Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၂၉.၅.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာသမ္မတကို တခမ်းတနားကြိုဆိုသော တရုတ်က အစိုးရသစ်ကို တရားဝင်အသိအမှတ်ပြုပေးခြင်းဖြင့် သယံဇာတများ ဆက်လက် စုတ်ယူခွင့် သေချာအောင် ကြိုးစား

(The Associated Press မှ 28 May 2011 ရက်စွဲပါ China fetes Myanmar president: conferring legitimacy and ensuring access to resources ကို ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံက မြန်မာသမ္မတအား သောကြာနေ့တွင် အဆောင်အယောင် တခမ်းတနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံ၏ အမည်ခံ အရပ်ဖက် အစိုးရသစ်ကို တရားဝင် အသိအမှတ်ပြုဂုဏ်ပြုလိုက်ခြင်းဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံမှ သဘာဝ သယံဇာတများ ဆက်လက် ရယူ အမြတ် ထုတ်ခွင့်ကို သေချာအောင် ကြိုးစားခဲ့ကြသည်။

ယခု ခရီးစဉ်သည် မတ်လအတွင်း အစိုးရသစ် ပြောင်းလဲတာဝန်ယူပြီးနောက် သမ္မတ ဦးသိန်းစိန်၏ ပထမဆုံး နိုင်ငံတော်ခရီးစဉ်ဖြစ်ပြီး အိမ်နီးချင်းတိုင်းပြည်များနှင့် ဆက်ဆံမှု အရေးကြီးပုံကို ပြသသည့် လက္ခဏာ တစ်ရပ်ဖြစ်သည်။ ဦးသိန်းစိန်ကို တရုတ်သမ္မတ ဟူကျင်တောင်းက ပြည်သူ့မဟာခန်းမဆောင်တွင် တရားဝင် အခမ်းအနားဖြင့် ကြိုဆိုခဲ့ပြီး ခေါင်းဆောင် နှစ်ဦးကြားနှင့် အဆိုပါ ခေါင်းဆောင်တို့၏ ကိုယ်စားလှယ်အဖွဲ့များ အကြား ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်ကြသည်ဟု သိရသည်။

ရေအားလျှပ်စစ်နှင့် ရထားလမ်းများ အပါအဝင် စီမံကိန်းများအတွက် တရုတ်နိုင်ငံပိုင်ဘဏ်များမှ မြန်မာနိုင်ငံအား ပူးပေါင်းဆောင်ရွက်မှုနှင့် ချေးငွေ အကူအညီများ ပေးအပ်မည့် စည်းကမ်းချက်များ ပါဝင်သော သဘောတူညီချက် ၉ ခုကို လက်မှတ်ရေးထိုးရာတွင် ဟူကျင်တောင်းနှင့် ဦးသိန်းစိန်က ဦးဆောင်ခဲ့သည်။

မြန်မာနိုင်ငံတွင် အရပ်ဖက်အုပ်ချုပ်ရေးကို စတင်အစားထိုး ကျင့်သုံးရန်အတွက် နိုဝင်ဘာလတွင် ရွေးကောက်ပွဲများ ပြုလုပ်ပေးခဲ့သည့် သက်ဆိုးရှည် တပ်မတော် အစိုးရတွင်ဦးသိန်းစိန်က နောက်ဆုံး ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ တပ်မတော် လွှမ်းမိုးမှု သက်ဆိုးရှည် စေရန်အတွက် ဦးသိန်းစိန်၏ တပ်မတော် နောက်ခံ နိုင်ငံရေးပါတီ အနိုင်ရအောင် ရွေးကောက်ပွဲများတွင် မရိုးမသား လိမ်လည် ဖန်တီးခဲ့သည်ဟု ဝေဖန် ဆန်းစစ်သူများက ပြောကြားကြသည်။ ယခင်တပ်မတော်အစိုးရ အဖွဲ့ဝင် အရာရှိများသည် ယခုလွှတ်တော်နှင့် အစိုးရအဖွဲ့သစ်တွင် အများအပြား ပြန်လည် နေရာယူခဲ့ကြသည်။

စီးပွားရေးပမာဏ လွန်စွာ ကြီးမားကာ ကုန်ကြမ်းပစ္စည်းများ လိုအပ်ပြီး နယ်စပ်တည်ငြိမ်မှုကို ဆန္ဒရှိ လိုလားနေသော တရုတ်နိုင်ငံသည် မြန်မာတို့ အတွက် အသက်သွေးကြောသဖွယ် ဖြစ်နေကာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အဂတိလိုက်စားမှုများကို လျစ်လျူရှု၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ကမ်းလှမ်းလျက် ရှိသည်။

မြန်မာအစိုးရ၏ လူမဆန်သော လုပ်ရပ်များကြောင့် အနောက်နိုင်ငံ အစိုးရများနှင့် ကုမ္ပဏီများက လက်ရှောင် ထားကြစဉ် တရုတ်အစိုးရနှင့် ကုမ္ပဏီများက အလောသုံးဆယ် ဖျာဝင်ခင်းခဲ့ကြပြီး ရေနံနှင့် ဓာတ်ငွေ့များ သယ်ဆောင်ရန် ပိုက်လိုင်းများတည်ဆောက်ခြင်း၊ ကျွန်းနှင့်သစ်မာများ ထုတ်ယူခြင်း၊ လူသုံးကုန်ပစ္စည်း ဈေးကွက်ချဲ့ထွင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ယမန်နှစ်က အပြန်အလှန်ကုန်သွယ်ရေးသည် ၅၀% တိုးကာ ဒေါ်လာ ၄.၄၄ ဘီလျံသို့ ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည်လည်း စုစုပေါင်းဒေါ်လာ ၁၂ ဘီလျံရှိသွားပြီဟု တရုတ်နိုင်ငံ၏ တရားဝင် စာရင်းဇယားများအရ သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးနှင့် စစ်ရေး အကူအညီအထောက်အပံ့များ ဖြည့်ဆည်းပေးခြင်းဖြင့် သူ၏ ဩဇာ ပိုမိုလွှမ်းမိုး စေရန် တိုးမြှင့်လုပ်ဆောင်လျက် ရှိပြီး မြန်မာနိုင်ငံမှ ဆန္ဒပြပွဲများနှင့် အရပ်ဖက် အဖွဲ့အစည်းများ အပေါ် ဖိနှိပ်ချုပ်ချယ်ခြင်းကို ပြစ်တင် ရှုတ်ချသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို ဘေဂျင်းက ဗီတိုအာဏာဖြင့် ပယ်ချခြင်းဖြင့် သံတမန်ရေး အကာအကွယ် ပေးလျက် ရှိသည်။

“တရုတ်နိုင်ငံက အခုလို ကြိုဆိုတာဟာ မြန်မာအစိုးရရဲ့ တရားဝင်မှုကို အားပေးရာရောက်တဲ့အပြင် မြန်မာနိုင်ငံက ဖွံ့ဖြိုးမှုနဲ့ တည်ငြိမ်မှုကို ဦးတည်         တဲ့ အဆုံးစွန်မြှင့်တင်အားပေးတဲ့ ကြိုးပမ်းမှုလား၊ အဆုံးစွန် နှိမ့်ချပစ်တဲ့ လုပ်ရပ်လား ဆိုတဲ့ မေးခွန်းကို ဖြစ်ပေါ်စေပါတယ်” ဟု Singapore National University ၏ Lee Kuan Yew School of Public Policy မှ တရုတ်မူဝါဒရေးရာ ကျွမ်းကျင်သူ ဟောင်ဂျင်းက ပြောသည်။

သမ္မတ ဦးသိန်းစိန်ကို တရုတ်တို့က တခမ်းတနား ကြိုဆို ဧည့်ခံခဲ့ခြင်းသည် ယခုလအစောပိုင်း အာဆီယံ ထိပ်သီးညီလာခံတွင် ကြုံတွေ့ ခဲ့ရသော အေးစက်စက် လက်ခံ ကြိုဆိုမှုနှင့် သိသိသာသာ ကွဲပြားလျက် ရှိသည်။ ယဉ်ယဉ်ကျေးကျေး ပြစ်တင် ဝေဖန်ခဲ့သည့် အာဆီယံ အဖွဲ့အစည်းက ၂၀၁၄ တွင် အလှည့်ကျ ဥက္ကဋ္ဌ ပြုလုပ်လိုသည့် မြန်မာနိုင်ငံ၏ အဆိုပြုချက်ကို ဆိုင်းငံ့ထားခဲ့ကြပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ထင်ထင်ရှားရှား ဆက်လက် လုပ်ဆောင်ပြသမှုနှင့် ချိတ်ဆက်၊ ဆက်စပ် ထားခဲ့ကြသည်။

***************************************************************************

မြန်မာ တရုတ် ချစ်ကြည်ရေးကို ချေးငွေသဘောတူညီချက်များဖြင့် ပိုမိုခိုင်မာစေ

(27 May 2011 ရက်စွဲပါ Reuters မှ Ben Blanchard ရေးသားသော Myanmar, China seal friendship with loan agreements ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ယင်းတို့ကြား ချစ်ကြည်ရေးကို ချေးငွေများ၊ အကြွေးဝယ်ယူခွင့်များ စုစုပေါင်း တန်ဖိုး ယူရိုသန်း ၅၄၀ (ဒေါ်လာ ၇၆၅ သန်း) ဖြင့် သောကြာနေ့က သဘောတူလိုက်ခြင်းအားဖြင့် ပိုမို ခိုင်မြဲစေခဲ့သည်။ မြန်မာနိုင်ငံ၏ သမ္မတသစ်က တရုတ်နိုင်ငံအား ယုံကြည်စိတ်ချမှုရှိကာ ကိုယ်ကျိုးမကြည့်သော မဟာမိတ်အဖြစ် ချီးကျူး ထောပနာ ပြုလိုက်သည်။

“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် ယုံကြည်မှုအပြည့်ရှိနိုင်တဲ့ ဖော်ရွေတဲ့ အိမ်နီးချင်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်ဖို့အတွက် ကြီးမားတဲ့ ထောက်ပံ့မှုနဲ့ ကိုယ်ကျိုးမဖက်တဲ့ အကူအညီများပေးခဲ့ပါတယ်” ဟု သမ္မတသစ် ဦးသိန်းစိန်က တရုတ်ဝန်ကြီးချုပ်ဝမ်ကြားပေါင်အား ပြောခဲ့သည်ဟု နိုင်ငံပိုင်ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့သည်။

ဝမ်က ပြောကြားရာတွင် ဘေဂျင်းအနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် အကူအညီ မှန်သမျှ ပေးရန် စိတ်အား ထက်သန်ပြီး တရုတ်နိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် အရေးကြီးသော မြန်မာနိုင်ငံကိုဖြတ်၍ ဆောက်လုပ်နေသော ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း ချောမောစွာ တိုးတက်ရေးအတွက် သေချာစေရန် ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်နှင့် တရုတ်သမ္မတဟူကျင်တောင်းတို့သည် သဘောတူညီမှု ကိုးခု လက်မှတ်ရေးထိုးခဲ့ရာ China Development Bank မှ မြန်မာ နိုင်ငံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ ယူရိုသန်း ၅၄၀ တန်ဖိုးရှိ အကြွေးဝယ်ယူခွင့် သဘောတူညီမှု ပါဝင်ခဲ့သည်။ အခြားချေးငွေ သဘော တူညီမှုများတွင် တရုတ်နှင့် မြန်မာနိုင်ငံဝန်ကြီးဌာနမျိုးစုံ ပါဝင်ခဲ့ပြီး ရေအားလျှပ်စစ် စီမံကိန်းလည်း ပါဝင်သည်။ အသေးစိတ်ထပ်မံဖော်ပြခြင်းမူ မရှိပေ။

ဦးသိန်းစိန်သည် ယခင်အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သစ္စာခံဖြစ်ပြီး တရုတ်နိုင်ငံနှင့် စိမ်းသူ တစ်ယောက်မဟုတ်ပေ။ ယင်းသည် ဝန်ကြီးချုပ်ဘဝက တရုတ်ထိပ်တန်း ခေါင်းဆောင်များနှင့် ယခင်ခရီးစဉ်များတွင် တွေ့ဆုံဖူးသူလည်း ဖြစ်သည်။ ပြီးခဲ့သော မြန်မာနိုင်ငံ ရွေးကောက်ပွဲအား အနောက်နိုင်ငံများက ပြစ်တင်ရှုတ်ချခဲ့ကြ သော်လည်း တရုတ်ကမူ ထိုသို့ ပြောဆိုခဲ့ခြင်း မရှိပေ။

သမ္မတဟူကျင်တောင်းသည် ဦးသိန်းစိန်အား သမ္မတအဖြစ် ခန့်အပ်ခံရစဉ်က ချီးကျူးဂုဏ်ပြုကြောင်း ပြောကြား ခဲ့သည်။ ရွေးကောက်ပွဲအား မြန်မာက အရပ်သားအုပ်ချုပ်ရေးသို့ လွှဲပြောင်းပေးသော ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဂုဏ်ယူခဲ့သည်။ “အဆွေတော်၏ တရုတ်နိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံ နားလည်မှုအတွက် အခွင့်အလမ်းကောင်းတွေ တိုးလာစေမှာ ဖြစ်ပြီး တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်ရေးနဲ့ ၂၁ ရာစု ချစ်ကြည်ရေးမှာ စာမျက်နှာသစ် ရေးထိုးမှာ ဖြစ်တယ်လို့ ကျွန်ုပ် ယုံကြည်မိပါတယ်” ဟု ဟူကျင်တောင်းက ပြောကြားခဲ့သည်ဟု သတင်းများက ဆိုသည်။ တရုတ်-မြန်မာ ဆက်ဆံရေးမှာ စီးပွားရေးဘက်တွင်လည်း အားကောင်းနေခဲ့ပြီးဖြစ်သည်။

တရုတ်နိုင်ငံ၏ ကိန်းဂဏန်းများအရ နှစ်နိုင်ငံကုန်သွယ်ရေးသည် ယမန်နှစ်က ဒေါ်လာ (၄.၄)ဘီလျံသို့ ရောက်ခဲ့ပြီး ထက်ဝက်ကျော် တိုးတက် ခဲ့သည်။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၀ ခုနှစ်တွင် ဒေါ်လာ (၁၂.၃) ဘီလျံသာ ရှိခဲ့ပြီး သဘာဝ သယံဇာတနှင့် စွမ်းအင် စီမံကိန်း များကို အထူးအလေးပေးခဲ့သည်။

သံတမန်ရေးရာအရ တရုတ်သည် မြန်မာနိုင်ငံအား ကုလသမဂ္ဂတွင် အရေးကြီးသော အကာအကွယ်များ ပေးခဲ့သည်။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းများအပေါ် အနောက်နိုင်ငံများက ပြင်းထန်သော အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုမှုများအား အကာအကွယ်ပေးခဲ့သည်။

မြန်မာနိုင်ငံကလည်း တရုတ်နိုင်ငံအား အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ပေးခဲ့သည်။ ယင်းမှာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ တင်သွင်းမှုများ အတွက်နှင့် ကုန်းတွင်းပိတ်ယူနန်ပြည်နယ်မှ ပို့ကုန်များအတွက် အသုံးပြုခွင့် ရရုံမက စစ်စခန်းအတွက်ပါ အသုံးပြုနိုင်သည်။ ပြီးခဲ့သည့် အောက်တိုဘာ လက တရုတ်နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီဖြစ်သော CNPC သည် မြန်မာနိုင်ငံတွင် ရေနံစိမ်းအတွက် ဆိပ်ကမ်း တည်ဆောက်ခဲ့သည်။ အဆိုပါ ဆိပ်ကမ်းသည် မဟာဗျူဟာအရ အရေးပါပြီး ပြည့်ကျပ်နေသော မလက္ကာရေလက်ကြားကို ရှောင်ရှားနိုင်ပြီး ပိုက်လိုင်းစီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။

သို့ရာတွင် နှစ်နိုင်ငံ ဆက်ဆံရေးမှာ လုံးလုံးလျားလျား ချောမွေ့လှသည်ကား မဟုတ်ပေ။ တရုတ်နိုင်ငံသည် ယင်း၏ ဝေးလံသော နယ်စပ်ဒေသ များတွင် တည်ငြိမ်မှုမရှိခြင်းများနှင့် ပတ်သက်၍ မကြာခဏ ဖော်ထုတ်ခဲ့သည်။ အဆိုပါ ဒေသများမှ သူပုန်အုပ်စုများသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်လျက် ရှိပြီး မြန်မာအစိုးရကို ဆယ်စုနှစ်ပေါင်းများစွာကပင် တိုက်ခိုက်လျက် ရှိသည်။

၂၀၀၉ ခုနှစ် ဩဂုတ်လက မြန်မာနိုင်ငံဖက် နယ်စပ်တွင် သူပုန်များနှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားခြင်းကြောင့် စစ်ပြေးဒုက္ခသည်များ တရုတ်နိုင်ငံ သို့ ဝင်ရောက်လာခဲ့ရာ ဘေဂျင်းက ယင်း၏ အိမ်နီးချင်းအပေါ် စိတ်ဆိုးကြောင်း ပြသခဲ့သည်။

“နှစ်ဖက်စလုံးက နယ်စပ်ဒေသ တည်ငြိမ်ရေး ထိန်းသိမ်းဖို့ စီမံခန့်ခွဲမှုတွေကို ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ဟူကျင်တောင်းက ဦးသိန်းစိန် သို့ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံက ပြသခဲ့သည်။

**********************************************************************

ရေတပ်အင်အားတိုးချဲ့ရန် မြန်မာကို သိမ်းသွင်းနေသော တရုတ်က အိန္ဒိယကို လှမ်းအကဲခတ်

(Times of India မှ 28 May 2011 ရက်စွဲပါ “Eye on India? China plans naval expansions, woos Myanmar” ကို ဘာသာပြန်ဆိုသည်)

ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သော မြန်မာသမ္မတဦးသိန်းစိန်သည် မြန်မာဆိပ်ကမ်းများတွင် တရုတ်ရေတပ်ကို ဆိုက်ကပ်ခွင့်ပေးရန်နှင့် ဘင်္ဂလား ပင်လယ်အော်၊ အိန္ဒိယသမုဒ္ဒရာတို့ကို တိုက်ရိုက် ထိတွေ့ခွင့်ပေးရန် အစီအစဉ်ကို ဘေဂျင်းတွင် ဆွေးနွေးလျက် ရှိသည်။

ဦးသိန်းစိန်အနေဖြင့် ဘေဂျင်း၏ တောင်းဆိုမှုကို လက်ခံလိုက်လျောခြင်း မပြုမီ နယူးဒေလီက ယင်း၏ အိမ်နီးချင်း နိုင်ငံများတွင် နယ်ချဲ့ လာခြင်း အပေါ် စိုးရိမ်ကြောင့်ကြနေမှုကို ဦးစွာ စဉ်းစားသုံးသပ်လိမ့်မည်ဟု သတင်းများက ဆိုသည်။

သမ္မတဦးသိန်းစိန်သည် သောကြာနေ့က ဘေဂျင်းပြည်သူ့မဟာခန်းမဆောင်ကြီးတွင် တရုတ်သမ္မတ ဟူကျင်တောင်း၏ တခမ်းတနား ကြိုဆို ခြင်းကို ခံခဲ့ရသည်။ “မြန်မာနိုင်ငံ ဧရိယာထဲက တရုတ်ရေတပ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အိန္ဒိယက သိပ်ကို စိုးရိမ်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ တကယ်တော့ စိုးရိမ်ပူပန်ဖို့ လုံးဝ မလိုအပ်ပါဘူး၊ တရုတ်ရေတပ်ဟာ အိန္ဒိယကိုဖြစ်စေ တခြားအိမ်နီးချင်းနိုင်ငံတွေကိုဖြစ်စေ လုံးဝ ကျူးကျော်မှာ မဟုတ်လို့ပါပဲ” ဟု အစိုးရပညာရှင်အုပ်စု China Institute of Contemporary International Relations မှ ပညာရှင် မာဂျိုင်လီက ပြောကြားခဲ့သည်။

ဦးသိန်းစိန်အနေဖြင့် ဘေဂျင်း၏ တောင်းဆိုမှုကို ငြင်းပယ်ရန် ခက်ခဲဖွယ်ရှိနေသည်။ လက်ရှိ တည်ဆောက်နေဆဲ ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်း များနှင့် အပြိုင် ကားလမ်းဖောက်လုပ်မည့် အစီအစဉ် အပါအဝင် စွမ်းအင်နှင့် အခြေခံ အဆောက်အဦ ကဏ္ဍများ၌ တရုတ်နိုင်ငံထံမှ အပိုဆောင်း ရင်းနှီးမြှုပ်နှံမှုများ ရရှိရန် ကြိုးစားနေသော မြန်မာနိုင်ငံအနေဖြင့် တရုတ်ကြီး စိတ်အနှောင့်အယှက် ဖြစ်မသွားစေရန် လိုအပ်နေသည်။

ပြီးခဲ့သော ၂၀၁၀ ဩဂုတ်လအတွင်းက အိန္ဒိယသမုဒ္ဒရာတွင် ပင်လယ်ဓားပြ နှိမ်နင်းမှု စစ်ဆင်ရေးမှ ပြန်လာသော ဂွမ်ဇိုးနှင့် ဇောင်ဟူ တရုတ်စစ်သင်္ဘော ၂ စင်းကို ရန်ကုန်မြို့တော်အနီး သီလဝါ ဆိပ်ကမ်းတွင် ဆိုက်ကပ်ရပ်နားရန် မြန်မာ အစိုးရက ခွင့်ပြုခဲ့ဖူးသည်။

**************************************************************

တရုတ်က မြန်မာနိုင်ငံသို့ ရထားလမ်း ဖောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၇၆၃ သန်း ထောက်ပံ့ငွေ ပေးအပ်

(PTI သတင်းမှ 29th May 2011 ရက်စွဲပါ “China to build rail line to Myanmar, pact for USD 763 ml aid” သတင်းကို ဘာသာပြန်ဆိုသည်။)

                ရင်းနှီးသော အိမ်နီးချင်း မဟာမိတ် နိုင်ငံများဖြစ်ကြသည့် တရုတ်နှင့်မြန်မာအကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် အတွက် နေပြည်တော် အစိုးရက ဘီဂျင်းထံမှ ချေးငွေ အမေရိကန် ဒေါ်လာ ၇၆၃ သန်း ရရှိမည်ဖြစ်ပြီး အိန္ဒိယ ကာလကတ္တားနှင့် မဝေးလှသည့် မြန်မာနိုင်ငံ ကျောက်ဖြူ ဆိပ်ကမ်းမြို့နှင့် တရုတ်နိုင်ငံ တုန်းတွင်းပိတ် ရွှေလီမြို့အကြား ရထားလမ်း တည်ဆောက်မည့် အစီအစဉ်များကို တရုတ်နီုင်ငံက ယနေ့ ကြေညာလိုက်သည်။

တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရွှေလီမှ မြန်မာနိုင်ငံ ကျောက်ဖြူမြို့သို့ မူဆယ်ကို ဖြတ်သန်းသွားမည့် ရထားလမ်းကို ပူးတွဲ တည်ဆောက်ရန် မြန်မာနိုင်ငံနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုး ခဲ့သည်ဟု China Railway က ကြေညာခဲ့သည်။

ယနေ့ ပြီးဆုံးသွားသော မြန်မာ သမ္မတ ဦးသိန်းစိန်၏ ၃ ရက်ကြာ ခရီးစဉ်အတွင်း နေပြည်တော် အစိုးရက တရုတ် ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ အမေ ရိကန် ဒေါ်လာ ၇၆၃ သန်း ရရှိခဲ့သလို အထက်ပါ သဘော တူညီချက်များကိုလည်း လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်းကို ဆက်သွယ်မည့် နားလည်မှု စာချွန်လွှာအရ တရုတ် မီးရထား (China Railway Group Limited) က ရထားလမ်း တည်ဆောက်ခြင်းကို ကြီးကြပ်မည်ဟု နိုင်ငံပိုင် မီဒီယာများက ကြေညာသည်။

အဆိုပါ စီမံကိန်းကို ၃ နှစ်အတွင်း ပြီးစီးရန် မျှော်လင့်ထားပြီး တရုတ်-မြန်မာ စီးပွားရေး ဆက်ဆံမှုကို ခိုင်မြဲစေကာ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ထွားမှုကို အားဖြည့်ပေးနိုင်လိမ့်မည်ဟု China Railway က ဆိုသည်။

ကျောက်ဖြူ ဆိပ်ကမ်းမြို့ကို အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံတင် သင်္ဘောများ နောက်ဆုံး ဆိုက်ကပ်ရန် ဆိပ်ကမ်းအဖြစ် ရည်မှန်း ထားပြီး ထိုမှတဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ပိုက်လိုင်းများဖြင့် သယ်ယူရန် မျှော်လင့်ထားခြင်း ဖြစ်သည်ဟု ယခင်က သတင်းများအရ သိရှိ ထားကြပြီး ဖြစ်သည်။

တရုတ် သမ္မတ ဟူကျင်းတောင်နှင့် ယင်း၏ ဧည့်သည် မြန်မာ သမ္မတ ဦးသိန်းစိန်တို့အကြား ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ချေးငွေ အမေ ရိကန် ဒေါ်လာ ၇၆၃ သန်း ပေးအပ်မည့် နှစ်နိုင်ငံ သဘောတူ စာချုပ်ကို ငွေကြေး စည်းမျဉ်းစည်းကမ်း များစွာနှင့်အတူ ယမန်နေ့ညက လက်မှတ် ရေးထိုး ခဲ့ကြခြင်း ဖြစ်သည်။ ယခု သဘောတူညီချက် အသစ်များသည် ကျယ်ပြန့်သော မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်သည့် ဆက်ဆံရေး နှင့်အတူ နှစ်နိုင်ငံ ဆက်ဆံ ရေးကို တိုးတက် ခိုင်မာစေလိမ့်မည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာများက ထုတ်ပြန် ကြေညာသည်။

*********************************************************************

ဟောင်ကောင်-မြန်မာ ကုန်သွယ်ရေး သိသာစွာ မြင့်တက်

(27 May 2011 ရက်စွဲပါ People’s Daily Online မှ Myanmar’s Trade with Hong Kong rises sharply ကို ဘာသာပြန်ဆိုသည်)

မြန်မာနှင့် ဟောင်ကောင်တို့၏ ကုန်သွယ်ရေးသည် မတ်လ၌ ကုန်ဆုံးသော ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၁.၇) ဘီလျံသို့ ရောက်ခဲ့ပြီး လွန်ခဲ့သောနှစ်ကထက် ၇၉% တိုးတက်ခဲ့ကြောင်း မြန်မာလစဉ်ထုတ် စီးပွားရေး ညွှန်းကိန်း၏ သောကြာနေ့က ထုတ်ဝေမှုအရ သိရှိရသည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသို့ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်ပို့မှုမှာ (၁.၆၉) ဘီလျံဒေါ်လာရှိခဲ့ပြီး ဟောင်ကောင်မှ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းတင်သွင်းမှုမှာ ဒေါ်လာ (၄.၇) သန်း ရှိသည်။ ဟောင်ကောင်သည် မြန်မာနိုင်ငံနှင့် ကုန်သွယ်ဖက်နိုင်ငံများတွင် ထိုင်းနှင့် တရုတ်ပြည်မကြီးပြီးလျှင် ကိန်းဂဏန်းများအရ တတိယလိုက်သော နိုင်ငံဖြစ်သည်။

၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် မြန်မာ-ဟောင်ကောင် နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ဒေါ်လာသန်းပေါင်း (၉၄၉) ရှိခဲ့ပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုး ဒေါ်လာသန်းပေါင်း (၉၃၈) ရှိခဲ့ပြီး ဟောင်ကောင်မှ သွင်းကုန်ဒေါ်လာ (၁၀.၉) သန်း ရှိခဲ့သည်။

တရုတ်နိုင်ငံ၏ တရားဝင် ကန်းဂဏန်းများအရ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးသည် ၂၀၁၀ တွင် အမေရိကန် ဒေါ်လာ (၄.၄၄) ဘီလျံ ရှိခဲ့ပြီး လွန်ခဲ့သောနှစ်က ၅၃.၂% မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ယခု ၂၀၁၁ ပထမလေးလပတ်တွင် ဒေါ်လာ (၁.၆) ဘီလျံ ရှိခဲ့ပြီး ၇၀% တက်လာခဲ့ သည်။

************************************************************************

အမေရိကန် အမတ်များ မြန်မာနိုင်ငံ အပေါ် Sanction များ သက်တမ်းတိုးရန် ကြိုးပမ်း

(28th May 2011 ရက်စွဲပါ Channel News Asia မှ US Lawmakers seek to extend Myanmar Sanctions ကို ဘာသာပြန်သည်။)

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ အသွင်ပြောင်း ကာလသို့ ရောက်ရှိခဲ့သော်လည်း အစိုးရသည် ပြည်သူများ အတွက် စစ်မှန်သော လုပ်ဆောင်ပေးမှုများ မရှိသဖြင့် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော Sanction များကို သက်တမ်းတိုးရန် အမေရိကန် အမတ်များက ယခုအပတ် အဆိုပြု တင်ပြခဲ့သည်။ အဆိုပါ Sanction များတွင် ကွန်ဂရက်က အလွယ်တကူ ခွင့်ပြုခဲ့သည့် နှစ်စဉ် ဥပဒေများတွင် ကျောက်မျက်များ အပါအဝင် မြန်မာနိုင်ငံမှ ပစ္စည်းများ တင်သွင်း ခြင်းကို ပိတ်ပင်ထားပြီး၊ အစိုးရ တာဝန်ရှိသူများအား ဗီဇာ ငြင်းပယ်ခြင်းများလည်း ပါဝင်သည်။

သမ္မတ Barack Obama သည်လည်း ယခုလ အစောပိုင်းက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ရေးကို သက်တမ်းတိုး ပေးခဲ့သည်။ ဆီးနိတ်တွင် လူနည်းစု ရီပတ်ဗလစ်ကင် ပါတီမှ ထိပ်တန်း အဖွဲ့ဝင် Mitch McConnell က မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအား အညစ်အပတ်များ ရှိကြောင်း ဝေဖန်ခဲ့သည်။

“အစိုးရရဲ့ အခုမြင်ရတဲ့ လုပ်ဆောင်မှုလေးတွေနဲ့တော့ ကျွန်တော်တို့ လက်မခံသင့်ပါဘူး” ဟု Kentucky ဆီနိတ်တာက ပြောသည်။ “နိုင်ငံ တကာ Sanction က လွတ်ချင်လို့ လုပ်ပြနေတာပါ။ အုပ်ချုပ်ပုံမှာရော၊ လူတွေအပေါ် လုပ်ဆောင်ပေးမှုရော၊ ကမ္ဘာကြီးနဲ့ အပြန်အလှန် ဆက်ဆံရေး မှာရော စစ်မှန်တဲ့ ပြောင်းလဲမှုတွေ မလုပ်သေးပါဘူး” ဟု ၎င်းက ပြောသည်။

McConnell သည် Obama ၏ ဒီမိုကရက်တစ်ပါတီမှ ဆီနိတ်တာ Dianne Feinstein နှင့်အတူ Sanction သက်တမ်းတိုးရန် အဆိုပြုခဲ့သည်။ အဆိုပါ ဥပဒေမျိုးကို House of Representatives တွင် ဒီမိုကရက် Joe Crowley နှင့် ရီပတ်ဗလစ်ကင် Peter King တို့က အဆိုပြုခဲ့ဖူးသည်။

*************************************************************************

အမေရိကန် ဆီနိတ်တာ John McCain မြန်မာနိုင်ငံ လာမည်

(27th May 2011 ရက်စွဲပါ Monsters and Critics မှ US senator John McCain to visit Myanmar, sources say ကို ဘာသာပြန်သည်။)

၂၀၀၈ ခုနှစ်က ရီပတ်ဗလစ်ကင်၏ သမ္မတလောင်းအဖြစ် ဝင်ရောက် အရွေးခံခဲ့သော အမေရိကန် ဆီနိတ်တာ John McCain သည် လာမည့် အပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်ရန် ခွင့်ပြုခဲ့ကြောင်း အစိုးရ သတင်းတစ်ရပ်က သောကြာနေ့က ပြောသည်။ “သူဟာ ဇွန်လ ပထမ အပတ်မှာ လာ ရောက်မှာ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောသည်။

McCain သည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မျှော်လင့်ပြီး၊ သမ္မတ ဦးသိန်းစိန်နှင့် လည်းကောင်း၊ အစိုးရ ထိပ်တန်း တာဝန်ရှိသူများနှင့် လည်းကောင်း တွေ့ဆုံခွင့်ရရန် ရှင်းရှင်းလင်းလင်း မသိရသေးပါ။

ဆီနိတ်တာသည် ဗီယက်နမ် စစ်ပြန် တစ်ဦးဖြစ်ပြီး ၁၉၈၈ မှ ၂၀၁၀ ထိ အုပ်ချုပ်ခဲ့သော မြန်မာ စစ်အစိုးရ အပေါ် ဝေဖန်ခဲ့သော နာမည်ကျော် ပုဂ္ဂိုလ် များတွင် တစ်ဦး အပါအဝင် ဖြစ်သည်။ နိုဝင်ဘာ ရွေးကောက်ပွဲအား သမ္မတ Barack Obama က အတုအယောင် အဖြစ် အမည်တပ်ခဲ့ပြီး၊ စစ်တပ် နောက်ခံပြုသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင် ရရှိခဲ့သည်။

McCain ၏ လာရောက်မှုသည် မတ်လ ၃၀ ရက် မြန်မာ အစိုးရသစ် တက်ပြီး လာရောက်ကြသော လူအများ၏  စိတ်ဝင်စားမှု ခံရသော လည်ပတ်မှု များတွင် တစ်ခု အပါအဝင် ဖြစ်သည်။ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Joseph Yun သည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် အပတ်က လာရောက်ခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံခဲ့သည်။ Yun သည် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီး ၎င်းအနေဖြင့် အမေရိကန်က sanction များ ရုတ်သိမ်းရန် မစဉ်းစားမီ အရေးကြီးသော တိုးတက်မှုများ မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။

Yun ၏ ခရီးစဉ်မှာ အစိုးရသစ် ဖွဲ့စည်းအပြီး ပထမဆုံး တရားဝင် ခရီးစဉ်ဖြစ်ပြီး၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vijay Nambiar ဧပြီလ အစော ပိုင်းက လာရောက်ပြီးနောက် ခရီးစဉ် ဖြစ်သည်။ Yun သည် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးပြီး မကြာမီ ဒီဇင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment