Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၆.၇.၂၀၁၁

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ်ဝန်ကြီးတို့ တွေ့ဆုံ

(AP သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်ကျောထောက်နောက်ခံ အရပ်သားအစိုးရ အဖွဲ့၏ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် ဇူလိုင်လ ၂၅ ရက် မနေ့က တရားဝင်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံဆွေးနွေးမှုသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်။

တွေ့ဆုံဆွေးနွေးမှုကို အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က အပြုသဘောဆောင်သည့် တွေ့ဆုံမှုဖြစ်သည်ဟု ဖော်ပြပြီး ဆွေးနွေးပွဲ၌ တရား ဥပဒေစိုးမိုးရေး၊ ပြည်သူလူထု၏ ကောင်းကျိုးအတွက် နားလည်မှုလွဲမှားနေသည့်ကိစ္စများကို အဆုံးသတ်နိုင်ရေး အစရှိသည်တို့ကိုဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအစိုးရနှင့် နိုင်ငံရေးအရဒိုင်ယာလော့ခ်လုပ်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးသည်။ သို့သော် မြန်မာအစိုးရ အဖွဲ့သစ်က သူမအနေဖြင့် တရားမဝင် နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုများ မပြုလုပ်ရန် တိုက်တွန်းထားသည်။

တွေ့ဆုံဆွေးနွေးမှုကို ယခင်မြို့တော်ဟောင်း ရန်ကုန်ရှိ နိုင်ငံတော်ဧည့်ဂေဟာ၌ အချိန်တစ်နာရီကျော်မျှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်း မီဒီယာများက ရေးသားဖော်ပြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်ကျခံနေရစဉ် ကာလအတွင်း ထိုစဉ်က မြန်မာစစ်အစိုးရ ၏ ဆက်ဆံရေးအရာရှိ ဦးအောင်ကြည်နှင့် မကြာခဏ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ဖူးသည်။

ယခု တွေ့ဆုံမှုသည် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာရွေးကောက်ပွဲနောက်ပိုင်း အာဏာရလာသည့် စစ်တပ် ကျောထောက်နောက်ခံ အရပ်သား အစိုးရနှင့် အသက် ၆၆ နှစ်အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်တို့အကြား ပထမဆုံး အဆက်အသွယ် ပြုလုပ်မှုလည်းဖြစ်သည်။

တွေ့ဆုံမှုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကြေညာချက်ထုတ်ပြန်ရာတွင် ဦးအောင်ကြည်က "တွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာပြည်သူ လူထုရဲ့ အကျိုးစီးပွားနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်နိုင်ဖို့ ဖြစ်နိုင်ခြေရှိတာတွေကို အဓိကထား ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဆွေးနွေး ရာတွင် တရားဥပဒေစိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စနဲ့ အများပြည်သူအကျိုးစီးပွားကိစ္စတို့လည်း ပါဝင်ပါတယ်" ဟု ဆိုသည်။ အဆိုပါ ဆွေးနွေးပွဲသည် ဒေါ်အောင်ဆန်းစုကြည်အား အစိုးရက နိုင်ငံရေးလှုပ်ရှားမှုများ မပြုလုပ်ရန် သတိပေး ဟန့်တားမှုများ ပြုလုပ်ပြီးနောက် တစ်လခန့် အကြာတွင် ထွက်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင် ရက်သတ္တပတ်များအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံမြို့သို့ ဘုရားဖူးခရီးထွက်ရှိခဲ့ပြီး နိုင်ငံတကာ သံတမန်များနှင့် နီးစပ်သော နိုင်ငံခြားသတင်းထောက်များနှင့်လည်း အင်တာဗျူးများကို လက်ခံပြုလုပ်လျက်ရှိဆဲပင် ဖြစ်သည်။

BBC သတင်းဌာန၏ အရှေ့တောင်အာရှဒေသဆိုင်ရာ သတင်းထောက် Rachel Harvey က ယခုကဲ့သို့ အစိုးရဘက်က ဒေါ်အောင်ဆန်း စုကြည်နှင့် တိုက်ရိုက်ဆက်သွယ်မှုများ ပြန်လည်လုပ်ကိုင်လာခြင်းသည် စေ့စပ်ညှိနှိုင်းရေး တံခါးပေါက် ပြန်ပွင့်လာခြင်းဖြစ်သည်ဟု သုံးသပ်ပြောကြား သည်။

ထို့ပြင် ယင်းဆွေးနွေးပွဲသည်  အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပပြုလုပ်သော အာဆီယံဒေသတွင်းဖိုရမ်၌ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံအစိုးရအနေဖြင့် ခိုင်မာသည့် တိုးတက် ဖြစ်ထွန်းမှုများကို ဆောင်ရွက်သင့်သည်ဟု တိုက်တွန်းပြောဆိုပြီး နောက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

****************************************************************

ခြောက်နိုင်ငံဆွေးနွေးပွဲပြန်လည်စတင်ရန် ကြိုးပမ်းမည်ဟု တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံသဘောတူ

(BBC သတင်းကို ဘာသာပြန်ဆိုသည်)

မြောက်ကိုရီးယားနျူကလီးယားဖျက်သိမ်းရေးဆိုင်ရာ ခြောက်နိုင်ငံဆွေးနွေးပွဲကို ဖြစ်နိုင်ပါက အမြန်ဆုံးပြန်လည် ကျင်းပရန် တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံမှ နျူကလီးယားဆိုင်ရာ သံတမန်များ ဇူလိုင်လ ၂၂ ရက်နေ့က သဘောတူညီခဲ့ကြကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

တောင်ကိုရီးယားနိုင်ငံမှ နျူကလီးယားဆိုင်ရာစေ့စပ်ညှိနှိုင်းရေးမှူး Wi Sung-lac နှင့် မြောက်ကိုရီးယားမှ ၎င်းနှင့်အဆင့်တူသူ Ri Yong-ho တို့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင်ကျင်းပပြုလုပ်သည့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) ဒေသတွင်းဖိုရိမ်၌ သီးခြားတွေ့ဆုံပြီး ခြောက်နိုင်ငံ ဆွေးနွေးပွဲအမြန်ဆုံးစတင်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်ဟု တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကဆိုသည်။

၎င်းတို့နှစ်ဦးသည် ၂၀၀၈ ခုနှစ်၊ ခြောက်နိုင်ငံဆွေးနွေးပွဲမှ မြောက်ကိုရီးယားနိုင်ငံနုတ်ထွက်သွားပြီးနောက် ပထမဆုံး အကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးချိန် နှစ်နာရီကြာမြင့်သည်။ မြောက်နှင့်တောင်ကိုရီးယား နှစ်နိုင်ငံဆက်ဆံ ရေးသည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်က တောင်ကိုရီးယားပိုင် ချိုနန်စစ်သင်္ဘောတော်ပီတိုဖြင့် တိုက်ခိုက်ခံရမှုဖြစ်ပွားပြီးနောက် ကမောက်ကမဖြစ်ခဲ့ရသည်။ ယင်းနှစ်တွင်ပင် တောင်ကိုရီးယားကျွန်းသို့ မြောက်ကိုရီးယားက အမြောက်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆက်ဆံရေးမှာ အဆိုးရွားဆုံးအဆင့်သို့ရောက်ရှိခဲ့ရသည်။

ယခုနှစ်မေလတွင်း နှစ်နိုင်ငံ အာဏာပိုင်များလျှို့ဝှက်စွာ တွေ့ဆုံဆွေးနွေးခဲ့ကြမှုသည် မြောက်ကိုရီးယား အနေဖြင့် အဆိုပါ တိုက်ခိုက်မှုများ အပေါ် တောင်းပန်လိုသောကြောင့်ဖြစ်မည်ဟု လေ့လာ စောင့်ကြည့်သူ အများစုက ယုံကြည်ကြသည်။ သို့သော် ချိုနန်စစ်သင်္ဘောတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားက ၎င်းတို့လက်ချက် မဟုတ်ကြောင်း ယနေ့ချိန်အထိငြင်းဆန်ထားဆဲပင်ဖြစ်သည်။

မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေးကော်မရှင်အဆိုအရ နှစ်နိုင်ငံအကြား ထိပ်သီးဆွေးနွေးမှုများကို လျှို့ဝှက်စွာ ကျင်းပသွားရန် တောင်ကိုရီးယားကပြောဆိုထားသည်ဟု သိရသည်။ တောင်ကိုရီးယား Yonhap သတင်းဌာန ရေးသားချက်အရ ယနေ့အချိန်အထိ မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် နျူကလီးယားအစီအစဉ် တစ်ခုချင်းစီကို ဆွေးနွေးရန်ငြင်းပယ်ထားကြောင်း၊ အကြောင်းမှာ မြောက်ကိုရီးယားသည် နျူကလီးယား လက်နက်ဟူသော အရေးကိစ္စကို အသုံးပြုပြီး အမေရိကန်ပြည်ထောင်စုနှင့်ဆက်ဆံရေးတွင် သြဇာအရှိန်အဝါ ရှိအောင် ကြိုးပမ်းနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ခြောက်နိုင်ငံဆွေးနွေးပွဲတွင် တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ တရုတ်နှင့် ရုရှားတို့ ပါဝင် သည်။

********************************************************

နျူကလီးယားစေ့စပ်ညှိနှိုင်းမှုများအတွက် လေ့လာဆွေးနွေးရန် မြောက်ကိုရီးယားကို အမေရိကန်ပြည်ထောင်စု ဖိတ်ကြား

(BBC News မှ 24 July 2011 ရက်စွဲပါ US invites north korea to talks on nuclear impase သတင်းကို ဘာသာ ပြန်ဆိုသည်)

                မြောက်ကိုရီးယား ကိုယ်စားလှယ်အား နိုင်ငံတကာ နျူကလီးယားစေ့စပ်ညှိနှိုင်းမှုများ ပြန်လည် စတင်ရေးနှင့် ပတ်သက်၍ လေ့လာဆန်းစစ် သည့် အစည်းအဝေးများပြုလုပ်ရန်အတွက် အမေရိကန် ပြည်ထောင်စုသို့ ယခု သီတင်းပတ် ဖိတ်ကြားထားသည်ဟု ဝါရှင်တန်က ပြောကြားသည်။

                ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကင်ဂျေးဂွမ် နယူးရောက်သို့ လာရောက်ရန် ဖိတ်ကြားလွှာကို ပေးပို့ ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောကြားခြင်းဖြစ်သည်။ ယင်းသို့ ဆွေးနွေးရန် ကမ်းလှမ်းမှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားက လတ်တလော မှတ်ချက် ပေးခြင်း မရှိပါ။

                ယခုသီတင်းပတ်တွင် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားမှ နျူကလီးယားကိုယ်စားလှယ်များ၊ နိုင်ငံခြားရေး ဝန်ကြီးများသည် မျှော်လင့် မထားသော ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ကြပြီဖြစ်သည်။

                မြောက်ကိုရီးယားက ၎င်း၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်သည့် ၆ နိုင်ငံဆွေးနွေးပွဲမှ ၂၀၀၈ ခုနှစ်က နှုတ်ထွက်သွားခဲ့ဖြစ်သည်။ ၁၉၅၀ ခုနှစ်များက ကိုရီးယားကျွန်းဆွယ်ကို နှစ်ပိုင်ကွဲသွားစေသည့် ကိုရီးယားစစ်ပွဲနောက်ပိုင်း တောင်ကိုရီးယားနှင့် စစ်ဖြစ်မှုတရားဝင်မပြီးဆုံးသေးသည့် ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံသည် စားနပ်ရိက္ခာမဖူလုံဟု ပြဿနာများ၊ ကုလသမဂ္ဂအရေးယူဒဏ်ခတ်မှု အစီအစဉ်များ၏ ဆုပ်ညှစ်မှုကို ခံနေရ သည်။ မည်သည့် စေ့စပ်ညှိနှိုင်းမှုမဆို စစ်မှန်၊ ဖြောင့်မတ်ရလိမ့်မည်ဟု နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အလေးထားပြောဆိုသည်။

                ဆွေးနွေးပွဲစားပွဲဝိုင်းကို ပြန်လာရုံလောက်အတွက်နဲ့တော့ မြောက်ကိုရီးယားကို အခွင့်အရေးမှပေးဖို့ မရှိပါဘူး ဟု သူမကဆိုသည်။ သူတို့ လုပ်ဆောင်ပါ့မယ်လို့ ကတိပြုသဘောတူထားပြီးသား ကိစ္စတွေအတွက် ကျွန်မတို့ဘာမှ အသစ်ထပ်ပေးမှာမဟုတ်ပါဘူးဟု မစ္စစ်ကလင်တန်က ပြောကြားသည်။

                မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ပတ်ယူချန်က တနင်္ဂနွေနေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ကိုရီးယားကျွန်းဆွယ်သည် ယခုအခါ တင်းမာမှုပိုဆိုးလာသည့်၊ မုန့်လုံးစက္ကူကပ်သံသရာနှင့် ကျူးကျော်ရန်စမှု လျော့ပါးရေး လမ်းဆုံလမ်းခွတွင် ရောက်နေသည်ဟု ပြောကြားခဲ့သည်။

                “ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေအနေနဲ့ တွေ့ဆုံဆွေးနွေးမှုအခွင့်အလမ်းကို အကောင်းဆုံး အသုံးပြုရမှာ ဖြစ်ပြီး အခြေခံကျတဲ့ ကိစ္စရပ် တည်ငြိမ်သွားစေဖို့အတွက် ရဲရင့်တဲ့ ဆုံးဖြတ်မှုကို ပြုလုပ်ရမှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

                တောင်ကိုရီးယား နျူကလီးယားကိုယ်စားလှယ်က ယခင်အပတ်က ပြောကြားရာတွင် ဘာလီကျွန်း အာဆီယံဝန်ကြီးများ အစည်းအဝေး၏ အဝန်းအဝိုင်းတွင် မြောက်ကိုရီးယား ကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့ပြီး အပြုသဘောဆောင်သော ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု ထုတ်ဖော်ပြောဆို ထားသည်။

*************************************************************

မြန်မာ အာဆီယံဥက္ကဋ္ဌရာထူးရယူမည့်ကိစ္စအပေါ် အဖွဲ့ဝင်နိုင်ငံများခဲရာခဲဆစ်ဆုံးဖြတ်ရမည်

(Jakarta Post မှသတင်းကိုဘာသာပြန်ဆိုသည်)

အင်ဒိုနီးရှားနိုင်ငံသမ္မတ ဆူဆီလိုဘမ်ဘန်းယူဒိုယိုနိုက မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လိုသည် ဟူသော အချက်ကို အားလုံးက ကောင်းစွာသိရှိထားပြီးဖြစ်သည်။ သို့သော် တစ်ချိန်တည်းမှာပင် ပြောဆိုရခက်ခဲသော မြန်မာနိုင်ငံအား အလှည့်ကျအာဆီယံဥက္ကဋ္ဌရာထူးပေးလိုက်ပါက အာဆီယံ အိပ်မက်တစ်ခုဖြစ်သော ၂၀၁၅ မှစ၍ အာဆီယံ အသိုင်းအဝိုင်းတစ်ခု ပေါ်ပေါက်ရေးအတွက် စိတ်အနှောင့်အယှက်ဖြစ်မည်ဟူသည်ကိုလည်း အင်ဒိုနီးရှား နိုင်ငံက ကောင်းစွာနားလည်ထားပြီးဖြစ်သည်။

အင်္ဂလိပ်အက္ခရာစဉ်အတိုင်းသွားပါက မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၁၆ ခုနှစ်တွင်အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးရရှိမည် ဖြစ်သော်လည်း မြန်မာနိုင်ငံက ၂၀၁၄ တွင် အဆိုပါရာထူးရယူလိုကြောင်း တရားဝင်အဆိုပြုလွှာ တင်သွင်းခဲ့သည်။ မြန်မာနိုင်ငံက ပြီးခဲ့သည့် မေလ၊ ဂျကာတာမြို့တော်တွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ တွင် လာအိုနိုင်ငံနှင့် အလဲအလှယ်ပြုလုပ်ကာ ၂၀၁၄ ခုနှစ်တွင်ဥက္ကဋ္ဌရာထူး ရယူ လိုကြောင်း အဆိုပြုခဲ့ခြင်းလည်းဖြစ်သည်။ သတင်းများအဆိုအရ မြန်မာနိုင်ငံတင်သွင်းသော အဆိုပြုချက်ကို လာအိုနိုင်ငံက သဘောတူ လက်ခံခဲ့သည်။

ဂျကာတာမြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့ကကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံဆွေးနွေးပွဲတွင်

လက်ရှိအာဆီယံဥက္ကဋ္ဌရာထူးရယူထားသည့် အင်ဒိုနီးရှားက မြန်မာနိုင်ငံကို ဥက္ကဋ္ဌရာထူးလွှဲပြောင်းပေးရန် ဆုံးဖြတ်ချက် မချမှတ်မီ အဆိုပါ နိုင်ငံ၏ အခြေအနေကို စမ်းသပ်စစ်ဆေးရန်လိုအပ်သည်ဟု ဆိုသည်။ နိုဝင်ဘာ ရွေးကောက်ပွဲ ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဆောင်မှုနှင့် တိုးတက်ဖြစ်ထွန်းမှုအခြေအနေများကို လေ့လာအကဲခတ်ရန် အင်ဒိုနီးရှားအဖွဲ့ တစ်ဖွဲ့အား မြန်မာနိုင်ငံသို့ မကြာမီ စေလွှတ်တော့မည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အာဆီယံပူးပေါင်းဆောင်ရွက်ရေးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သော Djauhari Oratamangun က မြန်မာနိုင်ငံ အာဆီယံဥက္ကဌ ရာထူးရယူမည့် အရေးကိစ္စကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးမည်ဖြစ်ကြောင်းအတည်ပြုပြောဆိုသည်။ "မြန်မာနိုင်ငံရဲ့ အဆိုပြုချက်ကိစ္စကို အဖွဲ့ဝင်နိုင်ငံများ ဆွေးနွေး သွားကြမှာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထောက်ခံပြောဆိုချက်တွေပေါ်မှာ အခြေခံပြီး အာဆီယံ ခေါင်းဆောင်တွေက အဆိုပါကိစ္စကို ဆုံးဖြတ်ချက်ချသွားမှာလည်းဖြစ်ပါတယ်။ ဝန်ကြီးတွေမကြာခင် ဆွေးနွေးကြတော့မယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု Djauhari Ortamangun ကဆိုသည်။

ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်တွင် အာဆီယံဥက္ကဌရာထူးရယူရန်ရှိခဲ့သော်လည်း မြန်မာနိုင်ငံက ရှောင်လွှဲခဲ့သည့် ကိစ္စအပေါ် ၎င်း၏ထင်မြင် သုံးသပ် ချက်ကို မေးမြန်းရာ ဖြေဆိုခြင်း မရှိပေ။ "မြန်မာနိုင်ငံကိစ္စက ကျွန်တော် တစ်ယောက်တည်း ဆုံးဖြတ်လို့မရပါဘူး။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အားလုံး အပေါ်မှာ မူတည်ပါတယ်" ဟု ၎င်းက Jakarta Post သတင်းစာသို့ပြောကြားသည်။

ဂျကာတာဆွေးနွေးပွဲတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty Natalegawa နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့တွေ့ဆုံပြီး မြန်မာနိုင်ငံသို့ အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့စေလွှတ်မည့်ကိစ္စအပေါ် ဆွေးနွေးကြမည် ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံကို ထောက်ပံ့နေမှု ကြောင့် မြန်မာခေါင်းဆောင်များ အပေါ် သမ္မတယူဒိုယိုနို၏ သြဇာလွှမ်းမိုးမှုပိုမိုကြီးထွားလာစေမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌရာထူး အတွက် အဆိုပြုချက်က အဖွဲ့ဝင်နိုင်ငံများအပြင် အာဆီယံ၏ ဒိုင်ယာလော့ခ်မိတ်ဖက်နိုင်ငံများအတွက် စိုးရိမ်ပူပန်စရာများဖြစ်ခဲ့သည်။

အကြောင်းမှာ ၎င်းတို့က မြန်မာနိုင်ငံသည် ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းများ လုပ်ဆောင်ပါမည်ဟူသော ကတိကဝတ်များ အတိုင်း လက်တွေ့ ကျကျ ဆောင်ရွက်ပြခြင်းမရှိသလို လူ့အခွင့်အရေးပြဿနာများကိုလည်း ဖြေရှင်းနိုင်ခြင်း မရှိဟု ယုံကြည်နေကြသောကြောင့်ဖြစ်သည်။

အချို့ကမူ မြန်မာနိုင်ငံ အာဆီယံဥက္ကဌရာထူးရယူမည့်ကိစ္စသည် အဖွဲ့ကနှစ်အတန်ကြာမျှော်လင့်တောင့်တ ခဲ့သည့် ၂၀၁၅ ခုနှစ် အာဆီယံ လူ့အဖွဲ့အစည်းတစ်ရပ် အုတ်မြစ်ချ အကောင်အထည်ဖော်မည့်ကိစ္စကို ထိခိုက်လာနိုင်ဖွယ် ရှိသည်ဟု စိုးရိမ်လျက်ရှိသည်။ အကြောင်းမှာ ၂၀၁၄ ခုနှစ်သည် အာဆီယံလူ့အဖွဲ့အစည်း အုတ်မြစ်ချထူထောင်နိုင်ရေးအတွက် အရေးကြီးသည့်ပြင်ဆင်မှုများပြုလုပ်ရမည်ဟု ရှုမြင်ထားသောကြောင့် ဖြစ်သည်။

အဆိုပါမြန်မာ့အရေးကိစ္စကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက ချင့်ချင့်ချိန်ချိန်နှင့် ကိုင်တွယ်ဖြေရှင်းလျက်ရှိကြောင်း၊ အကြောင်းမှာ မြန်မာအား ဥက္ကဋ္ဌ ရာထူးပေးမည့်ကိစ္စသည် ရှုပ်ထွေနက်နဲမှုများရှိနေပြီး ဒေသတွင်းနှင့် ဒိုင်ယာလောခ့် မိတ်ဖက်နိုင်ငံများအပေါ် ထိခိုက်နစ်နာမှုများရှိလိမ့်မည်ဟု ဟောကိန်းထုတ် ပြောဆိုမှုများရှိခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

Asean Intergovernmental Commision on Human Right(AICHR) အဖွဲ့မှ အင်ဒိုနီးရှားကိုယ်စားလှယ် Rafendi Djamin က မြန်မာ အနေဖြင့် လူ့အခွင့်အရေးများတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ပါမည်ဟူသော ကတိကဝတ်များကို အမှန်တကယ်လုပ်ကိုင်ပြသနိုင်မည့် အခွင့်အရေး ရရှိသင့်ကြောင်းပြောကြားသည်။

"အာဆီယံဥက္ကဋ္ဌရာထူးနဲ့ မြန်မာနိုင်ငံအံဝင်ခွင်ကျရှိတယ်၊ မရှိဘူးဆိုတာကို ပြောနိုင်တဲ့အနေအထားမျိုး ကျွန်တော့်မှာမရှိပါဘူး။ ဒါပေမဲ့ မြန်မာ နိုင်ငံကို ဥက္ကဋ္ဌရာထူးဆိုတဲ့ အခွင့်အရေးပေးမယ့်ကိစ္စဟာ သူ့အနေနဲ့ ပြည်တွင်းရေး အခြေအနေတွေအားလုံး တိုးတက်ကောင်းမွန်အောင် လုပ်နေပါတယ် ဆိုတာကို အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းသိအောင် လုပ်ကိုင်ပြသလာနိုင်အောင် အားပေးအားမြှောက်ပြုသလိုဖြစ်လာမှာပါ" ဟု ၎င်းက ဆိုသည်။ AICHR နှင့် ပူးပေါင်းဆောင်ရွက်မှုပြုရုံဖြင့် မြန်မာနိုင်ငံက ဒီမိုကရေစီဆက်လက် ဖော်ဆောင်မည့်လမ်းပေါ်သို့ တက်ရောက်နိုင်သည်ကို ပြသခဲ့သည်ဟုလည်း၎င်းကပြောကြားသည်။ SETARA Institute မှ လူ့အခွင့်အရေးလှုပ်ရှားသူ Hendardi ကမူ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေများ တိုးတက်ကောင်းမွန်အောင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက်ကြောင့် ဥက္ကဋ္ဌရာထူးနှင့် အံဝင်ခွင်ကျ ဖြစ်သည့် နိုင်ငံမဟုတ်ကြောင်းပြောကြားသည်။

********************************************************

အာရှတွင် အရေးပါသော ခေါင်းဆောင်နိုင်ငံနေရာဝင်ယူရန် အိန္ဒိယကို ဟီလာရီကလင်တန် တိုက်တွန်း

(Washington Post မှသတင်းကိုဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံသည် အာရှဒေသတွင် ရဲဝံ့ပြတ်သားစွာ လုပ်ကိုင်ဆောင်ရွက်နိုင်သည့် ခေါင်းဆောင်နိုင်ငံကြီး တစ်ခုဖြစ်လာရန် လိုအပ်ကြောင်း အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီရိုဒန်ကလင်တန်က ဇူလိုင်လ ၂၀ ရက်နေ့တွင်ထုတ်ဖော်ပြောကြားလိုက်သည်။ အာရှဒေသတွင် အိန္ဒိယသည် ယခုအခါ ပိုမိုကြွယ်ဝချမ်းသာပြီး ပါဝါရှိသော နိုင်ငံတစ်ခုဖြစ်လာသည့်အားလျော်စွာ ထိုသို့ ရဲဝံ့ပြတ်သားသော ခေါင်းဆောင်နိုင်ငံဖြစ်ရန် လိုအပ်သည်ဟု ၎င်းက ပြောဆိုခြင်းဖြစ်သည်။

"ယနေ့အချိန်ကာလဟာ ကျွန်မတို့တွေအနေနဲ့ ပြင်ပကမ္ဘာက ထိခိုက်နစ်နာမှုတွေကို အရေးမစိုက်ဘဲ ပြည်တွင်းမှာသာ တိုးတက် ကောင်းမွန် အောင်၊ ကြွယ်ဝချမ်းသာအောင် ကြိုးစားနေရမယ့်အချိန်မဟုတ်ပါဘူး" ဟု ဟီလာရီကလင်တန်က အိန္ဒိယနိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော ချင်းနိုင်းတွင် ပြောဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှုများ အမြဲတစေဖြစ်ပွားနေသည့် ပါကစ္စတန်၊ အာဖဂန်နစ္စတန်အစရှိသော နိုင်ငံများသာမက မြန်မာ၊ သီရိလင်္ကာ ကဲ့သို့ အာဏာရှင်နိုင်ငံများနှင့် အိမ်နီးချင်းဖြစ်နေသော အိန္ဒိယနိုင်ငံ၏ ခေါင်းဆောင်မှုသည် လွန်စွာ အရေးပါကြောင်း ဟီလာရီကလင်တန်က တိုက်တွန်း ပြောဆိုသည်။ "စစ်ရေးအရ၊ သံတမန်ရေးအရ၊ စီးပွားရေးအရ မဟာအင်အားကြီး နိုင်ငံတွင် ကြီးမားသော တာဝန်လည်းရှိပေသည်" ဟု သူမက အိန္ဒိယ နိုင်ငံ၏ ခေါင်းဆောင်မှု အာရှတွင် အရေးပါပုံကိုပြောဆိုသည်။

"အာရှဒေသတွင်း အလားအလာရှိတဲ့ပြည်သူတွေဘယ်သူတွေဖြစ်မလဲဆိုတာကိုကျွန်မကြည့်မိတဲ့အခါ အိန္ဒိယ နိုင်ငံဟာ တိုးတက်မှုရော၊ ယှဉ်ပြိုင်မှုရော၊ ကြွယ်ဝချမ်းသာမှုရောပါ တခြားနိုင်ငံတွေအားလုံးထက် ကျော်လွန်နိုင်မယ်ဆိုတဲ့ အချက်ကို လက်ခံယုံကြည်မိသွားပါတယ်" ဟု ဆိုသည်။ "ဒါပေမဲ့ အဲဒီအချက်တွေကြောင့် အိန္ဒိယအနေနဲ့ အဟန့်အတားတွေ အားလုံးကို မဖြစ်မနေကျော်လွှားရပါလိမ့်မယ်" ဟုလည်း ဆက်လက်ပြောသည်။

တောင်အာရှဒေသတည်ငြိမ်အေးချမ်းမှုဟူသည် အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးတက် ကောင်းမွန်မှုအပေါ် များစွာ မှီခိုလျက် ရှိသည်။ ထို့အတူ အာဖဂန်နစ္စတန်တည်ငြိမ်အေးချမ်းအောင် ကြိုးပမ်း ဆောင်ရွက်ရာတွင် အိန္ဒိယနှင့်ပါကစ္စတန်တို့၏ ပူးပေါင်းဆောင်ရွက်မှု သည်လည်း လွန်စွာအရေးကြီးကြောင်း၊ မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များသည်လည်း အိန္ဒိယနိုင်ငံ၏ ခိုင်မာ သော ရပ်တည်မှုအပေါ်တွင် မှီ်ခိုနေပါကြောင်းဟီလာရီ ကလင်တန်ကထောက်ပြသည်။

အမေရိကန်အရာရှိကြီးများအဆိုအရ အရှေ့တောင်အာရှနှင့် စီးပွားရေးအရ ချိတ်ဆက်လုပ်ကိုင်မှုအဓိက ရှိထားသည့် ကုန်ထုတ်လုပ်ရေး မဏ္ဍိုင်မြို့ဖြစ်သော ချင်နိုင်းတွင် ဟီလာရီကလင်တန် မိန့်ခွန်းပြောကြားခြင်းသည် အိန္ဒိယအနေဖြင့် တောင်အာရှကိုကျော်လွန်ပြီး အရှေ့မျှော် မူဝါဒကျင့်သုံးရန် လိုအပ်သည်ဟူသောအချက်ကို ပြောဆို လိုသောကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် အိန္ဒိယအနေဖြင့် ဒေသတွင်း နိုင်ငံများအပေါ် တရုတ်နိုင်ငံ၏ သြဇာအာဏာလွှမ်းမိုးလာမှုကို ချိန်ခွင်လျှာမျှသည့် နေရာမှဝင်ရောက်ရန်ပြောဆိုခြင်း ဖြစ်သည်။

လက်ရှိနှစ်ကာလများတွင် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ နိုင်ငံအတော် များများက ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်လာသည်ကိုတွေ့ရသည်။ သို့သော် အိန္ဒိယနိုင်ငံက မြန်မာ့အရေးနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်နေလျက်ရှိသည်။ အိန္ဒိယအရာရှိကြီးများကလည်း အကယ်၍ ၎င်းတို့အနေဖြင့် မြန်မာ့အရေးကို လက်လွှတ်ထားမည်ဆိုပါက အထီးကျန်နေသောနိုင်ငံခေါင်းဆောင်များ ပွင့်လင်းမှုနှင့် ပိုမိုဝေးကွာ သွား နိုင်သလို အခြားဒီမိုကရေစီခေါင်းဆောင်များနှင့်လည်း အလှမ်းဝေးသွားနိုင်ကြောင်း၊ ထို့အတူ မြန်မာနိုင်ငံကို တရုတ် လက်အောက်သို့ ပိုမိုကျရောက်သွားစေနိုင်ကြောင်း ပြောဆိုကြသည်။

"အိန္ဒိယမှာ မြန်မာနယ်စပ်ဒေသငြိမ်းချမ်းရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ အလွန်အရေးကြီးတဲ့ မဟာဗျူဟာအကျိုးစီးပွား ရှိနေ တယ် ဆိုတာကို ကျွန်မတို့ နားလည်သဘောပေါက်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေအပေါ် မြန်မာအစိုးရရဲ့ပြုမူဆက်ဆံမှုဟာ မနှစ်မြို့စရာတွေ၊ ဆိုးရွားလွန်းတာတွေချည်းပဲဆက်ဖြစ်နေတယ်ဆိုတာကိုတော့ သိသင့်ပါတယ်" ဟု ဟီလာရီ ကလင်တန်ကဆိုသည်။

ချင်နိုင်းမြို့တွင် မိန့်ခွန်းပြောဆိုပြီးနောက် ဟီလာရီကလင်တန်သည် အမျိုးသမီးများဖိုရမ်တွင် ဆွေးနွေးရန် ထွက်ခွာသွားသည်။ အဆိုပါ ဖိုရမ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ညံ့ဖျင်းသော ဒဇိုင်းဖြင့်ပြုလုပ်ထားပြီး ခေတ်မမီတော့သည့် ဟင်းချက်မီးဖိုများကြောင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ အပါအဝင်အခြားသောရောဂါများဖြင့် နှစ်စဉ် လူ ၂ သန်းနီးပါးခန့်သေဆုံးနေမှုကိုတိုက်ဖျက်ရန် အင်ဂျင်နီယာများနှင့် သုတေသီများက ဆွေးနွေးကြမည်ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အဆိုအရ အိန္ဒိယနိုင်ငံတစ်ခုတည်းတွင် ညစ်ညမ်းသော ထင်း၊ ကျောက်မီးသွေးနှင့် ခေတ်မမီသည့် မီးဖိုများ ကြောင့် နှစ်စဉ် သေဆုံးသူအမျိုးသမီးနှင့်ကလေးငယ် စုစုပေါင်း ငါးသိန်း နီးပါးခန့် ရှိသည်။

******************************************************

မြန်မာအနေဖြင့် နိုင်ငံတကာ၏ယုံကြည်မှုရရှိအောင် များစွာကြိုးပမ်းရဦးမည်ဟု ဟီလာရီကလင်တန်ဆို

(AP သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းမရှိဘဲ အတိုက်အခံနိုင်ငံရေးအင်အားစုများနှင့် ပွင့်လင်းသော ဒိုင်ယာလော့ခ် မပြုလုပ်သေးသရွေ့နိုင်ငံတကာ အသိုင်းအဝိုင်း၏ ယုံကြည်မှုကို လက်လွတ်ဆုံးရှုံးရမည်သာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ရိုဒန် ကလင်တန်က သုံးသပ်ပြောဆိုလိုက်သည်။

မြန်မာအစိုးရအနေဖြင့် နျူကလီးယားလက်နက်ပြန့်ပွားမှုနှင့်ပတ်သက်သည့် နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုများ ကြီးထွားလာသည့် ကိစ္စအပေါ် ထုတ်ဖော်ရှင်းလင်းသင့်ကြောင်း ၎င်းကတိုက်တွန်းသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် နှစ်ပေါင်း ၂၀ အတွင်းပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပပြီး အရပ်သားအစိုးရထံသို့ အာဏာလွှဲပြောင်းပေးနိုင်ခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲ ပြီးနောက် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ သို့သော် လေ့လာသုံးသပ်သူအများစုက မြန်မာပြည်တွင်းပြောင်းလဲမှုသည် အပေါ်ယံဟန်ပြသဘောသာဖြစ်ပြီး စစ်တပ်ကပင် အာဏာကို ဆက်လက်ရယူထားကြောင်း ဝေဖန်ပြောဆိုကြသည်။

"ဖမ်းဆီးထိန်းသိမ်းထားတဲ့နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ခြွင်းချက်မရှိလွှတ်ပေးဖို့ ကျွန်မတို့အနေနဲ့ မြန်မာအစိုးရကို တောင်းဆိုလိုက် ပါတယ်" ဟု ဟီလာရီကလင်တန်က အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသော အာဆီယံ ဆွေးနွေးပွဲ၌ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များကို အသိပေး ပြောဆိုသည်။

ထို့ပြင် ဟီလာရီကလင်တန်က မြန်မာအစိုးရအနေဖြင့် အတိုက်အခံအင်အားစုများ၊ တိုင်းရင်းသားလူမျိုးစုများနှင့် အဓိပ္ပာယ်ပြည့်ဝပြီး အားလုံး ပါဝင်ခွင့် ရှိမည့် ဒိုင်ယာလော့ခ် တစ်ရပ်ပြုလုပ်ရန်လိုအပ်သည်ဟု ဆိုသည်။

ယမန်နှစ်တွင် အမေရိကန်အရာရှိကြီးများက နျူကလီးယားလက်နက်နည်းပညာများ သို့မဟုတ် ဒုံးကျည် လက်နက်များ တင်ဆောင် လာသည် ဟု သံသယရှိသော မြောက်ကိုရီးယားသင်္ဘောတစ်စင်း မြန်မာနိုင်ငံသို့ ဦးတည်သွားကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ "ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်အတိုင်း ပြုမူနေထိုင်ရန် နှင့် နျူကလီးယားလက်နက်ပြန့်ပွားမှုနှင့်ပတ်သက်သော နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများအတွက် ဖြေရှင်း ဆောင်ရွက်ရန်" ဟီလာရီကလင်တန်က တိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံတွင် နျူကလီးယားလက်နက် တပ်ဆင်ထုတ်လုပ်မည့် ဦးတည်ချက်ရှိနေသည်ဟု အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံ အတော် များများက ထင်ကြေးပေးပြောဆိုလျက်ရှိသည်။ "မြန်မာအစိုးရအနေနဲ့ ရွေးချယ်ရမယ့် လမ်းနှစ်လမ်းပဲရှိပါတယ်။ မြန်မာပြည်သူတွေရဲ့ ယုံကြည်စိတ်ချမှုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိအောင်လုပ်နိုင်မယ့်လမ်းကိုရွေးမလား။ ဒါမှမဟုတ် သူတို့အခုသွားနေတဲ့ လမ်းအတိုင်းပဲ ဆက်သွားမလား ဆိုတာပါပဲ" ဟု ၎င်းကပြောသည်။

လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် အလှည့်ကျအာဆီယံဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူမည့်ကိစ္စကို ဆွေးနွေးညှိနှိုင်းမှု မရှိသေး သော်လည်း အဆိုပါရာထူးရယူရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းချက်များအပေါ် အမေရိကန် ပြည်ထောင်စု အနေဖြင့် သဘောတူညီမှုမပြုနိုင်သည့် အချက်ကို ဟီလာရီကလင်တန်ကလိမ္မာပါးနပ်စွာပင် အရိပ်လက္ခဏာ ပြသခဲ့သည်။

"အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ရဲ့ယုံကြည်စိတ်ချခြင်းခံယူရရှိမှုနဲ့ ဒေသတွင်းခေါင်းဆောင်မှု အခန်းကဏ္ဍ အပေါ် အကျိုးပြုနိုင်မယ့် အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို ကောင်းမွန်စွာ တွက်ဆရွေးချယ်နိုင်လိမ့်မယ်လို့ ကျွန်မတို့က ယုံကြည်ပါတယ်" ဟု ဟီလာရီကလင်တန်ကဆိုသည်။

အမေရိကန်ပြည်ထောင်စုသမ္မတအိုဘားမားအုပ်ချုပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံတွင်းအခြေအနေများ တိုးတက် ကောင်းမွန်လာရန်အလို့ငှာ မြန်မာ အစိုးရနှင့် စေ့စပ်ညှိနှိုင်းနိုင်မည့်နည်းလမ်းများကိုရှာဖွေခဲ့သည်။ သို့သော် အဆိုပါ စေ့စပ်ညှိနှိုင်းမှုများက ကောင်းမွန်ခိုင်မာမှုရှိသည့် ရလဒ် အနည်းငယ်မျှကိုသာ ဆောင်ကျဉ်းနိုင်ခဲ့သည်ကိုတွေ့ရသည်။

***********************************************************

အာရှ ဒေသဆိုင်ရာအုပ်စုနှင့် အားကောင်းသော ဆက်ဆံရေး ဖြစ်ရန် အမေရိကန်ကြိုးစား

( 24 July 2011 ရက်စွဲပါ npr မှ Anthony Kuhn ရေးသေားသော U.S. strengthens ties to Asian regional grouping ကို ဘာသာ ပြန်ဆိုသည်)

                အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် အာရှ ခေါင်းဆောင်များ နှင့် စကားပြောရာ၌ အောင်မြင် မှု အတန်အတင့် ရရှိကြောင်း ပြောခဲ့သည်။ ထွက်ပေါ်လာသော ကိစ္စရပ်များမှာ တောင်တရုတ်ပင်လယ် မှ နယ်မြေ အငြင်းပွားမှု၊ မြန်မာ နှင့် မြောက်ကိုးရီးယား ကိစ္စရပ်များ ဖြစ်သည်။

                သုံးရက်ကြာ စကားပြောမှုများ အပြီးတွင် ယမန်နှစ်ကတည်းက တင်းမာမှု ဖြစ်နေခဲ့သော တောင်တရုတ်ပင်လယ် အရေးသည် တင်းမာမှု လျော့သွားခဲ့သည်ကို တွေ့ရကြောင်း၊ နှောင်ကြိုးမပါသော လမ်းညွှန်မှုများအတွက် ကျေးဇူးတင်ကြောင်း၊ အာဆီယံနှင့် တရုတ်တို့သည် ကြသပတေး နေ့တွင် ထိုကိစ္စကို ကိုင်တွယ်ရန် အတည်ပြုခဲ့ကြောင်း ကလင်တန်က ဆိုသည်။

                မကြာသေးမီ လများအတွင်းက ဖိလစ်ပိုင်က တရုတ်အား ၎င်း၏ ရေနံရှာဖွေရေး သင်္ဘောများက အနှောက်အယှက် ပေးခဲ့ကြောင်း စွပ်စွဲခဲ့ပြီး၊ ဗီယက်နမ် ကလည်း ၎င်း၏ ငါးဖမ်းသမားအား တရုတ်က ရိုက်နှက်ကြောင်း စွပ်စွဲခဲ့သည်။ တရုတ်ကလည်း ထိုအဖြစ်အပျက်များအား ဝန်ခံခဲ့သည်။ သို့သော် တရုတ်ရေပိုင်နက်ထဲတွင် ဖြစ်ကြောင်း ပြောခဲ့သည်။ ကလင်တန်ကမူ ပိုင်နက် အငြင်းပွားမှုကို မည်သည့်နိုင်ငံကမျှ အင်အားသုံး၍ မဖြေရှင်း သင့်ကြောင်း ပြောကြားခဲ့သည်။

                “ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေ၊ သင်္ဘောနဲ့ ဝင်တိုက်တာတွေ၊ ကေဘယ်တွေ ဖြတ်ပစ်တာတွေဟာ တောင်တရုတ် ပင်လယ်ထဲမှာ ဖြတ်သွားနေတဲ့ သူတွေကို စရိတ်ပိုတက်စေပါတယ်။ တောင်တရုတ်ပင်လယ်မှာ တစ်ကမ္ဘာလုံး ကူသန်းရောင်းဝယ်မှုရဲ့ တစ်ဝက်လောက်က ဖြတ်သန်းသွားလာ နေတာပါ” ဟု ကလင်တန်က ပြောသည်။ လက်ရှိတွင် တရုတ်က တောင်တရုတ်ပင်လယ်၏ 80% ကို ပိုင်ဆိုင်ရန် တောင်းဆိုလျက် ရှိသည်။

အာဆီယံ၏ ပိုမို အရေးပါသော ကဏ္ဍ အတွက် လုပ်ဆောင်ချက်

                ယခု နယ်မြေအငြင်းပွားမှုများနှင့် ပတ်သက်၍ ဖြေရှင်းပေးနိုင်မည့် အဖွဲ့အစည်း ပေါ်ပေါက်ခဲ့လျှင်လည်း အာဆီယံ တော့ ဟုတ်လိမ့်မည် မဟုတ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က ပြောသည်။

                “အခုလို အာဆီယံဒေသဆိုင်ရာ ဖိုရမ်မှာ နိုင်ငံပေါင်း (27) နိုင်ငံလောက် ပါဝင်တော့ ပြဿနာ ဖြေရှင်းဖို့ မဖြစ်နိုင်ပါဘူး။ နောက်ပြီး အာဆီယံက ပြဿနာဖြေရှင်းဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းထားတာ မဟုပါဘူး” ဟု ၎င်းက ပြောသည်။

                အာဆီယံတွင် ၎င်း၏ ဆုံးဖြတ်ချက်များအား တွန်းအားပေးနိုင်သည့် စွမ်းဆောင်ရည်အနည်းငယ်သာ ရှိသည်။ ၎င်း၏ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သော ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကိုပင် နှစ်ဖက် ရန်မဖြစ်အောင် မထိန်းသိမ်းထားနိုင်ခဲ့ပေ။ သို့သော် အာဆီယံသည် အာရှတိုက် လုံခြုံရေး ၏ အရေးပါသော ဗိသုကာ ဖြစ်ရန် ဆန္ဒပြင်းပြလျက် ရှိသည်။ အမေရိကန်ကလည်း အာဆီယံ နှင့် ဆက်ဆံရေးကို အားကောင်းရန် ပြုလုပ်လျက် ရှိသည်။

                ဧပြီလကတည်းက စတင်ခန့်ထားသော ပထမဆုံးသော အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်ကြီး David Carden က ပြောကြားရာတွင် ယခု အပတ်အစည်းအဝေးတွင် စိတ်ရှည်စွာ စောင့်စားပြီး နှစ်ရှည်လများ ဖြေရှင်းရမည့် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများတွင် တိုးတက်မှုများ ရခဲ့သည်ဟု ဆိုသည်။

မြောက်ကိုးရီးယား၊ မြန်မာ

                သောကြာနေ့က အာဆီယံသည် မြောက်နှင့် တောင်ကိုးရီးယားတို့ မှ နျူကလီးယား ညှိနှိုင်းသူများအား တွေ့ဆုံနိုင်ရန် စီမံပေးခဲ့ပြီး ခြောက်နိုင်ငံ နျူကလီးယား လက်နက်ဖျက်သိမ်းရေး စကားပြောဆိုမှု ပြန်လည် စတင်ရန် ကတိပေးခဲ့ကြသည်။ သို့သော် အစည်းအဝေးတွင် 2014 တွင် မြန်မာနိုင်ငံက အလှည့်ကျ သဘာပတိ ပြုလုပ်ရေးနှင့် ပတ်သက်၍ အဖွဲ့ဝင် နိုင်ငံများကြား သဘောတူညီမှု ယူရေးကို မလုပ်ဆောင်နိုင်ခဲ့ပေ။

                မြန်မာနိုင်ငံ၏ လက်ရှိအစိုးရသည် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော နိုင်ငံရေး အတိုက်အခံအား နေရာ မပေးသရွေ့ လက်မခံဟု ဆိုလျှင် မကောင်းလောဟု ကလင်တန်က အကြံပေးခဲ့သည်။

                “ကျွန်မတို့က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ တောင်းဆိုခဲ့ပြီး ပါပြီ။ မြန်မာပြည်သူတွေ အကျိုးရှိတယ်လို့ မြင်တွေ့ရမယ့် ပြောင်းလဲမှုမျိုးတွေ လုပ်ဖို့ ဆက်ပြီး ဖိအား ပေးဦးမှာပါ” ဟု သူမ က ပြောသည်။

                အာဆီယံကိုယ်၌ကပင်လျှင် မြန်မာနှင့် ပတ်သက်၍ နှစ်ပိုင်းကွဲနေသည်။ ထိုင်းကဲ့သို့သောနိုင်ငံများက မြန်မာနိုင်ငံ၏ သယံဇာတများတွင် ရင်းနှီး မြှပ်နှံမှုများ ပြုလုပ်လိုကြပြီး။ ဖိလစ်ပိုင်ကဲ့သို့သော နိုင်ငံများက နိုင်ငံရေး အရ အမှန်တကယ် ပြုပြင် ပြောင်းလဲမှုများ အရင်လုပ်ရမည် ဟု ဆိုနေကြသည်။

************************************************************

တရုတ်-မြန်မာ အနီးကပ်ဆက်ဆံရေးကြောင့် အိန္ဒိယအရှေ့မြောက်ဒေသ မတည်ငြိမ်မှုများဖြစ်ပေါ်လာဖွယ်

(Asia Tribune မှ ဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်)

ဂူဝါဟေတီ။ ဇူလိုင်-၂၀

အိမ်နီးချင်းမြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကြီးထွားလာမှုနှင့် စေ့စပ်ဆွေးနွေးမှုမလိုလားသော အိန္ဒိယခွဲထွက်ရေး လက်နက်ကိုင် သူပန်အုပ်စုများ မြန်မာနိုင်ငံတွင်းအခြေချနေထိုင်မှု နှစ်ရပ်စလုံးက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွင် မကြာမီကာလများအတွင်း ဆိုးရွားသော ဂယက်ရိုက်ခတ်မှုများထွက်ပေါ်လာဖွယ်ရှိရာ အိန္ဒိယပြည်နယ် အသီးသီးရှိ ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စုပေါင်း ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် များစွာလိုအပ်နေပြီဖြစ်သည်။

ထောက်လှမ်းရေးသတင်းများကို ကိုးကားပြီး အိန္ဒိယအရာရှိကြီးများက Asia Tribune အွန်လိုင်းသို့ပြောဆိုရာတွင် တရုတ်နိုင်ငံသည် လက်နက်ကိုင်အုပ်စု တစ်ခုချင်းစီကိုထောက်ပံ့နေခြင်းထက် ခွဲထွက်ရေးသူပုန်အုပ်စုများအားလုံး တစ်ပေါင်းတစ်စည်းတည်းဖြစ်မှသာ အကူအညီ ပေးလိုသည့် ဆန္ဒရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် အခြေစိုက်သော စစ်သွေးကြွများအနေဖြင့် တရုတ်နိုင်ငံမှ အကူအညီရယူနိုင်သည်ဟူသောအချက်ကို သိရှိအောင် အရိပ်အမြွက်ပေး ပြောဆိုထားပြီး ဖြစ်ကြောင်း ပြောကြားသည်။

သတင်းရင်းမြစ်များအရ သဘောထားတင်းမားပြီး အိန္ဒိယအစိုးရနှင့်စေ့စပ်ညှိနှိုင်းမှုများမပြုလုပ်လိုသော သူပုန်အုပ်စုများသည် ယခုအခါ မြန်မာ နိုင်ငံနယ်စပ်ဒေသ Taga မြို့နယ်တွင် တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး စစ်ဆင်ရေး ဆောင်ရွက်ချက်များ လက်တွဲလုပ်ဆောင်ရန် ညှိနှိုင်းထားပုံရကြောင်း သိရသည်။ အာသံပြည်နယ် လွတ်မြောက်ရေး တပ်ဦး (ULFA)မှ စစ်ဦးချုပ် Paresh Baruah သည် PLA အဖွဲ့မှ အကူအညီများရယူပြီး အာသံ ပြည်နယ်တွင်း အကြမ်းဖက်လုပ်ဆောင်ချက်များပြုလုပ်ရန် စည်းရုံးလျက်ရှိကြောင်း၊ အကယ်၍ လက်နက်ကိုင်အုပ်စုများအားလုံး ပူးပေါင်းသွားမည် ဆိုပါက တရုတ်နိုင်ငံမှအကူအညီများစတင်ရရှိလိမ့်မည်ဖြစ်ကြောင်း၊ သို့အတွက်ကြောင့် မြန်မာနှင့် အိန္ဒိယနယ်စပ်ဒေသ တရားဥပေဒစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ဆိုင်ရာ ပြဿနာများစွာ ဖြစ်ပေါ်လာတော့မည် ဖြစ်ကြောင်း တိကျခိုင်မာသော သတင်းများကဆိုသည်။

မဏိပူရပြည်နယ်မှ  စစ်သွေးကြွအုပ်စုများဖြစ်သော PLA၊ UNLF၊ PREPAK နှင့် KYKL တို့သည် ယခုအခါ နားလည်မှု ကိုယ်စီရရှိထားပြီ ဖြစ်သည်။ အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုဆန့်ကျင်ရေးအုပ်စုဖြစ်သော ULFA သည် Taga မြို့နယ်ဒေသတစ်ဝိုက်တွင် NSKN(K) အပါအဝင် မဏိပူရ ပြည်နယ်အခြေစိုက် စစ်သွေးကြွအုပ်စုများနှင့် အဆက်အသွယ်များ ပြုလုပ်လျက်ရှိသည်ဟု ထောက်လှမ်းရေးသတင်းများကဆိုသည်။

မော်ဝါဒီသူပုန်အုပ်စုများသည် မဏိပူရပြည်နယ်မှ PLA အဖွဲ့နှင့် သဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးနိုင်သည့် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ ၎င်းတို့သာ မြန်မာပြည်တွင်းမှ အခြားကျန်ရှိသော သူပုန်အုပ်စုများနှင့် လက်တွဲသွားမည် ဆိုပါက အခြေအနေမှာပိုမိုဆိုးရွားလာဖွယ်သာရှိသည်။

အိန္ဒိယပြည်နယ်အရှေ့မြောက်ပိုင်းဒေသမှ လက်နက်ကိုင်စစ်သွေးကြွများသည် တရုတ်နိုင်ငံ Norinko စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံမှ လက်နက်များအသုံးပြုလျက်ရှိသည်ဟူသော သတင်းပေးပို့မှုများ အစောပိုင်းကာလတွင် ထွက်ပေါ်ခဲ့သေးသည်။ သို့သော် လက်ရှိအနေအထား အထိ အဆိုပါ စစ်သွေးကြွများကို တရုတ်အရာရှိ ကြီးများက စစ်လက်နက်ကူညီထောက်ပံ့မှုပေးနေသည်ဟူသော သတင်းပေးပို့မှုမျိုးမရှိသေးပေ။ မည်သို့ပင် ဆိုစေ Tinsukia မြို့တွင် တရုတ်နိုင်ငံထုတ် အဝေးထိန်းစနစ်သုံးဖောက်ခွဲရေးပစ္စည်းများကို အိန္ဒိယစစ်တပ်က ဖမ်းဆီးရမိလိုက်သည်။

**********************************************************

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ တရုတ်တွေပေးတဲ့ သင်ခန်းစာ

(Japan Times မှ Chinese Lessons on Myanmar ကို ဘာသာပြန်ဆိုသည်)

(မြန်မာကို တရုတ်ထံမှ ဆွဲယူသိမ်းသွင်းရန် အိန္ဒိယကြိုးစား ဟူသော ဆောင်းပါးနှင့် ဆက်စပ်၍ ရေးသားထားခြင်း ဖြစ်သည်)

အိန္ဒိယနိုင်ငံအနေနဲ့ သူ့ရဲ့အရှေ့ဘက် အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံ (မြန်မာ)ရဲ့ နိုင်ငံခြားရေးမူဝါဒကို ထဲထဲဝင်ဝင် လေ့လာလိုက်မယ် ဆိုရင် ခင်မင်စရာကောင်းသလို ရွံစရာကောင်းတဲ့ လွတ်လပ်သော မြန်မာနိုင်ငံကို ဆွဲယူသိမ်းသွင်းဖို့အတွက် ခက်ခဲတော့မှာမဟုတ်ပါဘူး။

၁၉၄၈ ခုနှစ် ဗြိတိန်ထံက လွတ်လပ်ရေးရပြီးနောက်ပိုင်း အရပ်ဖက်ဖြစ်စေ၊ စစ်ဖက်ဖြစ်စေ မြန်မာအစိုးရတွေဟာ အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေး ကိစ္စများကို ကြားဝင်မစွက်ဖက်ရေး၊ နိုင်ငံအားလုံးနဲ့ ခင်မင်ရင်းနှီးစွာ ဆက်ဆံခြင်း၊ နိုင်ငံရေးနှောင်ကြိုးသာ ပါမလာဘူးဆိုရင် နေရာ အားလုံး ကနေ ရသမျှ ကူညီထောက်ပံ့မှုတွေကို လက်ခံခြင်းစတဲ့ ဘက်မလိုက် မူဝါဒကို ဆုပ်ကိုင်ခဲ့ကြပါတယ်။ တကယ်လို့ အနောက်နိုင်ငံတွေဟာ ဒီအရှေ့တောင် အာရှနိုင်ငံရဲ့ သမိုင်းကြောင်းကို ကောင်းကောင်းကြီးသဘောပေါက်သွားပြီဆိုရင်တော့ မြန်မာတွေကို ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကိစ္စ စည်းရုံးသိမ်းသွင်းမှာ မဟုတ်တော့ပါ။

လွတ်လပ်တဲ့ကမ္ဘာကြီးဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကိစ္စကို အကူအညီပေးဖို့ ဘာကြောင့် အရင်တုန်းက ပျက်ကွက်ခဲ့ပါသလဲ လို့ မေးချင်ပါ တယ်။ မြန်မာတွေဟာ ၁၉၄၀ ခုနှစ်များနောက်ပိုင်းနဲ့ ၁၉၅၀ ခုနှစ်တွေမှာ ဒီမိုကရေစီ ရွေးကောက်ပွဲတွေကို မဲပေးခဲ့ကြပြီးသားပါ။ ဒီကနေ့ အနောက်နိုင်ငံ တွေ မိကျောင်းဥပုသ်စောင့်ပြနေတာ၊ မိကျောင်းမျက်ရည်ကျနေတာဟာ အရှိထက်ပိုပြီး ဟန်ထုတ်ပြတတ်တဲ့ အနောက်နိုင်ငံတွေရဲ့ အရည်အချင်း တစ်ရပ်ပဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးထူထောင်ဖို့အတွက် ရှုတ်ထွေးမှုမရှိတဲ့ မဟာဗျူဟာ နောက်ကို လိုက်ပါရမှာဖြစ်ပါတယ်။ တစ်ခြား နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတဲ့ အနောက်နိုင်ငံတချို့ ကို အတုယူလို့ မရပါဘူး။ တရုတ်တွေဆီကနေ သင်ယူပါလို့ အကြံပြု တင်ပြလိုက်ပါတယ်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment