Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂.၅.၂၀၁၁

ပြည်တွင်းသတင်းများ

UMFCCI ၏ အကြိမ်(၂၀)မြောက် နှစ်ပတ်လည် အခမ်းအနားကျင်းပ

နေပြည်တော်၊ မေ ၁။

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ၏ အကြိမ် (၂၀)မြောက် နှစ်ပတ်လည် အခမ်း အနားကို မေလ ၁ ရက်နေ့က နေပြည်တော်ရှိ Myanmar Convention Center တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် UMFCCI မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က "လုပ်ငန်းရှင်နဲ့ ပြည်သူအတွက် အကောင်းဆုံး လုပ်ကိုင်သွားပါမယ်။ Corruption နည်းနိုင်သမျှ နည်းအောင်လည်း လုပ်ကိုင်သွားမယ်။ ပြည်သူတွေ ဖြစ်ချင်တာကို နိုင်ငံတော်သမ္မတကြီး ပြောခဲ့သလိုပဲ သမ္မတကြီး အပါအဝင် ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ အသန့်ရှင်းဆုံးနဲ့ အကောင်းဆုံး လုပ်ပေးသွားပါမယ်လို့ ဒီနေ့ အလုပ်သမားနေ့မှာ ကတိပြု ပြောကြားလိုပါတယ်။ ပို့ကုန်သွင်းကုန် မြန်ဆန်အောင် ခက်ခဲတာတွေကို ဖြေလျော့ပေးမယ်။ ကုမ္ပဏီ မှတ်ပုံတင်တာ ကြာတယ်လို့ ပြောကြတယ်။ ဒါကြောင့် ကုမ္ပဏီမှတ်ပုံတင်တာကိုလည်း မြန်မြန်ဆန်ဆန်ဖြစ်အောင် လုပ်ပေးမယ်။ ပြင်ဆင်သင့် ပြင်ဆင်ထိုက်တာတွေကို ဆက်တိုက် ပြင်ဆင်ပေး သွား မယ်။ အခု ပို့ကုန်သွင်းကုန်လိုင်စင်ကို တစ်ပတ်နှစ်ရက် လုပ်ပေးတယ်။ လုပ်ငန်းရှင်တွေရဲ့  အသံကို စောင့်နေပါတယ်။ အဆင်မပြေလို့ နေ့တိုင်းလုပ်ပေး ဆိုလည်း လုပ်ပေးသွားမှာပါ"ဟု ပြော ကြားခဲ့သည်။

စားအုန်းဆီကိုလည်း ယခုအခါတွင် ယခင်က ဆီတင်သွင်းဖူးသူဖြစ်ပြီး တစ်ကြိမ်တည်းတွင် အနည်းဆုံး တန် ၃၀၀၀ နှင့်အထက် တင်သွင်းနိုင်သူ များကို ပြည်ပမှ တင်သွင်းခွင့် ပြုထားကြောင်းလည်း သိရသည်။

"စားအုန်းဆီကို တင်သွင်းဖူးသူ လုပ်ငန်းရှင်ဖြစ်မယ်၊ Earning ဖြစ်မယ်၊ နိုင်ငံတော်က လိုအပ်လို့ ညွှန်ကြားရင် ရှားရှားပေါပေါ ဖြန့် ဖြူးပေးနိုင်တဲ့ သူ ဖြစ်ရမယ်။ နောက်တစ်ကြိမ်သွင်းရင် အနည်းဆုံး တန်ချိန် ၃၀၀၀ နဲ့အထက် တင်သွင်းနိုင်တဲ့သူ ဖြစ်ရမယ်လို့ ပြောလိုက်တော့ ၁၀ ဦးလောက် ထွက် လာတယ်။ အခု သူတို့တွေ သွင်းလာကြပြီ။ စားအုန်းဆီ ဈေးတက်လို့ ဆီလုပ်ငန်းရှင်အသင်းနဲ့ လုပ်ငန်းရှင်တွေကိုခေါ်ပြီး အစည်းအဝေး ချက်ခြင်းလုပ်ပြီး အခုလို စီစဉ်တာပါ။ သင်္ဘောအစီးလိုက် တင်နိုင်တဲ့သူတွေကို မြန်မြန်ဆန်ဆန် လိုင်စင်ပေးပြီး တင်သွင်းခွင့်ပေးပါတယ်။ သင်္ဘောအစီးလိုက် မတင်နိုင် တဲ့သူတွေအနေနဲ့လည်း ပူးပေါင်းပြီးတော့ နေ့ချင်းပြီး ကုမ္ပဏီဖွဲ့ပြီး တင်သွင်းချင်ရင်လည်း တင်သွင်းခွင့်တွေ ပေးသွားမှာ ဖြစ်ပါတယ်"ဟု ဆက်လက် ရှင်းပြခဲ့သည်။

အခြေခံလုပ်သား၊ လယ်သမားနှင့် သက်ဆိုင်သည့် Seminar တစ်ခုကို ကျင်းပရန် စီစဉ်ထားကြောင်းနှင့် ပြည်သူများ၏ စားဝတ်နေရေးအတွက် နေ့စဉ် ထည့်ဝင်နေရမှုကိုလည်း တွက်ချက်မှုများ မပြတ်ပြုလုပ်နေကြောင်း ကိုလည်း ဝန်ကြီးမှ ပြောကြားသွားခဲ့သည်။

(Weekly Eleven အတွဲ-၆၊ အမှတ်-၃၁၊ ပါ “ UMFCCI ၏ အကြိမ်(၂၀)မြောက် နှစ်ပတ်လည် အခမ်းအနားကျင်းပ” သတင်းအား အကျဉ်း ချုံး ဖော်ပြသည်။)

-----------------------------------------------------------------------------------------------------------

ရထားပေါ်တွင် လူနှင့်တစ်ပါတည်း ယူဆောင်သွားနိုင်သည့်ပစ္စည်းများ တန်ဆာခပေးဆောင်ရန်မလိုတော့

ရန်ကုန်၊ မေ ၁။

ရန်ကုန်- မန္တလေး အမြန်ရထားပေါ်တွင် ခရီးဆောင်ကွန်ပျူတာ(လက်ပ်တော့)ကို နားလည်မှုလွဲကာ တန်ဆာခ ကောက်ခံခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့ အပြီး မီးရထားဖြင့် ခရီးသွားသူများအနေဖြင့် လပ်တော့ကွန်ပျူတာ၊ ကက်ဆက်အသေး၊ ဗီဒီယိုကင်မရာ အသေးစသည့် ခရီးသည်နှင့် တစ်ပါတည်း ယူ ဆောင်သွားနိုင်သည့် ပစ္စည်းများတွက် တန်ဆာခပေးဆောင်ရန် မလိုတော့ကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။

ထိုသို့ မကောက်ခံရန်အတွက် မြန်မာ့မီးရထားရုံးချုပ်မှ တန်ဆာဌာနနှင့်ဌာနများသို့ ဧပြီလဒုတိယအပတ်မှ စတင်ကာ ညွှန်ကြားချက်များ ထုတ် ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခု ရထားပေါ်မှာ လူနဲ့တပါတည်း သယ်ဆောင်သွားနိုင်တဲ့ လက်ပ်တော့လို ကွန်ပျူတာကအစအခြား အိတ်ဆောင်ပစ္စည်းတွေကို လုံးဝအခွန် ကောက်ခြင်းမပြုဖို့ ဝန်ကြီးက ချက်ခြင်းညွှန်ကြားထားပါတယ်။ တကယ်တမ်း ရထားပေါ်မှာ အခွန်ကောက်တာက ကွန်ပျူတာပုံးအသစ်တွေ၊ ဒက်စ်တော့ ကွန်ပျူတာတွေပါ။ ဒါကို ဝန်ထမ်းက နားလည်မှုလွဲမှားပြီး အခွန်ကောက်ခဲ့တာ ဖြစ်ပါတယ်။ နောက်ကို ဒါမျိုးလွဲမှားတဲ့ လုပ်ဆောင်မှုမျိုးတွေ လုံးဝ ထပ်မဖြစ်စေဖို့ ဝန်ထမ်းအားလုံးကို ညွှန်ကြားထားပါတယ်” ဟု မြန်မာ့မီးရထားမှ အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူတစ်ဦးက “ နားလည်မှုလွဲလို့ဖြစ်တာက နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် အစိုးရဌာနတွေမှာ ဝန်ထမ်း တွေရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီးက တော်တော်လေးကို အားနည်းနေတာကို ဌာနတိုင်းမှာ တွေ့ရတယ်။ မလောက်မင လစာလေးရယ် အချိန်တန် ရုံးလာ၊ အချိန်တန်ပြန်၊ အချိန်တန်လစာထုတ်ဆိုတဲ့ သူတို့ပုံမှန်လည်ပတ်နေရတဲ့ ဖြစ်စဉ်ထဲမှာ အခြားပညာရှာချိန်လည်း မရှိဘူး။ ကွန်ပျူတာဆိုတာ ကလည်း အစိုးရဌာနတွေမှာ လိုအပ်လို့ သုံးနေရတဲ့ ဌာနကလွဲလို့ ကျန်ဝန်ထမ်းတွေက စာအုပ်တွေ၊ ဖိုင်တွေ၊ ကြိုးတွေ၊ ဖုန်တွေနဲ့ လုံးထွေးနေရတုံးပဲလေ။ မြန်မာ့မီးရထားလို ဌာနမှာ ဝန်ထမ်းက ကွန်ပျူတာအခွန်ကောက်ရမယ်ဆိုပြီး လက်ပ်တော့လည်း အခွန်ကောက်၊ အိုင်ပေါ့တွေ၊ အိုင်ပက်တွေထား တော် ကြာ တပ်စခရင်နဲ့ ဟမ်းဖုန်းကို ကွန်ပျူတာ အသေးစားဆိုပြီး အခွန်လာကောက်နေတာမျိုးတောင် ဖြစ်နိုင်တယ်။ ဝန်ထမ်းတွေကို ဆိုင်ရာသင်တန်းတို လေးတွေပေးခြင်းအားဖြင့် ဒါမျိုးကိစ္စလေးတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ဘာပဲပြောပြော ဝန်ကြီးက ချက်ခြင်းဖြေရှင်းပေးတယ်ဆိုတာကတော့ ကောင်းပါ တယ်” ဟု သူ့အမြင်ကို ပြောသွားခဲ့သည်။

ယခင်က ခရီးသွားလာမှုဆိုင်ရာ လျှပ်စစ်ပစ္စည်းဥပဒေများအရ လျှပ်စစ်ပစ္စည်း အကြီးစားများကို ရထားဖြင့် သယ်ဆောင်အသုံးပြုမည် ဆိုပါက လျှပ်စစ်ပိုင်းဆိုင်ရာ တန်ဆာအမျိုးအစားပြုလုပ်၍ သယ်ဆောင်ရသည့် စည်းကမ်းချက်နှင့်အညီ ခရီးသွားသူနှင့် တစ်ပါတည်း ယူဆောင်သွားနိုင်သည့် လပ်တော့ကွန်ပျူတာ၊ ဗီဒီယိုကင်မရာစသည့် လျှပ်စစ်ပစ္စည်း များကိုလည်း တန်ဆာခကောက်ခံမှုများရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် မြန်မာ့မီးရထား တန်ဆာဌာနမှ လျှပ်စစ်ပစ္စည်းအချို့အတွက် သတ်မှတ်ထားသော တန်ဆာခများမှာ တီဗီကို ၁၄လက်မမှစ၍  ကျပ် ၁၄၀၀မှ ကျပ်၇၀၀၀အထိလည်းကောင်း၊ ကွန်ပျူတာတစ်စုံလျှင် ကျပ် ၄၅၀၀နှုန်းဖြင့် လည်း ကောင်း၊ ဗီဒီယို ကင်မရာအကြီး တစ်လုံးလျှင် ကျပ် ၂၀၀၀နှုန်း ဖြင့် လည်းကောင်း အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

ဝန်ကြီးဌာနများထဲတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးနှင့် မြန်မာ့မီးရထားဝန်ကြီးဌာနသည် ပြည်သူများ အားအကိုးရဆုံးဌာနများဖြစ်ပြီး အရှုံးခံပြေးဆွဲပေးနေသည့် ဝန်ကြီးဌာနနှစ်ခုလည်း ဖြစ်သည်။

-----------------------------------------------------------------------------------------------------------

လယ်ယာထွက်ကုန်များကို အခွန်လျော့ပေးရန်အစီအစဉ်ရှိ

ရန်ကုန်၊ မေ ၁။

ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန်အတွက် လယ်ယာထွက်ကုန်များကို အခွန်လျော့ပေးရန် အစီအစဉ်အား ဆောင်ရွက်နိုင်ရန်အတွက် လယ် ယာနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်သည်  အစိုးရအဖွဲ့သို့ တင်ပြထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်း၏ ပြောကြားအရ သတင်းရရှိသည်။

ပြည်တွင်းလယ်ယာထွက်ကုန်များကို ပြည်တွင်း၊ ပြည်ပ ဈေးကွက်ခိုင်မာစွာ ရရှိရေး၊ ကုန်ပစ္စည်းစီးဆင်းမှု မှန်ကန် မြန်ဆန်ရေး၊ ပြည်ပဈေး ကွက်တွင် ယှဉ်ပြိုင်နိုင်ရေးအတွက် အခြားနိုင်ငံများနည်းတူ လယ်ယာများကို အခွန်လျော့ပေါ့ ဆောင်ရွက်ပေးနိုင်ရေးနှင့် တောင်သူလယ်သမားများ၏ အခြေခံလိုအပ်ချက်များဖြစ်သောာ စိုက်ပျိုးစရိတ် အလုံအလောက်ရရှိရန် စိုက်ပျိုးရေးထုတ်ကုန်အထူးပြုလုပ်ငန်းရှင်များက လယ်ယာကဏ္ဍတွင် ငွေအရင် အနှီးစိုက်ထုတ်နိုင်မည့် လုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ်နိုင်ရေးစသည့်အချက်များသည် ပြည်ထောင်စုဝန်ကြီးက တင်ပြထားသည့်အချက်များဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။

အခွန်လျော့ပေါ့ရေးကိစ္စသည် ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲများပြုလုပ်တိုင်း  ထည့်သွင်းဆွေးနွေးလေ့ရှိသည့် အချက်တစ်ချက်ဖြစ်ပြီး ယခုအခါ အောင်မြင်တော့မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အခွန်များ လျှောပေါ့ပေးခဲ့ပါက နိုင်ငံခြားတင်ပို့မှုအတွက် ကုန်သည်များ အဆင်ပြေလာနိုင်ပြီး လယ်သမားအနေဖြင့်  အကျိုးအမြတ် ပိုမိုရရှိရန် အရေးကြီးကြောင်း လယ်သမားအများစုက ဆိုသည်။

(Messenger အတွဲ-၁၊ အမှတ်-၅၀၊ ပါ “ပြည်ပဈေးကွက်ကို ယှဉ်ပြိုင်နိုင်ရေးအတွက် လယ်ယာထွက်ကုန်များကို အခွန်လျော့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်။)

-----------------------------------------------------------------------------------------------------------

ဖျာပုံရှိ ကျားဖောင်လုပ်ငန်းအများစု ရပ်ဆိုင်ထားရ

မေ ၁။

ပြီးခဲ့သည့် မတ်လအလယ်တွင် ပင်လယ်ပြင်းအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည့် ဖျာပုံဒေသရှိ ကျားဖောင်လုပ်ငန်းများ အနေ ဖြင့် လာမည့်ငါးဖမ်းရာသီတွင် ငွေကြေးအရင်းအနှီးချို့တဲ့မှုနှင့် လုပ်သားရှားပါးမှု ပြဿနာများကြောင့် လုပ်ငန်းများဆက်လက်လုပ်ကိုင်ရန် အခက်အခဲများ နှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

အချို့လုပ်ငန်းလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနနှင့် ပြည်တွင်းအခွန်ဦးစီဌာနများသို့ လုပ်ငန်းများ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အကြောင်းကြားစာများ ပေးပို့၍ လုပ်ငန်းလိုင်စင် လျှောက်ထားမှုနှင့် အခွန်ပေးသွင်းမှုများအား ရပ်ဆိုင်းလာကြကြောင်း မြန်မာနိုင်ငံ ငါးလုပ် ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မတ်လလယ်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှု ဖြစ်စဉ်ကြောင့် ကျားဖောင်စုစုပေါင်း ၃၅၉၉ ဖောင် ပျက်စီးဆုံးရှုံးခဲ့ရပြီး ရေလုပ်သား ၁၆၂၆၈ ဦး ပင်လယ်ထဲ မျောပါသွားပြီး ယခုအချိန်အထိ အယောက် ၅၈၀ ခန့်မှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ယင်းကဲ့သို့ ဖြစ်ရပ်များကြောင့် လုပ်ငန်းများ ဆက်လက်လုပ်ကိုမှု လျော့နည်းသွားသည့်အတွက် ထုတ်လုပ်မှု ကျ ဆင်းမည်ဖြစ်သော်လည်း  ငါးဖမ်းဆီမှုမရှိသဖြင့် ဘင်္ဂလားပင်လယ်နှင့် မုတ္တမပင်လယ်ကွေ့၌ ၂၀၁၁မိုးရာသီနှင့် ၂၀၁၂ ငါး ဖမ်းရာသီများတွင် ငါးသယံဇာတများ ပေါများလာနိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

-----------------------------------------------------------------------------------------------------------

ဒေါက်တာနေဇင်လတ်နှင့် ရှဲဒိုးစာရေးဆရာများအကြား မပြေလည်မှုများရှိဟုဆို။

ရန်ကုန်၊ ဧပြီ ၃၀။

စီမံခန့်ခွဲမှုဆိုင်ရာစာပေများနှင့် စီးပွားရေးဆိုင်ရာ စာပေများရေးသားလျှက်ရှိသော ဒေါက်တာနေဇင်လတ်သည် ၎င်း၏စာများကို နောက်ကွယ်မှ ရေးသားနေသောရှဲဒိုး စာရေးဆရာများနှင့် ငွေကြေးကိစ္စမပြေလည်မှုများကြောင့် အငြင်းပွားမှုများဖြစ်ပေါ်နေကြောင်း ၎င်းနှင့်နီးစပ်သော အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

မြန်မာစာပေလောကတွင် နောက်ကွယ်မှ ရှဲဒိုးရေးပေးနေသော စာရေးဆရာများရှိနေပြီး ရသစာပေတွင် အပေါစားဆန်သော ဝတ္ထုလောက တွင်သာ ရှိသည်မကဘဲ ပညာရပ်ဆိုင်ရာစာပေများတွင် ယခုကဲ့သို့ ရှဲဒိုးရေးသားမှုများ ရှိနေသည်ဟု စာပေလောကသားတစ်စုက ဆိုသည်။

“သူ့စာတွေတော်တော်များများကို ဖတ်ဖူးပါတယ်။ ဟိုးအရင်တေးကဗျာမှာ ဆောင်းပါးများရေးနေတဲ့ အချိန်ကတည်းပေါ့။ တစ်ခုထူးခြားတာက သူရေးတဲ့စာတွေက တစ်ပုဒ်နဲ့တစ်ပုဒ် အကြောင်းအရာတွေ ကွာကွာနေတာ တွေ့ရတယ်”ဟု ဒေါက်တာနေဇင်လတ်၏ စာများကို ဖတ်ရှုနေသော စာဖတ် ပရိတ်သတ် တစ်ဦးကပြောကြားသည်။

နာမည်ကြီး ဝတ္ထုစာရေးဆရာများသည်လည်း ၎င်းတို့၏ ရှဲဒိုးစာရေးဆရာများနှင့် ငွေကြေးကိစ္စ မပြေလည်မှုများမှာ မြန်မာနိုင်ငံ စာပေလောက တွင် မကြာခဏဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

ဒေါက်တာနေဇင်လတ်သည် နိုင်ငံခြားတက္ကသိုလ်များတွင် စီးပွားရေးဆိုင်ရာ ဘာသာရပ်များကို လေ့လာသင်ယူခဲ့သူတစ်ဦး ဖြစ်ပြီး မြန်မာနိုင်ငံ တွင် ထင်ရှားသောစီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ကြောင်း သိရသည်။ တပ်မတော်တွင် ရာထူးကြီးနေရာတစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦး ဖြစ်ပြီး Black list ဖြင့်တပ်မတော်မှ ထွက်ခဲ့ရသူဖြစ်ကြောင်း သိရသည်။ မကြာသေးခင်က ဖွဲ့စည်းခဲ့သော သမ္မတအကြံပေးအဖွဲ့၏ နိုင်ငံရေးအကြံပေး အဖွဲ့တွင် အဖွဲ့ဝင် ၁ အဖြင့် ပါဝင်လာသူတစ်ဦး ဖြစ်သည်။

The CJs News

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ယခင် ရယက အဖွဲ့ဝင်များ ဆက်လက်ခန့်ထားမှု ပြည်သူများမကျေနပ်

မေ ၁။

အစိုးရ ပြောင်းလဲဖြစ်သွားသော်လည်း အုပ်ချုပ်ရေးစနစ်ကို မပြောင်းသည့်အပြင် ကျေးရွာ ရယကဥက္ကဋ္ဌများကို အမည်ပြောင်းပြီး အုပ်ချုပ်ရေး မှူးအဖြစ် ဆက်ခန့်ထားသဖြင့် ပြည်သူများ အထူးမကျေမနပ် ဖြစ်နေကြကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ရှိ ကျေးရွာများတွင် ယခင် ခန့်အပ်ထားခဲ့သော ရယကများမှာ ပြည်ခိုင်ဖြိုးပါတီမှ ၎င်းတို့စိတ်ကြိုက် ခန့်အပ်ထားသူများ ဖြစ်ပြီး လူထုသဘောဖြင့် ရွေးချယ်ထားသော ရယကအဖွဲ့ဝင်များ မဟုတ်ကြောင်း ကျေးရွာသားများက ပြောကြားသည်။

“အခု ကျွန်တော်တို့ လူထုတွေ လိုလားနေတာက ကျေးရွာ ဥက္ကဋ္ဌ အသစ်တွေကို လိုလားနေပါတယ်။ အရင်စနစ်နဲ့ အရင်လူတွေကို မလိုတော့ ဘူး။ သူတို့က စစ်အုပ်ချုပ်ရေးတုန်းကတည်းက တက်လာတဲ့သူတွေ ဖြစ်တဲ့အတွက် အဲသလို စနစ်မျိုးနဲ့ဘဲ ရွာသားတွေကို ဆက်အုပ်ချုပ်နေတဲ့အတွက် ရွာတွေမှာ ပြဿနာတွေ တက်နေတာတွေ အများကြီးပါဘဲ” ဟု ပေါက်တောမြို့နယ်နေ ပြည်သူတစ်ဦးက ပြောကြားသည်။

စစ်အစိုးရမှ ရေးဆွဲအတည်ပြုခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပါရှိသည်။

“အခု သူတို့ ခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တစ်ဦးမှ အဲသလို ချမှတ်ထားတဲ့ စည်းကမ်းနဲ့ ကိုက်ညီတာ မပါဘူး။ သူတို့ဟာ ရပ်ရွာက ကြည်ညိုလေးစားတဲ့ သူတွေလည်း မဟုတ်ဘူး။ အကုန်လုံးက ကြံခိုင်ရေးပါတီကို ထောက်ခံသူနဲ့ ကြံ့ခိုင်ရေး ပါတီဝင်တွေသာ ဖြစ်ကြပါတယ်” ဟု အဆိုပါ ရွာသားက ဆက်လက်ပြောကြားသည်။

အလားတူ မြေပုံမြို့နယ်မှာလည်း ယခင်က ရယက ဥက္ကဋ္ဌဟောင်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်နေသဖြင့် ကျေးရွာ အတော် များများတွင် ပြဿနာများ ပေါ်ပေါက်နေကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က အတည်ပြု ပြောကြားသည်။

-----------------------------------------------------------------------------------------------------------

လွှတ်တော်ကိုယ်စားလှယ်အချို့အား မြန်မာမီနီဆလွန်းကားရောင်းချပေး

ရန်ကုန်၊ မေ ၁။

ရန်ကုန်တိုင်းဒေသကြီးအတွင်းနေထိုင်လျက်ရှိကြသည့် လွှတ်တော်ကိုယ်စားလှယ်အချို့အား အမှတ်(၂) စက်မှုဝန်ကြီးဌာနထုတ် မြန်မာမီနီ ဆလွန်းကားများ ဝယ်ယူရန်လျှောက်ထားခြင်း မရှိသော်လည်း ရောင်းချပေးခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ မီနီဆလွန်းကားများအား ရန်ကုန်တိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်များအနက် ၎င်းအပါအဝင် သင်္ဃကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၊  ရခိုင်ပြည်နယ် ရသ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောမေနှင့် ပြည်ခိုင်ဖြိုး ပါတီမှာ လွှတ်တော်ကိုယ်စားလှယ် ၉ဦး အပါအဝင် စုစုပေါင်း ၁၂ဦးအား ရောင်းချပေးသည်ကြောင်း၊ အခြားလွှတ်တော်ကိုယ်စားလှယ်များကိုလည်း နောင်တွင် ရောင်းချပေးလိမ့်မည်ထင်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောကြားသည်။

ယင်း မီနီချယ်ရီခေါ် မြန်မာမီနီဆလွန်းကားများကို အမှတ်(၂) စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်ပြီး တစ်စီးလျှင် ငွေ ကျပ်  ၅၅သိန်းဖြင့် ရောင်းချပေး ခြင်းဖြစ်ကြောင်း၊ ပြင်ပ ကားဈေးကွက်တွင်မူ ငွေကျပ် ၁၄၀ သိန်းကျော် ဈေးပေါက်လျက်ရှိကြောင်း၊ ဝယ်ယူခွင့်လိုင်စင်အား လက်လွှဲရောင်းချရုံဖြင့် ငွေကျပ် သိန်း ၆၀ခန့် အမြတ်ရနိုင်ကြောင်း ကားဝယ်ရောင်းသမားတစ်ဦးက ဆိုသည်။

(TURE NEWS အတွဲ-၃၊ အမှတ်-၃၄၊ ပါ “ဝယ်ယူရန်လျှောက်ထားခြင်းမရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်အချို့အား မြန်မာမီနီ ဆလွန်းကားရောင်းချပေးလျက်ရှိ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်။)

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မြန်မာမီနီဆလွန်းကားများကို ဝယ်ယူလိုသူများပြီး လိုသလောက်မထုတ်နိုင်သောကြောင့် ဆလွန်းကားတစ်စီး ကျပ် ၅၅ သိန်းဈေးရှိသော်လည်း ဈေးကွက် အတွင်း၌ ကျပ်သိန်း ၁၀၀ ဝန်းကျင် ဈေးပေါက်လျက်ရှိကြောင်း ဟံသာဝတီ မော်တော်ယာဉ်ရောင်းဝယ်ရေးစခန်းမှ လုပ်သက် ၂၀ နှစ်ရှိ ကားဝယ်ရောင်း အကျိုးဆောင်တစ်ဦးက ပြောကြားသည်။

"အဓိက ဝယ်လိုသူများတာဗျ။ အသစ်ဆိုတော့ လူတွေက စီးချင်ကြတယ်။ ဆန္ဒကို မထိန်းနိုင်ကတော့ ဒီလို ဈေးတက်တာပေါ့" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မေ ၂ ထုတ် The Voice Weekly အတွဲ(၇) အမှတ် (၂၀)တွင်ပါသည့် "မြန်မာမီနီဆလွန်းဝယ်လိုအားကြောင့် ပြင်ပပေါက်ဈေးနှစ်ဆမြင့်" သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------

ထိုလမ်းကြောင်းကို တကယ်ဆောက်၊ တကယ်ဖောက်ကြရမယ့်သူများမှာ အဆင့်ဆင့်သော စီမံခန့်ခွဲသူများနှင့် အောက်ခြေမှ အကောင်အထည် ဖော်ကြရ မည့်သူများဖြစ်ကြရာ အထူးသဖြင့် အောက်ခြေအဆင့်သည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။ ထိုသူတို့သည် အရေအတွက် အများစုဖြစ်ခြင်း၊ လက်တွေ့ကျသော နေရာတွင်ရှိခြင်းနှင့် အများပြည်သူတို့နှင့် နေ့စဉ်တိုက်ရိုက်ထိတွေ့ဆက်ဆံရသူများဖြစ်ခြင်း စသည်တို့ကြောင့် အရေးပါသောနေရာတွင် ရှိနေသည်ဟု ဆိုရခြင်းဖြစ်သည်။

ထို့ထက်ပို၍ အရေးကြီးသည်မှာ ထိုအောက်ခြေအဆင့်ရှိသူတို့က ပြည်သူတို့အပေါ် တုံ့ပြန်ချက်များသည် အစိုးရအဖွဲ့ တစ်ဖွဲ့လုံး၏ ပုံရိပ်သဖွယ် ပြည်သူ များက မှတ်ထင်ယူတက်ကြသည်။ ဥပမာ - ဆက်ဆံရေးမပြေပြစ်သော ဝန်ထမ်းများ၊ ကြိုးနီစနစ်ဖြင့် ဟိုစားပွဲသည်စားပွဲကူး၍ မပြီးနိုင်အောင် အလုပ်ရှုပ် ထားကြသော ဝန်ထမ်းများ၊ ပုဒ် မလေး(ပေးမှလုပ်)သည့် ဝန်ထမ်းများ များပြားလာလျှင် ပြည်သူများက 'အစိုးရကောင်း'ဟု လွယ်လွယ်ပင် အပြစ်တင် တက်ကြပေသည်။ ယင်းသည် ဓမ္မတာပင်ဖြစ်၍ ပြည်သူများကို ပြန်အပြစ်တင်၍လည်း မဖြစ်နိုင်ပေ။

မေ ၃ ထုတ် The Flower News အတွဲ(၇) အမှတ်(၁၆) တွင်ပါသည့် 'အောက်ခြေ' ခေါင်းကြီးကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------

"ဦးပိုင်ရဲ့စားအုန်းဆီတင်သွင်းခွင့်ကို ထူးကုမ္ပဏီတစ်ခုတည်းကပဲလုပ်ကိုင်ခွင့်ရနေရာကနေ တခြားပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေကိုလည်း လုပ်ပိုင်ခွင့် ပေးမယ်ဆိုပြီး သတင်းဂျာနယ်တွေမှာပါလာတော့ ပို့ကုန်ရငွေ ဈေးကွက်မှာ အတော်ရိုက်ခတ်မှု ရှိပါတယ်။ လုပ်ပိုင်ခွင့်ပေးလာရင် သွင်းကုန် သွင်းချင်တဲ့ ကုမ္ပဏီတွေက အခုကတည်းက ပို့ကုန်ရငွေ ကြိုစုတာတို့ ဘာတို့လုပ်နေကြပြီ။ ကျွန်တော်ထင်ပါတယ်။ ပို့ကုန်ရငွေတန်ဖိုး ထပ်တက်ဖို့ အလားအလာများတယ်"

မေ ၂ ထုတ် The Voice Weekly အတွဲ(၇) အမှတ် (၂၀)တွင်ပါသည့် "ကုန်သွယ်မှု မူဝါဒကောင်စီဖျက်သိမ်းမှုကြောင့် ပို့ကုန်ရငွေ တန်ဖိုး တက်" သတင်းမှ ပို့ကုန်ရငွေဝယ်ရောင်းဝါရင့်အကျိုးဆောင်၏ သုံးသပ်ချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------

"ရက်ကွက်နှစ်ခုကို တီဘီဆေးပေးတာ ရောဂါသည် ၆၀ ဦးခန့်ရှိတာမှာ အထည်ချုပ်လုပ်ငန်းမှာနေတဲ့ လူငယ်တွေ အများကြီးပါတယ်" ဟု တောင်ဒဂုံမြို့ နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများသည် စက်ရုံတွင်းတွင်နေစဉ် အမှုန်အမွှားများကို ရှူရှိုက်နေရသဖြင့် ရောဂါဖြစ်ပွားမှု ပိုမို ဆိုးရွားစေသည့်အပြင် လုပ်ငန်းခွင်တွင်လည်း တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ အလုပ် လုပ်ကိုင်နေရသဖြင့် ကူးစက်နိုင်မှုလည်း ပိုမိုလွယ်ကူကြောင်းသိရသည်။

မေ ၂ ထုတ် The Messenger အတွဲ(၁) အမှတ်(၅၀) တွင်ပါသည့် "အထည်ချုပ်စက်ရုံ အလုပ်သမားများတွင် တီဘီရောဂါဖြစ်ပွားနှုန်းများ လာကြောင်းသိရ" သတင်းမှ ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

သွင်းကုန်- ထုတ်ကုန်မူဝါဒသစ်များ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆီလျှော်မှုရှိပါသလား

               "မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဆိုပြီး ယခင်က စိုက်ပျိုးရေးကိုပဲ ဇောင်းပေးပြီး လုပ်ခဲ့ကြကြောင်း အဲဒီလိုလုပ် ခဲ့တဲ့အတွက် စားရေးရိက္ခာ ဖူလုံမှုရှိတဲ့အပြင် ပိုလျှံမှုလည်းရှိကြောင်း၊ သို့သည်လည်း စိုက်ပျိုးရေးနဲ့ ချမ်းသာကြွယ်ဝတဲ့နိုင်ငံ ဖြစ်မလာနိုင်တဲ့အတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ၊ ချမ်းသားကြွယ်ဝတဲ့နိုင်ငံ၊ အလုပ်အကိုင်တွေပေါ်များပြီး လူတစ်ဦးချင်း ဝင်ငွေတွေတိုးပွားတဲ့နိုင်ငံဖြစ်အောင် စက်မှုနိုင်ငံ ထူထောင်ရမည်ဖြစ်ကြောင်း။ ဒါကြောင့်အစိုးရအနေနဲ့ လက်ရှိ တိုးတက်မှုရှိနေတဲ့ စိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန်မပျက် ဆက်လက်တိုးတက်အောင် ဆောင်ရွက်ရင်း စက်မှုနိုင်ငံ အဖြစ်  ကူးပြောင်းနိုင်အောင် လိုအပ်တဲ့အခြေခံ အဆောက်အအုံများ၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ချမှတ်ထားခဲ့ပြီးဖြစ်ကြောင်း"။ ယင်းမိန့်ခွန်းမှာ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC)၌ ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ အကြိမ်(၂၀) မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးမှ ပြောကြားသွားသော မူဝါဒဆိုင်ရာ မိန့်ခွန်းဖြစ်သည်။

               ယင်းမိန့်ခွန်းပါမူဝါဒများကို ကနေဦးလက်တွေ့ဆောင်ရွက်မှုအနေဖြင့် မကြာသေးမီက ကုန်သွယ်မှု မူဝါဒကောင်စီကို ဖျက်သိမ်းခဲ့ပြီး သက်ဆိုင် ရာဝန်ကြီးဌာနဖြစ်သော စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို ပြောင်းလဲလုပ်ကိုင်စေခြင်းဖြစ်သည်။ ယခင်ကုန်သွယ်ရေး မူဝါဒကောင်စီ သည် တစ်ပတ်မှာ ဗုဒ္ဓဟူးနေ့တစ်ရက်တွင်သာ ရုံးဖွင့်ပြီး လိုင်စင်များကို စီစစ်ပေးခြင်းကြောင့် လိုင်စင်တစ်စောင်ကို နှစ်ပတ်မှ တစ်လအထိတိုင် ကြာမြင့် လျက်ရှိသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူပြီးသည့်နောက် ပို့ကုန်သွင်းကုန်လိုင်စင်ချထားပေးမှုမှာ ရက်ပိုင်းမျှသာ ကြာ မြင့်တော့လေသည်။

               ထို့အပြင် စီးပွား/ကူးသန်းဝန်ကြီးဦးဝင်းမြင့်၏ မူဝါဒသစ်တစ်ခုဖြစ်သော စားအုံးဆီတင်သွင်းခွင့် မက်လုံးကြောင့် ဈေးကွက်အတွင်း ပို့ကုန်ရငွေ တန်ဖိုးများ မြင့်တက်သွားကြောင်း တွေ့ရလေသည်။ သို့သော် ကုန်သွယ်မှုလိုင်စင် လျှော့ပေးခြင်းတစ်ခုတည်းနှင့်တော့ ကုန်သွယ်ရေးလုပ်ငန်းစုတစ်ခုလုံး ကောင်းလာနိုင်မည်မဟုတ်။ လုပ်ထုံးလုပ်နည်း ဥပဒေများ ပြင်ဆင်ပြဌာန်းပေးလိုက်သည့်အတွက် ယခင်ကထက်ပို၍ မြန်ဆန်လာနိုင်သော်လည်း ကျန်သည့်ဘဏ်စနစ်များ၊ အကောက် ခွန်စနစ်များနှင့် သဘောင်္တင်သည့်ပုံစံများလည်း ပိုကောင်းလာလျှင် ကုန်သွယ်မှုမှာ နိုင်ငံတကာနှင့်ပို၍ ယှဉ်ပြိုင် နိုင်မည် ဖြစ်သည်ကို မူဝါဒအကောင်အထည် ဖော်မည့်သူများသိရှိထားရန်အထူးလိုအပ်ပါသည်။ ထို့အပြင် ပို့ကုန်သွင်းကုန် စီးပွား ရေးလုပ်ငန်းရှင် အများစု သည် ရန်ကုန်မြို့မှာပင်ရှိသည့်အတွက် သွင်းကုန်- ထုတ်ကုန်လိုင်စင်အတွက် နေပြည်တော်သို့ သွားရန်မလိုဘဲ ရန်ကုန်မှာပင်တိုက်ရိုက်ဆောင်ရွက်ခွင့် ပေးမည်ဆိုပါက ပိုမို၍ မြန်ဆန်လာမည်ဖြစ်သည်။

               ထို့အပြင် စီးပွား/ကူးသန်းဝန်ကြီးဌာနမှ တောင်သူလယ်သမားများ၏ လူမှုစီးပွားရေးဘဝများ တိုးတက်မြင့်မားရေးကို ရှေ့ရှု၍ ပြည်ပသို့ တင်ပို့ရန် ပိတ်ပင်ထားသော ဆန်စပါးကို တင်ပို့ခွင့်ပြုရန် အထူးပင်အရေးပါပါသည်။ ဆန်စပါးမှာ မြန်မာနိုင်ငံ၏ အဓိက စားသောက်ကုန်ဖြစ်သောကြောင့် ဆန်ဈေး မတည်ငြိမ်လျှင် နိုင်ငံ၏ အစားအစာလုံခြုံရေးကို ထိပါးနိုင်သည့်အပြင် နိုင်ငံရေးအပေါ်မှာလည်း သက်ရောက်မှုများစွာရှိသွားနိုင်ပါသည်။ ထိုအတွက် ကြောင့် ဆန်နှင့် ဆီကဲ့ သို့ ကုန်ဈေးနှုန်းများမြင့်တက်လာပါက  သိုလှောင်ထားသော ကုန်ပစ္စည်များကို အထူးနှုန်းထားဖြင့် ဖြန်းဖြူးရောင်းချပေး သည့် ကုန်ဈေးနှုန်းထိန်းသိမ်းရေးကော်မတီကို စီးပွား/ကူးသန်းဝန်ကြီးဌာနမှ ဖွဲ့စည်းမည်ဖြစ်ခြင်းကြောင့် ဆန်စပါးနှင့် ပတ်သက်သည့် မူဝါဒရေးရာ ပြောင်းလဲမှု များလည်း မြင်တွေ့လာနိုင်မည်ဖြစ်ပါသည်။

               ယခင် ကုန်သွယ်ရေးမူဝါဒကောင်စီ၏ မူဝါဒအမှားများကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များမှာ လွတ်လပ်စွာ ယှဉ်ပြိုင်သည့်အနေအထားမျိုးမှာ မရှိဘဲ ပါမစ်စနစ်ကြီးထွားလာပြီး အရှင်မွေးသူကောင်းပြုခြင်းခံရသည့် စီးပွားရေးလုပ်ငန်း ရှင်များပေါ်ပေါက်ခဲ့လေသည်။ နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းပါ စီးပွားရေးမူဝါဒအရ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်နှင့် ဆွေးမျိုးကောင်းစားရေး အရှင်းရှင်စနစ်ကို ဖယ်ရှားသွားမည်ဟု ပါရှိနေသည် ဖြစ်လေ ရာ ယခု စီးပွား/ကူးသန်းဝန် ကြီးဌာနမှ ချမှတ်သော ကုန်သွယ်ရေးမူဝါဒများမှာ ၎င်းကို စည်းမျဉ်း၊ စည်းကမ်းများ ပြဌာန်း၍ စနစ်တကျ အကောင်အထည် ဖော်နေသည်ဟု မျှော်လင့်ထင်မြင်မိပါသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment