Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၀.၈.၂၀၁၁

ဘာသာပြန်သတင်းများ

အိန္ဒိယနှင့်အာဆီယံ ဆက်သွယ်ရေးလမ်းကြောင်းကလည်း တရုတ်နှင့်လမ်းကြောင်းကဲ့သို့ အရေးပါဟုပညာရှင်ပြော

(8 August 2011 ရက်စွဲပါ The Nation မှ Sasithorn Ongdee ရေးသားသော Links to India and ASEAN as vital as links to China, experts says ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် အာဆီယံ၊ တရုတ်သို့ သယ်ယူပို့ဆောင်ရေး အဆက်အသွယ်ကောင်းများ၏ အထောက်အကူ ပြုမှုကြောင့် ဒေသတွင်း ရင်းနှီးမြှပ်နှံမှု ဗဟိုဌာန ဖြစ်လာရန် အလားအလာကောင်းများ ရှိသည်ဟု ထိပ်တန်းခွဲခြမ်း စိတ်ဖြာလေ့လာသူ တစ်ဦးက ပြောသည်။

တရုတ်နှင့် သယ်ယူပို့ဆောင်ရေး အဆက်အသွယ်များသည် စက်မှုလုပ်ငန်းအတွက် တွန်းအားဖြစ်သည်ဟု ချဉ်းကပ်ပြောဆိုမှုများမှာ အမြင်ကျဉ်းရာ ရောက်သည် ဟု Thammasat Business School မှ တွဲဖက်ပါမောက္ခ Dr Ruth Banomyong ၏ အဆိုအရ သိရှိရသည်။

ထိုင်းနိုင်ငံ ၏ အလားအလာများ နှင့် အခွင့်အလမ်းများကို ကြည့်ရှုရန် ပိုမိုကျယ်ပြန့်သော ရှုဒေါင့်ရှိရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။ ထိုင်းနိုင်ငံ မည်သည့်နေရာတွင် ရပ်တည်နေသည် ဆိုသည်ကိုပြောရန် အာဆီယံနှင့် အိန္ဒိယတို့ကို ထည့်သွင်း စဉ်းစားရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

ထိုင်း၊ အာဆီယံ နှင့် အရှေ့အာရှ တို့၏ စီးပွားရေး အင်အားသည် နိုင်ငံတကာ ထုတ်လုပ်မှု ကွန်ယက် ဖွံ့ဖြိုးတိုးတက်မှုပေါ်တွင် မူတည်နေသည် ဟု Ruth က ပြောသည်။

နိုင်ငံတကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုသည် နိုင်ငံအမျိုးမျိုးတွင် ရှိသော ကုန်ပစ္စည်းပေးသွင်းသူ၊ ထုတ်လုပ်သူနှင့် ဖြန့်ဖြူးသူများပေါ် မူတည်၍ ဦးတည်ချက် အမျိုးမျိုးဖြင့် ကွဲပြားလျက် ရှိသည်။ သုတေသန လေ့လာမှု အများစုသည် အဆိုပါ စီးပွားရေး ပထဝီဝင် အသစ် ( new economic gepgraphy ) ကို လေ့လာလျက် ရှိကြသည်။

ယနေ့ လက်ရှိအားဖြင့် ဂျပန်နိုင်ငံသည် အရင်ကထက်စာလျှင် သူ့တိုင်းပြည်တွင်း တွင် ထုတ်လုပ်မှု ကို အခြေခံမှု မှာ လျော့နည်းလာပြီ ဖြစ်သည်။ ယခင်က ဒေသတစ်ခုတွင် အဓိက အခြေစိုက်ပြီး စက်ရုံများ စုစည်းထားမှုမှာ ပုံမှန်လို ဖြစ်ခဲ့ဘူးသည်။

ဥပမာအားဖြင့် အမေရိကန်ရှိ Detroit သို့မဟုတ် ဂျပန်နိုင်ငံမှာ Toyota city တို့ ဖြစ်သည်။ သို့သော် ယခုအခါ တိုယိုတာသည် ၎င်း၏ ထုတ်လုပ်မှု အခြေစိုက်မှု အား ဂျပန်နိုင်ငံ ပြင်ပ အဓိကအားဖြင့် အာရှ တွင် ထားရှိလာသည်။

“ ရည်ရွယ်ချက်မှာ ပိုမိုနက်ရှိုင်းသော စီးပွားရေး စုစည်းမှုရှိရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှု ကျဉ်းမြောင်းရေး အတွက် ဖြစ်ပါတယ် ” ဟု Ruth က ပြောသည်။ ထိုကဲ့သို့ ပြောင်းလဲမှုတွင် အဓိက မောင်းနှင်အား မှာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ဆက်သွယ်မှုပင် ဖြစ်သည်။

အဆိုပါ ရည်မှန်းချက်များ အောင်မြင်စေရန် Ruth က အကြံပြုရာတွင် ဝင်ငွေ အလယ်အလတ်ရှိ နိုင်ငံများသည် စက်မှုဆိုင်ရာ စုဖွဲ့မှုများ ပြုလုပ်၍ ဖန်တီးမှု အသစ်များ ပြုလုပ်ရမည်ဟု ဆိုသည်။ စက်မှုကို အခြေခံအဖြစ် လုပ်ဆောင်နိုင်ရန် နီးစပ်သော တိုင်းပြည်များသည် ထုတ်လုပ်မှု ကွန်ရက်များ လုပ်ဆောင်ရန် အသိပညာများပေး၍ တွန်းအားပေးရမည် ဖြစ်ပြီး၊ ခေတ်နောက်ကျ ကျန်ခဲ့သော တိုင်းပြည်များကလည်း စက်မှုဖွံ့ဖြိုးမှု အသစ် ဖြစ်ပေါ်နိုင်ရန် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အဦးများ တည်ဆောက်ထားသင့်သည်။

ဒေသတွင်း စက်မှု အခြေခံသော နိုင်ငံများမှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ပုလဲမြစ် မြစ်ဝကျွန်းပေါ် နှင့် မနီလာတို့ ဖြစ်သည်ဟု ၎င်းက ပြောသည်။ စိန်ခေါ်မှုမှာ တစ်ဦးစီ ချိတ်ဆက်နိုင်ရေး ဖြစ်ပြီး၊ ဈေးသက်သာသော၊ အချိန်ကုန်သက်သာသော၊ ပို၍ စိတ်ချရသော သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အဦ တိုးတက် ဖြစ်ပေါ်ရေး ဖြစ်သည်။

အာရှ ( ၁၃ ) နိုင်ငံ၊ အာဆီယံ နှင့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ တို့ 2030 တွင် စီးပွားရေးအရ စုစည်းမှု တိုးတက် ဖြစ်ပေါ်ရေးအတွက် ခြေလှမ်းအဆင့် ( ၄ ) ဆင့်ကို Ruth က ထောက်ခံ ပြောကြားခဲ့သည်။ ၎င်းကို Economic Research Institute for ASEAN and East Asia ( ERIA ) က Mekong India Economic Corrider ( MIEC ) အပေါ် ရှေ့ပြေး လေ့လာချက် တွင် ဖော်ပြထားသည်။

လိုအပ်သော တိုးတက်မှု အချို့မှာ ပထမ အဆင့်အားဖြင့် ကမ္ဘောဒီးယားနိုင်ငံ Neak Loueng ရှိ မဲခေါင်မြစ်ပေါ်တွင် တံတားထိုးရေး၊ ဒုတိယ အဆင့် ထိုင်းနိုင်ငံ ကချာနာပူရီ နှင့် ထားဝယ် လမ်းသစ် ပြီးစီးရေး၊ တတိယ အဆင့် အဖြစ် MIEC ကြား အကောက်ခွန် လုပ်ငန်းများ တည်ရှိရေး၊ စတုတ္ထအဆင့် အနေဖြင့် ထားဝယ် နှင့် မဒရပ် ဆိပ်ကမ်းကြား ပင်လယ်လမ်းကြောင်းသစ် ဖြစ်ပေါ်ရေးတို့ ဖြစ်သည်။ အဆိုပါ ပင်လယ်လမ်းကြောင်းသစ် သည် အခြား အဓိက ဆိပ်ကမ်းများ အချင်းချင်း ဆက်သွယ်ရေး အရေးကြီးသကဲ့သို့ အရေးပါ ပါသည်။

“ GDP ရာခိုင်နှုန်း တိုးတက်ရေး အတွက် ထားဝယ်ရဲ့ သက်ရောက်မှု အများကြီး ရှိပါမယ် ” ဟု Ruth က ပြောသည်။

အကျိုးအမြတ် ခံစားရမည့် နိုင်ငံများမှာ မြန်မာ နှင့် ကမ္ဘောဒီးယား တို့ဖြစ်သည်။ အဆိုပါ တိုင်းပြည်များသည် လက်ရှိအားဖြင့် အနည်းငယ်သော GDP သာ ရှိရာ၊ အဆိုပါ စီးပွားရေး ဖြစ်ပေါ်မှု အသစ်များပေါ် မှ ဖွံ့ဖြိုး တိုးတက်မှုများ ရရှိနိုင်မည် ဖြစ်သည်။

အကယ်၍ MIEC သည် မြောက်ပိုင်းမှ လမ်းကြောင်းများ ကို မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် ၏ အလယ်ပိုင်း ဒေသများမှ တဆင့် စုစည်းနိုင်ခဲ့လျှင် ကချာနာပူရီ နှင့် နိုင်ငံ အားလုံးသည် အကျိုးခံစားကြရမည် ဖြစ်သည်။

ကမ္ဘောဒီးယား၊ မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် တို့သည် ကြီးစွာသော အကျိုးခံစားရမည် ဖြစ်သည်။ ထိုင်းနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့သည် သိသာသော အကျိုးအမြတ် ရနိုင်ပြီး၊ နောက်မှ လိုက်၍ ဘင်္ဂလားဒေ့ရှ် နှင့် ဗီယက်နမ် တို့ လည်း ခံစားရမည် ဖြစ်သည်။ GDP တန်ဖိုးအရ သိသာစွာ မြင့်တက်လာမည် ဟု အဆိုပါ ပညာရှင် က ခန့်မှန်းခဲ့သည်။

သို့သော် အဆိုပါ လမ်းကြောင်းများ ဆက်စပ်မိရုံဖြင့် မလုံလောက်ကြောင်း၊ ဒေသတွင်း နိုင်ငံများကြား ကွန်ရက် တစ်ခု ဖန်တီး တည်ဆောက်ထားရန် လိုကြောင်း ပြောသည်။

“ ဒေသတွင်း ဆက်သွယ်မှု ကို ကူညီပံ့ပိုးတဲ့ အနေနဲ့ အစိုးရ ဟာ ကုန်သွယ်ရေး နဲ့ ရင်းနှီးမြှပ်နှံမှု ကို စရိတ် အနည်းငယ်ဆုံး၊ အလွယ်ကူဆုံးနဲ့ စိတ်အချရဆုံး လတ်လပ်စွာစီးဆင်းခွင့် တိုးမြှင့်ပေးသင့်ပါတယ် ” ဟု Ruth က အကြံပြုသည်။

လက်ရှိအားဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန ၏ သယ်ယူပို့ဆောင်ရေး၊ လမ်းကြောင်းမူဝါဒ နှင့် စီမံကိန်းရုံး ( OTP ) သည် အိမ်နီးချင်း တိုင်းပြည်များ နှင့် ဆက်စပ်သည့် လမ်ကြောင်း အမျိုးမျိုး ၏ အခြေခံ အဆောက်အဦး တိုးတက်အောင် စီမံချက်ချ လုပ်ဆောင်နေသည်။

မဲခေါင်ကို ဖြတ်၍ လမ်းများ တံတားများ၊ နိုင်ငံအနှံ့ နှစ်လမ်းသွား ရထားလမ်းများ၊ Pak Bara နှင့် Satun ရှိ ရေနက်ဆိပ်ကမ်းများ၊ Songkhla ရှိ ကွန်တိန်နာ ဆိပ်ကမ်း၊ Chiang Saen ရှိ မြစ်တွင်း ဆိပ်ကမ်း၊ Laem Chabang ရေနက်ဆိပ်ကမ်း တတိယအဆင့် လုပ်ငန်းများနှင့် မြန်နှုန်းမြင့် ရထားလိုင်းများ အားလုံး ပါဝင်သည်။

“ ဒါပေမယ့် တရုတ်နိုင်ငံ တောင်ပိုင်း နဲ့ လာအို၊ ထိုင်း နဲ့ မလေးရှား တို့ နဲ့ ဆက်သွယ် တဲ့ မြန်နှုန်းမြင့် ရထားလိုင်း ကိစ္စကတော့ တရုတ် အစိုးရ နဲ့ ညှိနေတုန်းပဲ ရှိပါသေးတယ်။ နောက်အစိုးရ ရဲ့ ဆုံးဖြတ်ချက် ကိုလည်း စောင့်ရပါမယ် ” ဟု OTP ၏ ခေတ္တ စီမံရေး ဒါရိုက်တာ Peraphon Thaworn supacharoen က ပြောသည်။

 *************************************************************************************

အမေရိကန် ဆီနိတ်တာ Webb အာရှ ခရီး လှည့်မည်

(Radio Netherlands Worldwide မှ 10 Aug 2011 ရက်စွဲပါ “ US Senator Webb to visit Asia ” သတင်းကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံကို ဝေဖန် ကန့်ကွက်သူ၊ မြန်မာနိုင်ငံ နှင့် ထိတွေ့ဆက်ဆံခြင်း ကို ထောက်ခံသူ အမေရိကန် ဒီမိုကရက်တစ် အထက်လွှတ်တော် အမတ် Jim Webb သည် သြဂုတ်လ ၁၂- ၂၅ ရက် ခရီးစဉ် တွင် ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံများ သို့ သွားရောက်မည် ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ တွင် သူ၏ ရုံးခန်း က ကြေငြာချက် ထုတ်ပြန်သည်။

အထက်လွှတ်တော်ဆီးနိတ်၏ အရှေ့အာရှ နှင့် ပစ္စဖိတ်ရေးရာ နိုင်ငံခြားဆက်ဆံရေး ဆပ်ကော်မတီ ၏ ဥက္ကဌ အဖြစ် ဆောင်ရွက်နေသော Jim Webb သည် ခရီးတစ်ထောက် ရပ်နားရာ နေရာတိုင်းတွင် နိုင်ငံ အကြီးအကဲများ၊ နိုင်ငံခြားရေးမူဝါဒ နှင့် စစ်ဖက် တာဝန်ရှိ ပုဂ္ဂိုလ်များအပြင် စီးပွားရေး ဦးဆောင် ပုဂ္ဂိုလ်များကိုပါ တွေ့ဆုံရန် စီစဉ်ထားသည် ဟု သိရှိရသည်။

ဆီနိတ်တာသည် ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်သစ် ယင်လပ်ရှင်နာဝပ်ထရာ အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ယခင် ဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဗဲ့ဂျာဂျီးဗား နှင့်လည်း တွေ့ဆုံကာ ယခင်လ က ထိုင်းရွေးကောက်ပွဲ နှင့် အမေရိကန် - ထိုင်း ဆက်ဆံရေး ကိစ္စများကို ဆွေးနွေးမည် ဟု ဆိုသည်။

စင်ကာပူတွင်မူ နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စများ၊ တရားမဝင် လူကုန်ကူးမှု တိုက်ဖျက်သည့် ဒေသတွင်း အားထုတ်မှုများ နှင့် ရေပြင်ပိုင်နက် ကိစ္စ အပေါ် တရုတ်နိုင်ငံ က အိမ်နီးချင်း နိုင်ငံများကို ပြဿနာရှာသည့် အချိန်တွင် ဖြစ်လာနိုင်သော စိုးရိမ် ပူပန်စရာများ ကို ဆွေးနွေးရန် Jim Webb က စီစဉ်ထားသည်။

ထို့အပြင် ဝါရင့် ဝန်ကြီး လီကွမ်ယူ နှင့်လည်း တွေ့ဆုံဦးမည် ဖြစ်သည်။

ဆီနိတ်တာ Jim Webb ဝင်ရောက် ရပ်နားမည့် အင်ဒိုနီးရှား နှင့် ဗီယက်နမ် တွင်လည်း တောင်တရုတ်ပင်လယ်ပြင် ပိုင်နက် အငြင်းပွားမှု ပြဿနာများ ကို ဆွေးနွေးမည် ဖြစ်ရာ ဒေသတွင်း ပင်လယ်ပြင်တွင် တရုတ်နိုင်ငံ က အငြင်းပွားစရာ ဖြစ်အောင် လုပ်ဆောင်နေသည့် ကိစ္စသည်လည်း ဦးစားပေး ဆွေးနွေးရမည့် အကြောင်းအရာ ဖြစ်လာဖွယ် ရှိသည် ဟု ဆီနိတ်တ ၏ ရုံးက ထုတ်ပြန် ကြေညာထားသည်။

ဆီနိတ်တာ Jim Webb တင်ပြထားသည့် “ သယံဇာတ ကြွယ်ဝသော မဟာဗျူဟာမြောက် တောင်တရုတ် ပင်လယ်ပြင် ပိုင်နက် အငြင်းပွားမှု ပြဿနာများ တွင် တရုတ် စစ်သင်္ဘောများက အင်အားသုံးလာခြင်းကို အပြင်းအထန် ကန့်ကွက်သည် ” ဟူသော ဆုံးဖြတ်ချက် ကို အမေရိကန် အထက်လွှတ်တော် က ဇွန်လ အတွင်း အတည်ပြုပေးခဲ့ပြီး ဖြစ်သည်။

အဆိုပါ သတိပေးမှု သင်္ကေတ ပါဝင်သည့် ဆုံးဖြတ်ချက်တွင် တောင်တရုတ်ပင်လယ်ပြင်၌ တရုတ်နိုင်ငံမှ ရေတပ်နှင့် ရေကြောင်းလုံခြုံရေး သင်္ဘောများက အင်အား အသုံးပြုခြင်းကို ကန့်ကွက်ထားပြီး ယင်းပြဿနာများကို နိုင်ငံစုံ ပါဝင်သော ငြိမ်းချမ်းသည့် နည်းလမ်း လုပ်ငန်းစဉ်ဖြင့် ဖြေရှင်းရန် တိုက်တွန်းထားသည်။

အထက်ပါ တောင်တရုတ်ပင်လယ်ပြင် ပိုင်နက် ပြဿနာများအား သက်ဆိုင်ရာ နိုင်ငံပေါင်းစုံ ပါဝင်ဆွေးနွေးရန် တောင်းဆိုထားမှုများကို တရုတ်နိုင်ငံ က ပယ်ချထားပြီး သက်ဆိုင်ပတ်သက်သည့် နိုင်ငံများ နှင့် တစ်နိုင်ငံခြင်း ဖြေရှင်းမည် ဟု ခုခံ ပြောကြားလျက် ရှိသည်။

  *************************************************************************************

Obama ၏ မြန်မာအစိုးရအပေါ် လက်ကမ်းပေးမှု အစိုးရဆန့်ကျင်သူများကို အားနည်းစေ

( 9 August 2011 ရက်စွဲပါ Commentary Magazine မှ Jillian Kay Melchior ရေးသားသော Obama outreach to Burmese Junta undermines dissidents ကို ဘာသာ ပြန်ဆိုသည်)

ပြီးခဲ့သည့် အပတ်က ဆီးနိတ်သည် မြန်မာနိုင်ငံ အတွက် အမေရိကန် အထူးကိုယ်စားလှယ်ကို တညီတညွတ်တည်း အတည်ပြု ပေးခဲ့ပါသည်။

ဤကိစ္စသည် မူဝါဒ နှင့် ပတ်သက်၍ ပြောင်းလဲသွားမှု ဖြစ်ပြီး ယခင်က အာဏာရှင် အစိုးရ နှင့် ဆက်ဆံရန် ငြင်းဆိုပြီး မြန်မာနိုင်ငံ နှင့် အဆင့်မြင့် သံတမန် အဆက်အဆံများ မရှိခဲ့ပေ။ စစ်အစိုးရကလည်း ၎င်းသွားနေသော လမ်းကြောင်း ကို ပြောင်းလိမ့်မည် မဟုတ်ကြောင်း အကြိမ်ကြိမ် ပြောခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် ရည်ရွယ်ချက် ကောင်းကောင်းဖြင့် မြန်မာနိုင်ငံအပေါ် အကြီးတန်း သံတမန်များနှင့် ဆက်ဆံခဲ့သော်လည်း၊ အစိုးရ လိုအပ်သော တရားဝင် အသိအမှတ်ပြုမှု ကို မပေးနိုင်ခဲ့ပေ။

အထူးကိုယ်စားလှယ်လွှတ်ခြင်းသည် လွန်ခဲ့သော သုံးနှစ် အတွင်း အဖြစ်အပျက် ကို ကြည့်၍ ပြောရလျှင် အဓိပ္ပါယ် သိပ်မရှိလှပေ။ 2009 ခုနှစ် က Obama အစိုးရသည် အမေရိကန်၏ မူဝါဒ ကို ပြန်လည် သုံးသပ်ခဲ့ပြီး၊ မြန်မာနိုင်ငံ အေပါ် အကူအညီ ပိုပေးရန် ဆုံးဖြတ်ပြီး မြန်မာနိုင်ငံ နှင့် အဆင့်မြင့် တိုက်ရိုက် ဆက်ဆံရေး ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ အဓိပ္ပါယ်မှာ Obama အစိုးရသည် 1988 စစ်တပ် က အာဏာသိမ်းပြီးကတည်းက မရှိခဲ့သော ဆက်ဆံရေးဖြင့် စစ်အစိုးရ ကို ဆက်ဆံခဲ့ခြင်း ဖြစ်သည်။

ရလာဒ်မှာ အားရစရာတော့ မရှိလှပေ။ စစ်အစိုးရသည် အစိုးရ ဆန့်ကျင်သူများ ကို ဆက်လက်ဖမ်းဆီးဆဲ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား 2100 ကျော် ရှိနေပါသည်။ အစိုးရသည် နာမည်အကြီးဆုံး ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးခဲ့သော်လည်း၊ သူမ၏ နိုင်ငံရေး လှုပ်ရှားမှုများ ကို ကန့်သတ်မှု သတိပေးခဲ့သည်။ သူမ ကိုယ်စား ရုပ်ရှင်တွင် ဝင်ရောက် သရုပ်ဆောင်သူ မင်းသမီးကိုပင် အစိုးရ က နှင်ထုတ်ခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ က မြန်မာနိုင်ငံ တွင် နှစ်ပေါင်း ( ၂၀ ) အတွင်း ပထမဆုံး ရွေးကောက်ပွဲများ ကျင်းပခဲ့ရာ၊ မသမာမှုများ ရှိခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း က တရားမျှတမှု မရှိသော ရယ်စရာ အဖြစ်အပျက် အဖြစ် ကန့်ကွက် ပြောဆိုခဲ့ကြသည်။ စစ်အစိုးရသည် နိုင်ငံရေး အတိုက်အခံလူများကိုသာ အကြမ်းဖက် ပြုမူခြင်း မဟုတ်ပဲ၊ သာမန် ပြည်သူများ ကိုလည်း နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများ ကို အဓမ္မပြုကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံ အရှေ့ပိုင်း တွင် လူပေါင်း ( ၅ ) သိန်း ခန့် အိုးအိမ်များ ရွှေ့ပြောင်းပေးခဲ့ရသည် ဟု Human Rights Watch က ခန့်မှန်းသည်။ အများစုသည် အခြား တိုင်းပြည်များသို့ ထွက်ပြေးကြရပြီး၊ အချို့မှာ လူကုန်ကူးခံခဲ့ကြရသည်။ သံတမန်ရေး ကြိုးပမ်းမှုသည် မြန်မာပြည်သူများ၏ ဆိုးရွားသော အခြေအနေများ ကို ဖော်ထုတ် မပေးနိုင် ဆိုသည်မှာ ထင်ရှားသည်။

စစ်အစိုးရသည် နိုင်ငံတကာတွင် ဝင်ဆံ့အောင် ပိုမိုကောင်းမွန်စွာ ပြုမူနိုင်ခြင်း မရှိပေ။ မြန်မာနိုင်ငံသည် နျူကလီးယား လက်နက် ပိုင်ဆိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း အစီရင်ခံစာများစွာက ဆိုသည်။ စစ်အစိုးရသည် မြောက်ကိုးရီးယားသို့ ဆန်များ တင်ပို့ခဲ့သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး တင်ပို့သော အဓိက နိုင်ငံတစ်ခု ဖြစ်သည်။

နောက်ဆုံးအားဖြင့် ဇူလိုင်လက အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေးခိုလှုံခဲ့သော မြန်မာသံအရာရှိ၏ အဆိုအရ စစ်အစိုးရနှင့် ဆက်ဆံရေးများသည် လုံးဝ မအောင်မြင်ကြောင်း၊ ဘာရလာဒ်မျှ မရကြောင်း သက်သေ ရရှိခဲ့သည်။ ၎င်း၏ နိုင်ငံရေး ခိုလှုံခွင့် တောင်းသော စာတွင် စစ်တပ် အရာရှိကြီးများသည် ၎င်းတို့၏ အာဏာ ဆက်လက် အားကောင်းရေး လုပ်ဆောင်လျက် ရှိပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နှင့် တစ်ဦးချင်း လွတ်လပ်ခွင့်များ အတွက် အသံများ ကို ချေမှုန်းရန် ကြိုးစားလျက် ရှိသည် ဟု ဖော်ပြထားသည်။

ပြီးခဲ့သော နှစ်က ဆက်ဆံရေး၏ ရလာဒ်မှာ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဟု ဆိုရလျှင် ယခု အမေရိကန် ကိုယ်စားလှယ်သစ် သည် ၎င်း၏ လက်ထက်တွင် မည်သည်များ တွေ့မြင်အောင် လုပ်မည်လဲ ဆိုသည်ကို ကျွန်တော်တို့ မစဉ်းစားဝံ့ပေ။             

  *************************************************************************************

မြန်မာနိုင်ငံအတွက် MIG 29 ပုံစံဟောင်း ထုတ်လုပ်မှုအပြီးတွင် ပုံစံသစ် ထုတ်လုပ်ရန် အသွင်ပြောင်းတော့မည်

(Flight Global မှ 10 Aug 2011 ရက်စွဲပါ “ MIG- 29 production enters transformation ” သတင်းကို ဘာသာ ပြန်ဆိုသည်)

ရုရှား တို့၏ RSK MIG ကုမ္ပဏီက မြန်မာနိုင်ငံအတွက် တည်ဆောက်နေသော လေယာဉ် နောက်ဆုံး အသုတ် ပြီးစီးသွားပြီ ဖြစ်၍ MIG – 29 မူလ ဒီဇိုင်း အတိုင်းထုတ်လုပ်မှု ကို စတင် အဆုံးသတ်နေပြီ ဖြစ်သည်။

မော်စကို၊ နစ်ဇီနိုဂိုရော့ နှင့် လူကိုဗစ်ဆီမြို့များရှိ ကုမ္ပဏီ စက်ရုံများတွင် MIG- 29 အမျိုးအစားသစ် K, KUB, M1, M2, 35 များ ထုတ်လုပ်ရန် ပလက်ဖောင်းသစ်များ ကို ပြောင်းလဲတော့မည် ဟု သိရသည်။

ကုမ္ပဏီ၏ မော်စကို စက်ရုံတွင် သြဂုတ်လ ၃ ရက်နေ့က အပြီးသတ် တပ်ဆင်ရေး အလုပ်ရုံ၌ MIG- 29 Classic ၂၄ စင်း ၏ လေယာဉ် ဖရိမ်များ ပြသထားသည် ကို တွေ့မြင်ရသည်။

၎င်း လေယာဉ်အများစုမှာ မြန်မာနိုင်ငံအတွက်အပြီး မသတ်ရသေးသည့် နမူနာ ဖရိမ်များ ဖြစ်ပြီး၊ ၂ စင်းမှာမူ အိန္ဒိယ လေတပ် အတွက် တည်ဆောက်ပေးခြင်း ဖြစ်သည်။

တိုက်လေယာဉ် ၃ စင်း ကို မြန်မာနိုင်ငံ သို့ ပေးပို့ပြီး ဖြစ်၍ ၃ စင်း မှာ ပို့ဆောင်နေဆဲ ဖြစ်ကာ နောက်ဆုံး အသုတ် ကို ၂၀၁၂ တွင် ပေးပို့ရန် စီစဉ်ထားသည် ဟု RSk MIG ကုမ္ပဏီ က ပြောကြားသည်။

“ မြန်မာနိုင်ငံ က မှာယူထားသော MIG- 29 Classic အစင်း ၂၀ မှာ တစ်ယောက်စီး MIG 29 SE အများစု ဖြစ်ပြီး MIG- 29 UBs အနည်းငယ် ပါဝင်သည် ဟု ကုမ္ပဏီ၏ အင်ဂျင်နီယာဌာန အကြီးအကဲ ဗလာဒီမာ ဘာကော့စကီး က ဆိုသည်။

လေယာဉ်များ အချိန်မှီ ပေးပို့နိုင်ရန် အတွက် ကုမ္ပဏီ၏ ထုတ်လုပ်ရေး လုပ်ငန်းစဉ် ကို ခေတ်မှီအောင် ဆောင်ရွက်ခဲ့ရာ မြောက်မြားစွာသော တီထွင် ဖန်တီးမှုများကြောင့် အချိန်ကာလ တစ်နှစ်ခန့် လျှော့ချနိုင်ခဲ့သည် ဟု သိရှိရသည်။

မော်စကို စက်ရုံ ရဲ့ နှစ်စဉ် ထုတ်လုပ်မှုကို ၁၂ စင်းကနေ ၂၄ စင်း အထိ မြှင့်တင်နိုင်ဖို့ အတွက် ထုတ်လုပ်ရေး နည်းလမ်း ကို ဆက်လက် တီထွင် ကြံဆ သွားမှာပါ ဟု ကုမ္ပဏီ ဒီဇိုင်းနာ ဦးဆောင် ဒါရိုက်တာ ဆာဂျီကိုရိုကော့ က ပြောကြားသည်။

“ ဒီလေယာဉ် အမျိုးအစားအတွက် ကုမ္ပဏီ ရဲ့ လက်ရှိ အချိန်ယူ ထုတ်လုပ်မှု ကာလဟာ ၅ နှစ် ဆိုတော့ တစ်ချို့ ဖောက်သည်တွေဟာ သူတို့ရဲ့ လေယာဉ် အသစ်တွေကို ဒီလောက် အကြာကြီး မစောင့်ချင်ကြပါဘူး ” ဟု ဆာဂျီကိုဂိုကော့ က ဆိုသည်။

အိန္ဒိယ နှင့် ပီရူး အပါအဝင် ၄ နိုင်ငံ အတွက် ယခင်က ထုတ်လုပ်ပေးခဲ့သော MIG- 29 ကြားဖြတ် တိုက်လေယာဉ် အစင်း ၆၀ ခန့် ကို ပြန်လည် အဆင့်မြှင့်ခြင်း လုပ်ငန်း ကိုလည်း RSK MIG က ဆောင်ရွက်ပေးနေသည်။

ယင်းလေယာဉ်များ အနက် ၆ စင်း ကို ရုရှား တွင် ပြင်ဆင်မည် ဖြစ်ပြီး ကျန်လေယာဉ်များ ကို အိန္ဒိယ တွင် အပြီးသတ်မည် ဟု သိရှိရသည်။ တစ်ယောက်စီး ၂ စင်း နှင့် နှစ်ယောက်စီး ၁ စင်း ကို မော်စကို အနီး ဇူကော့စကီး လေတပ်စခန်း တွင် စမ်းသပ် ပျံသန်းမှု ပြုလုပ်ခဲ့ပြီးကြောင်း သိရှိရသည်။

အဆင့်မြှင့်ထားသော MIG- 29 upg များတွင် Phazotron Zhuk- ME အမျိုးအစား ဟု ယုံကြည်ရသော ရေဒါသစ်၊ cockpit display မြင်ကွင်း အစားထိုးခြင်း၊ ကြီးမားသော ဆီတိုင်ကီ နှင့် ခေတ်မှီ လေယာဉ်ခွင်း လက်နက်များ အသုံးပြုနိုင်မည့် စွမ်းရည်တို့ ပါဝင်လာမည် ဟု ဆိုသည်။

MIG- 29 နှင့် KUB အမျိုးအစား ၁၁ စင်း ကို အိန္ဒိယ လေတပ် သို့ လွှဲပြောင်းပေးပို့ပြီး ဖြစ်၍ ကျန်တစ်စင်း ကို ယခုနှစ်ကုန် တွင် လွှဲပြောင်းပေးရန် ရှိသည် ဟု ကိုဂိုကော့ က ပြောကြားသည်။

တစ်နှစ်တာ ကာလ အတွင်း စစ်ဆင်ရေး စမ်းသပ်ပျံသန်းမှုတွေမှာ ပျံသန်းချိန် နာရီ ၁၀၀၀ ကျော် မောင်းနှင် ပျံသန်းပြီးတဲ့အခါ MIG 29 နဲ့ KUB တွေရဲ့ စွမ်းဆောင်ရည် ကို အိန္ဒိယလေတပ် က အပြည့်အဝ ကျေနပ်အားရ နေပါတယ် ဟု ကိုဂိုကော့ က ပြောဆိုသည်။

MIG 29 K နှင့် KUB မော်ဒယ်သစ်များ ကို ရုရှားလေတပ် ကလည်း စိတ်ဝင်စားနေပြီး မော်စကို တွင် ပြုလုပ်မည့် ယခုလ MAKS လေကြောင်း ပြပွဲအတွင်း လေယာဉ် ၁၂- ၁၄ စင်း ကနဦး အော်ဒါမှာယူခြင်း အတွက် လက်မှတ်ရေးထိုးရန် အလားအလာရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

  *************************************************************************************

ယခုနှစ်တွင် မြန်မာနိုင်ငံ တိုက်ပွဲများကြောင့် လူ သုံးသောင်းကျော် အိုးမဲ့ အိမ်မဲ့ဖြစ်

(10 August 2011 ရက်စွဲပါ Boston Globe မှ Todd Pitman ရေးသားသော Myanmar fighting displace 30000 people this year ကို ဘာသာ ပြန်ဆိုသည်)

ယခုနှစ်တွင် စစ်တပ်သည် အမည်ခံ အရပ်သား အစိုးရသို့ အာဏာ လွှဲပေးခဲ့သော်လည်း မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ တိုက်ပွဲများကြောင့် လူ သုံးသောင်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ကြရသည်ဟု လှုပ်ရှားသော အုပ်စုများက ဗုဒ္ဓဟူးနေ့က ပြောပါသည်။

စစ်တပ်က ရက်စက်ကြမ်းကြုတ်သော အပြုအမူများဖြင့် အရပ်သားများ တုန်လှုပ်ခြောက်ခြားအောင် ပြုလုပ်ရာတွင် အမျိုးသမီးများကို အဓမ္မကျင့်ခြင်း၊ ခန္ဓာကိုယ် ထိခိုက်မှု ပြုခြင်းများ ပါဝင်ရာ ကြီးမားသော လူသားချင်း ကိုယ်ချင်း မစာနာမှုဆိုင်ရာ ပြဿနာများ ကြုံတွေ့ရပြီး ရှမ်းပြည်နယ်တွင် ရွာအနီး တောများတွင် လူများ ပုန်းအောင်း ကြရသည်ဟု ရှမ်း လူ့အခွင့်အရေး ဖောင်ဒေးရှင်းနှင့် ရှမ်းအမျိုးသမီး လှုပ်ရှားမှု ကွန်ယက်တို့၏ အဆိုအရ သိရှိရသည်။

အဆိုပါ အုပ်စုများက နိုင်ငံတကာ အလှူရှင်များအား အကူအညီများ တောင်းခံခဲ့သည်။ အများစုသည် အစာရေစာ ပြတ်လပ်ခြင်း၊ နေစရာနှင့် ဆေးဝါး မရှိခြင်းများ ဖြစ်ပေါ်နေပြီး၊ ပြီးခဲ့သည့် လက ၀မ်းရောဂါနှင့် ငှက်ဖျား ရောဂါကြောင့် လူ ၂၄ ဦး သေဆုံးရသည်ဟု ဆိုသည်။

“မြန်မာနိုင်ငံတွင် အကူအညီများ အားလုံးကို တင်းကြပ်စွာ ချုပ်ကိုင်ထားရာ စစ်ဒဏ်ခံရသော လူများ အတွက် အကူအညီများ ရနိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ အကူအညီကို နယ်စပ်မှ ပေးခြင်း ဖြစ်သည်” ဟု ရှမ်း အမျိုးသမီး လှုပ်ရှားမှု ကွန်ယက်မှ ညှိနှိုင်းရေးမှူး နန်းဆိုင်မွန်းက ပြောသည်။ “နိုင်ငံတကာ အလှူရှင်များ အနေနှင့် အခြား အသက်များ မဆုံးရှုံးမီ ဒီ လူသားချင်း စာနာမှု ဆိုင်ရာ ပြဿနာကို တစ်ခုခု တုန့်ပြန်ဖို့ တိုက်တွန်းပါတယ်” ဟု သူမက ပြောသည်။

ပြီးခဲ့သည့် မတ်လ အရပ်သား အစိုးရသစ် မတက်မီက ၂၂ နှစ်ကြာ အပစ်အခတ် ရပ်စဲထားမှု ရပ်ဆိုင်းပြီး တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။

အစိုးရသစ် ပြောင်းလဲမှုသည် ဖိနှိပ်သော နိုင်ငံတွင် ဒီမိုကရေစီ ခေတ်သစ်အတွက် လက္ခဏာ တစ်ခုဟု ယူဆရမည် ဖြစ်သော်လည်း ဝေဖန် သုံးသပ်သများကမူ အနည်းငယ်သာ ပြောင်းလဲမှု ရှိပြီး၊ စစ်တပ် အုပ်ချုပ်ရေး အသွင်တစ်မျိုးဟု ဆိုကြသည်။

ပြီးခဲ့သော အစိုးရ၏ ရက်စက်မှုများကြောင့် ဒုက္ခသည် တစ်သိန်းကျော် နိုင်ငံ ပြင်ပတွင် ရှိနေပြီး မြန်မာနိုင်ငံ တွင်းတွင်လည်း အိုးမဲ့ အိမ်မဲ့ ဖြစ်ရသော လူ ရာပေါင်းများစွာ ထောင်ပေါင်းများစွာ ရှိနေပါသေးသည်။

ဇူလိုင်လတွင် တိုက်ပွဲများ ပြင်းထန်လာရာ အစိုးရတပ် အင်အား ၄၀၀၀ ကျော်နှင့် ဂျက် တိုက်လေယာဉ်များ၏ အကူအညီဖြင့် မြောက်ပိုင်း ရှမ်း သူပုန်အုပ်စု၏ ဌာနချုပ် ရှိရာ Wan Hai ကို သိမ်းပိုက်ရန် ကြိုးစားခဲ့ကြောင်း ထို အုပ်စုများ၏ ကြေညာချက်က ပြောသည်။

“ပတ်ဝန်းကျင်ရွာများကို ဖြတ်၍ ချီတက်ရာတွင် စစ်တပ်သည် သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် ခန္ဓာကိုယ်အား နာကျင်အောင် ပြုလုပ်ခြင်းများဖြင့် အရပ်သားများကို တုန်လှုပ်အောင် ပြုလုပ်ကြပြီး ရွာသား တစ်ဦးသည် ခြေများ လက်များ အဖြတ်ခံရ၍ သေဆုံးနေသည်ကို တွေ့ရပါသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ကချင် ပြည်နယ်တွင်လည်း ဇွန်လမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ရသည်။ ရှမ်းပြည်တွင် မတ်လမှ စ၍ လူပေါင်း ၃၁၇၀၀ ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ရကြောင်း ထို အုပ်စုများက ပြောသည်။

   *************************************************************************************

 

 

 

 

 

 

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment