Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၇.၇.၂၀၁၁

ပြည်တွင်းသတင်းများ

နိုင်ငံကူးလက်မှတ်သက်တမ်းကာလ နှစ်ဆတိုးမြှင့်

အစိုးရသစ်လက်ထက်၌ နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ကြာမြင့်ချိန်နှင့် လုပ်နည်းများကို လျှော့ချသွား မည်ဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ယာယီနိုင်ငံကူးလက်မှတ်သတ်တမ်းအား သုံးနှစ်မှ ခြောက်နှစ်အထိ တိုးမြှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခင် မြို့ထဲရုံး၌ အဆောက်အအုံအတွင်းပိုင်းများ ကျဉ်းမြောင်းသည့်အတွက် အချိန်ကြန့်ကြာမှုများ တွေ့ကြုံရကြောင်း၊ ယခုအခါ နိုင်ငံကူးလက်မှတ် လျှောက်ထားရာ ရုံးအား ရန်ကင်းသို့ပြောင်းရွှေ့လာပြီဖြစ်သည့်အတွက် လျှောက်ထားသူများ ပိုမိုအဆင်ပြေစေရန် ဆောင်ရွက် ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ လက်မှတ်ရုံး၌ ကွန်ပျူတာစနစ် အသုံးပြုဆောင်ရွက်နေသည့်အတွက် လုပ်ငန်းကြာမြင့်ချိန်နှင့် အချို့လုပ်ထုံးလုပ်နည်းများကို လျှော့ချပေးသွားနိုင်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

ထို့ပြင်  ယာယီနိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ယခင် နိုင်ငံကူးလက်မှတ်သက်တမ်းသုံးနှစ် သတ်မှတ် ပေးထားသော်လည်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ယာယီနိုင်ငံကူး လက်မှတ် အသစ်လျှောက်ထား သူများအား သက်တမ်းခြောက်နှစ်သို့ တိုးမြှင့်၍ ဆောင်ရွက် ပေးတော့မည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ပေးမှုတွင် အသစ်လျှောက်ထားသူများအနေဖြင့်သာ သက်တမ်း ခြောက်နှစ်ရှိ နိုင်ငံကူးလက်မှတ် ရရှိမည်ဖြစ်ပြီး လက်ဝယ်ရှိပြီး သက်တမ်းတိုးသူများ အနေဖြင့်မူ ခြောက်နှစ်သက်တမ်းတိုးသည့် စာရင်းတွင် ပါဝင်မည် မဟုတ်ဘဲ ယခင် သက်တမ်းသုံးနှစ်သာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

၂၀၀၉ ခုနှစ်မှစတင်၍ လက်ရှိမြန်မာအစိုးရသစ်လက်ထက်ကာလအထိတိုင် ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူ ဦးရေမှာ ငါးသိန်းကျော် ရှိသွားပြီဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ရန်ကင်းမြို့နယ်ရှိ ယခင်ပြည်ထဲရေးရုံးသို့ ပြောင်းရွှေ့ခဲ့ပြီးလုံခြုံရေးများတိုးမြှင့်ဆောင်ရွက်ကာ ယာယီနိုင်ငံကူးလက်မှတ် ပိုမိုလျှင်မြန်စွာ ရရှိနိုင်ရန် ဆောင်ရွက်ပေးလျှက်ရှိသည်။

(Bi Weekly Eleven၊ အတွဲ-၄၊ အမှတ်-၁၄ ပါ “ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ အသစ်လျှောက်ထားသော ယာယီမြန်မာ နိုင်ငံကူးလက်မှတ်အား သက်တမ်းသုံးနှစ်မှ ခြောက်နှစ်အထိတိုးမြှင့်နှင့် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများအတွက် ကြာမြင့်ချိန်များနှင့် လုပ်ထုံးလုပ်နည်းအချို့ကို လျှော့ချပေးသွားရန်ရှိကြောင်း သိရ” သတင်းအားအကျဉ်းချုံး ဖော်ပြသည်)

----------------------------------------------------------------------------------------------------------------------------

ဧရာဝတီတိုင်းဒေသကြီး၌ တောင်သူများအား လယ်ယာထုတ်ကုန်အသင်းများဖွဲ့စည်း၍ ပံ့ပိုးမည်

ဇူလိုင်လ ၃ ရက်နေ့က ဓနုဖြူမြို့နယ်၌ ကျင်းပခဲ့သည့် ကဉ္စနကျွန်းသာ ကုမ္ပဏီလီမီတက်မှ တောင်သူများအား မိုးစပါးစိုက်ပျိုးရန်အတွက် သွင်းအားစုထောက်ပံ့သည့် အခမ်းအနား၌ ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာထုတ်ကုန် အသင်းများဖွဲ့စည်း၍ တောင်သူများအား ပံ့ပိုး ကူညီသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောကြားခဲ့သည်။

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်ဆိုသည်မှာ လယ်သမားတစ်ဦးချင်းအား နည်းပညာပေးနိုင်ရမည်ဖြစ်ကြောင်း၊ သို့သော် ၎င်းကိစ္စရပ်မှာ ခက်ခဲကြောင်း၊ အသင်းအဖွဲ့အနေနှင့် လုပ်ဆောင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင်လည်း တောင်သူများအတွက် လယ်ယာကုန်ထုတ် သမဝါယမအသင်းများ ဖွဲ့စည်း၍ ၎င်းအဖွဲ့များမှ တောင်သူများအား ကူညီပံ့ပိုးပေးလျှက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ၎င်းနိုင်ငံများကဲ့သို့ပင် အသင်းအဖွဲ့များ ဖွဲ့စည်း၍ တောင်သူလယ်သမားများအား အကူအညီပေးမည့် ပုံစံပင်ဖြစ်ကြောင်း သိရသည်။

ယခုဖွဲ့စည်းမည့် အသင်းများသည် တောင်သူများအတွက်လိုအပ်သည့် သွင်းအားစုများကို ဆောင်ရွက်ပေးမည့် အပြင် ရိတ်သိမ်းချိန်များတွင်လည်း အသင်းတွင် ငွေကြေးတတ်နိုင်ပါက ခြွေလှည့်စက်များကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ သမားရိုးကျနည်းများဖြင့် ဆိုပါက စပါးအလေအလွင့်မှာ ၁၀ရာခိုင်နှုန်း နီးပါးခန့်ရှိသည့်အတွက် စက်ကိရိယာများ အသုံးပြု၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လယ်ယာဖွံ့ဖြိုးရေးကဏ္ဍ၌ စိုက်ပျိုးရေးနည်းပညာနှင့် အရင်းအနှီးများ အားနည်းနေသည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန်လိုအပ်ကြောင်း ဦးသိန်းအောင်က ပြောကြားခဲ့သည်။

မြန်မာ့လယ်ယာကဏ္ဍ၌ ယခင်ခေတ်ကတည်းကပင် ကျွဲနှင့် နွားကိုအသုံးပြုပြီး ယခုခေတ်တွင်လည်း ကျွဲနှင့် နွားကို အသုံးပြုလျှက်ရှိသည့်အတွက် စပါးအထွက်နှုန်းမှာ တင်း ၅၀၊ ၆၀ ခန့်သာရှိနေကြောင်း၊ အခြားနိုင်ငံများ၌ စပါးတင်း ရာကျော်ထွက်လျှက်ရှိကြောင်း၊ ၎င်းကိစ္စရပ်များသည် မိမိတို့ပြောင်းလဲရမည့် ကိစ္စပင်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

တစ်ဧကလျှင် စပါးရှစ်တင်းခန့်ဆုံးရှုံးရသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးဧက သိန်းပေါင်း ၇၀ ရှိသည့်အတွက် စပါးတင်း သိန်းပေါင်း ၅၀၀ ခန့်လေလွင့်ဆုံးရှုံးနေရသည်ဟု ဆိုသည်။

ယခုကဲ့သို့ လယ်ယာကဏ္ဍတွင် အသင်းအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်မည်ဆိုပါက စပါးအထွက်နှင့် ထွက်ရှိသည့် စပါးအရည်အသွေးပိုင်းများတွင် ကောင်းမွန်လာနိုင်မည်ဖြစ်ပြီး ၎င်းအသင်းများမှ တောင်သူများအတွက်လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် လယ်ယာသုံး စက်ကိရိယာများ ပံ့ပိုးပေးသွားနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

(မြန်မာတိုင်းမ်၊ အတွဲ-၂၇၊ အမှတ်-၅၂၅ ပါ ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာကုန်ထုတ်အသင်းများဖွဲ့စည်းကာ တောင်သူများကို ပံ့ပိုးသွားမည် သတင်းကို အကျဉ်းချုပ်ဖော်ပြသည်။)

---------------------------------------------------------------------------------------------------------------

ပြည်ပပို့ကုန်လုပ်ငန်းများ အစိုးရအကူအညီမျှော်လင့်

မြန်မာကျပ်ငွေနှုန်းထား မြင့်မားလာသည့်အမျှ ပြည်တွင်းရှိ ပို့ကုန်လုပ်ငန်းများ အရှုံးပေါ်နေသည့်အတွက် ပို့ကုန်လုပ်ငန်းရှင်များက အရင်းအနှီးများ သက်သာနိုင်စေရန် အစိုးရ၏ ကူညီပံ့ပိုးမှုများကို မျှော်လင့်လျှက်ရှိကြောင်း သိရသည်။

မိမိတို့ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးငွေကို သုံးကြိမ်ရင်းနှီးမြှုပ်နှံနေရကြောင်း၊ ကုန်ကြမ်းဝယ်ရန် တစ်ရင်း၊ ပြည်ပသို့ ပို့လိုက်သည့် ကုန်များကို ဘဏ်၌ ဝင်ငွေပြရနှ် တစ်ရင်းနှင့် ကုန်ပစ္စည်း ဝယ်သူသည့် သူများကငွေအား လက်ငင်းမခြေပဲ နှစ်လလောက်အကြာမှ ခြေသည့် တစ်ရင်း ဖြစ်နေကြောင်း၊ ၎င်းကိစ္စရပ်အား ဖြေလျော့နိုင်ရန် ဘဏ်၌ အဝင်ပြရသည့် ငွေရင်းတစ်ရင်းအား ဖယ်ပေးနိုင်ရန်မျှော်လင့်ကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း က တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ပို့ကုန်လုပ်ငန်းလုပ်ဆောင်ရာတွင် ငွေရောက်မှ ပစ္စည်းပို့သည့်စနစ် Freight on Board စနစ်အား ကျင့်သုံးနေသည့်အတွက် လုပ်ငန်းတွင်ကျယ်စေရန် ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်များသည် မိမိတို့၏ ကိုယ်ပိုင်ပိုက်ဆံအား နိုင်ငံခြားဘဏ်များမှ မိမိတို့၏ ဘဏ်စာရင်းထဲသို့ အရင်ထည့်သွင်းပေးနေရသည်။

သို့သော် ပို့ကုန်တင်ပို့ရာ၌ ဝယ်သူသည် Letter of Credit (LC) ကိုဖွင့်ထားပေးပြီး ကုန်ပစ္စည်းရောက်ရှိပြီး နှစ်လခန့်ကြာမှသာ ၎င်းဝယ်သူက ငွေပေးချေလေ့ရှိသည့်အတွက် ပြည်တွင်းရှိ ပို့ကုန်လုပ်ငန်းရှင်များက မိမိတို့၏ ကိုယ်ပိုင်ငွေကြေးကို နိုင်ငံခြားဘဏ်များမှတစ်ဆင့် မြန်မာနိုင်ငံဘဏ်များတွင် ငွေပို့ကာ ပို့ကုန်တန်ဖိုးပေးချေသည့် ပုံစံဖြင့် ငွေထည့်သွင်းပေးထားရကြောင်း သိရသည်။

မိမိတို့နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်၌ (LC) မှငွေအား ကြိုထုတ်၍ရသည့်အတွက် ထုတ်ယူရရှိသည့် (LC) မှငွေဖြင့် ကုန်ကြမ်းပစ္စည်း ဝယ်ယူ၍ ရရှိကြောင်း၊ မိမိတို့နိုင်ငံ၌လည်း (LC) ငွေအား ကြိုထုတ်ပေးမည်ဆိုပါက ငွေရင်းလိုအပ်မှု ပိုမိုလျော့သွားနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

၎င်း (LC) ငွေအား ကြိုတင်ထုတ်ယူရရှိမှု မရှိခြင်းကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများတွင်လည်း ကိုယ်တိုင်ချုပ်လုပ် တင်ပို့နိုင်ခြင်းမရှိဘဲ Cutting, Making and Packing (CMP) စနစ်ဖြင့်သာ ဆောင်ရွက်ရခြင်းကြောင့် တိုင်းပြည်၌ ဝင်ငွေဆုံးရှုံးရနေရကြောင်း၊ ဝယ်လက်မှ LC ဖွင့်ပေးသည့် ပိုက်ဆံအား မိမိတို့အတွက် LC ပြန်ဖွင့်ပေးနိုင်ရန် လိုအပ်ကြောင်း လှိုင်င်သာယာအထည်ချုပ်စက်ရုံတစ်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုလက်ရှိအခြေအနေသည် ပို့ကုန်လုပ်ငန်းမလုပ်သင့်သည့် အခြေအနေပင်ဖြစ်ကြောင်း၊ သို့သော် ပို့ကုန်လုပ်ငန်း ဆက်လက်လုပ်ကိုင်ခြင်း မပြုပါက ကျွမ်းကျင်လုပ်သားများ ဆုံးရှုံးမည်စိုးသောကြောင့် တောင့်ခံ၍သာ ဆက်လက်လုပ်ကိုင်နေရကြောင်း၊ နှစ်လ၊ သုံးလ နေ၍ အပြောင်းအလဲတစ်ခု ပြောင်းလဲခြင်းမရှိပါက မိမိတို့အနေဖြင့် စက်ရုံများကို ပိတ်ပစ်ရတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများအသင်းနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းများအနေဖြင့်လည်း လက်ရှိငွေဈေးအပြောင်းအလဲများကြောင့် လုပ်ခလစာများ ပေးရမှုမြင့်မားလာသည့်အတွက် စက်ရုံစရိတ်လျှော့ချရန် အလုပ်သမားဦးရေကို လျှော့ချလာနိုင်ဖွယ်ရှိကြောင်း သိရသည်။ လက်ရှိ လုပ်ကိုင်နေသည့် အလုပ်သမားများ၏ လစာအား လျှော့ချပါက မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် အလုပ်သမားများလျှော့ချ၍ အလုပ်သမားအသစ်များအား လစာနိမ့်ဖြင့် ခေါ်ယူလာနိုင်ကြောင်း သိရသည်။

(မြန်မာတိုင်းမ်၊ အတွဲ-၂၇၊ အမှတ်-၅၂၅ ပါ ပြည်ပပို့ကုန်လုပ်ငန်းများ အစိုးရ၏အကူအညီမျှော်လင့်နေ သတင်းကို ထုတ်နှုတ်ဖော်ပြသည်။)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ရုံးထိုင်ကြားနာ

၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး စတင်ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ (၁၃) အရ တင်သွင်းလာသည့် တင်သွင်းလွှာအမှတ် (၁/၂၀၁၁) ကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပါဝင်သောခုံရုံးသည် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ခုံရုံး ရုံးခန်းအမှတ်(၁) ၌ စတင်ကြားနာခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများမှ ဖော်ပြချက် အရ သိရှိရသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၁၃ အရ ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထားရယူရန် ကိစ္စရပ်များပေါ်ပေါက်လာပါက နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ တို့သည် ခုံရုံးသို့တိုက်ရိုက်တင်သွင်းခွင့်ရှိကြောင်း သိရသည်။

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌအဖြစ် ဦးသိန်းစိုး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များအဖြစ် ဒေါက်တာတင်မောင်အေး၊ ဒေါ်ခင်လှမြင့်၊ ဦးထွန်းကြည်၊ ဦးစိုးသိန်း၊ ဦးခင်ထွန်း၊ ဦးဆန်းမြင့်၊ ဦးမြင့်ကြိုင်၊ ဒေါ်မိမိရီတို့အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ခန့်အပ်တာဝန်ပေးခဲ့သည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ အဓိကလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မပာုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွှတ်ခြင်း ရှိ၊ မရှိ စိစစ်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။

(Weekly Eleven၊ အတွဲ-၄၊ အမှတ်-၁၄ ပါ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ရုံးထိုင်ကြားနာ သတင်းကို ထုတ်နှုတ်ဖော်ပြသည်။)

-----------------------------------------------------------------------------------------------------------------------------------

ပင်စင်စားများ ပင်စင်လစာ ထုတ်ရန်အခက်ကြုံ

ပင်စင်လစာများမည်ကဲ့သို့ ထုတ်ယူရမည်ကို တိကျသော ညွှန်ကြားချက်များ မရှိသည့်အတွက် ပင်စင် လစာများ ထုတ်ယူရန် စီစဉ်ရာတွင် အခက်အခဲများ တွေ့နေကြောင်း ပင်စင်စားအသိုင်းအဝိုင်းမှသိရှိရသည်။

ပင်စင်လစာများ တိုးမြှင့်ပေးသည်ဟူသည့် အမိန့်သာထွက်ပေါ်လာပြီး၊ မည်သို့ဆောင်ရွက်ရမည်ကို ညွှန်ကြားထားခြင်း မရှိသည့်အတွက် အခက်အခဲဖြစ်ရကြောင်း ဇူလိုင်၅ ရက်နေ့က ရန်ကုန်မြို့၊ ပန်းဆိုးတန်းရှိ ပင်စင်ဦးစီး ဌာနရှေ့တွင်တွေ့ရှိရသည့် အငြိမ်းစား ကျောင်းဆရာမကြီး တစ်ဦးကဆိုသည်။

“နောက်ဆုံးတာဝန်ကျခဲ့တာက သီပေါမှာဆိုတော့ ကြေငြာထားတဲ့အတိုင်းဆိုရင် လျှောက်လွှာ ပုံစံဖြည့်ပြီး၊ သီပေါကို တစ်ခေါက်ပြန်သွားရမယ် ဆိုရင် ဆရာမကြီးအနေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သွားရေးလာရေး ခက်ခဲတဲ့သူတွေ၊ ကျန်းမာရေး အဆင်မပြေသူတွေအတွက် အဆင်ပြေနိုင်အောင် လုပ်ပေးနိုင်ရင်ကောင်းမယ်” ဟု သူမျှော်လင့် သည်များကို ပြောပြသည်။

ပင်စင်လစာထုတ်ယူရန် မိခင်ဌာန(သို့) နောက်ဆုံးလုပ်ကိုင်ခဲ့သည့် ဌာနများသို့ သွားရောက် အကြောင်းကြားရာတွင် နေထိုင်ကြောင်း ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာနှင့် ပင်စင်စာရွက်စာတမ်းတို့ လိုအပ်ကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူက “အငြိမ်းစား ဝန်ထမ်းတွေက မိခင်ဌာနနဲ့ အဆက်ပြတ်နေတာ ကြာပြီဆိုတော့ သူတို့တွေ မိခင်ဌာနတွေကို ပြန်သွားရင် အဆင်ပြေအောင် ရည်ရွယ်တဲ့အတွက်ပါ။ ဒီလိုကိစ္စတွေကို ဘယ်လိုဘယ်ပုံ ဆောင်ရွက်ရမယ် ဆိုတာကို အသေးစိတ်ညွှန်ကြားချက်ကတော့ မလာသေးပါဘူး”ဟုဆိုသည်။

မြန်မာ့စီးပွားရေးဘဏ်များမှ အငြိမ်းစားယူခဲ့သည့် ဝန်ထမ်းများကို ယင်းဘဏ်များမှ တာဝန်ရှိသူများကိုယ်တိုင် ပင်စင်လစာထုတ်ရာတွင် ကူညီရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဇူလိုင် ၃ ရက်နေ့စွဲဖြင့် ယင်းဘဏ် အသီးသီးကို ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်သည် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားယူခဲ့သော ဝန်ထမ်းများနှင့်သာ သက်ဆိုင်ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ဆိုသည်။

(ကျော်စွာ)

--------------------------------------------------------------------------------------------------------------------------------

နိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲရန် ဝန်ကြီးဌာနသုံးခုပေါင်းကာလေ့လာမှုပြုလုပ်

နိုင်ငံခြားငွေ လဲလှယ်နှုန်းပြောင်းလဲရန် လေ့လာမှုများပြုလုပ်နေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါလေ့လာမှုကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး၊ ဝန်ကြီးဌာန ၅ ခုထက်မနည်း ပါဝင်ကြောင်း ယင်းတာဝန်ရှိသူက ထပ်လောင်းဆိုသည်။ “ နိုင်ငံခြားငွေလဲနှုန်းညှိတယ် ဆိုတာက ဒေါ်လာပေါက်ဈေးမှာ  အစိုးရဈေးကတစ်မျိုး၊ NGO တွေမှာ သတ်မှတ်တဲ့ ဈေးကတစ်မျိုး၊ ဦးပိုင်တို့MEC တို့က သတ်မှတ်တဲ့ ဈေးကတမျိုးနဲ့ ဈေးတွေ အမျိုးမျိုးဖြစ်နေတာကို တန်းညှိခြင်တဲ့ ကိစ္စလည်းပါတယ်။” ဟုထပ်လောင်းဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးဖြစ်သော ဟိုတယ်နှင့် ခရီးသွားလာရေဝန်ကြီး ဦးတင့်ဆန်းမှ ၂၀၁၂ ခုနှစ်အတွင်း Money Changer များဖွင့်လှစ်ရန် ပြင်ဆင်နေခြင်းကြောင့်လည်း နိုင်ငံခြားငွေ လဲလှယ်နှုန်တစ်ခုအား အစိုးရမှသတ်မှတ်ရန် မကြာတော့သည်ဟု ခန့်မှန်းရကြောင်း မြန်မာ့နိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဘုတ်အဖွဲ့ MTB မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“အရင်ကထက်စာရင် ကျိုးကြောင်းတိုက်ဆိုင်မှုတွေ များနေတော့ ဒီကိစ္စက မနှေးမမြန်ဖြစ်လာမယ်လို့ ထင်ပါတယ်”ဟုဆိုသည်။ နိုင်ငံခြားငွေလဲလှယ်နှုန်း ပြင်ဆင်ရန် နိုင်ငံတကာအဖွဲ့အစည်းများမှ ၁၉၈၉ န၀တ တက်လာပြီးချိန်မှစ၍ ယနေ့အချိန်ထိ အကြံညဏ်ပေးခြင်းများ ရှိခဲ့ကြောင်း သိရှိရသည်။

(ကျော်စွာ)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ဥပမာ အခွန်ရှောင်ရင် ထောင်ခုနှစ်နှစ်လောက်ကျနိုင်တယ်ဆိုတာ သူတို့မသိကြဘူး။ လစာနည်းနည်းတိုးပေးပြီး ကုမ္ပဏီ ပိုင်ရှင်အမည်ခံခိုင်းတာကို လုပ်နေကြတယ်" ဟု သွင်းကုန်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

သက်ဆိုင်ရာက အခွန်နှင့် ပတ်သက်၍ စစ်ဆေးပါက ကုမ္ပဏီပိုင်ရှင်အမည်ခံထားသူသာဖြေရှင်းရမည်ဖြစ်ပြီး အခွန်ရှောင် ထားသည်ကိုတွေ့ရှိပါက ထောင်သုံးနှစ်မှ ဆယ်နှစ်အထိကျခံရနိုင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ဇူလိုင် ၇ ထုတ် 7DAYS အတွဲ (၁၀) အမှတ် (၁၆) တွင်ပါသည့် "အခွန်ရှောင်လိုသည့် နိုင်ငံခြားသားကုမ္ပဏီအတွက် ပိုင်ရှင် အမည်ခံ မြန်မာဝန်ထမ်းများထောင် ၇ နှစ်အထိကျနိုင်" သတင်းမှ ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

"မလျှော့တာနဲ့စာရင် လျှော့တာက ကောင်းတာပေါ့။ ဒါပေမဲ့လက်ရှိအခြေအနေမှာ ၃ ရာခိုင်နှုန်းကတော့ ကုန်သွယ်ရေး လုပ်ငန်းတစ်ခုလုံးကို လုံးလုံးမကာမိသေးဘူး။ ကမ္ဘာ့ပဲဈေး၊ ဆန်ဈေးကျနေတာနဲ့ဆိုရင် ၃ ရာခိုင် နှုန်းလျှော့ပေးတာက ပဲတွေဆန်တွေပို့မယ်ဆိုရင် အရှုံးမကာမိသေးဘူး။ ပဲဈေးဆန်ဈေးကောင်းနေတဲ့ အချိန်ဆိုရင် ၁၀ ရာခိုင်နှုန်း အခွန် ကောက်လည်း ပြဿနာမရှိဘူး။ ဒါကြောင့် အခြေအနေပေါ်မူတည်ပြီး အခွန်ကိုကောက် စေချင်ပါတယ်"

ဇူလိုင် ၇ ထုတ် 7DAYS အတွဲ (၁၀) အမှတ် (၁၆) တွင်ပါသည့် "ပို့ကုန်ပေါ်အခွန်ကောက်ခံခြင်း သုံးရာခိုင်နှုန်းစတင်လျှော့" သတင်းမှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်ကြီးတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

"အလုပ်ကတော့ မပင်ပန်းပါဘူး။ ဒါပေမဲ့ ထမင်းဆိုင်ဆိုတော့ မနက် ၅ နာရီခွဲကနေ ည ၁၀ နာရီလောက်အထိ ပုံမှန် အလုပ်လုပ်ရတယ်။ ဆိုင်မှာဆို ထမင်းကူချက်၊ စားပွဲထိုးပေးရတယ်။ ကျွန်မက နယ်ကလာတာဆိုတော့ ဆိုင်ရှင်အိမ်မှာပဲ နေရတာ။ ဒီတော့ အိမ်ရှင်ရဲ့ အဝတ်တွေကိုတော့ မီးပူလေးဘာလေး တိုက်ပေးရတာပေါ့။ လခက ၂သောင်းခွဲရတယ်။ ထမင်းကတော့ ကျွေးတယ်။ ဧည့်သည်ရှင်းတဲ့အချိန်လောက် ရွေးစားရတာဆိုတော့ ထမင်းစားချိန်တော့ မမှန်ဘူး"

ဇူလိုင် ၇ ထုတ် Popular News အတွဲ (၃) အမှတ် (၂၆) တွင်ပါသည့် "ကလေးလုပ်သား အသက်ကန့်သတ်မှု ဥပဒေအတိုင်း အလုပ်ခိုင်းလျှင် ကျန်းမာရေးထောက်ခံချက် ပါရှိရမည်" သတင်းမှ အသက် ၁၆ နှစ်အရွယ် ထမင်းဆိုင်တွင် အလုပ်လုပ်နေသည့် မိန်းကလေးတစ်ဦး၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

"ကလေးတွေ ကျောင်းပိတ်ရက်မှာ ကစားကွင်းတစ်ခုခေါ်သွားတယ်။ သူတို့ဆော့နေတုန်းကျွန်တော်လိုက်ကြည့်တော့ တစ်နေရာမှာ သံတိုင်တွေကာထားတဲ့ အစွပ်တွေက ကွဲပြီးထိရှနိုင်တဲ့ ဇောင်းလိုဖြစ်နေတယ်။ အဲဒါတာဝန် ရှိတဲ့ တစ်ယောက်ကို ချက်ချင်းခေါ်ပြလိုက်တယ်။ သူတို့ကပြင်ဖို့လုပ်နေပါတယ် ပြောတယ်လေ။ ပြင်တာက နောက်ပေါ့။ တကယ်လို့ အဲဒီအချိန် ကလေးတစ်ယောက်ယောက် ထိခိုက်မိပြီဆို ပြဿနာတွေက ဖြစ်လာမယ်။ သူတို့က အမြဲစစ်ဆေးနေတယ် ပြောပေမယ့် ကျွန်တော့်အမြင်တော့ လုံခြုံစိတ်ချရမှုအတွက် အာမခံချက်နည်း တာတော့ အမှန်ပါပဲ"

ဇူလိုင် ၇ ထုတ် Popular News အတွဲ (၃) အမှတ် (၂၆) တွင်ပါသည့် "တာဝန်ယူစိတ်ရှိမှသာ ပြည်သူ့အပန်းဖြေ နေရာများ အန္တရာယ်ကင်းမည်" သတင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

မြန်မာယဉ်ကျေးမှုအတွေးအမြင်ဖြင့် ရှေ့ဆက်ခြင်း

သမ္မတဦးသိန်းစိန်ထံသို့

ပြည်သူ့ရေးရာကောင်စီမှ

အကြောင်းအရာ။      ။  မြန်မာယဉ်ကျေးမှုအတွေးအမြင်ဖြင့် ရှေ့ဆက်ခြင်း

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ခင်ဗျား.....

မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ပြည်ပနှင့်အဆက်အသွယ်ဖြတ်ကာ နေထိုင်ခဲ့သည်မှာ ဆယ်စုနှစ် များစွာကြာ မြင့်ခဲ့ပြီးဖြစ်လေသည်။ ၁၉၈၈ခုနှစ်နောက်ပိုင်းတွင် နိုင်ငံရေးနှင့် စီးပွားရေးတွင် အပြောင်းအလဲတချို့ လုပ်ဆောင်ခဲ့သော်လည်း အာဏာပိုင်စနစ်ဖြင့်သာနိုင်ငံကို မောင်းနှင်နေသောကြောင့် စီးပွားရေးအခွင့် အလမ်းများကို နိုင်ငံသားတိုင်း ခံစားခွင့် ရခဲ့ကြသည်တော့ မဟုတ်ပါ။ ထိုအတွက်ကြောင့်လည်း ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးခဲ့ခြင်းမရှိသည်ကို တွေ့ကြုံခံစားကြရခြင်း ဖြစ်လေသည်။ တလောက နေပြည်တော်တွင်ကျင်းပသည့် ဆင်းရဲမွဲတေမှု လျှော့ချရေးဖိုရမ်တွင် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂမှ သတ်မှတ်ထားသည့် ဆင်းရဲမွဲတေမှုအဆင့်ရှိသော နိုင်ငံသားအရေအတွက်ကို ကိန်းဂဏန်းများဖြင့် အတိအကျ သတ်မှတ်ပေးခဲ့ခြင်းသည် နိုင်ငံအပြောင်းအလဲအတွက် ကောင်းမွန်သည့် လက္ခဏာဖြစ်လေသည်။ ယခင်ကဆိုလျှင် ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုမှုမျိုးကို တရားဝင်ထုတ်ဖော်ရန် အတော်ပင်ဝန်လေးခဲ့လေသည်။ ယခု ဤသို့ တရားဝင် ထုတ်ဖော်ကြေငြာခြင်းဖြင့် ဆင်းရဲမွဲတေမှု လျော့ကျအောင် မည်သို့၊ မည်ပုံဆောင်ရွက်သွားမည်ကို မူဝါဒ ဆွေးနွေးပွဲများ (Policy Dial ogue) မီဒီယာမျက်နှာစာပေါ်တွင် တွေ့မြင်နေရလေပြီ ဖြစ်လေသည်။

မြန်မာနိုင်ငံကို အမျှော်အမြင်ရှိသော အပြောင်းအလဲများပြုလုပ်ရာ၌ အကောင်းဆုံးအခြေခံရမည့် သဘောတရား မှာ မြန်မာ့ကိုယ့်ပိုင်ယဉ်ကျေးမှု အတွေးအမြင်များပင် ဖြစ်လေသည်။ အခြားယဉ်ကျေးမှုများမှ ရရှိလာသော နိုင်ငံတည် ဆောက်ရေး အတွေးအမြင်များကို မြန်မာအစဉ်အလာတန်ဖိုးများနှင့် ပေါင်းစပ်ပုံဖော် နိုင်ဖို့ပင်ဖြစ်လေသည်။ ဤနေရာတွင် မြန်မာ့ယဉ်ကျေးမှုအတွေးအမြင်မှာ အဘယ်နည်းဟူ၍ မေးစရာပင်ရှိလာပါသည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်း ၁၀၀၀ ကျော် ခန့်ကတည်းက အိမ်နီးချင်း တရုတ်နှင့် မြန်မာယဉ်ကျေးမှုများကို ရောနှောနေသည့်အတွက် မြန်မာ့ယဉ်ကျေးမှုစင်စစ်ကို ပြပါဆိုလျှင် ခက်ပေလိမ့်မည်။ သို့သော် စာရေးဆရာ နန္ဒသိန်းဇံ၏ "ကိုယ်ကျင့်တရားတည်ဆောက်ခြင်းနှင့် အဆင့်မြင့် ခရီးစဉ်" စာအုပ်၌ ယင်းကဲ့သို့ အခြားသော ယဉ်ကျေးမှုများနှင့် ရောနှောနေသည့် မြန်မာ့ယဉ်ကျေးမှုကို ထုတ်ဖော်ခိုင်းခြင်း သည် ဒင်္ဂါးတစ်ပြားကို ခေါင်းနှင့်ပန်းခွဲခိုင်းသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ မြန်မာများအနေဖြင့် အခြားသော ယဉ်ကျေးမှု များကို လက်ခံကာ မိမိတို့၏ အစဉ်အလာတန်ဖိုးများနှင့် ပေါင်းစပ်ကျင့်သုံးသည့်အတွက် ယင်းကိုပင် မြန်မာ့ယဉ်ကျေးမှုဟု ခေါ်တွင်ရမည်ဖြစ်လေသည်ဟု ရေးသားထားလေသည်။

မြန်မာ့ယဉ်ကျေးမှု၏ အဓိက ဒေါက်တိုင်ကြီးသုံးခုမှာ သီလ၊ သမာဓိ၊ ပညာတို့ဖြစ်လေသည်။ ယင်းယဉ်ကျေးမှု အတွေးအမြင်ဖြင့် နိုင်ငံရေး တည်ဆောက်ရေးကို ပြုမည်ဆိုလျှင် အတိုင်းထက်အလွန် တံခွန်နှင့် ကုက္ကိုင်းပင် ဖြစ်နေတော့ မည်ဖြစ်သည်။ သမ္မတကြီး မိန့်ခွန်းတွင် ပြောကြားသွားသော ကောင်းမွန်သန့်ရှင်းသော အစိုးရဖြစ်ရေးကို ယင်းယဉ်ကျေးမှု အတွေးအမြင်များဖြင့် အကောင်အထည်ဖော်သွားမည်ဆိုပါက အချိန်ကြန့် ကြာမှုနည်းပါးကာ လျင်လျင်မြန်မြန် အကောင် အထည်ပေါ်သွားမည်ဖြစ်လေသည်။

မကြာမီက ပင်စင်လစာများတိုးမြင့်ပေးခဲ့သည့်အတွက် နိုင်ငံအတွက် နှစ်ပေါင်းများစွာ နိုင်ငံဝန်ထမ်းများအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ပင်စင်စား အဘိုးအို၊ အဘွားများအနေဖြင့် ရွှင်လန်းဝမ်းမြောက်ခဲ့ရသည်။ ထိုအတွက်ကြောင့် အစိုးရအသုံးစရိတ် မြင့်မားလာမှုဖြစ်ပေါ်လာကာ နိုင်ငံ၏ GDP လည်းတက်လာမည်ဖြစ်သောကြောင့် သားရွှေအိုးထမ်းမည့် ကိန်း ဖြစ်ပါသည်။ အနောက်ဥရောပမှ နိုင်ငံတစ်ခုဖြစ်သော ဂရိနိုင်ငံတွင် ယခုအခါ ပင်စင်လစာ ဖြတ်တောက်ချမှုများ ရှိနေ သည့်အတွက် ပြည်သူများ လမ်းပေါ်ထွက်ဆန္ဒပြကာ တိုင်းပြည်မငြိမ်မသက်ဖြစ်နေရသည်ကို မီဒီယာ မျက်နှာစာများတွင် တွေ့မြင်နေရလေသည်။ တစ်ပြိုင်နက်လိုလို ဖြစ်ပွားခဲ့သော မြန်မာ့အရေးနှင့် ကမ္ဘာအရေးကို ကြည့်ခြင်းအားဖြင့် တစ်ချက် သတိထားမိစရာ အကြောင်းအရာတစ်ခုမှာ ပြည်သူများအပေါ်တွင်ထားရှိသော စေတနာသဘောထားဖြင့်သည်။ ကောင်းမွန်သည့် စေတနာဖြင့် မူဝါဒများချမှတ်မည်ဆိုပါက နိုင်ငံရေးသဘောထားမတူညီမှုများကို ညှိနှိုင်းပြီးသားဖြစ်ပေလိမ့်မည်။ ဂရိနိုင်ငံအနေအထားကို ကြည့်ပါကလည်း စီးပွားရေးမူဝါဒအမှားများထက် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ ပြင်းထန် နေမှုကြောင့်ဖြစ်လေသည်။

မြန်မာဗုဒ္ဓစာပေရှိ မင်္ဂလာတရားတော်တွင် ဘုရားလောင်းကျေးမင်းက " ငါသည် ကျွေးဟောင်းကိုလည်း ဆပ် သည်။ ကျွေးသစ်လည်းချသည်"ဟု ပြောဆိုသွားလေသည်။ ဆိုလိုသည်မှာ အမိအဘကိုလည်း ကျေးဇူးဆပ်သည်။ သား သမီးများကိုလည်း ရှာဖွေးကျွေးမွေးသည်။ ဤသဘောတရားကို နိုင်ငံတစ်နိုင်ငံအဖြစ် ခြုံငုံရှုမြင်ကြည့်ပါက သက်ကြီး ရွယ် အိုများ အတွက်လည်း ပင်စင်ရံပုံငွေများ၊ ကျန်းမာရေးဆက်ရှောက်မှုများ ထားရှိရုံမျှမက မျိုးဆက်သစ်များအတွက်လည်း အခမဲ့ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများအောင် ဆောင်ရွက်ခြင်းများကြောင့် ထိုကဲ့သို့သော နိုင်ငံများသည် မင်္ဂလာတရားတော်နှင့်ညီသော နိုင်ငံများ ဖြစ်လေသည်။ ဤကဲ့သို့သော နိုင်ငံများသည် အဘယ်မှာ မချမ်းသာဘဲ နေမည် နည်း။

ဂရိနိုင်ငံ၏ အဖြစ်အပျက်အရ နိုင်ငံရေးသဘောထားကွဲလွဲမှု၊ နိုင်ငံရေးအရညီညွတ်မှုမရှိခြင်းတို့သည် နိုင်ငံဖွံ့ဖြိုးရေးအတွက် လွန်စွာ အဟန့်အတားဖြစ်စေသည့် ကိစ္စရပ်ပင်ဖြစ်လေသည်။ နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ နိုင်ငံရေးအရသဘောထားကွဲလွဲမှုမှာ ရှိနေမြဲပင်ဖြစ်လေသည်။ သို့သော် ယင်းကဲသို့ သဘောထားကွဲလွဲ မှုများပြင်းထန်လာပါက တိုင်းပြည်အတွက် လွန်စွာပင်နစ်နာကြောင်း တွေ့မြင်ရ လေသည်။

အိမ်နီးချင်းထိုင်းနိုင်ငံဆိုလျှင် နိုင်ငံရေးသဘောထားကွဲလွဲမှုများ အခြေခံကျကျ ညှိနှိုင်းမှုများမရှိခဲ့ သည့်အတွက် ရှပ်နီ၊ ရှပ်ဝါများဖြင့် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ရလေသည်။ ယခုရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် အဘီဆစ်ကို အဓိကအတိုက်အခံပါတီမှ ယင်လဲ့ အနိုင်ရသွားသည့်အကြောင်းအရင်းမှာလည်း မဲဆွဲရေးကာလတွင် ထိုင်းနိုင်ငံ၏ နိုင်ငံရေးသဘောထားကွဲလွဲမှုကို အနည်းဆုံးဖြစ်ချင်သည့် စိတ်စေတနာကို မြင်တွေ့သွားသောကြောင့် ဖြစ်ပေလိမ့်မည်။ သူမ၏ ရွေးကောက်ပွဲမဲဆွယ်ဆောင်ပုဒ်ကို ကြည့်ပါက Reconciliation (ပြန်လည်ပေါင်းစည်းရေး) ဖြစ်လေသည်။ ယှဉ်ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီမှ ရွေးကောက်ပွဲ မဲဆွယ်ဆောင်ပုဒ်မှာ "It's us or choas" ဖြစ်သည့် အတွက် ပြည်သူများ အဓိပ္ပယ်တစ်မျိုးဖြင့် ထင်မြင်သွားနိုင်လေသည်။

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးရှိမှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိမည်ဟု မဆိုသာ သော်လည်း ရေရှည်ဖွံ့ဖြိုးမှုအတွက်တော့ မကောင်းပါ။ ထိုအတွက်ကြောင့် ပြည်သူအကျိုးကို ရှေ့ရှု၍ နိုင်ငံ ရေရှည် ကောင်းကျိုးအတွက် အခြားသော နိုင်ငံရေးအတိုက်အခံအင်အားစုများကို အင်အားသုံးဘေးဖယ်ထုတ် ထား၍ မကောင်းပါ။ သမ္မတကြီးတို့၏ နိုင်ငံရေးဂုဏ်သိက္ခာအတွက်သာမက နိုင်ငံရေးယဉ်ကျေးမှုမြင့်မားစေရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် မြန်မာ့ယဉ်ကျေးမှုအတွေးအမြင်ဖြင့် ရှေ့ဆက်လျှောက်လှမ်းသွားဖို့ရန် တိုက်တွန်းပါကြောင်း .................။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment