Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 ၂၉.၆.၂၀၁၁

ပြည်တွင်းသတင်းများ

ဒေါ်လာစား ဝန်ထမ်းများအား လစာတိုးပေးရန် ကုမ္ပဏီအချို့စီစဉ်

              မြန်မာ့ကမ်းလွန်ရေနံကုမ္ပဏီတစ်ခုမှ ဒေါ်လာဖြင့် ဝန်ထမ်းများအား ခန့်အပ်ထားရာ ၎င်းဝန်ထမ်းများအား ၁၂ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းထိ လစာတိုးမြှင့်သတ်မှတ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

ယခုလတ်တလေအတွင်း၌ အမေရိကန်ဒေါ်လာဈေးနှုန်းများ ကျဆင်းလာသည့်အတွက် ပြည်တွင်းရှိ ဒေါ်လာစား ဝန်ထမ်းများ အဆင်ပြေ နိုင်စေရန် ဝန်ထမ်းများနှင့် ညှိနှိုင်းကာ ရာထူးအဆင့်အလိုက် ဝန်ထမ်းများအား လစာတိုးမြှင့်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသားပိုင် ကုမ္ပဏီများမှ တရားဝင်လစာတိုးပေးသည့် စာရွက်စာတမ်းများ ပြသ၍ တောင်းဆိုခြင်းဖြစ်ကြောင်း၊ ယခုလကုန်မှ စတင်၍ ရလိမ့်မည်ပာု မျှော်လင့်မိကြောင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အချို့ဒေါ်လာပေးသော ကုမ္ပဏီများမှာ ဝန်ထမ်းလစာများပေးရာ၌ ကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေဖြင့် ၁၀၀၀ ခန့် ထားရှိကာ မြန်မာ ငွေဖြင့်သာ လစာပေးသော်လည်း အချို့ကုမ္ပဏီများမှာမူ ဒေါ်လာပေါက်ဈေးအတိုင်းသာ ဝန်ထမ်းလစာများကို ရှင်းသည့်အတွက် မူလလစာ နှုန်းထားများထက် လျော့နည်းသွားကြောင်း သိရသည်။

တစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ ရရှိစဉ်က လစာနှုန်းထားများမှာ မဆိုးလှကြောင်း၊ ယခု ၉ လခန့် ဒေါ်လာဈေး ကျဆင်းသွားကြောင်း၊ ၁၈ ရာခိုင်နှုန်းထိတိုင် တိုးမြှင့်ပေးသွားမည်ဆိုပါကလည်း ထူးမည်မထင်ကြောင်း၊ ငွေလဲနှုန်းထပ်မံ၍ လျော့နည်းသွားမည်ကိုသာ စိုးရိမ်မိကြောင်း ကမ်းလွန် ရေနံလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

(Popular News၊ အတွဲ-၃၊ အမှတ်-၂၅ ပါ “ဒေါ်လာပေးသော ကုမ္ပဏီအချို့ ဝန်ထမ်းလစာတိုးပေးရန် စီစဉ်နေ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ဗုံးသုံးကြိမ်ကွဲပြီးနောက် တစ်နိုင်ငံလုံး လုံခြုံရေးတိုးမြှင့်ရန် ညွှန်ကြားချက်ထုတ်ပြန်

၂၀၁၁ ခုနှစ် ဇွန်လ ၂၄ ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် နှင့် နေပြည်တော်မြို့နယ်တို့၌ ဗုံးဆက်တိုက် ပေါက်ကွဲပြီး နောက်ပိုင်းတွင် ၎င်းမြို့နယ်များတွင်သာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ လူစည်ကားရာ နေရာများတွင်ပါ သက်ဆိုင်ရာမှ လုံခြုံရေးသတိဖြင့် တိုးမြှင့် ဆောင်ရွက် ထားကြောင်း သိရသည်။

ဇွန်လ ၂၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ချမ်အေးသာဇံမြို့နယ်၌ တစ်ကြိမ် ပြင်ဦးလွင်မြို့နယ်၌ တစ်ကြိမ် နှင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ တစ်ကြိမ် စုစုပေါင်းသုံးကြိမ် ဗုံးပေါက်ကွဲပြီးနောက်ပိုင်း လူစည်ကားရာ နေရာဒေသများ အပါအဝင် လေဆိပ်၊ ဘူတာနှင့် အဝေးပြေး ဂိတ်များ၌ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားပြီး မသင်္ကာစရာများ တွေ့ရှိပါကလည်း ပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာသို့ချက်ချင်းအကြောင်းကြားရန် အကူအညီ တောင်းခံထားကြောင်း သိရ သည်။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း မိမိတို့တာဝန်ကျသည့် မန္တလေးလေဆိပ်၌ လုံခြုံရေးယခင်ကထက် ပိုမိုတင်းကြပ်လိုက် ပြီဖြစ်ကြောင်း၊ မသင်္ကာဖွယ် ပုံရိပ်များကို စောင့်ကြည့်ရန် CCTV ကင်မရာအလုံးနှစ်ဆယ်ထပ်မံ၍ တပ်ဆင်ထားလိုက်ပြီ ဖြစ်ကြောင်း၊  ထို့ပြင် လေဆိပ်အတွင်းနှင့် အပြင်နေရာများ၌ ဗုံးရှာဖွေခွေး များဖြင့် နေရာအနှံလိုက်လံ၍ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း မန္တလေးလေဆိပ်မှ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မန္တလေးမြို့ဈေးချိုအတွင်း၌ ဗုံးပေါက်ကွဲမှုဒဏ် အများအပြားခံခဲ့ရသော်လည်း ယခုအခါ ပုံမှန်အတိုင်းပင် ဈေးရောင်းဝယ်မှုများ ဆက်လက် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

(Popular News၊ အတွဲ-၃၊ အမှတ်-၂၅ ပါ “တစ်ရက်တည်း ဗုံးသုံးကြိမ်ပေါက်ကွဲပြီးနောက် မြန်မာတစ်ဝန်း လုံခြုံရေးညွှန် ကြားချက် ထုတ်ပြန်ထား” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ဇုန်ထုတ်လုပ်ငန်းရှင်များအား အခွန်လျှော့ပြီး ငွေချေးမည်

မော်တော်ယာဉ်ထုတ်လုပ်ရန် လိုအပ်သည့် ငွေကြေးပမာဏအား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ မော်တော် ယာဉ်ထုတ်လုပ်မှု လုပ်ငန်းရှင် များအား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သတ်မှတ်ကုန်သွယ်ခွန်၏  ၂၀ ရာခိုင်နှုန်းကိုသာ ပေးဆောင်ရန် စက်မှုဇုန်ထုတ် မော်တော်ယာဉ်များအား လျှော့ပေါ့သတ်မှတ် ပေးထား ကြောင်းလည်း သိရသည်။

ယခုကဲ့သို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ကုန်သွယ်ခွန်များလျှော့ပေါ့ပေးခြင်းနှင့် ချေးငွေထုတ်ချေး ရခြင်းမှာ ပြည်တွင်းမော်တော်ယာဉ်များ ထုတ်လုပ်မှုတိုးတတ်လာနိုင်ရေး၊ ပြည်တွင်း၌ အဓိကလိုအပ်ချက်ဖြစ်နေသည့် သယ်ယူပို့ဆောင်ရေးယာဉ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များအား ပို၍အလေးထားထုတ်လုပ်ရန် နှင့် ပြည်တွင်း မော်တော်ယာဉ်များ အရည်အသွေးစံချိန်ပြည့်မီကာ အရေအတွက်အများအပြား ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ ချေးငွေထုတ်ချေးခြင်းနှင့် အခွန်နှုန်းထားများလျှော့ပေါ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိမြန်မာ၌ စက်မှုဇုန် (၈) ခုတွင် မော်တော်ယာဉ်ထုတ်လုပ်မှုများကို ဇုန်တိုင်းတွင် လုပ်ကိုင်လျှက်ရှိပြီး မော်တော်ယာဉ်ထုတ်လုပ်သူများ အသင်းပာူ၍ ဖွဲ့စည်းထားကြောင်း သိရသည်။

ငွေထုတ်ချေးပေးသည့်အတွက် လုပ်ငန်းအား ပိုမိုချဲ့ထွင် အဆင့်မြှင့်နိုင်ကြောင်း၊ အရေအတွက် ပိုမိုထုတ်လုပ်လာ နိုင်ကြောင်း၊ ထို့ပြင် အခွန်အခ များကို လျှော့ပေါ့ပေးသည့်အတွက် ၎င်းဇုန်ထုတ်ယာဉ်များ ဝယ်သူကိုရောင်းရာ၌ ရောင်းသူဘက်မှ ဈေးလျှော့ပေး၍ ရောင်းချနိုင်ကြောင်း၊ အဓိက အားသာချက်များ ရှိလာနိုင်ကြောင်း မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ် ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

(Envoy၊ အတွဲ-၂၊ အမှတ်-၁၀ ပါ “ဇုန်ထုတ် မော်တော်ယာဉ်လုပ်ငန်းရှင်များအား ငွေချေးခြင်းနှင့် အခွန်လျှော့ပေးခြင်းများ ဆောင်ရွက်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်ထဲရေးဝန်ကြီးဌာန၏ အကြောင်းကြားစာအပေါ် NLD မှ ကြေငြာချက်ထုတ်ပြန်

ဇွန်လ ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာနှစ်စောင်တွင် ဖော်ပြပါရှိသော ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးတို့ အပေါ် ပေးပို့သော အကြောင်းကြားစာနှင့် ပက်သက်၍ NLD မှ ဇွန်လ ၂၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ကြောင်း ယင်းပါတီမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

“ဒီနေ့နေ့ခင်း ဂျပန်က ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီးတဲ့နောက် ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ အစည်းအဝေးထိုင်တယ်။ ထုတ်ပြန်ချက်ထဲမှာ ဘာတွေပါမယ်ဆိုတာတော့ ထည့်သွင်းပြီးသွားပြီ၊ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးပြီး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနကို တည်ဆဲဥပဒေနှင့်အညီ ပို့ပြီးတာနဲ့ ထုတ်ပြန်မှာပါ။ ဒီနေ့ နေ့စွဲနဲ့ ထုတ်ပြန်မှာပါ။” ဟု ဆိုသည်။ ပြည်ထဲရေး ဝန်ကြီးဌာနမှ ပေးပို့သော အကြောင်းကြားစာတွင်၂၀၁၀ ပြည့်နှစ်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံရေးပါတီများနှင့် ဆက်စပ်သည့် ဥပဒေများအရ NLD သည် နိုင်ငံရေးပါတီတစ်ခုအဖြစ်ရပ်တည်ခွင့်မရှိတော့ကြောင်း၊ NLD ပါတီမှ ပါတီဖျက်သိမ်းခြင်းကိစ္စရပ်နှင့်ပက်သက်၍ အယူခံ ဝင်သော်လည်း ယင်းအယူခံအား တရားရုံးချုပ်(နေပြည်တော်)မှ ပလပ်လိုက်ပြီ ဖြစ်ကြောင်း၊သို့သော်လည်း ယခုအချိန်ထိ NLD ပါတီသည် နိုင်ငံရေးပါတီ တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေပြီး၊ ပြည်သူမှ ရွေးချယ် တင်မြှောက်ထားသည့် လွှတ်တော်အသီးသီးနှင့် ယင်းမှတဆင့် ခန့်အပ်ထားသည့် နိုင်ငံတော်အစိုးရကို ဆန့်ကျင်ပြီး၊ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေနိုင်သည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်နေသဖြင့် ယခုကဲ့သို့ အကြောင်းကြား ရပါကြောင်း ဖော်ပြထားပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား  “နိုင်ငံ့အရေးအား ယခုပုံစံအတိုင်း ဆက်လက် လုပ်ကိုင်သွားမည်လား”ဟု ဇွန်လ ၂၉ ရက်နေ့ နေ့လယ်က NLD ရုံးချုပ်တွင် မေးမြန်းရာ ၎င်းက “ပါတီမှထုတ်ပြန်သော ကြေငြာချက်ကို အသေအချာ ဖတ်ရှုပြီးမှသာ ယင်းမေးခွန်းအား ဆက်လက်မေးမြန်းရန်” ပြန်လည်ဖြေကြားခဲ့သည်။

NLDမှ ဇွန်လ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင်  NLD ပါတီသည် ဥပဒေအမှတ် ၄/၈၈ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ တရားဝင် ရပ်တည်နေသော နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇ အရ နိုင်ငံရေးပါတီတစ်ခု ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိသော အချက် ၄ ချက်နှင့် ငြိစွန်းခြင်းမရှိခြင်းအတွက်လည်းကောင်း၊ ပုဒ်မ ၄၀၉ အရ ပြည်ထောင်စုလွှတ်တော်မှသာ နိုင်ငံရေး ပါတီများနှင့် စပ်လျဉ်းသည့် လိုအပ်သော ဥပဒေများကို ပြဌာန်းနိုင်သည့်အတွက် ပြည်ထောင်စုလွှတ်တော်က ပြဌာန်းခြင်းမဟုတ်သည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြောင့် NLD သည်ပျက်ပြယ်ခြင်း မရှိကြောင်း ရှင်းလင်းထားပါသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလျှင် လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇ ကိုကျော်လွန်၍ ပြဌာန်းပိုင်ခွင့်မရှိဘဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုကျော်လွန်၍ ပြဌာန်းထားသော ဥပဒေများသည်လည်း မှုလကတည်းက ပျက်ပြယ်ပြီးဖြစ်ကြောင်း ၊ ဖွဲ့စည်းပုံးအခြေခံဥပဒေ ပုဒ်မ ၄၄၆ တွင် တည်ဆဲဥပဒေများသည် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊  ပြင်ဆင်ခြင်း မပြုသေးမှီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မဆန့်ကျင်သမျှ   အတည်ဖြစ်သည့်အတွက် NLD သည် ဥပဒေအမှတ် ၄/၈၈ အရ နိုင်ငံရေးပါတီအဖြစ် တရားဝင်ဖြစ်နေသေးကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းအပြင် NLDမှ တရားဥပဒေ စိုးမိုးရေးနှင့်ပက်သက်၍ ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံညိနှိုင်းလိုပါကြောင်း ယင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

(ကျော်စွာ)

-------------------------------------------------------------------------------------------------------------

အကြောင်းကိစ္စရှိမှသာ လွှတ်တော်ခေါ်ယူမည်

အကြောင်းကိစ္စတစ်စုံတစ်ရာပေါ်ပေါက်လာပါက အထူးအစည်းအဝေးများကို လွှတ်တော်အစည်းအဝေးများကို ခေါ်ယူမည်ဖြစ်သည့်အပြင် လွှတ်တော်၌ တင်သွင်းမည့် ဥပဒေကြမ်းများ၊ အဆိုကောင်းများရှိပါက လွှတ်တော်ခေါ်ယူရန် နီးစပ်လာပြီပာု မှတ်ယူနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ထို့ပြင် ပထမအကြိမ် လွှတ်တော်ကို ယခင်အစိုးရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌက ဇန်နဝါရီလ ၃၀ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ ခေါ်ယူကျင်းပပေးခဲ့ပြီး ယခုဆက်လက်ကျင်းပမည့် ဒုတိယအကြိမ် လွှတ်တော်သည် အစိုးရသစ်မှ ပထမဆုံးအကြိမ် ခေါ်ယူမည့် လွှတ်တော် အစည်းအဝေးပင်ဖြစ်ကြောင်း သိရသည်။

ထို့သို့ ခေါ်ယူမည့် လွှတ်တော်အစည်းအဝေးများသည် ပုံမှန်အစည်းအဝေး(သို့) အထူးအစည်းအဝေး (သို့) အရေး ပေါ်အစည်းအဝေးတစ်ရပ်ရပ်၌ မည်သည့်အစည်းအဝေးဖြစ်ကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များထံ ဖိတ်စာပေးပို့မည်ဖြစ်ပြီး မည်သည့်အစည်းအဝေးဖြစ်သည်ကို ၎င်းဖိတ်စာကြည့် ပြီးမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ဖိတ်စာဖြင့် ဖိတ်ကြားမည့်လွှတ်တော်အစည်းအဝေးများကို ဖိတ်ကြားရာ၌ ပုံမှန်အစည်းအဝေးဆိုပါက ၂၁ ရက်၊ အထူးအစည်းအဝေးဆိုပါက အနည်းဆုံး ၁၅ ရက်နှင့် အရေးပေါ်အစည်းအဝေးဆိုပါက အနည်းဆုံး ၃ ရက်ကြိုတင်၍ အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ်နှင့် စက်တင်ဘာလလောက်မှသာ လွှတ်တော်ခေါ်ယူရန် အကြောင်းကြားမည်ပာုထင်ကြောင်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ယခုအစည်းအဝေး၌ ပြောကြားသွားသည်ကို ကြည့်ခြင်းအားဖြင့် မကြာမီအချိန်တွင် လွှတ်တော်ခေါ်ယူရန် ဖြစ်နိုင်မည်ပာု သုံးသပ်နိုင်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားခဲ့သည်။

 (7Day News၊ အတွဲ-၁၀၊ အမှတ်-၁၅ ပါ “အကြောင်းတစ်စုံတစ်ရာပေါ်မှ လွှတ်တော်ခေါ်မည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-------------------------------------------------------------------------------------------------------------

ရှုံးနိမ့်သူ ဒေါ်ချိုချိုကျော်ငြိမ်း ရွေးကောက်ပွဲကန့်ကွက်လွှာ နောက်တစ်ဆင့်တက်မည်

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲမသမာမှုအဖြစ် ဒေါ်ချိုချိုကျော်ငြိမ်းမှ  ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အား ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ရှုံးနိမ့်ခဲ့ပြီး ယခုအခါ နောက်တစ်ဆင့်တတ်၍ ရွေးကောက်ပွဲ ကန့်ကွက်လွှာ လျှောက်ထားသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ၌ ရှုံးနိမ့်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချိုချိုငြိမ်းသည် ၎င်း၏ပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်အမတ်လောင်း ဦးသန့်ဇင်အား ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုအဖြစ် ကန့်ကွက်လွှာတင်သွားရာတွင် ဇွန်လ ၂၀ ရက်နေ့၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏အဆုံးအဖြတ်အရ ဒေါ်ချိုချိုငြိမ်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရှုံးနိမ့်ခဲ့သည့်အတွက် ဒေါ်ချိုချိုကျော်ငြိမ်းမှ မကျေနပ်နိုင်ဘဲ ထပ်မံ၍ တစ်ဆင့်ထပ်တတ်ကာ ဦးသန့်ဇင်အား ရွေးကောက်ပွဲကန့်ကွက်လွှာ ထပ်မံတင်သွင်းမည်ဖြစ်ကြောင်း ဇွန်လ ၂၄ ရက်နေ့၌ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ရုံး၌ ၎င်း ကိစ္စနှင့်ပတ်သတ်၍ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ၎င်းပွဲ၌ ဒေါ်ချိုချိုကျော်ငြိမ်းမှ ပြောကြားခဲ့ခြင်းဖြစ်သည်။

(Popular News၊ အတွဲ-၃၊ အမှတ်-၂၅ ပါ ရွေးကောက်ပွဲကန့်ကွက်လွှာ နောက်တစ်ဆင့်လျှောက်ထားမည်ပာု ဒေါ်ချိုချိုကျော်ငြိမ်း ပြောကြား သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"တစ်ဒေါ်လာကို ကျပ်တစ်ထောင်ရနေတုန်းကတော့ ဝင်ငွေက မဆိုးပါဘူး။ အခုဒေါ်လာဈေးကျတာ ၉လ လောက်ရှိပြီ။ ၁၈ ရာခိုင်နှုန်းထိ တိုးပေးမယ် ဆိုလည်း သိပ်တော့မထူးပါဘူး။ ငွေလဲနှုန်း ထပ်လျော့မှာကိုလည်း စိုးရိမ်နေတယ်"

ဇွန် ၃၀ ရက်နေ့ထုတ် Popular New အတွဲ(၃) အမှတ် (၂၅) တွင်ပါသည့် "ဒေါ်လာပေးသော ကုမ္ပဏီအချို့ ဝန်ထမ်း လစာ တိုးပေးရန် စီစဉ်နေ" သတင်းမှ ပုဇွန်တောင်မြို့နယ်နေ ကမ်းလွန်ရေနံလုပ်ငန်းမှ ဝန်ထမ်းတစ်ဦး ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဒါနဲ့ ပတ်သက်လို့ အလွန်ထင်းရှားတဲ့ ဥပမာတွေရှိပါတယ်။ အစိုးရသစ်က မြန်မာနိုင်ငံဟာ ဆင်းရဲမွဲတေနေပြီ။ တိုးတက်အောင် ပြန်လည် ထူထောင်ရမယ် လို့ ဝန်ခံစကားပြောတာကို ကြားလိုက်ရတဲ့အခါမှာ ပြည်သူလူထုဟာ အစိုးရရဲ့ ပွင့်လင်းမှုကို ချက်ချင်းအသိအမှတ်ပြုကြပါတယ်။ နှစ်ပေါင်းများစွာ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဒီလိုဝန်ခံတာကို ကြားရတာကိုး။

တလျှောက်လုံး ပြောနေခဲ့ကြတာက မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်နေပြီ။ ခေတ်မီနေပြီ၊ အေးချမ်း သာယာနေကြပြီ၊ ကမ္ဘာကိုလွှမ်းတော့မယ် ဆိုတာတွေပဲကိုး။ အစိုးရသစ်က နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို အဖြစ်မှန်အတိုင်း လက်ခံပြီး ဝန်ခံလိုက်တဲ့အခါမှာ ပြည်သူလူထုက သဘောကျသွားခဲ့တာ အမှန်ပါပဲ"

ဇွန် ၃၀ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၁) အမှတ် (၄၉)တွင်ပါသည့် ဆောင်းပါးရှင် မောင်းဆက်၏ "မူသစ်၊ လမ်းစဉ်သစ်၊ လုပ်နည်းသစ်"ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

" ကျွန်တော်တို့ မီဒီယာကို ဒီထက်ပိုပြီး လုပ်ခွင့်ပေးရင်တော့ အစိုးရအတွက်လည်း အကျိုးရှိတယ်။ လူတွေအတွက်လည်း အကျိုးရှိမယ်လို့မြင်တယ်။ မီဒီယာ လွတ်လပ်ခွင့်ကို ပိုပေးလိုက်ခြင်းအားဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံကို သွားနေပါတယ်ဆိုတဲ့ အသိအမှတ်ပြုမှုကို ရနိုင်တယ်"

ဇွန် ၃၀ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၁) အမှတ် (၄၉)တွင်ပါသည့် 7 DAYS အမှုဆောင်အယ်ဒီတာ အားမာန်နှင့် အင်တာဗျူး ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

" အခြားသူတွေ ရှေ့မှာလုပ်ခဲ့တဲ့ခေါက်ရိုးကျိုးစနစ်တွေ၊ ဆောင်ရွက်ချက်တွေကို ဘေးဖယ်ပြီးအားလုံးနဲ့မတူတဲ့ ကိုယ်ပိုင် ဖန်တီးတီတွင်မှုတွေကို လုပ်နိုင်မယ်ဆိုရင် အချိန်တိုအတွင်း အောင်မြင်နိုင်ပါတယ်။ မြန်မာနိုင်ငံသားတွေက ပင်ကိုယ်တော် ကြပါတယ်။ စိတ်ဓာတ်လေးတွေကို ပြောင်းလဲ ပစ်လိုက်ရင် အဆင်ပြေသွားမှာပါ။ ပြီးတော့ အစိုးရနဲ့အစိုးရကြား၊ အစိုးရနဲ့ ပြည်သူအကြား မှန်ကန်တိကျတဲ့ ပူးပေါင်းမှုမျိုးတော့ရှိနေဖို့လိုပါတယ်။ အမြဲတမ်း ပြည်သူတွေအတွက်စဉ်းစားဖို့က နံပါတ် တစ်ပါပဲ"

ဇွန်  ၃၀ ထုတ် 7DAYS အတွဲ(၁၀) အမှတ် (၁၅) တွင်ပါသည့် ဒေါက်တာအောင်ထွန်းသက်နှင့် အင်တာဗျူး ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

အိန္ဒိယ - မြန်မာ ဆက်ဆံရေး

(28 June 2011 ရက်စွဲပါ World Politics Views မှ Global Insider : India - Myanmar Relations ကို ဘာသာ ပြန်ဆိုသည်)

မကြာသေးမီက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. M. Krishna သည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ရာ ယင်းခရီးစဉ်သည် အမည်ခံ အရပ်သားအစိုးရ တက်ပြီးကတည်းက ပထမဆုံးအကြိမ် အဆင့်မြင့်ခရီးစဉ် ဖြစ်ခဲ့သည်။အိန္ဒိယ - မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်၍ နယူးဒေလီရှိ Observer Research Foundation မှ သုတေသနဖဲလိုး K Yhome က အီးမေး အင်တာဗျူး တွင် အောက်ပါအတိုင်း ပြောကြားခဲ့သည်။

WPR : အိန္ဒိယ - မြန်မာ ဆက်ဆံရေး မှာ မကြာသေးမီက ကွေ့ကောက်သွားရပုံလေးတွေက ဘာတွေပါလဲ။

K. Yhome : အိန္ဒိယ - မြန်မာဆက်ဆံရေးကတော့ 1990 ခုနှစ်များက နယူးဒေလီက မြန်မာနိုင်ငံအပေါ် လက်တွေ့ကျတဲ့ ချဉ်းကပ်မှု ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကတည်းက ဆိုတော့ ကြာခဲ့ပါပြီ။ နှစ်နိုင်ငံ စစ်တပ် ပူးပေါင်းစစ်ဆင်ရေးတွေ၊ နယ်စပ် ကုန် သွယ်ရေးစတဲ့ လုံခြုံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဆက်ဆံရေး တိုးတက်ခဲ့တယ် ဆိုပေမယ့် နှစ်ဖက် စလုံးက ချဉ်းကပ်တဲ့နေရာမှာ သတိထားပြီး ဆက်ဆံနေတုန်းပါပဲ။ မြန်မာနိုင်ငံက 1997 ခုနှစ် မှာ အာဆီယံအဖွဲ့ကို ဝင် ရောက်ပြီး နောက်မှာ နှစ်နိုင်ငံဆက်ဆံရေးလမ်းကြောင်း ပြန်ပြီးပြောင်းခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးက ဆက်ဆံရေးမှာ စိတ်ချ လက်ချ ဖြစ်လာပုံ ရပါတယ်။ မကြာခဏ အဆင့်မြင့်ခရီးစဉ်တွေ ရှိလာပါတယ်။ ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပိုမိုပူးပေါင်း ဆောင်ရွက်လာပါတယ်။ အရေးကြီးတဲ့ အခြေခံအဆောက်အဦး ပရောဂျက်တွေ ပိုပြီးတိုးလာပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အိန္ဒိယအမြဲတမ်း အဖွဲ့ဝင်အဖြစ် တိုးချဲ့ခန့်အပ်ဖို့ကို မြန်မာနိုင်ငံက ထောက်ခံခဲ့သလို၊ အိန္ဒိယကလည်း မြန်မာစစ်အစိုးရရဲ့ ‘ဒီမိုကရေစီ လမ်းညွှန်မြေပုံ’ ကို ထောက်ခံခဲ့ပါ တယ်။ သို့သော် 2010 နှစ်လယ်လောက် မှာ မြန်မာနိုင်ငံက ရွေးကောက်ပွဲကို အသေအချာ ပြင်ဆင်နေတော့ ဆက်ဆံရေး အရှိန်နဲနဲ လျော့ခဲ့ပါတယ်၊ မကြာခင်က အိန္ဒိယ ပြင်ပရေးရာဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်ပြီး ဆက်ဆံရေး ပုံမှန်ဖြစ်စေခဲ့ပါတယ်။ အိန္ဒိယ - မြန်မာ ဆက်ဆံရေးက ပိုမို နက်ရှိုင်း လာဖွယ် ရှိပါတယ်။ လက်တွေ့ ဖြစ်ပျက်နေတာတွေကလည်း အိန္ဒိယရဲ့ မူဝါဒကို လမ်းညွှန်မှုတွေပေးသလို ဖြစ်နေပါတယ်။ အိန္ဒိယရဲ့ အရှေ့ဖက်က အိမ်နီးခြင်း မြန်မာနိုင်ငံဟာ အိန္ဒိယကို တရုတ်အပေါ် ထိန်းညှိပေးနိုင်ရေးအတွက် အသုံးချနေပါတယ်။

WPR : အိန္ဒိယနဲ့ မြန်မာအတွက် အဓိက ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍတွေနဲ့ ပဋိပက္ခတွေက ဘာတွေပါလဲ။

Yhome : အိန္ဒိယ - မြန်မာ ဆက်ဆံရေးမှာ ခြားနားတဲ့ ကဏ္ဍမျိုးစုံ ရှိလာပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စွမ်းအင် နဲ့ မဟာဗျူဟာကျတဲ့ ဆက်ဆံရေး မျိုးစုံ ရှိနေပါတယ်။ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍ၊ အခြေခံ အဆောက်အဦး ပရောဂျက် များနဲ့ နယ်စပ်လုံခြုံရေးတွေဟာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးမှာ အဓိကကျတဲ့ ကဏ္ဍတွေ ဖြစ်ပါတယ်။ ထပ်ပြီးတော့ လူ့စွမ်းရည်တည်ဆောက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးနဲ့ ပတ်ဝန်းကျင် ဆိုင်ရာ ပရောဂျက် တွေဟာ အပြုသဘောဆောင်တဲ့ နှစ်နိုင်ငံဆက်ဆံရေး ဖြစ်ဖို့ အလားအလာကောင်းတွေ ဖြစ်မယ်ဆိုပြီး အာရုံပြု နေပါတယ်။ လုံခြုံရေးနဲ့ စီး ပွားရေး ပူးပေါင်းဆောင်ရွက်မှု အပြင် လူမှုရေးကဏ္ဍကိုပါ  ပေါင်းထည့်မယ်ဆိုရင် အားပေးအားမြှောက် ပြုပေးဖို့တော့ လို ပါမယ်။

                အနီးဆုံး အနာဂတ်မှာ နှစ်နိုင်ငံကြား ဖြစ်ဖွယ်ရှိတဲ့ ပဋိပက္ခ မရှိသေးပါဘူး။ ဒါပေမယ့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ စိတ်အခန့်မသင့် ဖြစ်နိုင်တဲ့ ကိစ္စလေးတွေတော့ ရှိလာနိုင်တာပေါ့။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ၊ တိုင်းရင်းသား ပဋိပက္ခကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာရယ်၊ မြန်မာနိုင်ငံက အိန္ဒိယ တိုင်းရင်းသားတွေရဲ့ အခြေအနေနဲ့ ဘင်္ဂလား ပင် လယ်အော် မှာ မြန်မာ - တရုတ် ဆက်ဆံရေးက ဘယ်လမ်းကြောင်း သွားနေသလဲဆိုတာတွေ ပါဝင်ပါတယ်။

WPR : အိန္ဒိယ - မြန်မာ ဆက်ဆံရေးဟာ ပိုမို ကျယ်ပြန့်တဲ့ ဒေသတွင်း ဆက်ဆံရေးမှာ ဘယ်လိုပါဝင်နိုင်မလဲ။

Yhome : ဒေသတွင်း လျင်မြန်စွာ ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေး ဒိုင်းနမစ်မှာ တရုတ်ကလည်း တိုးတက်လာ၊ ဒေသတွင်း စီးပွားရေး စုဖွဲ့မှု ပိုလုပ်လာတဲ့ အခါကျတော့ အိန္ဒိယဟာ မျှခြေအတွက် ဒေသတွင်းရဲ့ မဟာဗျူဟာကျတဲ့ ဖက်တစ်ခု ( strategic alternative ) ဖြစ်လာနိုင်ပါတယ်။ အိန္ဒိယနဲ့ အာဆီယံနိုင်ငံများ ပိုမိုနီးကပ်စွာ အပြန်အလှန် ဆက်ဆံရေး အတွက် မြန်မာနိုင်ငံဟာ ဂိတ်တံခါးဝသဖွယ် နေရာမှာ ရှိနေပါတယ်။ အိန္ဒိယ - မြန်မာ ဆက်ဆံရေးဟာ ဒေသတွင်း နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍမှာ အရေးကြီးလာပါမယ်။ Bay of Bengal Initiative for Multi - Sectoral Technical and Economic Cooperation ( BIMSTEC )၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မလေးရှား ( BCIM ) ဖိုရမ်၊ Mekong – Ganga Cooperation Initiative တို့အပြင် အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ အဝေးပြေး လမ်းမကြီးတွေ ဖြစ်ပေါ်လာဖို့ အိန္ဒိယ - မြန်မာ ပူးပေါင်းဆောင်ရွက်မှု မရှိရင် ဖြစ်မလာနိုင်ပါဘူး။ အိန္ဒိယ - မြန်မာ ဆက်ဆံရေးဟာ ကြီးထွားလာတဲ့ အိန္ဒိယ သမုဒ္ဒရာရဲ့ မဟာဗျူဟာ အရေးပါမှုမှာ ဆက်စပ် ပတ်သက်နေပါတယ်။ ပင်လယ်ဓမြအရေး၊ ပင်လယ်လမ်းကြောင်း ဆက် ဆံရေး မှာ လုံခြုံရေး ကိစ္စ သဘောတူညီမှု ရရေးမှာ နှစ်နိုင်ငံ ဆက်ဆံရေးမရှိဘဲ မဖြစ်နိုင်ပါဘူး။

  ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment