Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၃.၆.၂၀၁၁

ဘာသာပြန်သတင်းများ - ၁

ဒေါ်အောင်ဆန်းစုကြည် ၏ ဘီဘီစီ ဟောပြောမှု အစီအစဉ် ထုတ်လွှင့်တော့မည်

(APP သတင်းမှ 10 June 2011 ရက်စွဲပါ “Myanmar’s Suu Kyi to deliver BBC lectures” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် လာပြီးနောက် ၈ လခန့် အကြာတွင် အာဏာရှင် အစိုးရများကို ဆန့်ကျင်သည့် တော်လှန်မှုနှင့် ပတ်သက်၍ ဘီဘီစီ ဆွေးနွေးခန်း အစီအစဉ် ၂ခုကို ဟောပြော ထုတ်လွှင့်တော့မည် ဟု ဘီဘီစီ အသံလွှင့်ဌာနက သောကြာနေ့တွင် ပြောကြားသည်။

အသံလွှင့်ဌာန ၏ ပထမဆုံး ဥက္ကဌ John Reith ကို ဂုဏ်ပြုသည့် ဘီဘီစီ နှစ်ပတ်လည် အဓိက အစီအစဉ် တစ်ခုဖြစ်သော “2011 Reith Lectures” အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် အဆိုပါ ဆွေးနွေး သုံးသပ်မှုများကို မြန်မာနိုင်ငံတွင် ကြိုတင် အသံသွင်းယူခဲ့ပြီး ဖြစ်သည်ဟု သိရှိရ သည်။

ဘီဘီစီက ထုတ်ပြန်သော ကြေညာချက်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က “အခုလို ဘီဘီစီ ကတစ်ဆင့် စကား ပြောရတာဟာ ကျွန်မအတွက် သိပ်ကို အဓိပ္ပာယ် ရှိပါတယ်။ ကျွန်မဟာ တရားဝင် လွတ်လပ်ခွင့် ရှိသူ ပြန်ဖြစ်လာပြန်ပြီလို့ ဆိုလိုရာ ရောက်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်မ တရားဝင် မလွတ်လပ်ခင် အချိန်က ဆိုတာဟာ အကျယ်ချုပ် ထိန်းသိမ်းခံရတဲ့ အချိန်ကို ပြောတာပါ။ ဘီဘီစီက ကျွန်မ အကြောင်း ပြောတာကို ကျွန်မ နားထောင်ခဲ့ရတဲ့ စကားလုံး ပေါ့” ဟု သူမက ဆိုသည်။ မြန်မာနိုင်ငံမှ အတိုက်အခံ ဆန့်ကျင်မှုကို သုံးသပ်ထားသည့် သူမ၏ ပထမ ဆွေးနွေးမှု အစီအစဉ်ကို ဇွန်လ ၂၈ ရက်တွင် ထုတ်လွှင့်မည်ဖြစ်ပြီး အရှေ့အလယ်ပိုင်း တစ်ခွင်မှ ဒီမိုကရေစီ ထောက်ခံသော လှုပ်ရှားမှု များကို အကြောင်းပြု၍ မည်သို့ မည်ပုံ လွတ်လပ်ခွင့် ရရှိနိုင်မည်ကို သုံးသပ်ထားသည့် ဒုတိယ ဆွေးနွေးခန်းကို ဇူလိုင် ၅ ရက်တွင် ထုတ်လွှင့်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲအပြီး တစ်ပတ်ခန့်အကြာ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ၇ နှစ်ကြာ နောက်ဆုံး အကျယ် ချုပ် ပြစ်ဒဏ်ကာလ ပြည့်သွား၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

အောက်စဖို့ တက္ကသိုလ် ကျောင်းဆင်း ဒေါ်အောင်ဆန်းစုကြည် သည် သူမ၏ NLD ပါတီကို ၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင် ရရှိစေခဲ့သော်လည်း သူမ၏ လူထုကြိုက် ရေပန်းစားမှုကို စိုးရိမ်၊ ၀န်တိုသော မြန်မာ စစ်ဖက် အုပ်ချုပ်သူများက ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုပဲ သူမအား နေအိမ်တွင် နှစ်ပေါင်းများစွာ အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်းထား ခဲ့ကြသည်။

************************************************************************

မက်ကိန်း မြန်မာသို့ သွားသော်လည်း ပြောင်းလဲရန် တောင်းဆိုမှုများ မှန်းထားသကဲ့သို့ ဖြစ်နိုင်ပါမည်လား

(The Christian Science Monitor မှ 7 June 2011 ရက်စွဲပါ McCain visits Burma, but will calls for change back fire? ကို ဘာသာ ပြန်ဆိုသည်)

အမေရိကန်အရီဇိုးနား အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေး အထောက်အကူ ဖြစ်စေရန် ယခု တစ်ပတ် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော်လည်း အာရပ်ကမ္ဘာအုံကြွမှုက ကမ္ဘာတစ်လွှားမှ အာဏာရှင်အစိုးရများကို ခြိမ်းခြောက်နေကြောင်း မြန်မာ အုပ်ချုပ်သူများကို ပြောကြားခြင်းဖြင့် ထိုးနှက်မှု ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ၏ စစ်ဖက်အုပ်ချုပ်သူများက အရပ်သားတစ်ပိုင်း အစိုးရထံ အာဏာလွှဲပြောင်းပေးပြီးနောက် ၂ လခန့် အကြာတွင် အနောက်နိုင်ငံ များမှ အဆင့်မြင့် တာဝန်ရှိသူများ နေပြည်တော်သို့ တဖွဲဖွဲ ရောက်ရှိလာကြသည်။ သို့သော်လည်း အိုဘားမားအစိုးရက မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စား လှယ် အသစ်ကို အတည်ပြုရန် ကြိုးစား ပြင်ဆင်နေသည့် တိုင်အောင် အမေရိကန်နှင့်ဖြစ်စေ၊ အခြား အင်အားကြီးနိုင်ငံများနှင့်ဖြစ်စေ ဆက်ဆံရေး လျှင်မြန်စွာ တိုးတက်လာရန် မျှော်လင့်ချက်မှာ မှေးမှိန်လျက်ရှိသည်။

မြန်မာတပ်မတော်အစိုးရကို အစဉ်တစိုက် ဝေဖန်ခဲ့သော အရီဇိုးနားလွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် ယခင် အပတ်က မြန်မာနိုင်ငံသို့ လာရောက်သော လူသိများသည့် နောက်ဆုံးဧည့်သည်တစ်ဦးဖြစ်လာခဲ့သည်။ မြန်မာအပေါ် ချမှတ်ထားသော Sanctions များကို ရုတ်သိမ်းရန် အမေရိကန်က စဉ်းစားသုံးသပ်ခြင်းမပြုမီ ဂျွန်မက်ကိန်းက မြန်မာနိုင်ငံသို့ လာရောက်ကာ ပုဂ္ဂိုလ်ရေးသူရဲကောင်းဟု ယင်းက ခေါ်ဝေါ်သည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံကာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် လွှတ်ပေးခြင်း ကဲ့သို့သော မြင်သာ ခိုင်မာသည့် ဆောင်ရွက်ချက်များ ပြုလုပ်ရန်တိုက်တွန်းခဲ့သည်။

ခရီးစဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်တွင် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ယင်းအား လာရောက်ခွင့်ပြုခဲ့သည့်အတွက် အိမ်ရှင်များကို ကျေးဇူးတင်ကြောင်း ဦးစွာ ဖော်ပြထားသည်။ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်အောင် ကူညီလိုသည်ဟု ပြောကြားခဲ့ပြီး ယခင်ရန်သူ အဖြစ်မှ မိတ်ဆွေအဖြစ် ပြောင်းလဲလာသည့် ဗီယက်နမ်ကို ထောက်ပြခဲ့သည်။ သို့သော်လည်း အာရပ်ကမ္ဘာ အုံကြွမှုသည် ကမ္ဘာတစ်လွှားမှ အာဏာရှင် အစိုးရများကို ခြိမ်းခြောက်နေ သည် ဟု ပြောကြားခြင်းဖြင့်လည်း မြန်မာအုပ်ချုပ်သူများကို ထိုးနှက်လိုက်သည်။

အခုအချိန်မှာ အမြစ်လှန်ပြောင်းလဲဖို့ ရှောင်ရှားနေကြတဲ့ အစိုးရတွေဟာ နောက်ပိုင်းမှာ တော်လှန်အုံကြွ ပြောင်းလဲမှုကို ရင်ဆိုင်ကြပါလိမ့်မယ်၊ ဒီလိုရွေးချယ်ဖို့ကို အချိန်ဆွဲလို့ရနိုင်တယ်၊ ဒီကိစ္စဟာ နှောင့်နှေးနိုင်တယ် ဆိုပေမယ့် ပိတ်ပင်ဟန့်တားလို့ မရနိုင်ပါဘူး ဟု ယင်းက ပြောကြားလိုက်သည်။

ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူများက မက်ကိန်း၏ စကားလုံးများကို ချီးကျူးဂုဏ်ပြုနေချိန်တွင် ဝေဖန်ဆန်းစစ်သူများကမူ မက်ကိန်း၏ ခရီးစဉ် သည် သံတမန်ဩဇာ ချို့တဲ့ပြီး ကမ္ဘာကျော်ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုသည့်ဆန္ဒက တွန်းအားပေးခဲ့ခြင်း ဖြစ် သည်ဟု သုံးသပ်ပြောဆိုခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလက လွတ်မြောက်လာပြီးချိန်မှစ၍ ရွေးကောက်ပွဲကို သပိတ်မှောက် ခဲ့ခြင်းကြောင့် တရားဝင်ရပ်တည်ခွင့် ဆုံးရှုံးသွားခဲ့သည့် သူမ၏ အတိုက်အခံပါတီ ရှင်သန်ရေးကို ကြိုးစားရုန်းကန်နေခဲ့သည်။

အရေးယူဒဏ်ခတ်မှု Sanctions ဥပဒေကို ပူးတွဲကမကထပြု ဆော်ဩသူ ဂျွန်မက်ကိန်းက အကယ်၍ မြန်မာအစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ တိုင်းရင်းသားအုပ်စုများနှင့် ဆွေးနွေးခြင်းစသော စစ်မှန်သည့် လိုက်လျောမှုများကို ပြုလုပ်မည်ဆိုပါက အပြန်အလှန် တုန့်ပြန် ဆောင်ရွက်မှုများ ပြုလုပ်ရန် ကတိပြုခဲ့ပြီး ဘရပ်ဆဲအခြေစိုက် International Crisis Group ၏ ဂျကာတာရုံးခွဲမှ အရှေ့တောင်အာရှ ဒါရိုက်တာ Jim Della-Giacomana ကို ထောက်ပြရည်ညွှန်းပြောဆိုခဲ့သည်။ တစ်ချိန်တည်းတွင် မြန်မာတာဝန်ရှိသူများကလည်း ဝါရှင်တန်သည် ယခင်က “သံလွင်ခက်” များကို တုန့်ပြန်ရန် ပျက်ကွက်ခဲ့ကြောင်း ပြန်လည်စောဒက တက်ခဲ့ကြသည်။

Mr.Della-Giacomana က “အနောက်နိုင်ငံများက မြန်မာအစိုးရကို အချိန်ကိုက် ဆောင်ရွက်မှုများ လုပ်ဆောင် ပြသရန် တောင်းဆိုမှုသည် ဆန့်ကျင် ဖက် ရလဒ်ထွက်ပေါ်လာနိုင်ကြောင်း၊ သမ္မတဦးသိန်းစိန်မှာ ယင်း၏ ပါဝါအခြေခံကို ခိုင်မာအောင်စုစည်းနိုင်ခြင်း မရှိ၍ဖြစ်ကြောင်း” သတိပေး ပြောကြားသည်။ “ဒီလိုခြိမ်းခြောက်မှုတွေဟာ နေပြည်တော်မှာ အသုံးမဝင်ပါဘူး၊ သူတို့က ဦးသိန်းစိန်ကို ခွင်ကျဉ်းသွားအောင် ကန့်သတ်တာမျိုး ဖြစ်လာနိုင်ပါတယ်” ဟု ယင်းက ဆိုသည်။

မတ်လက အာဏာလွှဲပြောင်းစဉ် ဦးသိန်းစိန်က စီးပွားရေးနှင့် လူမှုရေးတိုးတက်ပြောင်းလဲမှု လိုအပ်ချက်နှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သော်လည်း ပြုပြင်ပြောင်းလဲရေးမိန့်ခွန်းများမှာ လက်တွေ့ အကောင်အထည် ဖော်နိုင်သည့် အဆင့်သို့ ရောက်မလာဘဲ သဘောထား တင်းမာသော တပ်မတော်ခေါင်းဆောင်ကြီးများ၏ ဟန့်တားမှုနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ကြားသိရသည်။ “သမ္မတသစ်က မှန်ကန်တဲ့ အရာတွေကို ပြောတာဖြစ်ပေမဲ့ သူတို့ကတော့ သမ္မတကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ခွင့်ပေးမှာ မဟုတ်ပါဘူး” ဟု မြန်မာနိုင်ငံသို့ မကြာခဏရောက်နေသော ဘန်ကောက် အခြေစိုက် ဥရောပသံတမန်တစ်ဦးက ပြောကြားသည်။

လေ့လာဆန်းစစ်သူများက ပြောကြားရာတွင် အိုဘားမား အစိုးရသည် မြန်မာစစ်တပ်က လုံးပမ်းနေသည်ဟု ကြားသိထားသော နျူကလီယာ နည်းပညာအပါအဝင် မြောက်ကိုရီးယား၏ လက်နက်ဖြန့်ချိရောင်းဝယ်မှုကို ထိန်းချုပ်ရေး အတွက် မြန်မာနိုင်ငံနှင့် ဆွေးနွေးရန် ကြိုးစားဖွယ်ရှိသည်ဟု ဆိုသည်။ ထိုသို့ မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိနေသော လက္ခဏာကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လူ့အခွင့်အရေးကို ပိတ်လှောင် ထားသော တိုင်းပြည်တစ်ခုအပေါ် ကွန်ဂရက်လွှတ်တော်တွင် မဟာဗျူဟာမြောက် ရှုဒေါင့်မှရှုမြင်မှုကို ထပ်မံဖြစ်ပေါ်စေသည်ဟု ဆန်းစစ်သူအချို့က ဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Derek Mitchell ကို အိမ်ဖြူတော်က မကြာသေးမီက ခန့်အပ်ကာ အထက်လွှတ်တော် အတည်ပြုချက် ရရှိရန် တင်ပြထားလျက် ရှိသည်။

မြန်မာနိုင်ငံသည် စီးပွားရေး တိုးတက် ပြောင်းလဲရေးအတွက် ပြင်ပအကူအညီကို အသည်းအသန်လိုအပ်နေခြင်း ကြောင့် ဆွေးနွေးညှိနှိုင်းမှု တံခါးဖွင့်နေသည်ဟု ကျွမ်းကျင်သူ ပညာရှင်များက ပြောကြားကြသည်။ ယခင်တပ်မတော် အစိုးရအပေါ် အနောက်နိုင်ငံများ၏ ဒဏ်ခတ်မှုများက ကူညီ ထောက်ပံ့မှု ရန်ပုံငွေအဆင့်ကို အခြားအာရှနိုင်ငံများထက် များစွာ လျော့နည်းသွားအောင် ဖြတ်တောက်ပစ်ခဲ့ကြသည်။ စီးပွားရေးမူဝါဒသည် ယခုအစိုးရ အဖွဲ့သစ်က အဓိက ပြောင်းလဲမှုလုပ်ရန် အလားအလာ ရှိသည့် ကဏ္ဍနယ်ပယ် ဖြစ်နိုင်ကြောင်း မြန်မာ့သမိုင်းပညာရှင် စာရေးဆရာ သန့်မြင့်ဦး က ပြောကြားသည်။

သို့ရာတွင် အစိုးရတာဝန်ရှိသူ အများစုသည် နှစ်ပေါင်းများစွာ ရန်လိုမုန်းထားမှုများ ရရှိအောင် စည်းရုံးလုပ်ဆောင် ကြခြင်းမရှိဟု ဦးသန့်မြင့်ဦး က သတိပေး ပြောကြားလိုက်သည်။ “အစိုးရအဖွဲ့ထဲမှာ ပြည်ပထောက်ပံ့မှု ရန်ပုံငွေရှာတဲ့ အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးလောက် ရှိနေပြီဆိုရင် သံသယ ကြီးလွန်းတဲ့ နောက်ထပ် ကိုးဦးလောက် ရှိနေပါတယ်။ ဒီတော့ ဒါဟာ မုန်လာဥနီ (Carrots) ဖြစ်လာစရာ မရှိတော့ပါဘူး”ဟု ယင်းက မှတ်ချက် ပေး သည်။

******************************************************************

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စံချိန်တင် ဒေါ်လာ (၂၀) ဘီလျံရရှ

(9 June 2011 ရက်စွဲပါ BBC News မှ Burma gets record $ 20 Bn in Foreign Investment ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ပြီးခဲ့သည့်နှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စံချိန်တင် ဒေါ်လာ ၂၀ ဘီလျံ (ပေါင်စတာလင် ၁၂.၂ ဘီလျံ) ရရှိခဲ့ကြောင်း အစိုးရက ပြောသည်။ ပြီးခဲ့သည့်နှစ် ၂၀၁၀ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ (၃၂) သန်းသာ ရရှိခြင်း၊ နှစ်ပေါင်းနှစ်ဆယ်အတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ (၁၆) ဘီလျံသာ ရှိခြင်းတို့နှင့် ယှဉ်လျှင် ယခုပမာဏသည် များပြားလှသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင် အိမ်နီးချင်း တရုတ်နိုင်ငံသည် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး အများစုကို လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံ ထားသည်။ စစ်တပ်မှ အုပ်ချုပ်နေသော နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ၂၂ နှစ်အတွင်း ပထမဆုံး ရွေးကောက်ပွဲ ကျင်းပပြုလုပ် ခဲ့သည်။

ယခုပမာဏသည် ရွေးကောက်ပွဲအပြီး တိုင်းပြည်၏ စီးပွားရေးအဖွင့်တွင် အောင်မြင်မည့် သဘောဟု ယူဆရ သည်။ မြန်မာနိုင်ငံတွင် လူ့အခွင့် အရေး မှတ်တမ်းများကြောင့် နှစ်ပေါင်းများစွာ Sanctions များ ချမှတ်ခံထားရသည့် နိုင်ငံ ဖြစ်သည်။

မတ်လ ၂၀၁၁ ကုန်ဆုံးသော ဘဏ္ဍာနှစ်တွင် တရုတ်သည် ဒေါ်လာ ၈.၂၇ ဘီလျံ ရင်းနှီးမြှုပ်နှံခဲ့ပြီး ဟောင်ကောင် က ဒေါ်လာ ၅.၃၉ ဘီလျံ၊ ထိုင်းက ဒေါ်လာ ၂.၉၅ ဘီလျံ အသီးသီး ရင်းနှီးမြှုပ်နှံခဲ့သည်ဟု အမျိုးသား စီမံကိန်း ဝန်ကြီးဌာန၏ အဆိုအရ သိရှိရသည်။

ရွေးကောက်ပွဲ

မြန်မာနိုင်ငံ၏ ပြီးခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် စစ်တပ်နောက်ခံပြု ပါတီကသာ နေရာ အများစု အနိုင် ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ ပါလီမန်၏ ၂၅%ကို စစ်တပ်အတွက် ချန်ထားပေးရသည်ကို တွေ့ရသည်။ အတိုက်အခံ အုပ်စုများနှင့် အနောက်နိုင်ငံများက ရွေးကောက်ပွဲ ဥပဒေများကို ဝေဖန်ခဲ့ပြီး ရွေးကောက်ပွဲကို အလိမ်အညာ အဖြစ် ကန့်ကွက်ခဲ့သည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါလီမန်တွင် ပါဝင်ခြင်း မရှိပေ။ သမ္မတအသစ် ဦးသိန်းစိန်သည် အငြိမ်းစားဗိုလ်ချုပ်ကြီးနှင့် အငြိမ်းစားဝန်ကြီးချုပ်တစ်ဦး ဖြစ်ပြီး စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား သစ္စာရှိမည်ဟု ယူဆရသည်။

**********************************************************************

အီတာလျံထိုင်း ကုမ္ပဏီက ထားဝယ်စီမံကိန်းအတွက် ပါတနာများ ရှာဖွေရန် လှည့်လည် စည်းရုံးမှုစတင်

(The Nation သတင်းမှ 9 June,2011 ရက်စွဲပါ “ ITD kicks off road show to seek partners for Dawei project “ သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

                အီတာလျံထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ဒေါ်လာဘီလျံပေါင်းများစွာ ကုန်ကျမည့် ထားဝယ် စီမံကိန်းကို အကောင်အထည် ဖော်ရန်အတွက် ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို လျှော့ဈေးဖြင့် ပိုင်ဆိုင်ခွင့်ရကြမည့် မဟာဗျူဟာမြောက် လုပ်ဖော်ကိုင်ဖက်များကို ရှာဖွေရန် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ နိုင်ငံများသို့ လှည့်လည်စည်းရုံးခြင်း အစီအစဉ် (Road show) ကို ယခုလတွင် စတင်တော့မည် ဖြစ်သည်။

                အဆိုပါ Road show ကို မနေ့က ဘန်ကောက်တွင် စတင်ခဲ့သည့် အီတာလျံတိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီ (ITD) က မှတ်ပုံတင် ရင်းနှီးမတည်ငွေ ဘတ်ငွေ သန်း ၅၀၀ ဖြင့် ရှယ်ယာ ၁၀၀ ရာခိုင်နှုန်း လက်ရှိပိုင်ဆိုင်ထားသော ထားဝယ်စီမံကိန်းသည် ထားဝယ်ရေနက်ဆိပ်ကမ်းကို ၇၅ နှစ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပြီး ထားဝယ်ဆိုင်အတွင်းရှိ ၂၅၀ စတုရန်း ကီလိုမီတာ အကျယ်မြေပေါ်တွင် စက်မှုဇုံနှင့် နယ်စပ်ဖြတ်ကူး စင်္ကြန်လမ်းကြောင်းများ ပါဝင်မည် ဖြစ်သည်။

                ကုမ္ပဏီအနေဖြင့် ထားဝယ်စီမံကိန်းတွင် ပိုင်ဆိုင်မှုရှယ်ယာကို ၅၁ ရာခိုင်နှုန်းအထိ လျှော့ချရန် ပြင်ဆင်နေပြီး ကျန် ၄၉ ရာခိုင်နှုန်း အတွက် ပင်လယ်ရပ်ခြားမှ မဟာဗျူဟာမြောက် လုပ်ဖော်ကိုင်ဖက်များကို ရှာဖွေသွားမည်ဟု IDT ဥကဌ ပရင်မ်ချိုင်း ကာနာဆူတာ က ပြောကြားသည်။ ထားဝယ်စီမံကိန်း တစ်ခုလုံးအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှု ဘတ်ဂျက်မှာ အမေရိကန်ဒေါ်လာ ၈ ဘီလျံ (ဘတ်ငွေ ၂၄၀ ဘီလျံနေ့) ကျော်သည်ဟု သိရှိရသည်။ IDT ကုမ္ပဏီက ချေးငွေရရှိရေး အဖွဲ့အတွက် Siam Commercial Bank ကို ကုမ္ပဏီ၏ ဘဏ္ဍာရေးအကြံပေးနှင့် ဦးဆောင် မန်နေဂျာ အဖြစ် တာဝန်ပေးအပ်ထားသည်။

                ထို့အပြင် ထားဝယ်စီမံကိန်း လုပ်ငန်းခွင်တွင် ပါဝင်လာမည့် ဓါတ်အားပေးစက်ရုံ၊ ဘိလပ်မြေနှင့် စက္ကူစက်ရုံ ၊ သံနှင့် သံမဏိစက်ရုံစသော အခြေခံအဆောက်အဦးနှင့် စက်မှုလုပ်ငန်းများ နှစ်မျိုးစလုံးတွင်လည်း ရင်းနှီးမြှုပ်နှံရန် ကုမ္ပဏီက စိတ်ဝင်စားနေသည်ဟု ဥက္ကဋ္ဌ ပရင်မ်ချိုင်းက ဆိုသည်။

                “ထားဝယ်မှာရှိတဲ့ အခြေခံအဆောက်အဦးနဲ့ စက်မှုလုပ်ငန်း ၂ ခုစလုံးရဲ့ ၁၀ ရာခိုင်နှုန်းနဲ့ ၃၀ ရာခိုင်နှုန်းနဲ့ ၃၀ ရာခိုင်နှုန်းကြားကို ထားဝယ် စီမံကိန်း အကောင်အထည်ဖော်မယ့် ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီက ပိုင်ဆိုင်မှာဖြစ်ပြီး ကျန်တဲ့အပိုင်းကိုတော့ ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက် လုပ်ဖော်ကိုင်ဖက်တွေက စုပေါင်းပိုင်ဆိုင်ကြမှာ ဖြစ်ပါတယ် “ ဟု ၄င်းက ပြောကြားသည်။

                အဆိုပါစီမံကိန်းကို လာမည့်နှစ်တွင် တည်ဆောက်မှုစတင်မည်ဖြစ်၍ ယခုအခါ IDT ကုမ္ပဏီက ကားလမ်းများ ကဲ့သို့သော အခြေခံ အဆောက် အဦး ဖွံ့ဖြိုးတိုးတက်ရန် ဘတ်ငွေ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံထားသည့် အခြေခံ အဆောက်အဦး စနစ် တိုးတက်ကောင်းမွန်ရေးအတွက် နောက်ထပ် ဘတ်ငွေ ၂ ဘီလျံ ထပ်မံထည့်သွင်းရင်းနှီးမည်ဟု သိရသည်။

                ယခု အဆင့်အတွက် ရင်းနှီးမြှုပ်နှံမှု ဘတ်ဂျက်သည် ကုမ္ပဏီ လည်ပတ်ငွေနှင့် ယခုနှစ်ဒုတိယနှစ်ဝက် တွင် ထုတ်ဝေနှင့် ဒီဘင်ချာ (Debenture) စာချုပ်များမှ ရရှိခြင်းဖြစ်သည်ဟု ပရင်မ်ချိုင်းက ပြောကြားသည်။

                ယခု စီမံကိန်းတွင် အခြေခံအဆောက်အဦးနှင့် စက်မှုဇုံ အပြည့်အ၀ပြီးစီးရန် အချိန် ၁၀ နှစ်ခန့် လိုအပ်သည်ဟု ကုမ္ပဏီဥကဋ္ဌ ပရင်မ်ချိုင်းက ဆိုသည်။ စက်မှုဇုံတွင် ဓါတ်အားပေးစက်ရုံ၊ ရေနံဓါတု၊ သံမဏိနှင့် အခြားစက်မှုလုပ်ငန်းစက်ရုံများစွာ ပါဝင်ဖွဲ့စည်းထားမည်ဖြစ်၍ ပို့ကုန်ဈေးကွက်ကို ဦးတည် ပစ်မှတ်ထားခြင်းဖြစ်သည်။

                အကောင်အထည်ဖော် တည်ဆောက်မှု ကာလအတွင်း ထားဝယ် အခြေခံ အဆောက်အဦး ပိုင်းအတွက် ဒေါ်လာ၎ ဘီလျံခန့် မလွဲမသွေ ကုန်ကျမည်ဖြစ်၍ ယင်းပမာဏအနက် ထက်ဝက်ခန့်ကို ITD က တည်ဆောက်မည့် စီမံကိန်းလုပ်ငန်းခွင် အတွက် အခြေခံအဆောက်အဦးပိုင်းတွင် သုံးစွဲမည် ဖြစ်သည်။

                မြန်မာအစိုးရ၏ ထားဝယ်အထူးစီးပွားရေးဇုံ ဥပဒေကို တရားဝင် ထုတ်ပြန် ကြေညာပြီးနောက်တွင် စက်မှုဇုံရှိ စက်မှုဇုံရှိ စက်ရုံစီမံကိန်းများ အနေဖြင့် အခွန်နှုန်းထား သက်သာခွင့်ကို ရရှိကြမည် ဖြစ်သည်။ ယင်းသက်သာခွင့်အရ ပထမ ငါးနှစ်အတွက် အမြတ်ခွန် ပေးဆောင်ရန် မလိုသည့် အပြင် နောက်ထပ် ငါးနှစ်အတွက်လည်း ပုံမှန် အခွန်နှုန်းထား ၃၀ ရာခိုင်နှုန်း၏ ထက်ဝက်ကိုသာ ပေးဆောင်ရမည်ဖြစ်သည်။

                စက်ရုံစီမံကိန်း ပိုင်ရှင်များအနေဖြင့် နှစ် ၃၀ နှင့် ၇၅ နှစ်ကြားငှားရမ်း လုပ်ကိုင်ခွင့် လိုင်စင်များကို လက်မှတ် ရေးထိုးနိုင်ကြသည်ဟု ITP ဥက္ကဋ္ဌ ပရင်မ်ချိုင်းက ပြောကြားခဲ့သည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment