Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၆.၈.၂၀၁၁

ပြည်တွင်းသတင်းများ

  1. နိုင်ငံပိုင်သတင်းစာများ ပုဂ္ဂလိကနှင့်ယှဉ်ပြိုင်ရန် ပြင်ဆင်
  2. ပုသိမ်ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယ ရေနက်ဆိပ်ကမ်းအဖြစ် ဆောက်လုပ်ရန်စီစဉ်
  3. ဆီဆိုင်ဝန်ထမ်းများ၏ အကျင့်ပျက်မှုများကို သိရှိနိုင်ရန် CCTV ကင်မရာတပ်ဆင်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ အစိုးရအနေဖြင့် ဖြေရှင်းပေးရန် လိုအပ်နေသေးကြောင်း ကွင်တားနားပြောကြား
  1. တနင်္သာရီအစိုးရ သတင်းထောက်များကို တင်းကျပ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. လူပြောများသည့် ရက်ပေါင်းတစ်ရာ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

နိုင်ငံပိုင်သတင်းစာများ ပုဂ္ဂလိကနှင့်ယှဉ်ပြိုင်ရန် ပြင်ဆင်

နိုင်ငံပိုင်သတင်းစာများသည် ပုဂ္ဂလိကအား သတင်းစာထုတ်ဝေခွင့် ပေးမည်ဆိုပါက ယှဉ်ပြိုင်မှု အဆင်ပြေစေရန် ရည်ရွယ်၍ သတင်း   တင်ဆက်မှု ပုံစံများကို သြဂုတ်လဆန်းမှ စတင်ကာ ပြောင်းလဲနေပြီ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက ဆိုသည်။

“အခုလောလောဆယ်တော့ သတင်းတွေကို ကဏ္ဍအစုံပါဝင်စေချင်လို့ ပြင်ပက စာမှုရှင်တွေကို ဖိတ်ခေါ်နေပါတယ်”ဟုဆိုသည်။

ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများတွင် စီးပွားရေးကဏ္ဍကို အဓိကထား အားပြုထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်သတင်းစာ ဖြစ်သည့်အတွက် အစိုးရမှ ချမှတ်ထားသော မူဝါဒများအရသာ လုပ်ဆောင်သွားမည် ဖြစ်ပြီး စာဖတ်သူများအတွက် အကျိုးရှိစေမည့် နေ့စဉ်သတင်းစာကောင်းတစ်ရပ်အဖြစ် ထုတ်ဝေသွားမည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

“ပုဂ္ဂလိကကိုလည်း သတင်းစာထုတ်ခွင့် ပေးမယ်ဆိုတော့ သတင်းစာတွေရဲ့ ပုံစံတွေ တင်ဆက်ပုံတွေလည်း ပြောင်းရတော့မှာပေါ့။ ဒါမှ ယှဉ်ပြိုင် နိုင်မှာ” ဟု မြန်မာ့သတင်းစဉ်မှ သက်တမ်းရင့်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

နိုင်ငံပိုင်သတင်းစာများတွင် တာဝန်ထမ်းဆောင်သူများက နီးစပ်ရာ သတင်းထောက်များအား သတင်းတစ်ပုဒ်လျှင် နှစ်ထောင်ကျပ်မှ ခုနှစ်   ထောင်ကျပ်အထိ စာမူခပေးမည်ဟု ပြောဆိုကြောင်း  နိုင်ငံပိုင်သတင်းစာများတွင် သတင်းရေးသားပေးရန် ကမ်းလှမ်းခြင်းခံရသူ ပြည်တွင်း သတင်းထောက် အသိုင်းအဝိုင်းက သိရသည်။

နိုင်ငံပိုင်သတင်းစာများ၏ နောက်ဖုံးတွင် ပါရှိသည့် ပြည်ပမီဒီယာများအား တိုက်ခိုက်သည့် ကြွေးကြော်သံများအား သြဂုတ်လ ဒုတိယရက် သတ္တပတ်မှစတင်ကာ ဖယ်ရှားလိုက်ပြီးကြောင်း သိရှိရသည်။

YC(KS)

--------------------------------------------------------------------------------------------------------------------------------

ပုသိမ်ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ ဒုတိယ ရေနက်ဆိပ်ကမ်းအဖြစ် ဆောက်လုပ်ရန်စီစဉ်

မြန်မာနိုင်ငံ၏ ဒုတိယ ရေနက်ဆိပ်ကမ်းကို ဧရာဝတီတိုင်း ပုသိမ်မြို့ ဆိပ်ကမ်းတွင်ဆောက်လုပ်ရန် မြန်မာနိုင်ငံအစိုးရမှ နိုင်ငံခြားကုမ္ပဏီ      များနှင့် ဆွေးနွေးနေပြီ ဖြစ်ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ဆိပ်ကမ်းကို ရေနက်ဆိပ်ကမ်းအဖြစ် ဆောက်လုပ်နိုင်ရန် ထိုင်းကုမ္ပဏီတစ်ခုနှင့် မြန်မာအစိုးရတို့ ဆွေးနွေးမှုများ ပြုလုပ်နေပြီး မကြာမီ ဆောက်လုပ်သွားရန် အစီအစဉ်များရှိကြောင်း ပြည်ပမီဒီယာတစ်ခုမှ ရေးသား ဖော်ပြခဲ့သည်။

ဧရာဝတီတိုင်း အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအေးကျော်မှ ပုသိမ်ဆိပ်ကမ်းတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်နိုင်ရန်အတွက် ထိုင်း ကုမ္ပဏီနှင့် တည်ဆောက်ရေးလုပ်ငန်းအတွက် ယခုရက်သတ္တပတ်အတွင်း ပုသိမ်သို့ သွားရောက်မည် ဖြစ်ကြောင်း အထက်ပါမီဒီယာမှ ဆက်လက် ဖော်ပြခဲ့သည်။

ပုသိမ်ဆိပ်ကမ်းမှ နိုင်ငံခြားသို့တိုက်ရိုက် ကုန်သွယ်မှုအဖြစ် ပထမဆုံးအကြိမ် ဆန်တန်ချိန် ၃၁၀၀ သြဂုတ်လအတွင်း တင်ပို့သွားမည်ဖြစ်    ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်မှ သြဂုတ်လ ၂၂ ရက်နေ့က ပုသိမ်မြို့တွင် ပြောကြားခဲ့ကြောင်း သိရ သည်။

ပုသိမ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းတွင် တန်ချိန် ၇ ထောင်မှ ၁ သောင်းအထိ သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ရန် ပုသိမ်နှင့် ပမ္မဝတီ ဆိပ်ကမ်းကြားတွင်ရှိသော ကျောက်တန်းကြီးကို ဖြိုဖျက်ရမည်ဖြစ်ကြောင်း သိရသည်။

ပုသိမ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်း အမှန်တကယ်ဖြစ်ပေါ်လာပါက မြန်မာနိုင်ငံ၏ ဒုတိယမြောက် ရေနက်ဆိပ်ကမ်း ဖြစ်လာ     မည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီရေနက်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး ရေနက်ဆိပ်ကမ်းဖြစ်ပြီ လုပ်ငန်းနှင့် မလွတ်ကင်းသော ရေဖြူမြို့နယ်၊ ဖောင်တော ကျေးရွာအနီးအနားမှ လယ်ယာမြေများကို သိမ်းဆီးခဲ့ပြီး အချို့မြေပိုင်ရှင်များကို လျော်ကြေးပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သဘောတူညီချက်ကို ၂၀၀၈ ခုနှစ် တွင် လက်မှတ်ရေးထိုး ခဲ့သည်။

YC

--------------------------------------------------------------------------------------------------------------------------------

ဆီဆိုင်ဝန်ထမ်းများ၏ အကျင့်ပျက်မှုများကို သိနိုင်ရန် CCTV ကင်မရာ တပ်ဆင်မည်

ပြည်တွင်းရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ဝယ်ယူသူနှင့် ဆီဆိုင်ဝန်ထမ်းများ ပူးပေါင်း၍ ဆီမသမာ ထုတ်ယူမှုများကို သိရှိနိုင်ရန် CCTV ကင်မရာများ တပ်ဆင်၍ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိက ဆီဆိုင်များတွင် မသမာမှုဖြင့် ဆီထုတ်ယူသည့် ယာဉ်များအပြင် ဆီဆိုင်ဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုများကိုပါ သိရှိ အရေးယူ နိုင်ရန် သြဂုတ်လ ၁၃ ရက်နေ့မှ စတင်၍ စက်သုံးဆီဆိုင်များတွင် CCTV ကင်မရာများ တပ်ဆင်ရန် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချ သူများအသင်းမှ အကြောင်းကြားထားကြောင်း သိရသည်။

စက်သုံးဆီ မှောင်ခိုဈေးကွက် ပပျောက်သွားစေရန်နှင့် ဆီမသမာထုတ်ယူမှုများ လျော့ကျသွားနိုင်စေရန် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချသူများ အသင်းမှ ပထမဆုံးအကြိမ်အဖြစ် စက်သုံးဆီ ထုတ်ယူသည့် ယာဉ်များအား စာအုပ်နှင့် တစ်နေ့တစ်ကြိမ် ထုတ်ယူခွင့်ပြုခဲ့ပြီး နောက်ပိုင်းတွင် တစ်နေ့ တစ်ကြိမ်အစား စက်သုံးဆီတစ်ကြိမ် ထုတ်ယူလျှင် သုံးရက်စာ တစ်နေ့ နှစ်ဂါလံ ထုတ်ယူ ခွင့်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် စက်သုံးဆီစာအုပ် အတုများ ဖောင်းပွခြင်း၊ မသမာသော နည်းလမ်းများအသုံးပြု၍ ဆီထုတ်ယူမှုများ ရှိနေသည့်အတွက် ယာဉ်များ ဆီထုတ်ယူရာတွင် Smart Card ကို သြဂုတ်လ ၂၂ ရက်နေ့တွင် စမ်းသပ်ကာလ တစ်ပတ် ကျင့်သုံးဆောင်ရွက်ခဲ့ပြီး စက်သုံးဆီဆိုင်များ ပိုမိုလုံခြုံ စိတ်ချမှုရှိနိုင်စေရန် ယခုအခါ စက်သုံးဆီဆိုင်များတွင် CCTV ကင်မရာများကိုပါ တပ်ဆင်တော့မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဆီမသမာမှုများတွင် ဆီဆိုင်ဝန်ထမ်းများ ပါဝင်ပတ်သက်နေသည်ကိုတွေ့ရှိရပါက အလုပ်မှ ထုတ်ပယ်သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်ပေါင်း ၂၄၆ ဆိုင်ရှိပြီး  ပုဂ္ဂလိက စက်သုံးဆီဆိုင်များသို့ တစ်လလျှင် ဆီဂါလံ ကိုးသန်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

                                                                                                                          Ref: Hot News

 

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန် အဆိုကို တပ်မတော်သားကိုယ်စားလှယ်များ ထောက်ခံ

ရန်ကုန်၊ သြဂုတ် ၂၆။

သြဂုတ် ၂၅ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် တင်သွင်းသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများဟု နာမည်ပြောင်းလဲ တင်သွင်းသည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်စေရေးအဆိုကို ပြည်သူ့လွှတ်တော်ရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းက ထောက်ခံ လိုက်ကြောင်း သိရှိရသည်။

ဆက်လက်၍ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့် ဆက်လက်ထုတ်ပေးရန်အတွက် ပြည်သူ့လွှတ်တော်က ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီးကိုကို မှတဆင့် နိုင်ငံတော်သမ္မတကြီးထံ အဆိုပြုလိုက်ကြောင်း ပြည်သူ့လွှတ်တော် သတင်းရပ်ကွက်မှ တဆင့်သိရသည်။

အဆိုပါအကြံပြုလွှာသည် သြဂုတ်လ ၂၅ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းခဲ့သည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များက ဝိုင်းဝန်းထောက်ခံခြင်း၏ ရလဒ်ဖြစ်ကြောင်း  မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်စေရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို ဒီမိုကရေစီပါတီ ၁၁ ပါတီဖြင့် ဖွဲ့စည်းထားသည့် ဒီမိုမိတ်ဆွေပါတီများ အစုအဖွဲ့မှ ၁၃ ဦး၊၂၀၁၀ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီမှ ၂ ဦးက ဆွေးနွေးထောက်ခံခဲ့ပြီး တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက ထပ်မံ ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအဆိုကို အနိုင်ရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ၂ ဦးက  နိုင်ငံရေးအကျဉ်းသားများ ကိစ္စရပ်ကို တည်ဆဲဥပဒေများဖြင့် ထောက်ပြပြောဆိုမှုများ ပြုလုပ်ကာ ထောက်ခံခဲ့သော်လည်း တပ်မတော်သားကိုယ်စားလှယ် နှစ်ဦးက မိမိတို့နှင့်တိုက်ပွဲများတွင် လက်တွဲခဲ့ကြသည့် ရဲဘော် များလည်း အကျဉ်းထောင်အတွင်း ရှိနေကြောင်း မိမိတို့ အနေဖြင့် ယင်းရဲဘော်ရဲဘက်များကို အကျဉ်းကျနေရာမှ လွတ်စေလိုကြောင်း တခဲနက် ထောက်ခံ ဆွေးနွေးခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“တပ်မတော်က ကိုယ်စားလှယ် နှစ်ယောက်က ဦးသိန်းညွှန့်တင်တဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အဆိုကို လွှတ်တော် ခဏနားပြီး ပြန်တက်တဲ့အချိန်မှာ အဆိုတင်တော့ တော်တော်အံ့သြသွားတယ်”ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ကိုယ်စားလှယ်တစ်ဦးကဆိုသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော အကျဉ်းသားများဟု အခေါ်အဝေါ်ပြောင်းထားသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်      ရေးအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို တပ်မတော်က ထောက်ခံသည့် ကိုယ်စားလှယ်များမှာ ကာကွယ်ရေးဦးစီးချုပ်၏ ညွှန်ကြားချက်ဖြင့် ပြည်သူ့လွှတ်တော် တက်ရောက်နေသည့် တပ်မတော်သားကိုယ်စားလှယ်များတွင် အဆင့်အမြင့်ဆုံးဖြစ်သည့် ဗိုလ်မှူးကြီးတစ်ဦးနှင့် ဒု-ဗိုလ်မှူးကြီး တစ်ဦး ဖြစ်ကြောင်း သိရသည်။

“နာမည်မပြောဘဲ ကိုယ်ပိုင်နံပါတ်ပြောပြီး အဆိုကို ဆွေးနွေးတော့ ဘယ်သူမှန်းမသိဘူး”ဟု ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

တပ်မတော်မှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်စေရေးအတွက် တခဲနက်ထောက်ခံခြင်းသည် ပြည်သူ၏ ယုံကြည်မှု ပျက်ယွင်းနေသည့် တပ်မတော်၏ ဂုဏ်သရေကို ပြန်အဖတ်ဆယ်နိုင်ခြင်း ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်ပြသည်။

 “ဒီအတိုင်းဆို ပါတီရယ်၊ တပ်မတော်ရယ် တစ်တွဲတည်းဆိုတာ ပေါ်သွားတဲ့အပြင် တပ်မတော်ရဲ့ ခရီးလမ်းကိုလည်း ဖြောင့်ဖြူးစေတယ်”ဟု ဆက်လက်ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းစကို အမိအရကိုင်ဆွဲနေသည်ကို မြင်နေရကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ တာဝန်ရှိသူတစ်ဦးကသုံးသပ်သည်။

လွှတ်တော်အစည်းအဝေးများကို သြဂုတ် ၂၂ ရက်နေ့က နေပြည်တော်တွင် စတင်ကျင်းပခဲ့ပြီး လွှတ်တော်ရေးရာကော်မတီ ၈ ခုကို ယခင် အစိုးရ အရာရှိကြီးများအား ဥက္ကဋ္ဌ ရာထူးပေးကာ အုပ်ချုပ်ရေးမဏ္ဍိုင်ကို စောင့်ကြည့်ရန် တာဝန်ပေးခဲ့သည်။

YC(KS)

--------------------------------------------------------------------------------------------------------------------------------

လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ အစိုးရအနေဖြင့် ဖြေရှင်းပေးရန် လိုအပ်နေသေးကြောင်း ကွင်တားနားပြောကြား

အရေးကြီးသည့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို မြန်မာအစိုးရအနေနဲ့ ဖြေရှင်းပေးရန် လိုအပ်နေသေးကြောင်း မစ္စတာ ကွင်တားနားက မြန်မာခရီးစဉ်အပြီး အပြန်တွင် သုံးသပ်ပြေကြားလိုက်သည်။

မစ္စတာ ကွင်တားနားသည် ဒေါ်အောင်ဆန်းစုကြည်အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်း ထွန်းဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်လှမင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဌာန ၀န်ကြီး ဦးအောင်ကြည်၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုရဲချုပ် ဇော်ဝင်း၊ NLD မှခေါင်းဆောင်များနှင့် တခြားသော နိုင်ငံရေး ပါတီများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများကို တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကွင်တားနားက နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ကတိက၀တ်များကို အရှိန်မြင့် ဖြေရှင်းပေးကြရန် အစိုးရအား တောင်းဆိုခဲ့သည့်အပြင် ဒီမို ကရေစီအသွင် ကူးပြောင်းနေသည့် မြန်မာနိုင်ငံအတွက် လူအခွင့်အရေးနဲ့ ပတ်သက်၍ အဓိပ္ပါယ်ပြည့်ဝပြီး အပြုသဘော ဆောင်ရွက်မှုတွေ လုပ်ဆောင် နိုင်မယ့် အချိန်အခါဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားနှင့်ပတ်သက်၍ တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက် မပြုကြောင်း သေချာသည့်အချိန်ကျမှသာ နိုင်ငံရေးအကျဉ်း  သားများကို ပြန်လွှတ်ပေးမည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ မစ္စတာ သောမတ်စ် အိုဟေး ကွင်တားနားနှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူများကို စုံစမ်းစစ်ဆေးနေစဉ် အတောအတွင်း ရိုက်နှက်ခြင်း၊ ခန္ဓာကိုယ်၏ တချို့အစိတ်     အပိုင်းများအား မီးရှို့ကာ နှိပ်စက်ညှဉ်းပမ်းခြင်း၊ နာမကျန်းဖြစ်နေစဉ် ဆေးဝါးကုသမှု လုံလောက်စွာမပေးခြင်း၊ အစာရေစာ ဖြတ်တောက်ခြင်း၊ အိပ်စက်ခွင့် မပေးခြင်းများ ရှိကြောင်း၊ ထို့အပြင် အကျဉ်းသားများကို စစ်တပ်၏ ပေါ်တာအဖြစ် အဓမ္မလုပ်အားပေး ခိုင်းစေခြင်းများလည်း ရှိကြောင်း စစ်ဆေးတွေ့ရှိ ရသည့်အတွက် စိုးရိမ်သည်ဟု ကွင်တားနားကပြောကြားခဲ့သည်။

ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် တွေဆုံစဉ် မစ္စတာကွင်တာနားက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ များကိစ္စကို ပြောဆိုရာ၌ ဦးထွန်းထွန်းဦးက မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မရှိဘဲ ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ် ကျခံရသူများသာ ရှိကြောင်း ပြန်လည်ပြောဆိုသည် ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုကလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသည့် အကျဉ်းသားဆိုသူများတွင် မူးယစ် ဆေးဝါးမှု၊ လူသတ်မှု၊ ဗုံးဖောက်ခွဲမှု၊ သောင်းကျန်းသူများ၊ တခြားပြစ်မှုများနှင့် အကျဉ်းကျသူများ ပါဝင်ကြောင်း၊ မြန်မာနိုင်ငံတွင် အစိုးရသစ် ပေါ်ပေါက်ပြီးနောက် သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးဖြစ်ကြောင်း၊ အခါအားလျော်စွာ လွတ်ငြိမ်းချမ်းသာခွင့်ကို ဆက်လက် ပေးသွားမည် ဖြစ်ကြောင်း မစ္စတာ ကင်တာနားကို ပြောဆိုခဲ့ကြောင်းသိရသည်။

"အစိုးရအဖွဲ့သစ်အနေနဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ဖို့အတွက် ခြေလှမ်းအချို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်"ဟု မစ္စတာ ကွင်တားနားက ပြောကြားခဲ့သည်။

ခရီးစဉ်ကာလအတွင်း အင်းစိန်အကျဉ်းထောင်အတွင်းမှ နိုင်ငံရေး အကျဉ်းသား ခုနှစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ၎င်းအနေဖြင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် နိုင်ငံရေးအကျဉ်းသားများကို နှောင့်နှေးမှုမရှိဘဲ လွှတ်ပေးရန် မြန်မာအစိုးရကို တောင်းဆိုခဲ့ကြောင်း၊ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများနှင့် တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထား ဆောင်ရွက်ပေးရန် တိုက်တွန်း ခဲ့ကြောင်း ပြောဆိုခဲ့သည်။

ယခုလာရောက်သော ခရီးစဉ်မှာ တိုးတက်မှုရှိကြောင်းနှင့် ပြီးခဲ့သည့်တစ်ခေါက် လာရောက်စဉ်က တောင်းဆိုခဲ့သည်များကို အကောင်အထည် ဖော်ပေးခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထိုစဉ်က တောင်းဆိုခဲ့မှုများအနက်မှ ကျန်ရှိသည်များကို ဆက်လက် အကောင်အထည်ဖော်ပေးရန် မြန်မာ အစိုးရကို တိုက်တွန်းခဲ့ကြောင်း ဆက်လက်ပြော ကြားခဲ့သည်။

ကွင်တားနား၏ယခု ခရီးစဉ်သည် ငါးရက်ကြာမြင့်ခဲ့ပြီး သြဂုတ်လ ၂၁ ရက်နေ့မှ ၂၅ရက်နေ့ အထိဖြစ်ပြီး၊ ခရီးစဉ်နှင့်ပတ်သက်သော အစီရင်ခံစာကို ယခုနှစ်ကုန်ပိုင်းတွင် ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

မစ္စတာ ကွင်တားနားသည် မြန်မာနိုင်ငံဆိုင်ရာ လူအခွင့် အရေးကိုယ်စားလှယ်အဖြစ် ၂၀၀၈ခု နှစ်မေလက စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Peace Press

--------------------------------------------------------------------------------------------------------------------------------

တနင်္သာရီအစိုးရ သတင်းထောက်များကို တင်းကျပ်

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ထားဝယ်မြို့သို့ရောက်ရှိသတင်းယူနေသော သတင်းသမားများကို အစိုးရအဖွဲ့က ဒေသ အခြေအနေ အမှန်တကယ် သိရှိနိုင်ခြင်း မရှိရန် ကြိုးပမ်းခဲ့ကြောင်း သွားရောက်သတင်းယူခဲ့သူ သတင်းထောက်တစ်ဦးက ပြောကြားသည်။

ရန်ကုန်အခြေစိုက် သတင်းဂျာနယ် ၇ ခုမှ သတင်းထောက်များကို တိုင်းအစိုးရအဖွဲ့၏ ဆင်းရဲမှုလျော့ချရေးအတွက် အသေးစား ငွေချေး လုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်ငန်းစဉ်တွေကို လိုက်လံရှင်းပြပြီး ထားဝယ်မြို့ပေါ်ရှိ တန်ခိုးကြီးဘုရားများကို လိုက်လံပို့ဆောင်ခဲ့ကြောင်း ယင်း သတင်းထောက်များထံမှ သိရသည်။

“ရေနက်ဆိပ်ကမ်းလိုက်ပို့ဖို့ ပြောတာ ဟိုလိုလို ဒီလိုလိုလုပ်ပြီး လိုက်မပို့ဘူး။ တစ်နေကုန် သူတို့လူတွေ စောင့်နေတယ်။ သတင်းထောက်တွေ လှုပ်လို့ကို မရဘူး”ဟု လိုက်ပါသွားသူ သတင်းထောက်တစ်ဦးက ဆိုသည်။

သတင်းသမားများကို တွေ့ဆုံခဲ့သူ တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးမြတ်ကိုသည် အထက်ပါ အကြောင်းအရာများကို ပြောဆို ခဲ့သော်လည်း သတင်းထောက်များ မေးမြန်းသော အကြောင်းအရာများကို တိတိကျကျ ဖြေကြားခြင်း မရှိကြောင်း ထားဝယ်ခရီးစဉ်တွင် လိုက်ပါသွားသူ အကြီးတန်း သတင်းထောက်တစ်ဦးက ပြောကြားသည်။

“၀န်ကြီးက သူပြောချင်တာပဲ ပြောသွားတယ်။ မေးတာတွေကျတော့ သူမသိဘူးလိုလို။ အချက်အလက် မရှိဘူးလိုလို ပတ်ဖြေတယ်”ဟု ၎င်းက ဆိုသည်။

သတင်းထောက်များကို ထိုသို့ ဖိတ်ခေါ်ခြင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပထမဆုံးအကြိမ် ဖြစ်နိုင်ပြီး လူအများ ယုံကြည်မှုရှိသော ပုဂ္ဂလိက မီဒီယာအားကိုယူ၍ ၀ါဒဖြန့်ခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်အခြေစိုက် အယ်ဒီတာတစ်ဦးက သုံးသပ်သည်။

“ဘုရားဖူးလာတာလို့တောင် သတင်းထောက်တွေက နောက်နေကြတာ”ဟု လိုက်ပါသတင်းယူခဲ့သူ သတင်းထောက်တစ်ဦးက ဆိုသည်။

တနင်္သာရီအစိုးရ ၀န်ကြီးချုပ် ဦးခင်ဇော်သည် အာဏာစတင်ရယူပြီးနောက်ပိုင်း ဆန်တင်ပို့ခွင့်ကို ကုန်သည် ၂ ဦးကို လက်ဝါးကြီးအုပ်ခွင့်   ပေးလိုက်ခြင်းကို ဧရာဝတီသတင်းဌာနတွင် ပါရှိလာပြီးနောက်ပိုင်းတွင် ထားဝယ်နယ်ခံ သတင်းထောက်များကိုလည်း စောင့်ကြည့်ခြင်းများ ရှိလာကြောင်း ထားဝယ် မြို့ခံများထံမှ သိရသည်။

သတင်းထောက်များသည် ယခုလ ၂၃ရက်မှ ၂၅ရက်အထိ သုံးရက်ကြာခရီးကို တနသာင်္ရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖိတ်ကြားမှုအရ သွား ရောက်ခဲ့ကြခြင်းဖြစ်သည်။

TH

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဈေးသက်သာတယ်။ ကားလဲကောင်းတယ်ဆိုပြီး ကားဝယ်ထားတာပါ။ အခုလို ကားဒဏ်ကြေးသိန်း ၁၀၀ လောက် ဆောင်ရမယ်ဆိုတော့ တကယ့် နံပါတ်ကား ဂျပန်ကားဈေး ရောက်သွားတယ်။ အခု စူပါကတ်စတန်က တစ်စီး သိန်း ၃၂၀၊ ၃၁၀ လောက်မှာ ဒဏ်ကြေးနဲ့ဆို သိန်း ၄၀၀ ကျော်သွားပြီ။ ဇုန်ကားထုတ်တဲ့သူက ဘာမှမဖြစ်ဘဲနဲ့ ဝယ်စီးတဲ့သူတွေ ဒုက္ခရောက်ကုန်တယ်။ ကော်မတီက လျှော့လျှော့ပေါ့ပေါ့ ပြန်စဉ်းစားပေးစေလိုပါတယ်။ အကုန် ဒုက္ခရောက်ကုန်ပါပြီ”

သြဂုတ် ၂၅ ထုတ် ရန်ကုန်တိုင်းမ် အတွဲ(၇) အမှတ် (၃၂) တွင်ပါသည့် “မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများ စည်းကမ်းမညီညွတ်ပါက ဒဏ်တပ်အရေးယူမှု အခွင့်အရေးတစ်ကြိမ်သာပေးမည်ဟု ပြည်ထော်စုဝန်ကြီး ဦးစိုးသိန်း သတိပေးပြောကြား” သတင်းမှ စူပါကတ်စတန် ကားဝယ်ထားသူ ဦးရာဇာ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“တိုင်းပြည်ရဲ့ စီးပွားရေးကို ပြောရင် ဂျီဒီပီ (စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး)နဲ့ပြောတယ်။ ဂျီဒီပီဟာ မြင်သာတဲ့အပိုင်းမှာ ဖွံ့ဖြိုးပြီး၊ မမြင်သာတဲ့ အပိုင်းမှာ မဖွံ့ဖြိုးတာကိုတွေ့ရတယ်။ အခုအချိန်မှာ ရုပ်ကြွင်းလောင်စာတွေကို ထုတ်ယူသုံးစွဲတာ များတဲ့အတွက် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်လာတယ်။ ဒီပတ်ဝန်းကျင်ထိခိုက်မှု ပမာဏကို ဂျီဒီပီထဲက နုတ်ကြည့်မယ်ဆိုရင် ရှုံးဖို့တောင်ရှိနေတယ်လို့ ခန့်မှန်းလာကြတယ်။ ဒါကြောင့် ကြီးမားတဲ့ စီမံကိန်းတွေမှာဆိုရင် စီမံကိန်းနဲ့ သက်ဆိုင်တဲ့ကောင်းကျိုးဆိုးကျိုးတွေို့ ပိုပြီးလေ့လာသင့်တယ်လို့ထင်တယ်”

သြဂုတ် ၂၆ ရက်ထုတ် မြန်မာတိုင်းမ် အတွဲ (၂၇) အမှတ် (၅၃၁) တွင်ပါသည့် “ရေရှည်ဖွံ့ဖြိုးရေးနဲ့ ယှဉ်တွဲနေတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး” သတင်းဆောင်းပါးမှ ဦးဟန်ထွန်း၊ ဒုတိယညွန်ကြားရေးမှူး (ငြိမ်း) ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာန၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“လက်ရှိမြန်မာနိုင်ငံမှာ အခွန်နဲ့ ပတ်သက်ရင် ပြည်သူလူထု ပူးပေါင်းပါဝင်မှု အရမ်းအားနည်းသေးတယ်၊ အစိုးရ ဌာနရဲ့ ဘတ်ဂျက်အတွက် ပြည်သူဆီက ထိုက်သင့်တဲ့ အခွန်အခကို ယူရမယ်၊ အဲဒါမရရင် အစိုးရကောင်းတစ်ခု အဖြစ် ရပ်တည်ဖို့ မလွယ်ဘူး” လို့ ဦးမောင်သန်းက ပြောပါသည်။

သူကပဲဆက်ပြီး “ဘတ်ဂျက်အတွက် အခွန်ကောက်ခံတဲ့အခါမှာ ပုံသေအခွန်နဲ့ အခြေအနေအရ လိုက်လျောညီထွေ ပြောင်းလဲပြီး ကောက်ခံရတဲ့ အခွန်ဆိုပြီး ရှိတယ်။ အထူးသဖြင့် ကိုယ့်ဌာနရဲ့ သုံးသပ်ချက်၊ ဆုံးဖြတ်ချက်အရ ကောက်တဲ့အခါမှာ အထူးသတိထားရမယ်၊ ဘတ်ဂျက်ပိုရလာဖို့ မလိုအပ်တဲ့ လုပ်ထုံး လုပ်နည်း အပိုတွေကို မပါအောင် ဂရုစိုက်ဖို့လိုမယ်”

သြဂုတ် ၂၃ ထုတ် ကုမုဒြာ ဂျာနယ်အတွဲ (၁) အမှတ် (၂၅) တွင်ပါသည့် “အစိုးရဌာနအချို့ ကိုယ်ပိုင်ဘတ်ဂျက်နဲ့ သုံးစွဲရ တော့မယ်ဆိုရင်” သတင်းမှ ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

ကြော်ငြာတွေက စည်းမျဉ်း စည်းကမ်းဥပဒေနဲ့ ကိုက်ညီရမယ်။ ရိုးသားရမယ်။ တည့်မတ်ရမယ်။ လူတွေကို လန့်အောင်၊ ကြောက်အောင်လုပ်ပြီး ကြော်ငြာ ပြီးမှ လူတွေသုံးတာမျိုး မလုပ်ရဘူး။ ကြော်ငြာတစ်ခုက ပြောတာတွေက မှန်မှန်ကန်ကန် ဖြစ်ရမယ်။ ကြော်ငြာမှာ စားသုံးသူအတွက် စိတ်ချ လုံခြုံမှု ရှိရမယ်။ ကလေးငယ်တွေ၊ လူငယ်တွေကို ဦးမတည်ရဘူး။ လူ့တန်ဖိုးကို ထိခိုက်တဲ့၊ မိသားစုဘဝတန်ဖိုးကို ထိခိုက်တတ်တဲ့ အရာတွေ မပါရဘူး။ အမျိုးသားရေး ပြယုဂ်တွေ မသုံးရဘူးလို့ သိရတယ်။

ဥပဒေပညာရှင်တစ်ဦးက ‘ပြည်တွင်းမှာက ကြော်ငြာနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေမှာ ယဉ်ကျေးမှုနဲ့ မဆီလျှော်တာ တွေကိုပဲ သတ်မှတ်ထားးတယ်၊ တကယ်တမ်း စားသုံးသူအတွက် စည်းမျဉ်းစည်းကမ်း သတ်မှတ်ဖို့ လိုတယ်၊ အဲဒီအတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက ဖြေရှင်းပေးရင် အဆင်ပြေမယ်၊ ဥပဒေသတ်မှတ် ပြီးရင်လဲ အမြဲတမ်း လိုအပ်ရင် လိုအပ်သလို ခေတ်နဲ့အညီ ပြောင်းလဲပေးဖို့ လိုအပ်တယ်” လို့ပြောပါတယ်။

သြဂုတ် ၂၃ ထုတ် ကုမုဒြာ ဂျာနယ်အတွဲ (၁) အမှတ် (၂၅) တွင်ပါသည့် “ကြော်ငြာနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ချမှတ်ထားဖို့လို” သတင်းမှ ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

လူပြောများသည့် ရက်ပေါင်းတစ်ရာ

ကျော်ဝင်း

(သြဂုတ် ၂၅ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၃၂) မှ ထုတ်ယူဖော်ပြပါသည်)

သူတို့ဆီက ရက်တစ်ရာ

အသားကျပြီး ဒီမိုကရေစီနိုင်ငံကြီးများတွင် အစိုးရအဖွဲ့သစ်တစ်ခုတက်လာသည်နှင့် ရက်ပေါင်းတစ်ရာအတွင်း လှုပ်ရှားမှုများကို ကြည့်ပြီး အဆိုပါ အစိုးရ၏ အကောင်းအဆိုး အလားအလာကို အကဲဖြတ် ချင့်တွက်ကြသည်များ ရှိပါသည်။ သူ့အရပ်နှင့် သူ့ဇာတ်ပေမို့ မည်သို့မျှ ပြောစရာမရှိပါ။ သူတို့ နိုင်ငံမျိုးမှာပင် ဆိုခဲ့ပါ ရက်တစ်ရာ အကဲဖြတ်ချက်များ အခါ အခပ် သိမ်းမမှန်တက်သည်ကိုမူ သတိပြုမိခဲ့သည်မှာကြာပါပြီ။

ဥပမာ- အမေရိကန် သမ္မတ ဂျော့ဘု(ရှ်) (အငယ်) ၏ ပထမသက်တမ်းရက်တစ်ရာကိုပဲ ကြည့်……။ သမ္မတသစ်၏ ဟော့ဟော့ရမ်းရမ်း      အပြုအမူများကြောင့် ‘တက္ကဆပ်ကောင်းဘွိုင်’ ဆိုသော အမည်ဆိုးရသည်အထိပင် လူထုထောက်ခံမှု ကျဆင်းသွားခဲ့သည်။ သို့နှင့်တိုင် ၉/၁၁ အရေးအခင်းနှင့် ကြုံလိုက်ရသောအခါတွင်မူ သူ၏ တင်တင်းမာမာ တုံ့ပြန်မှုကြောင့် လူကြိုက်ပြန်များလာသည့် သာဓကရှိသည်။ လက်ရှိ အမေရိကန်သမ္မတ ဘားရတ် အိုဘားမားကော ဘာထူးသနည်း။ ‘ဂရိတ်ရီဆက်ရှင်း’ အရှိန်ရစကာလ အီရတ်စစ်ပွဲ သပွတ်အူ အကျပ်အတည်းတွင် အိမ်ဖြူတော် ရောက်လာသူဖြစ်ရာ ရက်တစ်ရာအတွင်း ဘာတစ်ခုမှ ဟုတ်ဟုတ်ငြားငြား မလုပ်နိုင်ခဲ့ပါ။ သို့ဖြစ်လင့်ကစား ယခုအခါတွင်မူ တစုံတရာ တည်ငြိမ်မှု ပြန်ရခဲ့ပြီဟု ဆိုနိုင်ပါသည်။

ဤတွင်ပြောလိုသည်မှာ ရက်တစ်ရာ အကဲဖြတ်ချက်များမှာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ နောက်ခံ အခင်းအကျင်းနှင့် ဆက်စပ် အခြေအနေကို လုံလုံလောက်လောက် ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ဖြစ်ရပ်သက်သက်ကိုသာ အပေါ်ယံကျကျ ကြည့်မြင်သည်မျိုး ဖြစ်လေမည်လား တွေးစရာ ရှိသည့် အချက် ဖြစ်ပါသည်။ ဤအတွေးကို အားဖြည့်ပေးသည့် နောက်တစ်ချက်မှာ ဆိုခဲ့ပြီးသော ရက်တစ်ရာ အကဲဖြတ်ချက် အများစုမှာ ပညာရှင်လောကထက် မီဒီယာအသိုင်းအဝိုင်းမှ လာခြင်းပင် ဖြစ်သည်။ မီဒီယာသမား(ဂျာနယ်လစ်များ)၏ အဓိက အာရုံစိုက်ရာမှာ ‘သတင်း’ ဖြစ်ပြီး ပညာရှင်ကမူ သတင်းကို ဆက်စပ်အခြေအနေနှင့် ချိတ်ပြီး သုတေသနဖန်ပြားပေါ် တင်ကြည့်တတ်သည့် သဘာဝရှိသည်။ ပြောရလျှင် အလေးအပေါ့၊ အနက်အရှိုင်းချင်း မတူပါ။

ကျွန်တော်တို့ ရက်တစ်ရာ

ကျွန်တော်တို့ဆီတွင်လည်း ဘယ်သူက စလိုက်သည်မသိ။ သူတို့ မီဒီယာနှင့် မျဉ်းပြိုင်ဆွဲပြီး အစိုးရသစ်ကို ရက်တစ်ရာပေါ် တင်ကြည့်ကြ သည်များ ရေပန်းစားနေသည်ကို တွေ့ရသည်။ စာရေးသူအမြင်ကို ပွင့်ပွင့်လင်းလင်း ဆိုရလျှင် ရင့်ကျက်ပြီး ဒီမိုကရေစီနိုင်ငံကြီးများနှင့် ဒီမိုကရေစီ တာထွက်စ နိုင်ငံများကို မျဉ်းပြိုင်ဆွဲ ကြည့်လို့မရဟု သဘောရသည်။ ကျွန်တော်တို့နိုင်ငံလို ဒီမိုကရေစီ နိုင်ငံရေးစနစ်နှင့် ကာလရှည်ကြာအဆက် ပြတ်ခဲ့ရသော ဖွံ့ဖြိုးဆဲနိုင်ငံများ၊ မျက်မှောက်ပြုနေကြရသည့် ပြဿနာအများစုမှာ ဆယ်စုနှစ်များနှင့်ချီ၍ သက်တမ်းရင့်ကြသည်က များပါသည်။ ဤနောက်ခံ အခင်းအကျင်းတွင် ရက်တစ်ရာဆိုသော အချိန်ကာလမျှလောက်နှင့် ပြဿနာဖြေရှင်းဖို့ဆိုသည်ကို အသာထား။ ပြဿနာရပ်များကို အရှိအတိုင်း ဖော်ထုတ်တင်ပြနိုင် လျှင်ပင် မဆိုးလှဟုဆိုမလို ဆိုရမလိုရှိမည်ထင်သည်။

ဥပမာ- ယနေ့လူပြောများနေသော ‘အမျိုးသားပြန်လည်ရင်ကြားစေ့ရန်’ ကိစ္စဆိုလျှင် လွတ်လပ်ရေးအကြို ကာလကတည်းက သန္ဓေတည်ခဲ့ပြီး လွတ်လပ်ရေးနှင့် အတူမွေးဖွားလာခဲ့သည်ဖြစ်ရာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ ဖြစ်သည်။ အလားတူဈေးကွက်ရော ဒီမိုကရေစီပါ ကွယ်ခဲ့သည်မှာလည်း နှစ်ပေါင်း ၅၀ ၊ ရာစုတစ်ဝက် ကျော်ခဲ့ပြီ ဖြစ်ပါသည်။ ဤမျှ နှစ်ပေါင်းများစွာ အမြစ်တွယ် စွဲခိုင်နေသော ပြဿနာ အထွေထွေကို သုံးလသာသာ ရက်တစ်ရာအတွင်း အပြီးအပြတ် ဖြေရှင်းဖို့ဆိုသည်မှာ သိကြားမင်း ဦးမာဃဦးဆောင်သော အစိုးရပင်ဖြစ်စေဦး ဖြစ်နိုင်ခြေ အလွန်နည်း ပါလိမ့်မည်။ သို့အတွက် အစိုးရသစ်ကို ပြဿနာ မဖြေရှင်းနိုင် ကောင်းလားဆိုပြီး စွဲချက်တင်လျှင် သဘာဝယုတ္တိထက် အာဃာတ ယုတ္တိသာ ဖြစ်မည် ထင်သည်။ တစ်ပြိုင်နက်တည်းမှာပင် ဘာပြဿနာမှမရှိ ခေတ်သစ်ရောက်ပြီ ကြွေးကြော်ပါလျှင်လည်း ဆန္ဒကို ရှေ့တင်ရာသာရောက်ပါလိမ့်မည်။ ဆိုရလျှင် ရက်တစ်ရာ လောဂျစ်ကိုယ်တိုင်က ကျွန်တော်တို့နိုင်ငံနှင့် စရွေး မကိုက်ဟု သဘောရပါသည်။

သင်္ချာလက်ရေးတို

ဆိုခဲ့ပြီးသည့်အတိုင်း ရက်တစ်ရာလှုပ်ရှားမှုများကိုကြည့်ပြီး အကောင်းအဆိုး ယတိပြတ်ကောက်ချက် မဆွဲနိုင်သည့်တိုင် မည်သည့်ဘက်သို့ ဦးတည်ရွေ့နေသည်ကိုမူ အထိုက်အလျောက် ဆဝါးနိုင်စရာရှိလိမ့်မည် ထင်သည်။ ဤ နေရာတွင် သမ္မတ၏မိန့်ခွန်းများ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ မိန့်ခွန်းနှင့် ‘အမျိုးသားအဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ’ တို့ကို အဓိက ထောက်ပြလို ပါသည်။ အဆိုပါ မိန့်ခွန်းများနှင့် ခြေလှမ်းများအရ အစိုးရအဖွဲ့သစ်တွင် အပြောင်းအလဲကို လိုလားသည့် အင်အာစုများနှင့် အမှန်တကယ် ပြောင်းလဲလိုသည့် ဆန္ဒများ အခိုင်အမာရှိနေပြီဟု ယူဆနိုင်စရာ ရှိပါသည်။ ထို့ထက် လက်တွေ့ကျကျပြောင်းလဲနိုင်မည့် မဟာဗျူဟာ အခင်းအကျင်း အချို့ကိုလည်း မြင်သလောက်      မြင်နေရရာ အကောင်းဘက်သို့ဦးတည်ရွေးလာပြီဟု မှန်းဆရပါသည်။

သို့သော်…..(ဤသို့သော်က အရေးကြီးသည်) အပြောင်းအလဲတိုင်းတွင် မလွှဲမရှောင်သာ ရင်ဆိုင်ရမြဲဖြစ်သော ‘ခုခံမှုများ’ ရှိတတ်သည် ကိုလည်း မမေ့မလျော့ သတိချပ်ဖို့ လိုပါလိမ့်မည်။ ခုခံမှုဆိုသည်မှာ ဘက်ပေါင်းစုံမှ လာနိုင်သည်ဖြစ်ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မိန့်ခွန်းပါ “above the law” နှင့် “beyond the law” ဆိုသော စကားရပ် များမှာ စဉ်းစားလေ အဓိပ္ပယ်ရှိလေဟု သဘောရပါသည်။ မည်သို့ပင်ရှိစေ သဘောထားကွဲ လွဲမှုများမည်မျှပင်ရှိစေဦး ‘ငါတို့အားလုံး အမျိုးသားရေးအင်အားစု’ ဆိုသောအသိဖြင့် စိတ်ရှည်လက်ရှည် ညှိနှိုင်း အဖြေရှာနိုင်ကြလျှင်မူ ခုခံမှုများကို ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ဤအတွက် အချိန်ပေးဖို့တော့ လိုပါလိမ့်မည်။ ရက်တစ်ရာမျှနှင့် ဘယ်လိုမှ မဖြစ်နိုင်ပါ။

ယခုစာစုကို ဖတ်ဖူးး၊ မှတ်ဖူးသော သင်္ချာလက်ရေးတိုလေးဖြင့် အဆုံးသတ်ပါမည်။ ယခုလို…..

                   W+F+S>R        C

(W) မှာ ပြောင်းလဲလိုသည့် ဆန္ဒကိုညွှန်းသည်။ (F) မှာ ပြောင်းလဲလိုသည့် အင်အားစုဖြစ်ပြီး S မှာ ပြောင်းလဲ နိုင်သည့် မဟာဗျူဟာ ဖြစ်ပါသည်။ ဤသုံးခုပေါင်းက ခုခံမှု R ထက်ပိုကြီးလျှင် တစ်နည်းခုခံမှုကို ကျော်နိုင်လျှင် အပြောင်းအလဲ C ပေါ် ထွက်လာလိမ့်မည်ဟု ဆိုပါကြောင်း……….။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment