖြင့် အာဏာပိုင်များ၏ ဖိအားပေးမှုကိုလည်း ခံကြရသည်ဟုဆိုသည်။

တရုတ်နိုင်ငံက မည်သည့် နိုင်ငံခြားဖိအားပေးမှုကိုမဆို ဆန့်ကျင်ပယ်ချသွားမည်ဟု လုံးလုံးလျားလျား ဆုံးဖြတ် ထားပြီ ဖြစ်ရာ လူ့အခွင့်အရေး အုပ်စုများကလည်း ဝါရှင်တန်အနေဖြင့် စစ်မှန်သော ရလဒ်တစ်ခုပေါ်ထွက်နိုင်ရန် သို့မဟုတ် ဖြစ်နိုင်ပါက ဒိုင်ယာလော့ခ်ဖြစ်စဉ် ဖျက်သိမ်းရေးအတွက် ထည့်သွင်းစဉ်းစားရန် တောင်းဆိုထားသည်။

ဘေဂျင်းအစိုးရက လူ့အခွင့်အရေးဟူသည် တရုတ်လူဦးရေ ၁ ဒဿမ ၃ ဘီလီယံအတွက် လူမှုဘဝ အခြေအနေ ကောင်းမွန်အောင် မြှင့်တင်မှု အဖြစ် သတ်မှတ်ဖော်ပြပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်၊ နိုင်ငံရေးလှုပ်ရှားခွင့်နှင့် လူမှုရေးအုပ်စုများ လွတ်လပ်ခွင့်တို့ အပေါ် တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားသည်။

မည်သို့ပင်ဆိုစေ တရုတ်အစိုးရအနေဖြင့် စီးပွားရေးဖွံ့ဖြိုးမှုမှ ပေါ်ထွက်လာမည့် စိန်ခေါ်မှုသစ်များကို အနောက် ကမ္ဘာနှင့် အမြင်ချင်းဖလှယ် ကာ ဖြေရှင်းနိုင်ရေးအတွက် တံခါးဖွင့်ထားမည် ဖြစ်ကြောင်း The Global Times က ဆိုသည်။

***************************************************************************************************************

တရုတ်တွင် မယ်လမင်းရော နို့မှုန့်ကိစ္စ အတွက် အပြစ်ရှိသူ ၁၄ ဦးကို ထောင်ဒဏ်ချမှတ်

(Associated Press မှ 30th April 2011 ရက်စွဲပါ “China Jails 14 people in tainted milk case” သတင်းကို ဘာသာပြန်ဆိုသည်။)

မယ်လမင်းရော နို့မှုန့် ထုတ်လုပ်၊ ရောင်းချမှု အတွက် အပြစ်ရှိသူ ၁၄ ဦးကို တရုတ် တရားရုံးများက တသက် တကျွန်းအထိ ပါဝင်သော ထောင်ဒဏ်များ ချမှတ်လိုက်သည်။

သောကြာနေ့က ပြစ်ဒဏ် ချမှတ်မှုများသည် “အစိုးရက အကြိမ်ကြိမ် နှိမ်နင်းနေသည့်ကြားမှ အစားအစာနှင့် ဆေးဝါး အတုများ ရောင်းချနေမှု” ကို ရပ်ဆိုင်းအောင် တရုတ်နိုင်ငံက ကြိုးပမ်း အားထုတ်မှုကို ပြသလိုက်ခြင်း ဖြစ်သည်။

ယခု နောက်ဆုံး ပြစ်မှုများမှ တရားခံများထဲတွင် နို့ထွက်ပစ္စည်း ကုမ္ပဏီ အထွေထွေ မန်နေဂျာ တစ်ဦး ပါဝင် သည်ဟု နိုင်ငံပိုင် Xinhva သတင်းဌာနက ကြေညာခဲ့သည်။

နို့ထွက်ပစ္စည်း ထုတ်လုပ်သူများက ၎င်းတို့ ရေရောထားသော နို့များထဲတွင် ပရိုတိန်း ပါဝင်မှု ပုံမှန်အတိုင်း မြင့်မား သယောင် ထင်မှတ်စေရန် စက်မှုလုပ်ငန်းသုံး မယ်လမင်း ဓာတ်ပစ္စည်းကို ရောနှောကြခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ်က မယ်လမင်းရော နို့မှုန့် သောက်သုံးမိခြင်းကြောင့် အနည်းဆုံး ကလေး ၆ ဦး သေဆုံးကာ ၃ သိန်း နီးပါး ဖျားနာခဲ့ကြခြင်း နှင့်ပတ်သက်၍ ကမ္ဘာတစ်ဝှမ်း တုန်လှုပ်သွားခဲ့ကြသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment