Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၅.၇.၂၀၁၁

ဘာသာပြန်သတင်းများ

ထိုင်းရွေးကောက်ပွဲ ရလဒ်ကြောင့် ကမ္ဘောဒီးယား ပျော်ရွှင်

(AFP သတင်း မှ 4 July 2011 ရက်စွဲပါ “Cambodia happy with Thai vote outcome” သတင်းကို ဘာသာ ပြန်ဆိုသည်)

                ဖနွမ်းပင်နှင့် ခိုင်မာသော ဆက်ဆံမှုများရှိသူ ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ မဟာမိတ်များက ထိုင်းရွေးကောက်ပွဲ တွင် ကြီးမားစွာ အောင်ပွဲခံနေခြင်းကို ကမ္ဘောဒီးယားက တနင်္လာနေ့တွင် ကြိုဆိုလိုက်သည်။

                အိမ်နီးချင်းနှစ်နိုင်ငံ အကြား ကာလရှည်ကြာ သွေးထွက်သံယို နယ်စပ်ပဋိပက္ခကို ဖြေရှင်းရာတွင် သက်ဆင်၏ ညီမ ယင်လပ်ရှင်နာဝါထရာ ဦးဆောင်သည့် ထိုင်းအစိုးရသစ်က ကူညီလိမ့်မည်ဟု မျှော်လင့်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဟော်နမ်ဟောင်က ပြောကြားသည်။

                “ဖြူးထိုင်းပါတီ (Puea Thai Party) ရဲ့ အောင်ပွဲကြောင့် ကျွန်တော်တို့ မဖုံးနိုင်မဖိနိုင် ပျော်ရွှင်နေတာကတော့ အထင်အရှားပါပဲဗျာ။ ဖြူးထိုင်း ပါတီကနေ ပေါ်ထွက်လာမယ့် အစိုးရသစ်ဟာ ကမ္ဘောဒီးယားနဲ့ ပြဿနာတွေကို အရင်အစိုးရထက် ပိုပြီး အကောင်းဖက်ကမြင်တဲ့၊ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဝန်ကြီး ဟော်နမ်ဟောင်က မ္ဘောဒီးယားမြို့တော်တွင် သတင်းထောက်များကို ပြောကြား ခဲ့သည်။

                အဆိုပါ နှစ်နိုင်ငံအကြားမှ နယ်စပ်ကို အပြည့်အဝ ပိုင်းခြားသတ်မှတ်နိုင်ခြင်း လုံးဝမရှိခဲ့သလို၊ ယခုနှစ် အစောပိုင်းက နှစ်နိုင်ငံစစ်တပ်များ အကြား နယ်စပ်တစ်လျှောက် ဖြစ်ပွားသည့် တိုက်ပွဲကြီး နှစ်ကြိမ်ကြောင့် အနည်းဆုံး လူပေါင်း ၂၈ ဦး သေဆုံးခဲ့ရသည်။ အဓိက ပြဿနာနေရာမှာ ပိုင်ဆိုင်မှု အငြင်းအခုံ ဖြစ်ပွားနေသော ရှေးဟောင်း ပရာဗီဟာ ဘုရားကျောင်း အနီးတဝိုက် ဒေသဖြစ်သည်။

                ၂၀၀၆ ခုနှစ် စစ်တပ် အာဏာသိမ်းမှုကြောင့် ပြည်ပ၌ တိမ်းရှောင်နေရသော သက်ဆင် ရှင်နာဝပ်ထရာသည် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသူဖြစ်ပြီး ဟွန်ဆန်က ထာဝရမိတ်ဆွေဟု သတ်မှတ်ထားသူ ဖြစ်သည်။ သက်ဆင်ရှင်နာဝပ်ထရာသည် ကမ္ဘောဒီးယား၏ စီးပွားရေး အကြံပေး အဖြစ်ပင် ဆောင်ရွက်ပေးခဲ့သော်လည်း ထိုင်းနိုင်ငံနှင့် များပြားသော အခြေအတင်ပြဿနာများကြောင့် ပြီးခဲ့သော ဩဂုတ်လတွင် အဆိုပါတာဝန်မှ နှုတ်ထွက်ပေးခဲ့သည်။

*****************************************************************

လွတ်မြောက် လာပြီးနောက် ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်

(Bangkok Post  မှ 4 July 2011 ရက်စွဲပါ “Burma’s Suu Kyi : on first trip since release” ကို ဘာသာ ပြန်ဆိုသည်)

                ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်အစိုးရ၏ ထိန်းသိမ်းမှုမှ လွတ်မြောက်လာပြီး နောက်ပိုင်း သူမ၏ ခရီးသွား လာနိုင်ခွင့်ကို ပထမဆုံးအကြိမ် စမ်းသပ်သည့် အနေဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း ရှေးဟောင်း ဘုရားပုထိုး မြို့တော် ပုဂံသို့ တနင်္လာနေ့က သူမ၏ သားငယ်နှင့်အတူ အလည်အပတ် သွားရောက်ခဲ့သည်။

                နိုင်ငံရေးစည်းရုံးရန် ခရီးထွက်မည့်အစီအစဉ်ကို မကြာသေးမီက ကြေညာခဲ့ခြင်းကြောင့် မြန်မာအစိုးရက တင်းမာစွာ သတိပေးခြင်းခံရသူ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကို ပုဂံလေဆိပ်တွင် သတင်းထောက်များစွာက စောင့်ဆိုင်း ကြိုဆိုခဲ့ကြရာ  အရပ်ဝတ်ရဲများကိုလည်း သိသိသာသာ တွေ့မြင် ကြရသည်။

                ယခု ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည် ယခင်နှစ် နိုဝင်ဘာလက လွတ်မြောက်လာပြီးနောက်ပိုင်း ရန်ကုန်မြို့တော်ပြင်ပသို့ ပထမဆုံး အကြိမ် ခရီးထွက်လာခြင်း ဖြစ်သော်လည်း နိုင်ငံရေးကိစ္စများ အစီအစဉ်တွင် ပါဝင်မည်မဟုတ်ဟု မျှော်လင့်ရသည်။

                မြန်မာနိုင်ငံ၏ တိုးရစ်များ လည်ပတ်ရာ ထိပ်တန်းနေရာတစ်ခုဖြစ်သော ပုဂံသို့ ရောက်လာရသည့်အတွက် အလွန် ပျော်ရွှင်ကြောင်း AFP သို့ ပြောကြားခဲ့သူ သားငယ် Kim Aris နှင့်အတူ တည်းခိုရာဟိုတယ်သို့ တောက်လျှောက် ထွက်ခွါသွားသော ဒေါ်အောင်ဆန်းစုကြည်က လေဆိပ်သို့ ရောက်ရှိစဉ် မည်သည့်ကြေညာချက်ကိုမှ ထုတ်ပြန်ခဲ့ခြင်း မရှိပါ။

                “ဒါဟာ ၁၃ နှစ် အတွင်း ကျွန်တော့်ရဲ့ ပထမဆုံးအားလပ်ရက် ခရီးပါ။ အမေ့အတွက်လည်း စိတ်ပြေလက်ပျောက် အပြောင်းအလဲ တစ်ခု လိုအပ်နေပါတယ်။ ပုဂံ မှာ ၄ ရက် နေမှာပါ။ ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ်” ဟု ပြောကြားခဲ့သော အသက် ၃၃ နှစ် အရွယ် ဗြိတိန် နိုင်ငံသားသည် သူ၏ မိခင် နှင့် ၁၀ နှစ်ကျော် ခွဲခွါခဲ့ရပြီးနောက် ပြန်လည် ပေါင်းစည်းခွင့်ရခဲ့သူ ဖြစ်သည်။

အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခရီးလှည့်မည့် အစီအစဉ်ကြောင့် မြန်မာအစိုးရက သူမနှင့် သူမ၏ပါတီကို နိုင်ငံရေးနှင့် ကင်းကင်းနေကြရန် တောင်းဆိုခဲ့ပြီး အကယ်၍ သူမအနေဖြင့် ရှေ့ဆက်တိုးပါက အဓိကရုဏ်းများ၊ ဗရမ်းဗတာအခြေအနေများ ဖြစ်ပွားနိုင်ကြောင်း သတိပေး ပြောကြားခဲ့သည်။

                “သူမရဲ့ လုံခြုံရေးကို မြန်မာအစိုးရက ဘယ်လို တာဝန်ယူမလဲဆိုတာကို ကမ္ဘာတစ်ဝှမ်းက အစိုးရတွေ အားလုံးက ဂရုတစိုက် စောင့်ကြည့်နေ ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု Kevin Rudd က စနေနေ့တွင် စင်ကာပူ ၌ ခရီးတစ်ထောက်ရပ်နားစဉ် သတင်းထောက်များအား ပြောကြား ခဲ့သည်။

                ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှုကို စိုးရိမ် ဝန်တိုလျက်ရှိသော မြန်မာအစိုးရက ၂၀၀၃ ခုနှစ် တွင် သူမ၏ မော်တော်ယာဉ် တန်းကို ခြုံခို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်ကြောင့် ယခုအခါ သူမ၏ ဘေးကင်း လုံခြုံရေးကို အဓိက စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။

                ဒေါ်အောင်ဆန်းစုကြည် ၏ NLD ပါတီ သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ၎င်းရလဒ်ကို တပ်မတော်အစိုးရက အသိ အမှတ် မပြုခဲ့ပါ။ ထို့နောက် နှစ်ပေါင်း ၂၀ ကြာပြီးနောက် ပထမဆုံး ပြန်လည် ကျင်းပသည့် ရွေးကောက်ပွဲတွင်လည်း ဥပဒေ စည်းကမ်းများ မျှတမှုမရှိဟု ဆိုကာ သပိတ်မှောက်ခဲ့သည့် NLD ပါတီကို အစိုးရက ဖျက်သိမ်းပစ်ခဲ့သည်။ မဲလိမ်မှုနှင့် ခြိမ်းခြောက်မှု တိုင်ကြားချက်များစွာကြောင့် နာမည်ပျက် ခဲ့ရသော အဆိုပါ ရွေးကောက်ပွဲတွင် တပ်မတော်အစိုးရ နောက်ခံ ပါတီကသာ အနိုင်ရရှိခဲ့သည်။

*****************************************************************

အရပ်ဝတ်မြန်မာစစ်သားများ ကချင်တိုင်းရင်းသားများကို တိုက်ခိုက်

(Asia News မှသတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာအစိုးရတပ်ဖွဲ့များက ကချင်တိုင်းရင်းသားအရပ်ဘက်ပြည်သူများအပေါ် တိုက်ခိုက်၊ လုယက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ အရပ်သားပုံစံဝတ်ဆင်ထားသော မြန်မာစစ်သားများသည် ကချင်ပြည်နယ်ရှိ ကျေးရွာများအပေါ် စီးနင်းတိုက်ခိုက်ခြင်း၊ ခရီးသွားများ အား ဓားပြတိုက်ခြင်းတို့ပြုလုပ်ခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်များကဆိုသည်။ တစ်ချိန်းတည်းမှာပင် အိန္ဒိယနိုင်ငံ၊ အူရန်ချာပရာဒက်ရှ်ပြည်နယ် Singpho မြို့သို့ရောက်ရှိနေ သော ကချင်လူမျိုးများက မြန်မာစစ်တပ်အပေါ်ဆန့်ကျင်တိုက်ခိုက်မည့် ကြိုးပမ်းမှုများအား ထောက်ပံ့ သွားမည်ဖြစ်ကြောင်း ကတိ ကဝတ်ပြုခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်ဒေသအနီး၌ မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) အကြားအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံးလေးဦး သေဆုံးခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် ဒုတိယ အင်အားအကြီးဆုံးဖြစ် သည့် KIA တပ်ဖွဲ့ကလည်း မြန်မာအစိုးရတပ်များအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကတိကဝတ်များ ပြုလုပ်ထားသည်။

ထို့ပြင် တရုတ်နယ်စပ်ဒေသမှ ကီလိုမီတာ ၃၀ အကွားအဝေးတွင်ရှိပြီး ဧရာဝတီမြစ်တွင်တည်ဆောက်လျက်ရှိသာ မြစ်ဆုံဆည်တမံ စီမံကိန်း နှင့်နီးစပ်ရာ ဒေသတွင်လည်း မြန်မာစစ်တပ်က ကျောက်မျက်ရတနာများနှင့် အဖိုးတန်ပစ္စည်းများ လုယူခြင်း၊ အရပ်သားများကို တိုက်ခိုက်ခြင်းစသည်တို့ လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

"မြန်မာစစ်သားတွေက သူတို့ကြိုက်တာလုပ်နေကြတာ" ဟု ဒေသခံသတင်းရင်းမြစ်ကဆိုသည်။ ထိုပြင် မြန်မာ စစ်တပ်က ဒေသခံပြည်သူများ တံတား အသုံးပြုမှုကိုပိတ်ပင်ထားရာ ရေနက်ပိုင်းနှင့် ရွှံ့ညွန်ထူထပ်သော နေရာများမှ ဖြတ်သန်းသွားလာကြရသည်ဟုဆိုသည်။ လူ့အခွင့်အရေး စောင့်ကြည့်သူများကမူ ကချင်တိုင်းရင်းသားများသည် ယခုအခါ ဖိနှိပ်ချုပ်ချယ် ခံနေကြရသလို လုယက်မှု၊ အဓမ္မပြုကျင့်မှုတို့နှင့်လည်း ရင်ဆိုင်နေရ ကြောင်း ပြောဆိုကြသည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးပေါ်ထွန်းရန် သက်ဆိုင်သူများ အား တိုက်တွန်းပြောဆိုထားသည်။

Singpho Development Society (SDS) အဖွဲ့က ပြည်တွင်းစစ်အတွင်း ကြားညပ်နေသော ကချင် အရပ်သားများအတွက် လွန်စွာစိုးရိမ်ပူပန် မိကြောင်း ထုတ်ဖော်ပြောဆိုသည်။ မြန်မာအစိုးရနှင့် KIA တို့အကြား နှစ်ပေါင်း ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိခဲ့သော်လည်း ကချင်ပြည်သူများအတွက် သိသာထင်ရှားသော ဖွံ့ဖြိုးတိုးတက်မှုတစ်စုံတရာ မဆောင်ကြဉ်းနိုင်ခဲ့ကြောင်း၊ ကချင်တိုင်းရင်းသားများအနေဖြင့် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးအရ ထိခိုက်နစ်နာမှုများသာ ဖြစ်ပေါ်ခဲ့ရကြောင်း SDS ကဆိုသည်။

*********************************************************

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများလိုအပ်ဟု သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဆို

(Radio Australia မှသတင်းကို ဘာသာပြန်ဆိုသည်)

ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်လွတ်မြောက်ခွင့်ရရှိရေးသည် ဒီမိုကရေစီ ဆက်လက်ဖော်ဆောင်နိုင်ရေး အတွက် အရေးကြီးသော အဆင့်တစ်ခုဖြစ်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Kevin Rudd က မြန်မာအစိုးရကို တိုက်တွန်းပြောကြားလိုက် သည်။

မစ္စတာ Kevin Rudd သည် မြန်မာနိုင်ငံခရီးစဉ်တွင်း သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့မှ စီနီယာ အရာရှိကြီးများနှင့် အုပ်ချုပ်ရေး မြို့တော်နေပြည်တော်၌ တွေ့ဆုံစဉ်ယင်းသို့တိုက်တွန်းပြောဆိုခြင်းဖြစ်ကြောင်း၊ နောက်တစ်နေ့တွင် ရန်ကုန်မြို့ရှိ သြစတြေးလျသံရုံး၌ ဒေါ်အောင်ဆန်း စုကြည် နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

Radio Australia သတင်းဌာနသို့ ရန်ကုန်မြို့မှ ပြောကြားရာတွင် ၎င်းက "မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး တိုးတက်မှုများဖြစ်ပေါ်အောင် လုပ်ဆောင်ရန် မြန်မာအစိုးရကိုတိုက်တွန်းခဲ့ကြောင်း" ပြောကြားသည်။ "မြန်မာအစိုးရအနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့ ကိစ္စကို ဒီမိုကရေစီဖော်ဆောင်ရေးအတွက်အရေးကြီးတဲ့ လုပ်ငန်းတစ်ရပ်အဖြစ် အသိအမှတ်ပြုပြီးလုပ်ဆောင်လာတာကို နိုင်ငံတကာက စောင့်ကြည့်နေ ကြောင်း အစိုးရ ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်စကားပြောတုန်းက ထည့်သွင်းပြောဆိုဖြစ်ခဲ့ပါတယ်" မစ္စတာ Kevin Rudd က ပြောကြားသည်။

မစ္စတာ Kevin Rudd မြန်မာနိုင်ငံသို့ မရောက်ရှိမီတစ်ရက်အလိုတွင် အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးလှုပ်ရှားမှုများမပြုလုပ်ရန် အစိုးရက သတိပေးခဲ့သည်။ မြန်မာအစိုးရ၏ အဆိုပါ သတိပေးချက်နှင့်ပတ်သက်၍ မိမိအနေဖြင့် ကောင်းစွာသိရှိထားပါကြောင်း မစ္စတာ Kevin Rudd ကပြောကြားသည်။ "ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားနိုင်ငံရေးအင်အားစုတွေအားလုံး လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရရှိသင့်ပါတယ်။ နောက်ပြီး ပြောရရင် မြန်မာနိုင်ငံရဲ့အနာဂတ်လုံခြုံကောင်းမွန်တဲ့လမ်းကြောင်းပေါ်ရောက်ရှိရေးအတွက် နိုင်ငံရေးအင်အားစုတွေနဲ့ နိုင်ငံရေးပါတီတွေကြားမှာ စစ်မှန် သောဒိုင်ယာလော့ခ်တစ်ရပ်ထွက်ပေါ်ဖို့အရေးကြီးတယ်လို့ ကျွန်တော်တို့မြင်ပါတယ်" ဟု ၎င်းကဆိုသည်။ မြန်မာနိုင်ငံတွင် အရပ်ဘက်အစိုးရတစ်ရပ် ထွက်ပေါ်လာပြီးနောက် သေးငယ်သော အပြောင်းအလဲများဖြစ်ပေါ်လာသည်ကို တွေ့ရှိရကြောင်း မစ္စတာ Kevin Rudd ကပြောကြားသည်။

သို့သော် မစ္စတာ Rudd က "လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးစတာတွေအတွက် မြန်မာနိုင်ငံမှာ အများကြီး လုပ်ကိုင်ရပါဦးမယ်" ဟုသုံးသပ်သည်။ သြစတြေးလျသည် မြန်မာနိုင်ငံသို့ တိုက်ရိုက်ဖွံ့ဖြိုးမှု အကူအညီများ အများဆုံးပေးသည့် နိုင်ငံတစ်နိုင်ငံ ဖြစ် ကြောင်း၊ ဖွံ့ဖြိုးရေးဆိုင်ရာအရေးကိစ္စများတွင် ကျောင်းတက်နိုင်သူများ တိုးမြင့်လာရေးအပါအဝင် အခြားသော အစီအစဉ်များလည်းပါဝင်ကြောင်း၊ အဆိုပါ ကိစ္စများကို မြန်မာအစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။

လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာအရေးကိစ္စများအတွက် အထောက်အပံ့ ပေးရန် သြစတြေးလျ ဒေါ်လာ သန်း ၅၀ ခန့် ရင်းနှီးမြှုပ်နှံသွားမည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment