Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၀.၇.၂၀၁၁

ပြည်တွင်းသတင်းများ

ပင်စင်လစာများ ထုတ်ယူရာတွင် ညွှန်ကြားချက်များ ထုတ်ပြန်

ပင်စင်စားများ ပင်စင်လစာထုတ်ယူရာတွင် အခက်အခဲများ ကြုံတွေ့ခြင်း မရှိနိုင်စေရန် ညွှန်ကြားချက်များကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဇူလိုင် ၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာမှ သိရှိရသည်။

ယင်းထုတ်ပြန်ချက်တွင် ပင်စင်စားများသည် မိမိနေထိုင်ရာမြို့နယ်တွင် မိခင်ဌာနရုံးချုပ်/ရုံးခွဲများ မရှိပါက မိခင်ဌာနကိုယ်စား မြို့နယ်ထွေအုပ်ရုံး များတွင် တိုးမြှင့်ပင်စင်လစာများကို သက်ဆိုင်ရာဌာနများသို့ သွားရောက်တင်ပြရမည်ဖြစ်ကြောင်း၊ ပင်စင်လစာခွင့်ပြုမိန့်မရှိပါကလည်း ပင်စင်လစာစာအုပ် တစ်ခုတည်းဖြင့် ဆက်လက်ဆောင်ရွက်နိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ပင်စင်စားမကျန်းမာပါကလည်း ၎င်းကိုယ်စားထုတ်ယူနိုင်ပြီး၊ ယင်းပင်စင်စား သက်ရှိထင်ရှားရှိကြောင်း သက်ဆိုင်ရာဌာနများမှ စိစစ်အတည်ပြုပြီး ပါက သက်ဆိုင်ရာဌာနသို့ တိုးမြှင့်ပင်စင်လစာတောင်းခံလွှာကို ပေးပိုရမည်ဖြစ်ပြီး၊ ပင်စင်ထုတ်ယူခြင်းနှင့် ဆက်စပ်သည့် အစိုးရဌာနများမှ ပြီးပြည့်စုံစွာ အကူအညီပေးရမည်ဟု ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ညွှန်ကြားချက်ထုတ်ပြန်လိုက်ခြင်းကြောင့် သက်ဆိုင်ရာအစိုးရဌာနများနှင့် ဆက်စပ်လုပ်ကိုင်ရာတွင် အဆင်ပြေနိုင်ကြောင်း အလုပ် သမားဝန်ကြီးဌာနမှ အငြိမ်းစားဝန်ထမ်းတစ်ဦးက ဆိုသည်။

ဘဏ္ဍာအခွန်မှ အကြီးတန်းအရာရှိအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည့် အရာရှိတစ်ဦးကလည်း "ဒီလိုညွှန်ကြားချက် တိတိကျကျထုတ်ပြန်လိုက်တော့ နယ်ကိုခရီးမသွားနိုင်သူတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေအတွက် တော်တော်အဆင်ပြေသွားတယ်"ဟု ဆိုသည်။

၂၀၁၁ ခုနှစ်၊ ဇွန်လ ၃၀ရက်မှစတင်ကာ နိုင်ငံ့ဝန်ထမ်းပင်စင်စားများနှင့် နိုင်ငံရေးပင်စင်စားများအား ပင်စင်လစာတိုးမြှင့်ပေးကြောင်း အမိန့်ကြေ ငြာစာ ထွက်ပေါ်ခဲ့သော်လည်း မည်သို့ဆက်လက်ဆောင်ရွက်ရမည်ကို ညွှန်ကြားချက်များ မထွက်လာသဖြင့် သက်ဆိုင်ရာအစိုးရဌာနများနှင့် ပင်စင်စားများ အခက်ကြုံခဲ့ရကြောင်း ပြီးခဲ့သည့် ရန်ကုန်ခရော်နီကယ်သတင်းလွှာတွင် ဖော်ပြပါရှိခဲ့ပြီးဖြစ်သည်။

ယင်း ပင်စင်စားများသည် နှစ်လွန် ပင်စင်လစာနှင့်တိုးမြှင့်ပင်စင်လစာများအတွက်ရရှိမည်ဖြစ်သော ပင်စင်လစာငွေကို မြို့အသီးသီးရှိ မြန်မာ့ စီးပွားရေးဘဏ်ခွဲပေါင်း ၂၉၆ ခု၌ ထုတ်ယူနိုင်အောင်စီစဉ်ထားပေးပြီးဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ဇူလိုင် ၉ ရက်နေ့ တွင် ဆိုသည်။

ပင်စင်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံဝန်ထမ်း ပင်စင်စား (၈)သိန်းကျော်နှင့် နိုင်ငံရေး ပင်စင်စား(၄) သောင်း ကျော် ရှိကြောင်း သိရှိရသည်။

ကျော်စွာ

-----------------------------------------------------------------------------------------------------------------------------------

တောင်းပန်ခြင်းမပြုနိုင်၊ အမှုကိုရင်ဆိုင်သွားမည်ဟု Hot News ဆို

SSC ၏ ဝန်ဆောင်မှု အပေါ်ရေးသားခဲ့သော သတင်းဆောင်းပါးနှင့် ပတ်သက်၍ ရှင်းလင်းပွဲတစ်ရပ်ကို ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ Park Royal Hotel တွင် ပြုလုပ်ခဲ့ရာတွင်  အသရေဖျက်မှုဖြင့် တရားစွဲခံရသည့် အမှုများကို ရင်ဆိုင်သွားမည်ဟု အပတ်စဉ်ထုတ် Hot News သတင်းဂျာနယ်၏ အယ်ဒီတာချုပ် ဒေါ်ဟေမာ (ခ) မမက ပြောကြားခဲ့သည်။

အဆိုပါရှင်းလင်းပွဲတွင် မမှန်မကန်ဖော်ပြထားခြင်း မဟုတ်သည့်အတွက် မတောင်းပန်နိုင်ကြောင်း Hot News ဂျာနယ်မှ SSC အထူးကုဆေးရုံသို့ နို့တစ်စာပြန်ခဲ့ကြောင်း မိမိတို့ထံသို့ တရားဝင်သမ္မာန်စာ မရောက်ရှိသေးသောကြောင့် မိမိတို့အား တရားစွဲသည်ကို အတိအကျ မသိရသေးကြောင်း၊ တရား စွဲခဲ့သည်ဆိုပါကလည်း တရားဥပဒေနှင့်အညီ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ထံတွင် SSC အထူးကုဆေးရုံ ဝန်ဆောင်မှုကို သုံးသပ်သည့်သတင်း နှင့်ပတ်သက်၍ အထောက်အထား အခိုင်မာရှိကြောင်း အယ်ဒီတာချုပ် ဒေါ်မမက  ပြောကြားခဲ့သည်။

SSC အထူးကုဆေးရုံမှ Hot News Journal အား တရားရုံးနှစ်ခုတွင် အမှုနှစ်ခုဖြင့် စွဲဆိုထားကြောင်း ဇူလိုင်လ ၆ရက်နေ့က အမှုတင်ခဲ့ခြင်း ဖြစ် ကြောင်း တစ်မှုမှာ ဗဟန်းမြို့နယ်တွင် အမှု အမှတ်၃၁၅/၂၀၁၁၊ အသရေဖျက်ခြင်းနှင့် သက်ဆိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀/၅၀၁ဖြင့် စွဲဆိုထား သည့် အမှုဖြစ်ပြီး၊ ကျန်တစ်မှုမှာ  ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် အမှုအမှတ်၂၆၀၁/၂၀၁၁၊ နစ်နာမှုလျော်ကြေး သိန်းပေါင်းနှစ်သောင်း ရလိုမှု ဖြင့် စွဲဆိုထားသည့် အမှုဖြစ်ပြီး နှစ်မှုလုံးတွင် အယ်ဒီတာချုပ် ဒေါ်ဟေမာ (ခ) မမ၊ အမှုဆောင်အယ်ဒီတာ ဦးခင်မောင်အေးနှင့် ထုတ်ဝေသူ ဦးဝေဖြိုးမင်းတို့ အား တရားစွဲ ဆိုထားခြင်းဖြစ်ကြောင်း  သိရသည်။

အဆိုပါ အမှုအား ရင်ဆိုင်သွားရမည်ဆိုပါက Hot News Journal ဘက်မှ လက်ရှိသင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်က ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Hot News Jounal အတွဲ(၁)၊ အမှတ်(၄၂)တွင် "ပုဂ္ဂလိကဆေးရုံ SSC ၏ ဝန်ဆောင်မှု" ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ရှေ့အပတ်ဆက်ရန်ဟု ဖော်ပြ ထားခဲ့သော်လည်း နောက်တစ်ပတ်တွင် ဆက်လက်ဖော်ပြခဲ့ခြင်း မရှိကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ စာပေစိစစ်ရေးမှ ခွင့်မပြုသောကြောင့် ဖော်ပြနိုင်ခဲ့ ခြင်းမရှိကြောင်း  အယ်ဒီတာချုပ် ဒေါ်မမ၏ ပြောကြားချက်အရ သိရသည်။

ဇွန်လ ၃ ရက်နေ့ထုတ် Hot News Jounal တွင် ဖော်ပြခဲ့သည့် SSC အထူးကုဆေးခန်းနှင့်ပတ်သက်သည့် သတင်းနှင့်ပတ်သက်၍ အချက် အလက်များ မှားယွင်းနေကြောင်း၊ မမှန်မကန် ဖော်ပြထားကြောင်းနှင့် ဇွန်လ ၃၀ရက်နေ့ နောက်ဆုံးထား၍ ဂျာနယ်စာမျက်နှာပေါ်မှ တရားဝင် ပြန်လည် တောင်းပန်ရန်၊ ထိုသို့ ပြန်လည်မတောင်းပန်ပါက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း SSC အထူးကုဆေးခန်းမှ နို့တစ်စာပို့ခဲ့ကြောင်းလည်း သိရသည်။

Hot News Jounal ဂျာနယ်၏ အမှုဆောင်အရာရှိချုပှ်င့် အယ်ဒီတာချုပ် ဒေါ်မမသည် မုခမဂ္ဂဇင်း၊ ပေဖူးလွှာ မဂ္ဂဇင်းကိုလည်း ထုတ်ဝေထားပြီး ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း(ငြိမ်း)၏ သမီးဖြစ်သလို ခင်ပွန်းသည်မှာ တပ်မတော်အငြိမ်းစား အရာရှိကြီးတစ်ဦးဖြစ်သည်။ ၎င်းသည် တည်ဆောက်ရေး လုပ်ငန်းများနှင့် အခြားစီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်နေသူလည်းဖြစ်သည်။

(Weekly Eleven၊ အတွဲ-၆၊ အမှတ်-၄၁ ပါ “Hot News ဂျာနယ်တွင်ပါသော "ပုဂ္ဂလိကဆေးရုံ SSC ၏၀န်ဆောင်မှု" သတင်းဆောင်းပါးနှင့် ပတ်သက်၍ SSC က တရားစွဲထား သတင်းအချက်အလက်မှန်ကန်သဖြင့် တောင်းပန်ခြင်းမပြုနိုင်ကြောင်း၊ အမှုကိုရင်ဆိုင်သွားမည်ဟု Hot News အယ်ဒီတာချုပ်ပြောကြား ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

မစ္စတာရော့ဒန်ကလေ အယူခံဝင်မည်

မြန်မာတိုင်း(မ်)ဂျာနယ်ကို တည်ထောင်သူ၊ မြန်မာတိုင်း(မ်)အင်္ဂလိပ်စာစောင်၏ စာတည်းမှူးချုပ်ဖြစ်သူနှင့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ပို့စ် သတင်းစာ၏ ထုတ်ဝေသူ မစ္စတာ ရော့စ်ဒန်ကလေသည် ကမာရွတ်တရားရုံးမှ ၎င်းအပေါ်ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ်တွင် အယူခံဝင်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။

တရားလို မခိုင်ဇာလင်းအား သာမန်နာကျင်စေမှုများ ကျူးလွန်ခဲ့မှုဖြင့် မြို့နယ်တရားသူကြီး ဦးအောင်မင်းက မစ္စတာဒန်ကလီကို ထောင်ဒဏ် တစ်လ ချမှတ်ခဲ့သည်။ ထို့ပြင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေအရ ဒဏ်ငွေ ကျပ် တစ်သိန်း  ပေးဆောင်ရန်၊ သို့မဟုတ် ထောင်ဒဏ် ခြောက်လ ကျခံရန် အမိန့်ချမှတ်ခဲ့သည်။

သို့ရာတွင် မစ္စတာဒန်ကလီသည် ရန်ကုန်အင်းစိန်အကျဉ်းထောင်တွင် ဖေဖော်ဝါရီနှင့် မတ်လအတွင်းက ၄၇ ရက် အချုပ်ခံထားရပြီး ဖြစ်သဖြင့် ထောင်ဒဏ်ကျခံရန် မလိုအပ်တော့ဘဲ လူဝင်မှုကြီးကြပ်ရေးပြစ်ဒဏ်အတွက် ဒဏ်ငွေပေးဆောင်ခဲ့သည်။

သတင်းထောက်များအား ပြောကြားရာတွင် မစ္စတာဒန်ကလီက မခိုင်ဇာလင်းကို ထိခိုက်ဒဏ်ရာရရှိစေသည်ဆိုသည့်အချက်အပေါ် ငြင်းဆိုခဲ့ သည်။ မစ္စတာဒန်ကလီအပေါ်တွင် စွဲဆိုထားခဲ့သည့် စွဲချက်များအနက်မှ မခိုင်ဇာလင်းအား မူးယစ်ဆေးဝါးများ အတင်းအဓမ္မတိုက်ကျွေးခဲ့သည်ဟု ရုံး တော်က မယူဆကြောင်းနှင့် မစ္စတာဒန်ကလေ၏ နေအိမ်တွင်လည်း မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိဟု တရားသူကြီးက ပြောကြားခဲ့သည်။

သို့ရာတွင် ၎င်းသည် မခိုင်ဇာလင်းအား သာမန်နာကျင်စေမှုများကို ကျူးလွန်ခဲ့သည်ဟု တရားရုံးတော်မှ အမိန့် ချ မှတ်ခဲ့ကာ ထိုအချက်သည် လူဝင်မှု ကြီးကြပ်ရေးဥပဒေကို ဖောက်ဖျက်ခဲ့ခြင်းဖြစ်သည်ဟု အမိန့်ချမှတ်ခဲ့သည်။

မစ္စတာဒန်ကလေသည် လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ရာဇ၀တ်မှုနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေများကို ချိုးဖောက်ခဲ့သည်ဟု ဆိုကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

တရားလို မခိုင်ဇာလင်းသည် ၎င်းစွဲဆိုထားခဲ့သည့်အမှုများ ပြန်လည် ရုပ်သိမ်းခွင့်ကို ဖေဖော်ဝါရီလတွင် တင်သွင်းခဲ့သော်လည်း  တရားရုံးက လက်မခံခဲ့ဘဲ မေလတွင်မှ အမှုရုပ်သိမ်းခွင့် တင်သွင်းမှုကို လက်ခံခဲ့သည်။

(MYANMAR TIMES အတွဲ ၂၊ အမှတ်- ၅၂၅ ပါ “တရားရုံးဆုံးဖြတ်ချက်ကို မစ္စတာဒန်ကလီ အယူခံဝင်မည်” သတင်းအား အကျဉ်းချုံး ဖော်ပြ သည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ခြောက်ပါတီမှလူငယ်များ ဇူလိုင် ၁၂ ရက်နေ့တွင် ဂျပန်သွားမည်

ရန်ကုန်၊ ဇူလိုင် ၁၀။

၂၀၁၀ရွေးကောက်ပွဲအနိုင်ရသည့် နိုင်ငံရေးပါတီ ၆ ပါတီမှ လူငယ်ပါတီဝင်များသည် ဇူလိုင် ၁၂ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းလေ့လာရေးခရီးတွင် လူငယ် ၂၀ ပါဝင်မည်ဖြစ်ကာ၊ အဆိုပါ လေ့လာရေးခရီးစဉ်အား စတင်အကောင်အထည်ဖော်သည့် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင် ၁၀ ဦးနှင့်အခြား ၅ ပါတီမှ တစ်ပါတီလျှင် ၂ ဦးစီ ပါဝင်မည်ဖြစ်ကြောင်း လေ့လာရေးခရီးတွင် ပါဝင်သည့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးက ဆိုသည်။

"ဇူလိုင် ၁၂ ရက်နေ့သွားပြီး၊ ဇူလိုင် ၂၀ မှာပြန်ရောက်မှာပါ။ ဂျပန်နိုင်ငံမှာတော့ သူတို့ရဲ့ဒိုင်းယက်(လွှတ်တော်)အကြောင်း၊ ဘုရင်စနစ်အကြောင်း၊ ဆူနာမီကြောင့် ပျက်စီးသွားတာတွေကို ဘယ်လိုပြန်လည်တည်ဆောက်နေတယ်ဆိုတာကို ပြသမှာပါ၊ ဒီလိုလေ့လာရေးတွေလုပ်နေရင်း ဂျပန်နိုင်ငံရဲ့ လူနေမှုစနစ်တွေက ဘယ်လိုဆိုတာကို ဂျပန်မိသားစုတွေ ဆီမှာ Home Stay နေရင်းလေ့လာရမှာပါ"ဟု ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးမှလည်း "ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့ လွှတ်တော်တွေထဲမှာ နေရာအများစုရတဲ့ ပါတီတွေကို ရွေးချယ်ပြီး၊ ဒီခရီးစဉ်ကိုဖိတ်ကြားတာပါ"ဟု ဂျပန်ခရီးစဉ်နှင့် ပတ်သက်၍ဆိုသည်။

ပြီးခဲ့သည့် ဇွန်လက အဆိုပါခရီးစဉ်အတွက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရက်သတ္တပတ်ကြာမည်ဟု ဦးဌေးဦးမှ သတင်းမီဒီယာများအား ပြောခဲ့သော်လည်း၊ ယခုမှု ရှစ်ရက်ကြာခရီးစဉ်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။

NDF ပါတီမှ လူငယ်ပါတီဝင်တစ်ဦးသည်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပတ်စပို့ပိတ်သိမ်းထားသဖြင့်  အဆိုပါ ခရီးစဉ်အားလိုက်ပါရန် အဆင် မပြေဖြစ်နေကြောင်းသိရသည်။

ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးသွားမည့် ရွေးကောက်ပွဲအနိုင်ရပါတီ ၆ ပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ဖြစ်ကြသည်။

ကျော်စွာ

-----------------------------------------------------------------------------------------------------------------------------------

ပြည်ခိုင်ဖြိုးပါတီမှဆေးရုံသစ်ဖွင့်လှစ်

ရန်ကုန်၊ ဇူလိုင် ၁၀။

ပြည်ခိုင်ဖြိုးပါတီ၏ ဆေးရုံသစ်တွင် ကျောက်ကပ် အခမဲ့ဆေးကြောပေးမည့်ဌာနနှင့် မီးယပ်သားဖွားဆောင် တစ်ခုကိုလည်း ထည့်သွင်းဖွင့်လှစ် ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတာဝန်ခံ ဦးအောင်သိန်းလင်းက ဇူလိုင် ၁၀ ရက်နေ့တွင် ဆိုသည်။

အင်းစိန်မြို့နယ်၊ ကြို့ကုန်းရှိ GTIကျောင်းဝင်းအတွင်းတွင် ပြည်ခိုင်ဖြိုးပါတီက ဖွင့်လှစ်ထားသော ဖြိုးစေတနာ ဆေးရုံကို ဇွန်လ ၂၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆင်းရဲနွမ်းပါးသော ကျောက်ကပ်ဝေဒနာရှင်များအား အခမဲ့ ကျောက်ကပ်ဆေးကြောပေးမည် ဖြစ်သည့်အပြင်၊ ဆင်းရဲနွမ်းပါးသော သားဖွား မိခင်များကိုလည်း ယင်းဆေးရုံတွင် အခမဲ့သားဖွားခိုင်းမည်ဖြစ်ကြောင်း သိရှိရသည်။

"လောလောဆယ် ကျောက်ကပ်ဆေးတာကို အရင်ဆုံးစလုပ်တာပါ။ ပြီးရင်တော့ သားဖွားမီးယပ်အဆောင်ကို ဖွင့်မှာပါ။ ပြီးရင်တော့ တခြားရောဂါ တွေပါ အခမဲ့ကုသပေးနိုင်ဖို့ လုပ်သွားမှာပါ" ဟု၎င်းကဆိုသည်။

မီးယပ်သားဖွားအဆောင် ဖွင့်လှစ်ခြင်းနှင့်ပက်သက်၍ "ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် အင်းစိန်မြို့နယ်က TBC ဆေးရုံရယ်၊ ကျောက်တံတား မြို့နယ်က မွတ်စလင်ကုသိုလ်ဖြစ် ဆေးရုံရယ်မှာပဲ အခမဲ့မီးယပ်သားဖွားအဆောင် ရှိတယ်လေ။ အဲဒီနေရာတွေမှာပဲ လူနာတွေ တိုးနေတော့ အဆင်မပြေ ဖြစ်တယ်ဆိုတာတွေ ကြားရတယ်။ ဒါကြောင့် ကျွန်တော်တို့ ပါတီကလည်း အခြေခံလူတန်းစားတွေ အဆင်ပြေအောင် အသစ်ဖွင့်တဲ့ဆေးရုံမှာ မီးယပ်နဲ့ သားဖွားလူနာဆောင်ကို ထည့် ပြီးဖွင့်လှစ်ပေးတာ"ဟု ဦးအောင်သိန်းလင်းက ဆိုသည်။

ယင်းဆေးရုံတွင် ထားရှိသည့် ကျောက်ကပ်ဆေးစက်တစ်လုံးလျှင် အမေရိကန်ဒေါ်လာလေးသောင်းခန့် တန်ဖိုးရှိပြီး၊ ယင်း ကျောက်ကပ်ဆေး ကြောပေးသည့် စက်ကိရိယာ ၁၀ လုံးကို တရုတ်(တိုင်ပေ)အခြေစိုက် ဗုဒ္ဓဘာသာအခြေခံ ကမ္ဘာကျော် NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် Tza Chi Foundation မှ လှူဒါန်းခြင်းဖြစ်သည်။

Tza Chi Foundationသည် မြန်မာနိုင်ငံ၌ ယခုကျောက်ကပ်ဆေးကိရိယာလှူဒါန်းခြင်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပျက်စီးနေသော စာသင်ကျောင်းအချို့ကိုလည်း ပြင်ဆင်ဆောက်လုပ်လှူဒါန်းမှုများရှိကြောင်း သိရသည်။

ကျောက်ကပ်ဆေးသည့် ကုန်ကျစားရိတ်မှာ အစိုးရဆေးရုံတွင် တစ်ခါဆေးလျှင် ၃၀၀၀၀ ကျပ်၊ ပုဂ္ဂလိကဆေးရုံတွင် ၆၀၀၀၀ ကျပ်နှင့် ကျောက် ကပ်ဆေးမည့် ဝေဒနာရှင်မှာတစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ်ဆေးရကြောင်း ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်တစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျောက်ကပ်ဆေးသည့်စက်များမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင်သာ ရှိပြီး ယင်း စက်များကို အခြေခံလူတန်းစားများက အားကိုးနေရကြောင်းသိရှိရသည်။

ကျော်စွာ

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"လစာကိစ္စတွေကတော့ ကုမ္ပဏီတစ်ခုနဲ့တစ်ခု မတူပါဘူး။ တချို့ကုမ္ပဏီတွေကတော့ လိုအပ်ချက်တွေအရ တိုး ပေးတာ မျိုးတွေရှိသလို တချို့ကိုတော့ လည်း တိုးမပေးနိုင်သေးဘူး။ ကုမ္ပဏီတွေရဲ့ အနေအထားပေါ် မူတည်တယ်။ အခုက အပြင်မှာလည်း အခြေအနေက သိပ်အကောင်းကြီးမဟုတ်ဘူး။ အခု ပင်စင်လခတွေ တိုးပေးမယ်ဆိုတော့ အပြင်ကုမ္ပဏီတွေအပေါ် ရိုက်ခတ်မှုတော့ ရှိတာပေါ့။ ဘာပဲပြောပြော သူတို့လည်း ပြင်ဆင်ဖို့ လိုအပ်လာပါပြီ။ ဝင်ငွေ ထွက်ငွေမမျှတရင် ဝန်ထမ်းတွေလည်း အလုပ်လုပ်ရတာ ပျော်မှာမဟုတ်ဘူး။ ဒါပေမယ့် ကုမ္ပဏီတွေဘက်က တိုးပေးချင်ရင်တောင် ကုမ္ပဏီတွေရဲ့ လက်ရှိ အခြေအနေနဲ့ ဝန်ထမ်းတွေရဲ့အရည်အသွေးပေါ်လည်း မူတည်ပါလိမ့်မယ်။ အခုတိုပေးတဲ့ ကုမ္ပဏီတွေလည်း ရှိတယ်။ တချို့လည်း မတိုးပေးနိုင်သေးပါဘူး"

ဇူလိုင် ၈ ထုတ် Weekly ELEVEN အတွဲ (၄) အမှတ် (၁၄) တွင်ပါသည့် "ကုမ္ပဏီ၊ စက်ရုံအချို့ ဝန်ထမ်းများ၏ လစာများအား ၁၀ ရာခိုင်နှုန်းနဲ့ အထက် တိုးမြင့်ပေး" သတင်းဆောင်းပါးမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ဒါက ဟိုးအရင်ကတည်းက ဦးခင်မောင်ဆွေ ဖြေရှင်းပြီးပါပြီ။ နိုင်ငံတစ်ခုမှာ အသက်စွန့်ပြီး လွတ်လပ်ရေးရအောင် လုပ်သွားကြတယ်။ ဒီမိုကရေစီ ထူ ထောင်ဖို့ အသက်စွန့်၊ မိသားစုစွန့်၊ အလုပ်အကိုင်စွန့်လွှတ်ပြီး အရာရာစွန့်လွှတ် လုပ်ကိုင်ခဲ့သူတွေကို အကြံဉာဏ်တတ်နိုင်ရင် အကြံဉာဏ်၊ ငွေကြေးတတ် နိုင်ရင် ငွေကြေး၊ ပံ့ပိုးပေးနိုင်တဲ့ ပစ္စည်းတတ်နိုင်ရင် ပစ္စည်း၊ ပံ့ပိုးပေးတဲ့ ပြည်တွင်းမှာရှိတဲ့ မည်သူ့ကိုမဆို နိုင်ငံအကျိုးသယ်ပိုးတဲ့ကိစ္စတွေ ဆောက်ရွက်တဲ့ နေရာမှာ ရိုးရိုးသားသားနဲ့ အကူအညီပေးတဲ့နေရာမှာ နိုင်ငံရေးနဲ့ပတ်သက်လို့ ဘယ်လိုကိစ္စတွေမှာ အန္တရာယ်ရှိနိုင်တယ်၊ ဘယ်လိုကိစ္စတွေမှာ အန္တရာယ်မရှိ နိုင်ဘူးဆိုတာ နိုင်ငံရေးလောကထဲမှာ နှစ်ပေါင်းများစွာကျင်လည်ခဲ့တဲ့ နိုင်ငံရေးလောကအကြောင်း ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်သိတဲ့ ဦးခင်မောင် ဆွေတို့လို ဒေါက်တာသန်းငြိမ်းတို့လို ပုဂ္ဂိုလ်မျိုးတွေက သိနိုင်တဲ့အတွက် ပါတီအတွက် အန္တရာယ်ရှိတာတွေ မလုပ်ဘူးလို့ ထင်ပါတယ်"

ဇူလိုင် ၆ ထုတ် မြန်မာပို့စ် အတွဲ (၃) အမှတ် (၂၅) တွင်ပါသည့် အမျိုးသားလွှတ်တော် ဒေါ်ခင်ဝိုင်းကြည်(NDF ပါတီ)နှင့် အင်တာဗျူး ကောက် နုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ဆေးရုံမှာတောင် အထူးခန်းနဲ့ ရိုးရိုးအခန်းဆိုပြီးရှိတယ်။ ပြီးတော့ လိုအပ်တဲ့ဆေးဝါးကို ဆေးရုံတွေမှာ ဖွင့်လှစ်ထားတဲ့ ဆေးဆိုင်တွေမှာဝယ်။ အဲဒါက တစ်ပိုင်းပေါ့။ ဆရာဝန်တွေရဲ့အပိုင်းမှာက တချို့ဆရာဝန်တွေရဲ့ ပြောဆိုဆက်ဆံပုံက လူနာကို ဝေဒနာမလျော့တဲ့အပြင် ပိုတောင်ဆိုးနိုင်တဲ့ သဘောမျိုး တွေ ပါတယ်"

ဇူလိုင် ၆ ထုတ် မြန်မာပို့စ် အတွဲ (၃) အမှတ် (၂၅) တွင်ပါသည့် "၂၀၁၁-၁၂ ဘဏ္ဍရေးနှစ်အတွက် ကျန်းမာရေးကဏ္ဍမှ ရန်ပုံငွေကျပ်သန်းပေါင်း ခုနှစ်ထောင်ကျော်လိုအပ်" ဇွန်လကုန်ပိုင်းက တက်ရောက်ကုသခဲ့သူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ငွေကြေး အပေါင်ယူတာတောင် နယ်ကလာတဲ့ အလုပ်သမားကို အလုပ်မခန့်ဘူး၊ နေရပ်လိပ်စာအတည်တကျ ရှိပြီး  သန်းခေါင်စာရင်း၊ မှတ်ပုံတင်ပြသနိုင်မှ အလုပ်ခန့်တယ်။ အလုပ်ရှင်တွေ့ အလုပ်သမား မမြဲတာတို့၊ ပစ္စည်းပျောက်ရှတဲ့ ပြဿနာတို့ ဖြစ်လာရင် နေရပ်လိပ်စာ အတိအကျရှိတဲ့အတွက် ဖြေရှင်းရ အဆင်ပြေအောင် လုပ်တဲ့သဘောပါ။ ပိုက်ဆံတစ်သောင်းဆိုတာက အလုပ်ရှင်အတွက် ဘာမှမဟုတ်ပေမယ့် အလုပ်ရှာနေသူတစ် ယောက်အတွက်တော့ အခက်အခဲ ဖြစ်နိုင်တယ်"

ဇူလိုင် ၄ ထုတ် The Messenger အတွဲ (၂) အမှတ် (၇) တွင်ပါသည့် "ပြည်တွင်းရှိ အလုပ်အကိုင်လျှောက်ထား ရေး ကိစ္စရပ်များတွင်ငွေကြေး အပေါင်တင်သောစနစ် တွင်ကျယ်လာ" သတင်းမှ မုန့်ဖုတ်လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသော ကိုထွန်းဝေ၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

တောင်ပိုင်းဆူဒန်ကပေးသော သင်ခန်းစာ

ယနေ့ တောင်ပိုင်းဆူဒန်နိုင်ငံ၏ လွတ်လပ်ရေးကို လွှတ်တော်သဘာပတိ ဂျိမ်းစ်ဝန်နီအိုင်ဂါက လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တစ်ခဲနက် တက်ရောက်လာကြသော တောင်ပိုင်းဆူဒန်ပြည်သူများ၏ ရှေ့မှောက်တွင် လွတ်လပ်ရေးကြေညာစာတမ်းကို ဖတ်ကြားခဲ့သည်။

“တောင်ပိုင်းဆူဒန်နိုင်ငံ ဖြစ်ပေါ်လာဖို့ ကူညီဖေးမခဲ့သူ အားလုံးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။ တောင်ပိုင်းပြည်သူတွေဟာ ဖြစ်ပျက်ခဲ့သမျှကို ခွင့်လွှတ်ကြရပါမယ်။ ဒါပေမယ့် ခံစားခဲ့ရတာတွေကိုတော့ မေ့နိုင်ကြမှာ မဟုတ်ပါဘူး”

တောင်ပိုင်းသမ္မတက ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းတွင် အထက်ပါအတိုင်းပြောကြားခဲ့သည်။ မြောက်ပိုင်း၏ အနိုင်ကျင့်စိုးမိုးမှုများကို မခံနိုင်တော့၍ ခွဲထွက်ရန် ကြိုးစားခဲ့သည့် ခရီးတလျှောက်လုံး တောင်ပိုင်းနေပြည်သူများ ခံစားခဲ့ရသည့် နာကျင်မှုများကို ညွှန်းဆိုခဲ့ပြီး မြောက်ပိုင်းကို     အန္တရာယ်အဖြစ် ဆက်လက်ရှုမြင်ထားကြောင်း ပြောဆိုချင်ပုံရသည်ကို တွေ့ရသည်။

မြောက်ပိုင်းနှင့် ၂၁နှစ်ကျော် ကြာအောင် စစ်ပွဲများဆင်နွှဲခဲ့ရပြီး ယခုကဲ့သို့ ခွဲထွက်ခဲ့ပြီးသည့်တိုင် ရေနံပေါကြွယ်ဝသော ဒေသများအတွင် ထပ်မံ စစ်ဖြစ်ရဖွယ် ရှိသည်။ တောင်ပိုင်းပြည်နယ်များသည် အာဖရိကရေနံသိုက်များ၏ သုံးပုံတစ်ပုံ ကြွယ်ဝပြီး မြောက်ပိုင်းအစိုးရအစဉ်အဆက်က ထိုသံယံဇတ များကို ထုတ်ယူသုံးစွဲခဲ့စေကာမူ တောင်ပိုင်းနေပြည်သူတို့အတွက် ဖွံ့ဖြိုးတိုးတက်မှု မယ်မယ်ရရဆောင်ကြဉ်းပေးခြင်း မရှိခဲ့သည့်အပြင် အမြဲလိုလို တောင် ပိုင်းသားများကို ဖိနှိပ်ချုပ်ချယ်ခဲ့သည်ကို တွေ့ရသည်။ ယင်း၏ အကျိုးဆက်က ယနေ့တောင်ပိုင်းဆူဒန် ပေါ်ပေါက်လာခဲ့ရခြင်းပင် ဖြစ်တော့သည်။ သို့သော် လွတ်လပ်ရေးကား လွယ်ကူစွာရခဲ့ခြင်းမဟုတ်။ တောင်ပိုင်းသားတို့ အသက်ပေါင်းမြောက်များစွာ ပေးဆပ်ခဲ့ရသည်။ မြောက်ပိုင်းသားတို့ကို တော်လှန်သော တိုက်ပွဲများကြောင့် ယခုနှစ်အတွင်းမှာပင် တောင်ပိုင်းဆူဒန်သား ၂၃၀၀ခန့် အသက် ဆုံးရှုံးခဲ့ရသည်။ အမျိုးသားအချင်းချင်း နိုင်လိုမင်းထက် ဖိနှိပ်မှုများနှင့် ဗိုလ်ကျစိုးမိုးမှုများက နိုင်ငံတစ်ခု ပြိုကွဲခဲ့ရခြင်းပင် ဖြစ်သည်။ စည်းလုံးမှု ပြိုကွဲခြင်း၏ ရလဒ်တည်း။

တောင်ပိုင်းဆူဒန်ကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂတို့မှ လက်ခံကြိုဆိုခဲ့ကြပြီး ယင်းကြိုဆိုမှု၏ နောက်ကွယ်တွင် အကြောင်းတရား များစွာ မြှပ်ကွက်များစွာရှိနေပါသည်။

“ အခုဆိုရင် တောင်ပိုင်းဆူဒန်က ပြည်သူတွေဟာ လူသားရဲ့ မွေးရာပါ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာအကြောင်းကို ပြောဆိုနေကြပါပြီ”

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ တောင်ပိုင်းဆူဒန် လွတ်လပ်ရေးနေ့တွင် ပေးပို့သည့် သဝဏ်လွှာမှ ဖြစ်သည်။ ကုလသမဂ္ဂအနေဖြင့် ကမ္ဘာ့မိသားစု အသိုင်းအဝိုင်းအတွင်း ပဋိပက္ခများကို ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးသော်လည်း ယခုကဲ့သို့ ကိစ္စမျိုးတွင် စေ့စပ်ညှိနှိုင်း ရေးထက် လူထုသဘောထားကိုသာ အားထားခဲ့သည်ကို တွေ့ရသည်။ သေးငယ်သော လူမျိုးစုလေးအတွက် ငြိမ်းချမ်းရေးတပ်များ စေလွှတ်ကာကွယ်ပေး နိုင်သော်လည်း ကြီးမားသော လူအစုအဝေးကြီးအတွက် ဖြစ်နိုင်သောနည်းလမ်းကို ရှာခဲ့ရသည်ကိုတွေ့ရသည်။ ယနေ့တိုင် အယူအဆ ကွဲပြားလွန်းသော အုပ်စုကြီးနှစ်ခုဖြစ်သည့် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားသည် တစ်နိုင်ငံတည်းအဖြစ် ပေါင်းစည်းနိုင်မှု မရှိသေး။ တောင်ပိုင်းဆူဒန်လည်း ထို့အတူပင် ဖြစ်သည်။ မြောက်ပိုင်းမှုခွဲထွက်ရေးအတွက် တောင်ပိုင်းနေ မဲပေးခွင့်ရှိသူ ၉၈ ရာခိုင်နှုန်းကျော်က မဲပေးခဲ့ရာ မည်မျှအထိ မြောက်ပိုင်းအပေါ် နာကျည်းမုန်း တီးနေသည်ကို သိသာနိုင်ပေသည်။ ထိုသို့ ကြောင့်ပင် ကုလသမဂ္ဂအနေဖြင့် ခွဲရေးမှတပါး အခြားရွေးချယ်ပေးစရာ မရှိခဲ့ပုံရသည်။

တောင်ပိုင်းဆူဒန်ကို အမေရိကန် ပြည်ထောင်စုက ပထမဆုံး အသိအမှတ်ပြုခဲ့ပြီး လုံခြုံရေး၊ ဖွံ့ဖြိုးရေးနဲ့ လိုက်လျောညီထွေရှိမည့် အုပ်ချုပ်ရေးများ ဖော်ဆောင်ရာတွင် တောင်ပိုင်းဆူဒန်ပြည်သူများနှင့်အတူ လက်တွဲဆောင်ရွက်လိုပါကြောင်း အမေရိကန်သမ္မတ အိုဘားမားက ကမ်းလှမ်းခဲ့သည်။ ဤကမ်း လှမ်းချက်၏ နောက်ကွယ်တွင် အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီ ပရိုမိုးရှင်းနှင့် တောင်ပိုင်းဆူဒန်၏ ပေါကြွယ်ဝသော ရေနံများအတွက် မျှော်လင့်ချက် များ အာသာငမ်းငမ်း ပါဝင်နေသည်ဟု ယူဆမိသည်။  နိုင်ငံကြီးများဆိုသည်က ၎င်းတို့အတွက် အကျိုးမရှိလျှင် မည်သည့်အလုပ်မှ လုပ်လေ့မရှိဟု ဆိုရမည် ဖြစ်သည်။

တောင်ပိုင်း ဆူဒန်လွတ်လပ်ရေး ကြေညာသည့်နေ့တွင်ပင် မြန်မာနိုင်ငံ၌ ကချင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ အခြေစိုက်စခန်းကို အစိုးရတပ်များက လက်နက်ကြီးများဖြင့် ပစ်ခဲ့ခဲ့သည်။ တစ်လကြာ အငြင်းပွားမှုများအပြီး အတန်အသင့်ပြေလည်မှုရရှိပြီဟု ကြေညာအပြီးတွင်ပင် ထိုကဲ့သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အနှစ်လေးဆယ်ကျော်ကြာခဲ့ပြီဖြစ်သည့် ပြည်တွင်းစစ်သည် ယနေ့တိုင် အဆုံးမသတ်နိုင်သေးဘဲ ရှမ်း၊ ကရင်စသည့် လက်နက် ကိုင်များနှင့်လည်း အစိုးရသစ်လက်ထက် တွင် ပိုမိုတင်းမာကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကောင်းစွာနှိမ်နှင်းနိုင်သည့် အနေအထားရှိပါသည်။ သယံဇာတ ပေါများသော ပြည်နယ်များတွင် သောင်းကျန်းသူများကို အပြီးတိုင်ချေမှုန်း၍ စီးပွားရေးလုပ်ငန်းကြီးများ တည်ထောင်နိုင်ခဲ့သည်။ ကချင်ပြည်နယ်မှ ရွှေ၊ ကျောက်စိမ်းနှင့် အခြားသယံဇာတများ နှစ်စဉ်တန်ချိန် သန်းနှင့်ချီ၍ ထုတ်လုပ်နိုင်သလို ရှမ်းပြည်နယ်မှ သယံဇာတများ၊ ရခိုင်မှ ဓာတ်ငွေ့များ အလျှံပယ် ထုတ်လုပ်လျက် ရှိသည်။ သို့ဖြစ်ရာ တိုင်းရင်းသားလက်နက်ကိုင်များသည် အရေးမပါသော နေရာများတွင်သာ ရှင်သန်နိုင်ကြပြီး မြန်မာအစိုးရကို လက်နက်ချင်း၊ အင်အား ခြင်း မည်သို့မျှ ယှဉ်ပြိုင်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် လက်ကျန်တိုင်းရင်းသားအဖွဲ့များကိုလည်း ချေမှုန်းရန် ပြင်ဆင်လာပုံရသည်။

သို့ရာတွင် တိုင်းရင်းသားများသည် ယခင်ကလို ခပ်ညံ့ညံ့ လက်နက်ကိုင်အဖွဲ့များသာ မဟုတ်တော့ပေ။ မြန်မာအစိုးရ၏ ဖိနှိပ်မှုများကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေးခိုလှုံသွားသည့် တိုင်းရင်းသားများစွာရှိပြီး ယင်းတို့အထဲမှ ပညာတတ်လူငယ် အမြောက်အများ ပေါ်ထွက်လာလျှက်ရှိသည်။ သို့ဖြစ်ရာ လက်နက်ကိုင်လမ်းစဉ်ထက် မိမိတို့ပြည်နယ်များ၏ ကံကြမ္မာကို မိမိတို့ဖန်တီးခွင့်ရှိကြောင်း တရားဝင်တောင်းဆိုလာလျှင် ပြည်ထောင်စု ဆက် လက်တည်မြဲရေးမှာ ရင်လေးဖွယ်ဖြစ်သည်။ လက်နက်ကိုင် တိုက်ခိုက်ခြင်းမပြုဘဲ ဥပဒေကြောင်းအရ ပြည်ထောင်စုမှ ခွဲထွက်ခွင့်ကို ကုလသမဂ္ဂမှ တဆင့် တောင်းဆိုလာလျှင် မည်သို့မျှ တတ်နိုင်တော့မည်မဟုတ်။ အင်ဒိုနီးရှားသည် ပါပူဝါနယူးဂီနီနှင့် အရှေ့တီမောနိုင်ငံများကို စစ်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်၍ ပြည်ထောင်စုမှ ခွဲမထွက်စေရန် ကြိုးပမ်းစေခဲ့ကာမူ နောက်ဆုံးတွင် ကုလသမဂ္ဂ၏ ပါဝင်မှုဖြင့် ထိုနိုင်ငံနှစ်ခု အင်ဒိုနီးရှားမှ ခွဲထွက်သွားခဲ့သည်။ မြန်မာစစ်တပ်အနေဖြင့် မည်မျှပင် အင်အားကြီးမားစေကာမူ ကုလသမဂ္ဂကို ကျော်လွှားနိုင်မည် မဟုတ်ပေ။

ထို့ပြင် ခွဲထွက်လာမည့် ပြည်နယ်များကို တစ်စုံတစ်ရာ အကျိုးအမြတ်ဖြင့် ကြိုဆိုမည့် နိုင်ငံကြီးများလည်း ရှိနေသည်။ ကမ္ဘာ့ကုလသမဂ္ဂကို ကြိုးကိုင်ထားနိုင်သော အဆိုပါနိုင်ငံကြီးများပါဝင်လာလျှင် ပြည်ထောင်စုတစ်ခု ပြိုကွဲရန် ပို၍အလားအလာကောင်းသွားနိုင်သည်။

တောင်ပိုင်းဆူဒန်သည် မြန်မာနိုင်ငံအတွက် သင်ခန်းစာကောင်းဖြစ်သည်း။ ပြည်နယ်များမှ သယံဇာတကို လက်ဝါးကြီးအုပ်၍ တိုင်းရင်းသားတို့၏ အခွင့်အရေးကို လစ်လျူရှုနေပါမူ ပြည်ထောင်စု ပြိုကွဲမည့်အရေးမှာ ပို၍ လွယ်ကူသွား နိုင်သည်။ ယနေ့ခေတ်ကား လက်နက်အင်အား တောင့်တင်းယုံမျှဖြင့် မရနိုင်တော့ပေ။ ကိုယ့်လူမျိုး၊ ကိုယ့်ကံကြမ္မာအတွက် တရားဝင် တောင်းဆိုပိုင်ခွင့်များ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာနေပြီ။ ပညာတတ်များက တရားဥပဒေအရ ရင်ဆိုင်တောင်းဆို လာကြပေပြီ။ ကမ္ဘာ့အသိုင်းအဝိုင်းကလဲ ထောက်ခံရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ထို့ကြောင့် ဒို့တာဝန်အရေးသုံးပါးအနက် ပြည်ထောင်စု မပြိုကွဲရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးဟူသည်မှာ တိုင်းရင်းသား လက်နက်ကိုင်များတွင် အဓိက တာဝန်ရှိသည်မဟုတ်။ လူမျိုးကြီးအစိုးရ၏ စေတနာမမှန်လျှင် မည်မျှပင် ကြွေးကြော်နေသည်ဖြစ်စေ ယင်းရည်မှန်းချက်များ အကောင်အထည်ပေါ်နိုင်မည်မဟုတ်ရာ အစိုးရအနေဖြင့် တိုင်းရင်းသားတိုင်းအပေါ် စိတ်ကောင်းစေတနာထားရှိမှသာ ပြည်ထောင်စုပြိုကွဲမှုမှ ကာကွယ်နိုင် မည်ဖြစ်သည်။

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment