Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၃၀.၉.၂၀၁၁

ပြည်တွင်းသတင်းများ

  1. မြန်မာ- အိန္ဒိယ ကုန်သွယ်မှု ၂၀၁၅တွင် နှစ်ဆတိုး လုပ်ဆောင်မည်
  2. ဘဏ်ပြိုလဲမှုကြောင့် အပ်ငွေမဆုံရှုံးရန် အာမခံထားနိုင်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နိုင်ငံတော်သမ္မတက မြစ်ဆုံစီမံကိန်း ရပ်တန့်ရန် လွှတ်တော်သို့ သဝဏ်လွှာပေးပို့
  2. ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတကြီး တွေ့ဆုံရန်မရှိသေး
  3. ဒုတိယနိုင်ငံရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့ ခရီးထွက်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. အပြောင်းအလဲနှင့် နိုင်ငံရေးပါတီများ၏ ပါဝါ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

မြန်မာ- အိန္ဒိယ ကုန်သွယ်မှု ၂၀၁၅တွင် နှစ်ဆတိုး လုပ်ဆောင်မည်

လာမည့် ၂၀၁၅ ခုနှစ်တွင် ကုန်သွယ်ရေး နှစ်ဆတိုးပြီး လုပ်ဆောင်သွားရန် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပသည့် စတုတ္ထအကြိမ် မြန်မာ- အိန္ဒိယ ကုန်သွယ်ရေး ပူးတွဲကော်မတီ အစည်းအဝေးတွင် နှစ်နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးများသည် သဘောတူညီမှု ရရှိခဲ့ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး သုတေသနလုပ်ငန်းများ မြှင့်တင်ရန် အိန္ဒိယနိုင်ငံမှ ကူညီဆောင်ရွက်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံမှ ထွက်ရှိသော သဘာဝ ဓါတ်ငွေ့ ရှာဖွေရေးကဏ္ဍတွင်  ပူးပေါင်းပါဝင်လုပ်ဆောင်လိုကြောင်း အိန္ဒိယနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး မစ္စတာ အနန်ရှားမားက ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ဦးဆောင်သည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည်  စတုတ္ထအကြိမ် မြန်မာ- အိန္ဒိယ ကုန်သွယ်ရေး ပူးတွဲကော်မတီ အစည်းအဝေးတက်ရောက်ရန် စက်တင်ဘာလ ၂၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ သွားရောက်ခဲ့သည်။

မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ အစည်းအဝေးတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

“မြန်မာနဲ့အိန္ဒိယနဲ့ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြင့်လုပ်ဆောင်ဖို့ ဒီကိစ္စဟာ ကျွန်တော်တို့ ကုန်သည်တွေအနေနဲ့ တကယ့်ကိုကြိုဆိုရမယ့် အဆင့်ဘဲခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်နေချိန်မှာ ဒီလိုကုန်သွယ်မှုတွေဟာ အရမ်းကို အရေးကြီးပါတယ်။ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်တာဟာ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုးရေး ကဏ္ဍမှာ အဆင့်မြင့်မားလာတဲ့ သဘောလို့ ကျွန်တော်တို့မြင်ပါတယ်။ ကုန်သွယ်မှုစံနစ် တိုးမြင့်လာမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရဖို့က အခွင့်အလမ်းလဲများတယ်။ နိုင်ငံအတွက် လိုအပ်တဲ့  ပစ္စည်းတွေကိုလဲ တင်သွင်းခွင့်ရမယ်”ဟု ကုန်သည်ကြီးတစ်ဦးက ပြောကြားသွားသည်။

လက်ရှိအချိန်တွင် မြန်မာနှင့် အိန္ဒိယနိုင်ငံသည် နှစ်နိုင်ငံကုန်သွယ်မှုတွင် ၁.၅ ဘီလီယံ ပမာဏရှိပြီး သားငါး၊ သစ်တောနှင့် အခြားထုတ်ကုန် (၂၂) မျိုးတွင် ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံ အနောက် မြောက်ပိုင်းဒေသ ချင်းတွင်းမြစ်ဝှမ်းတွင် အကောင်အထည်ဖော်မည့် ထမန်သီရေ အားလျှပ်စစ်စီမံကိန်းနှင့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်း တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်ကမ်းလှမ်းမှုများ ပြုလုပ်ထားကြောင်း သိရှိရသည်။ ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်း မဂ္ဂါဝပ် (၆၆၀)ဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုများ ဆောင်ရွက်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာကို အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရပိုင် NHPC Ltd တို့အကြား ၁၆-၉-၂၀၀၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဘဏ်ပြိုလဲမှုကြောင့် အပ်ငွေမဆုံရှုံးရန် အာမခံထားနိုင်

ဘဏ်အပ်ငွေ အာမခံအား အောက်တိုဘာလဆန်းမှစတင်ပြီး မြန်မာ့အာမခံလုပ်ငန်းတွင် ထားရှိနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာမောင်မောင်သိမ်းက “ဘဏ်အပ်ငွေအမျိုးအစားက မြန်မာနိုင်ငံမှာ မရှိသေးတဲ့ အာမခံ အမျိုးအစားပါ။ ဘဏ်အပ်ငွေအာမခံကို ဘဏ်လုပ်ငန်းတွေဘက်က ထားရတာ ဖြစ်တယ်။ ဘဏ်ဒေဝါလီခံရတာ၊ ဘဏ်ပြိုလဲတာမျိုးမှာ ဘဏ်ထဲအပ်ထားတဲ့ ငွေတွေ မဆုံးရှုံးရအောင် မြန်မာ့အာမခံလုပ်ငန်းက အတိုင်းအတာတစ်ခုအထိ ငွေအပ်ထားသူတွေကို ပြန်လျော်ပေးမယ်” ဟု ရှင်းပြပြောဆိုခဲ့သည်။

ဘဏ်အပ်ငွေအမျိုးအစားများဖြစ်သည့် စာရင်းရှင်၊ စာရင်းသေနှင့် ငွေစုဘဏ် ၃ မျိုးအား ပေးလျော်ပေးမည်ဟု သိရှိရသည်။ ဘဏ်အပ်ငွေ အာမခံထားရာတွင် ငွေအပ်သူများက အာမခံထားရန်မလိုပဲ၊ ဘဏ်များမှ အာမခံထားရှိရမည် ဖြစ်ကြောင်း သိရသည်။ အပ်ငွေအာမခံ ပရီမီယံကြေးအား နိုင်ငံတကာနှုန်းနှင့်အညီ ကောက်ခံသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ယခုလို မြန်မာ့အာမခံလုပ်ငန်းမှ ဘဏ်အပ်ငွေအာမခံ အကောင်အထည်ဖော် ပြုလုပ်ပေးခြင်းဖြင့် ဘဏ်များသို့ လာရောက်အပ်နှံကြသော ပြည်သူများအတွက် ငွေများဆုံရှုံးမှုမရှိတော့ပဲ၊ ဘဏ်များအပေါ်တွင် ပိုမို၍ ယုံကြည်မှု ရှိလာ မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မြန်မာမေဖလားဝါးဘဏ်၊ အာရှဓနဘဏ်နှင့် မြန်မာယူနီဗာဆယ်ဘဏ်များ ပြိုလဲမှုကြောင့် ပြည်သူများ အနေဖြင့် ငွေများမဆုံရှုံးသော်လည်း ဒုက္ခရောက်ရသည့် ဖြစ်စဉ်များရှိခဲ့သည်။

YC

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နိုင်ငံတော်သမ္မတက မြစ်ဆုံစီမံကိန်း ရပ်တန့်ရန် လွှတ်တော်သို့ သဝဏ်လွှာပေးပို့

အစိုးရသစ်၏ ရက်ပေါင်း ၂၀၀ ကျော်ကာလအတွင်း လုပ်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား ရပ်ဆိုင်းရန် ထုတ်ပြန်ခဲ့သော သဘောထားသည် ပြည်သူ့တို့ မျှော်လင့်တောင့်တနေသည့် သဘောထားနှင့် ထပ်တူဖြစ်နေသည်ကို တွေ့ရှိရသည်မှာ အစိုးရသစ်၏ ပြည်သူ့အပေါ် ထားရှိသည့် စိတ်စေတနာကို ပြသလိုက်ခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာ သုံးသပ်သူများက ဆိုကြသည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမပြုဘဲ ရပ်တန့်ရန် ပြည်သူ့အခြေပြု လူမှုရေး၊ နိုင်ငံရေး အသင်းအဖွဲ့များက တစ်တပ်တစ်အား ဝိုင်းဝန်းဆန္ဒပြုလိုက်သည့် ရလဒ်ကောင်းတစ်ခု ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဒေဝီသန့်စင်ကပြောသည်။

“သမ္မတကြီး လုပ်လိုက်တဲ့ ဆောင်ရွက်ချက်က နတ်လူသာဓုခေါ်လို့ရတယ်”ဟုယင်းက ဆက်လက်ပြောကြာား သည်။

မြစ်ကြီးနားမြို့အထက်ဘက်တွင် လုပ်ဆောင်နေသည့် ယင်းစီမံကိန်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ပြည်တွင်း၊ပြည်ပ ပညာရှင်များက တာဝန်ရှိသူများနှင့် ပြည်သူအများ သိရှိနိုင်ရန် ထောက်ပြပြောဆိုထားသည်။

နိုင်ငံတော်သမ္မတကြီးက အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအား စက်တင်ဘာ ၂၉ရက်နေ့က ပေးပို့ခဲ့သော သဝဏ်လွှာတွင် “မိမိတို့အစိုးရသည် ပြည်သူမှရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထားရပါမည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့အစိုးရလက်ထက်တွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထား မည်ဖြစ်ပါသည်။ နိုင်ငံတော်အတွက်လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအား လျှပ်စစ်စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့်သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံအောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေးအပ်ပါသည်”ဟု ပါရှိသည်။

ယင်းသို့ နိုင်ငံတော်သမ္မတ၏ ပြည်သူ့ဆန္ဒကို အလေးပေးခြင်းကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံ ကြိုဆို ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်သုံးကြိမ်မြောက် တွေ့ဆုံပွဲအပြီးတွင် ပြောကြားသည်။

''ကျွန်မတို့ နားလည်သလောက်က ဒီမနက်ကနေပြီးတော့ လွှတ်တော်ကို သမ္မတကြီးဆီက သ၀ဏ်လွှာပို့တယ်လို့ ပြောပါတယ်။ ဒီသ၀ဏ်လွှာမှာ ဆိုရင် သမ္မတကြီးက ပြည်သူလူထုရဲ့ စိုးရိမ်မှုတွေ၊ ကြောင့်ကြမှုတွေကို ထောက်ထားပြီးတော့ ဒီမြစ်ဆုံရေကာတာစီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ ဒီလိုမှာကြား လိုက်တယ်လို့ ကျွန်မတို့ နားလည်ပါတယ်။ ဒါကတော့ ကျွန်မအမြင်မှာတော့ ပြည်သူရဲ့အသံကိုနားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ ဒီဟာဟာ အစိုးရတိုင်း လုပ်ရမယ့်ကိစ္စပါ။ ပြည်သူရဲ့အသံကို နားထောင်ရမယ်။ ပြည်သူရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို တကယ်ပဲ လေးလေးနက်နက် ထားပြီးတော့ ဖြေရှင်းပေးရမယ်။ အဲတာကြောင့် ကျွန်မဒါကို ကြိုဆိုပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြည်ပသ တင်းထောက် တစ်ဦး၏ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနှင့်ပက်သက်၍ မေးမြန်းခြင်းအား ပြန်လည်ဖြေကြားသည်။

ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားနေသည့် Burma Democratic Concern( BDC ) အဖွဲ့က သမ္မတဦးသိန်းစိန် အစိုးရမှ မြစ်ဆုံဆည်စီမံကိန်းကို သမ္မတဦးသိန်းစိန် လက်ထက်တွင် ရပ်ဆိုင်းမည်ကို ကြိုဆိုပါသည့်အပြင် ယင်းစီမံကိန်းအား အပြီးရပ်ဆိုင်းပေးပါရန် တောင်းဆိုထားကြောင်း သိရသည်။

“တိုင်းပြည်ရဲ့အနာဂတ်သေချာရေရာဖို့ရယ်၊ ပြည်တွင်းငြိမ်းချမ်းမှုကို အမြန်အကောင်အထည် ဖော်စေချင်တာရယ်ကြောင့် မြစ်ဆုံစီမံကိန်းကို အပြီးအပိုင် ရပ်ဆိုင်းပေးဖို့ တောင်းဆိုထားတာပါ”ဟု ယင်းအဖွဲ့တွင် ပါဝင်လှုပ်ရှားနေသူ တစ်ဦးက ဆိုသည်။

ပြည်သူ့ဆန္ဒကိုဦးစားပေး၍ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းလိုက်ခြင်းကြောင့် အစိုးရသစ်သည် ပြည်သူလူထု၏ ယုံကြည်မှုကို ပိုရရှိလာနိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်ပြသည်။

“နိုင်ငံရေးမှာတော့ တစ်ခုမဟုတ် တစ်ခုပေးရမှာပဲ။အစိုးရဘက်က ဒီလိုလိုက်လျောလိုက်လို့ ရလာတာ ပြည်သူရဲ့ ယုံကြည်မှုပဲ၊ အသွင်ကူးပြောင်းရေး ကာလမှာ မရှိမဖြစ်တဲ့ ယုံကြည်မှုတည်ဆောက်ရေးကို အစိုးရနဲ့ပြည်သူကြားမှာ စပြီး တည်ဆောက်နိုင်တာကို ကျွန်တော်တို့ကြိုဆိုသင့်တယ်”ဟု ဆက်လက် ပြောကြားသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတကြီး တွေ့ဆုံရန်မရှိသေး

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးသည် လတ်တလော တွေ့ဆုံရန် မရှိသေးကြောင်း သိရသည်။

“လောလောဆယ်တော့ သမ္မတကြီးနဲ့ ချိန်းထားတာ မရှိသေးပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

စက်တင်ဘာ ၃၀ရက်က ရန်ကုန်မြို့ရှိ နိုင်ငံတော်ပိုင် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ဦး တွေ့ဆုံဆွေးနွေးပြီးနောက် ပြည်တွင်းသတင်းထောက် တစ်ဦး၏ နိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံရန် ရှိ၊မရှိဟူသည့် မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြား လိုက်ခြင်း ဖြစ်သည်။

နေပြည်တော်တွင် ပြုလုပ်ခဲ့သော အမျိုးသားအဆင့် စီးပွားရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေချိန်တွင် သမ္မတ ကြီးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံတော် သမ္မတရုံးခန်းတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။

ယခုဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် ပြည်သူအများက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတကြီး ပြန်လည် တွေ့ဆုံမည်ကို မျှော်လင့်နေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုသည်။

“အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ကလည်း လိုအပ်နေတဲ့ အချိန်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရယ် သမ္မတကြီးရယ် တွေ့ဆုံပြီး ထွက်လာမယ့် သတင်းကောင်းကို ကြားခြင်နေတဲ့သူ များပါတယ်”ဟု လွှတ်တော်တွင်းရောက် နိုင်ငံရေးပါတီတစ်ခု၏ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကဆိုသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ဒုတိယနိုင်ငံရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့ ခရီးထွက်ခွာမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ် နိုင်ငံရေးခရီးစဉ်အဖြစ် မန္တလေးမြို့သို့ ထွက်ခွာရန် ရွေးချယ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သည့် မန္တလေးမြို့အား မိုးအကုန် ပွင့်လင်းရာသီအစတွင် ထွက်ခွာရန် ရှိကြောင်း ယင်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

"အခုကတော့ ခရီးထွက်ဖို့ လုံခြုံရေး အစီအစဉ်တွေပြင်ဆင် နေတုန်းပဲရှိပါသေးတယ်"ယင်းက ဆိုသည်။

နိုင်ငံရေးခရီးစဉ်အဖြစ် ထွက်ခွာရန်အတွက် လိုအပ်သည့် လုံခြုံရေးအစီအစဉ်များကို အာဏာပိုင်များနှင့်လည်း ညှိနှိုင်းတိုင်ပင်နေရကြောင်း သိရသည်။

မန္တလေးမြို့သည် သမိုင်းအစဉ်အလာကြီးမားသည့်အပြင် မြို့ခံလူထုသည်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အစဉ်အဆက် အားပေးခဲ့သည့်မြို့ ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မန္တလေးမြို့သို့သွားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လကလည်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်အပြီး ပထမဆုံး နိုင်ငံရေးခရီးစဉ် အဖြစ်ပဲခူးမြို့နှင့် သနပ်ပင်မြို့သို့ သွားရောက်ခဲ့ပြီး ပြည်သူလူထုသည် NLD ပါတီနှင့်အဆက်အသွယ် မပျက်ကြစေရန်နှင့်အစဉ်အဆက် ထောက်ခံကြပါရန် မိန့်ခွန်းပြောကြား ခဲ့သည်။

NLD ပါတီ ပြန်လည်မှတ်ပုံတင်မည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်ခွာခြင်းသည် အစိုးရနှင့် သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ထားခြင်း၏ အကျိုးဆက်ဟု ခန့်မှန်းနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူ အသိုင်းအဝိုင်းက သုံးသပ်ကြသည်။

YC(KS)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“နိုင်ငံတော်အာဏာဆိုတဲ့ စကားလုံးကို သတိထားမိကြမယ်ထင်ပါတယ်။ နိုင်ငံတော်အာဏာကို ကိုင်တွယ် ကျင့်သုံးခွင့် အပေါ်တည်ပြီး ငွေစက္ကူတွေကို စက္ကူစုတ် ဖြစ်သွားအောင်လုပ်လို့လည်း ရတယ်။ ၁၉၆၄ တုန်းကလို တန်ဖိုးဘယ်လောက်အထိ တရားဝင်ငွေစက္ကူများနဲ့ ပြန်လဲခွင့်ပေးလို့လည်း ရတယ်။ ၁၉၈၇ခုနှစ် တရားမဝင် ငွေစက္ကူ ကြေညာတုန်းကလို ဘယ်လိုပုံစံနဲ့မှ ပြန်လဲမပေးတော့တာလည်း လုပ်လို့ရတယ်။ အာဏာကို ကျင့်သုံးပုံ ကျင့်သုံးနည်းနဲ့ ဆိုင်ပါတယ်။

၁၉၈၆ ခုနှစ်က ကားအိုကားဟောင်းတွေကို ဘာတာဝန်မှ မယူဘဲ ဖျက်သိမ်းစေ အမိန့်ပေးခဲ့တာလည်း နိုင်ငံတော် အာဏာပဲဗျ။ အခု ၂၀၁၁ ခုနှစ်မှာ ကားဟောင်းတွေကို လာအပ်ရင် ဒေါ်လာ ၃၅၀၀ တန်ကားဝယ်ယူ တင်သွင်းခွင့်ပေးမယ်လို့ ကြေညာတာလည်း နိုင်ငံတော်အာဏာပဲဗျ။ ဘာကွာသလဲ ဆိုတော့ နိုင်ငံတော်အာဏာကို ဘယ်သူက ကိုင်တွယ် ကျင့်သုံးသလဲ ဆိုတာရယ်၊ ဘယ်စနစ်နဲ့ နိုင်ငံတော်အာဏာ တည်ဆောက်သလဲ ဆိုတာရယ်၊ ဒါပါပဲ”

စက်တင်ဘာ ၂၉ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၂) တွင်ပါသည့် ဆောင်းပါးရှင် မောင်ဝံသ၏ “ တစ်မိန့် တစ်အာဏာ တော်ပါပြီ တော်ပါပြီ” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းပဲ ဆောင်ရွက်ပါမယ်။ လုပ်ငန်းလိုင်စင်တွေရဖို့အတွက် လာဘ်ထိုးရတယ်။ လာဘ်ပေး ရတယ်ဆိုရင် အချိန်မရွေး ပြောနိုင်ပါတယ်။ ဘိလပ်မြေစက်ရုံအတွက် လိုင်စင်ရဖို့ငွေများစွာ ကုန်ရတယ်ဆိုတာ အလွန်တရာ နားကလောတယ်။ ဒီခေတ်မှာ မဖြစ်သင့်တော့ဘူး”

စက်တင်ဘာ ၂၉ ထုတ် 7DAY NEWS အတွဲ (၁၀) အမှတ် (၂၈) တွင်ပါသည့် “လုပ်ငန်းလိုင်စင်အတွက် လာဘ်ထိုးရလျှင် အချိန်မရွေး ပြောနိုင်ကြောင်း MIC ဥက္ကဋ္ဌသစ်ပြောကြား” သတင်းမှ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌသစ် ဦးစိုးသိန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အကျိုးအပြစ်ဆိုတာတော့ နေရာတိုင်းမှာ ရှိမှာပဲ။ အားသာချက်၊ အားနည်းချက်၊ တိုင်းပြည်လျှပ်စစ်မီးရရင် တိုင်းပြည်ဖွံ့ဖြိုး နိုင်တယ်။ ကျွန်တော်တို့ အရမ်းကြိုက်ပါတယ်။ အားနည်းချက်ကလည်း အောက်ခြေတကယ့်မြစ်ဝ ကျွန်းပေါ်ဒေသအထိ ထိခိုက်မှုရှိမယ်ဆိုလည်း ဒါကို ပြန်စဉ်းစားဖို့အတွက် နိုင်ငံတော်က ဆုံးဖြတ်မှာပါ။ ကျွန်တော့်အနေနဲ့ကတော့ No Com ment ပါ။ Professional တွေ သုံးသပ်စိစစ်ပြီး လုပ်ရမယ့်ကိစ္စပါ”

စက်တင်ဘာ ၂၉ ထုတ် POPULAR NEWS အတွဲ (၃) အမှတ် (၃၈) တွင်ပါသည့် “မြစ်ဆုံစီမံကိန်းသည် ကျွမ်းကျင်သူတို့ သုံး သပ်စိစစ်ရမည့် ကိစ္စဟု ထူးကုမ္ပဏီအုပ်စုဥက္ကဋ္ဌ ဦးတေဇဆို” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံတွင် ဂျပန် နိုင်ငံထုတ် တိုယိုတာ၊ နစ်ဆန်း၊ ဆူဇူကီးကားများအား လူကြိုက်များပြီး၊ ပြည်တွင်း ဈေးကွက်တွင် တိုယိုတာကုမ္ပဏီထုတ် မတ်တူး၊ ရွှေငါးကားအား အလွန်ဝယ်လိုအား များကြောင်း ဟံသာဝတီ ကားရောင်းဝယ်ရေးစခန်းမှ ယာဉ် အကျိုးဆောင်တစ်ဦး၏ ပြောပြချက်အရသိရသည်။

ဒီမှာသာ အဲဒီကုမ္ပဏီတွေ ကုမ္ပဏီထောင်ခွင့်၊ တင်သွင်းခွင့်တွေ၊ Showroom တွေလာဖွင့်လိုက်ရင်တော့ သူ့နိုင်ငံရဲ့ ဈေးနဲ့ ဘယ်လောက်မှ မကွာတဲ့ ကားဈေးနှုန်းတွေ ဖြစ်မယ်။ ဒီကလူတွေတော်တော်များများက စီးနိုင်ကြမယ်၊ အခု ဒီမှာအဆများစွာ ကွာနေတာတောင် စီးနေကြတာ၊ မူရင်းနိုင်ငံဈေးနဲ့ ဘယ်လောက်မှ မကွာရင် ပိုစီးကြမှာပေါ့”

စက်တင်ဘာ ၂၉ ထုတ် ENVOY အတွဲ (၂) အမှတ် (၂၃) တွင်ပါသည့် “ပြည်ပနိုင်ငံများမှ ကားကုမ္ပဏီများသာ လာရောက် ရင်းနှီးမြုပ်နှံခွင့်၊ ဖွင့်လှစ်ရောင်းချခွင့်ရရှိခဲ့ရင်” သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

အပြောင်းအလဲနှင့် နိုင်ငံရေးပါတီများ၏ ပါဝါ

နေဘုန်းခန့်

(စက်တင်ဘာ ၃၀ ထုတ် The HOT NEWS အတွဲ (၂) အမှတ် (၅၉) တွင်မှ ထုတ်ယူဖော်ပြသည်။)

ယနေ့မြန်မာနိုင်ငံ၏ ဒီမိုကရေစီကိုလမ်းညွှန်ခံဒီမိုကရေစီအဖြစ်သုံးသပ်မှုမျိုး ရှိကြသည်။ ဆလိုချင်ကြသည်က လစ်ဘရယ်ဒီမိုကရေစီသို့ မရောက်သေးဟု ဖြစ်သည်။ ဒီမိုကရေစီတွင် လစ်ဘရယ် ဒီမိုကရေစီသည် ၁၉၈၉ ခုနှစ်တွင် ကမ္ဘာပေါ်တွင် အထွတ်အထိပ်ရောက်ခဲ့သည်။ တစ်ကမ္ဘာလုံး လစ်ဘရယ် ဒီမိုကရေစီစနစ်သို့ တစ်ချိန်တွင် ကူးပြောင်းသွားလိမ့်မည်ဟု ထင်မြင်ယူဆမှုမျိုးပင်ရှိခဲ့သည်။ သို့သော် ကမ္ဘာ့အခြေအနေနှင့် နိုင်ငံတစ်ခုစီ၏ ကွာခြားချက်များအရ လစ်ဘရယ် ဒီမိုကရေစီသည် အရှိန်ကျသွားသည်။ ဒီမိုကရေစီဗားရှင်း အမျိုးမျိုးပေါ်လာသည်။ ယင်း ဒီမိုကရေစီဗားရှင်း များထဲတွင် စစ်တပ်မှ ပါဝင်ပတ်သက်သော ဒီမိုကရေစီလည်း ပါ ဝင်သည်။ ၎င်းကိုလမ်းညွှန်ခံ ဒီမိုကရေစီဟု ခေါ်ဝေါ်ကြ သည်။

လစ်ဘရယ် ဒီမိုကရေစီဆိုသည်မှာ လူတစ်ဦးခြင်း၏ ပါဝါကို မြှင့်တင်ရန်ဦးစားပေးပြီး လမ်းညွှန်ခံ ဒီမိုကရေစီများ အင်စတီကျူးရှင်း၏ ပါဝင်နှင့် လူတစ်ဦးခြင်း၏ ပါဝါကို တစ်ပြိုင်နက်မြှင့်တင်ပေးခြင်းဖြစ်သည်။ သို့ဖြစ်၍ လမ်းညွှန်ခံ ဒီမိုကရေစီတွင် ပြီးပြည့်စုံသော ရလဒ်များရှိမည်။ မရှိမည်ကို မည်သူမှ တပ်အပ်မပြောနိုင်ပေ။

လစ်ဘရယ်ဖြစ်ဖြစ်၊ လမ်းညွှန်ခံဖြစ်ဖြစ်အခြေခံ အကြောင်းတရားသည် ရွေးကောက်ပွဲသာဖြစ်သည်။ ဒီမိုကရေစီ တွင် အခြေခံခွဲဝေပုံ နှစ်မျိုးလည်းရှိသည်။ ၎င်းတို့မှာ လူထုနှင့် အီလစ် (Elite) ဟူ၍ဖြစ်သည်။ အာဏာရှိသူနှင့် ဓနရှိသူများကို အီလစ်ဟု တစ်ပေါင်းတည်းခေါ်ဝေါ်သည်။ ဒီမိုကရေစီ နိုင်ငံရေးသည် လူထုပါဝါနှင့် အီလစ်တို့၏ ကစားကွက်ပါဝါ တို့ကြား ယှဉ်ပြိုင်မှုများဖြစ်သော အဆုံးအဖြတ်ပေးသောအဖြေကို ရရှိလေ့ရှိ သည်။ သို့ဖြင့် လူထုပါဝါအနေဖြင့် အီလစ်တို့ နှင့် ယှဉ်ပြိုင်ရန် လူထုက သူတို့ကိုယ်စားလှယ်ပြိုင်မည့်သူကို ရွေးကောက်ကြသည်။ သို့ဖြင့် ရွေးကောက်ပွဲများသည် ဒီမိုကရေစီ၏ အခြေခံအကြောင်းတရားများ ပေါ်ပေါက်လာကာ ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ်ပေါ်ပေါက်လာသည်။ ၎င်းတို့သည် အီလစ်များနှင့် လူထုကိုယ်စား ယှဉ်ပြိုင်ရမည့်သူများဖြစ်သည်။

မည်သည့် နိုင်ငံရေးယဉ်ကျေးမှုတွင်မဆို လူထု၏ ပါဝင်မှုနှင့် နိုင်ငံရေးပါတီများ၏ ပါဝင်မှုနှင့်၊ မဟာမိတ်စုဖွဲ့၍ ပါဝင်မှု၊ အာဏာသိမ်းမှုတို့ကို ထည့်သွင်းသုံးသပ်ကြသည်။ လူထု၏ ပါဝင်မှုကို နိုင်ငံရေးသိပ္ပံပညာရှင်တို့က နှစ်ပိုင်းခွဲသည်။ သမားရိုးကျ ပါဝင်ပတ်သက်မှုနှင့် သမားရိုးကျမဟုတ်သည့် ပါဝင်ပတ်သက်မှုဖြစ်သည်။ သမားရိုးကျ ပါဝင်ပတ်သက်မှုသည် ရွေးကောက်ပွဲဖြစ်ပြီး ၊ သမားရိုးကျ မဟုတ်သော ပါဝင်ပတ်သက်မှုသည် နိုင်ငံရေး ခေါင်းဆောင်များ (Political Elite) ၏ ကြီးမှုးကျင်းပသော ဆန္ဒပြပွဲများ တွင် ပါဝင်ပတ်သက်မှုဖြစ်သည်။

လူထု၏ ပါဝင်ပတ်သက်မှုအရ နိုင်ငံရေးယဉ်ကျေးမှု အရွှေ့ကို ဖြစ်ပေါ်စေသည်။ သမားရိုးကျ အရွှေ့ကို ဖြစ်ပေါ်စေသည်။ သမားရိုးကျ ပါဝင်ပတ်သက်မှုတွင် နိုင်ငံရေးပါတီများ၏ ပါဝင်ပတ်သက်မှုနှင့် မဟာမိတ်စုဖွဲ့၍ ပါဝင်ပတ်သက် မှုနှင့် မဟာမိတ်စုဖွဲ့၍ ပါဝင်ပတ်သက်မှုတို့ သက်ဆိုင်လာစေပြီး၊ သမာရိုးကျမဟုတ်သော ပါဝင်ပတ်သက်မှုနှင့် မဟာမိတ် စုဖွဲ့၍ ပါဝင်ပတ်သက်မှုတို့ သက်ဆိုင်လာစေပြီး၊ သမာရိုးကျမဟုတ်သော အခြေအနေ (သို့မဟုတ်) နိုင်ငံရေး ခေါင်းဆောင် များ၏ ဆုံးဖြတ်ချက် တစ်စုံတစ်ရာအရာ အာဏာသိမ်းမှုကို သက်ဆိုင်လာစေသည်။

နိုင်ငံရေးတွင် အတိတ်သမိုင်းတို့ကို လည်းထည့်သွင်းစဉ်းစားဖို့လိုသလို၊ လူထု၏ စိတ်အခြေခံကိုလည်း ထည့်သွင်း စဉ်းစားဖို့လိုပေမည်။ အတိတ်သမိုင်းနှင့် လူထု၏ စိတ်အခြေခံအရ မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုတွင် လူထု၏ ပါဝင်ပတ်သက်မှုသည် သမားရိုးကျ ပါဝင်ပတ်သက်မှုဖြစ်သော ခရီးဆက်လိမ့်မည်ဟု သုံးသပ်စရာရှိသည်။

ယနေ့ မြန်မာနိုင်ငံရေး ယဉ်ကျေးမှုတွင် အပြောင်းအလဲဟူသော စကားရပ်ခေတ်စားနေသည်ကို တွေ့နိုင်သည်။ ယင်းအပြောင်းအလဲဆိုသော အရာသည် စစ်တပ်မှ နိုင်ငံတကာကို ချုပ်ကိုင်ထားသော အနေအထားမှ ဒီမိုကရေစီ လမ်းကြောင်းသို့ ကူးပြောင်းရန် အပြောင်းအလဲဟုဆို၍ မရတော့။ အဘယ်ကြောင့်ဆိုသော် ၂၀၁၀ ရွေးကောက်ပွဲဖြင့် ယင်း အပြောင်းအလဲကို ဖော်ဆောင်ခဲ့ပြီး၍ ဖြစ်သည်။ သို့ဆိုလျှင် ယခုပြောနေသောအပြောင်း အလဲသည် မည်သည့် အပြောင်းအလဲဖြစ်မည်နည်း။ သေချာသည်ကတော့ လမ်းညွှန်ခံဒီမိုကရေစီမှ လစ်ဘရယ် ဒီမိုကရေစီသို့ အပြောင်းအလဲ ဖြစ်ဖို့ရှိမည်။ ယင်းသို့ အပြောင်းအလဲတွင်လည်း လူထုအနေဖြင့် သမားရိုးကျပါဝင် ပတ်သက်မှုမျိုးဖြင့်သာ ပါဝင် ပတ်သက် တော့မည်ဖြစ်သည်။

ထိုသို့ လူထု၏ ပါဝင်ပတ်သက်မှုသည် သမားရိုးကျပါဝင်ပတ်သက်မှုသာဖြစ်လျှင် နိုင်ငံရေးပါတီများ၏ ပါဝင်ပတ်သက်မှုနှင့် မဟာမိတ်စုဖွဲ့၍ ပါဝင်ပတ်သက်မှုတို့ကို ဆင်ခြင်သုံးသပ်ရတော့မည်ဖြစ်သည်။ ထိုအခြေအနေတွင် နိုင်ငံရေးပါတီများ၏ ပါဝါကို အမှန်အတိုင်းရှုမြင်သုံးသပ်ဖို့လိုသည်။ နိုင်ငံရေးပါတီများ၏ ပါဝါဟုဆိုလျှင် နိုင်ငံရေးပါတီများ၏ လုပ်ဆောင်နိုင်စွမ်းနှင့် သြဇာသက်ရောက်နိုင်မှုကို အဓိက ကြည့်ရမည်သာဖြစ်သည်။

နိုင်ငံရေးပါတီများ၏ လုပ်ဆောင်နိုင်မှုကိုကြည့်လျှင် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီများကို တရားဝင် ဖွဲ့စည်းခွင့်ပေးလိုက်ချိန်မှစ၍ ယနေ့အချိန်အထိ မြန်မာနိုင်ငံတွင် တရားဝင်နိုင်ငံရေးပါတီ ၄၀ ကျော်ရှိ လာခဲ့သည်။ သို့သော် မည်သည့် ပါတီမှ ထူးခြား၍ အကျိုးအာနိသင်ထိရောက်မှုရှိသော စွမ်းဆောင်မှုမျိုး မတွေ့ရသေး။ ထို့သို့ ဖြစ်ရခြင်းမှာလည်း အကြောင်းတရား အခြေခံများရှိသေးသည်။ ယင်းတို့မှာ အချိန်ကာလတစ်ခုသာ ရှိသေးခြင်း၊ အင်အား တည်ဆောက်မှုနှင့် စည်းရုံးရေး လုပ်ဆောင်မှုများကိုသာ အဓိကထား လုပ်ဆောင် နိုင်သေးခြင်း၊ နိုင်ငံရေးကိုယ်ကျိုးအတ္တ ကြီးမားသူများနေခြင်း အချိန်အခါနှင့် အခြေအနေပေးသမျှကိုသာဆောင် ရွက်မှုများခြင်းနှင့် ပါတီများအတွင်း ယုံကြည်မှု တည်ဆောက်နိုင်မှုအားနည်းခြင်းတို့ဖြစ်သည်။ ယင်းသို့ဖြင့် လူထု အတွက်ထိရောက်မှုပြင်သော လုပ်ဆောင်နိုင်စွမ်း မရှိ သေးဘဲ သမားရိုးကျလုပ်ဆောင်ဖွယ်ရာများဖြင့်သာ အချိန်ကုန်လွန်လာခဲ့ကြသည်။

ထို့အတွက် ၎င်းတို့၏ သြဇာသက်ရောက်မှုသည် အလွန်တရာနည်းပါးပြီး လူထု၏ ယုံကြည်ကိုးစားမှုကို မရရှိသေးဟု သုံးသပ်နိုင်သည်။ ဥပမာအနေဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြိးစ ဖဆပလနှစ်ခြမ်းအကွဲတွင် တည်မြဲနှင့် သန့်ရှင်း ဟူ၍ လင်မယားခြင်း၊ သားအဖခြင်း၊ ညီအကိုခြင်း မျက်နှာချင်း ဆိုင်မရလောက်အောင် ယုံကြည်စွဲလမ်းကိုးစားမှု ရှိခဲ့သည့် အနေအထားဖြင့် နှိုင်းယှဉ်ချိန်ဆကြည့်နိုင်သည်။

တစ်ဖန် မဟာမိတ်စုဖွဲ့၍ ပါဝင်မှုကို ကြည့်ပြန်လျှင်လည်း လတ်တလောတွင် အားရစရာကောင်းသော မဟာမိတ် စုဖွဲ့မှုမျိုးမတွေ့ရ။ ရှိသော မဟာမိတ်စုဖွဲ့မှုသည်ပင် ယင်းပါတီများ၏ ပူးပေါင်းမှုကြား ဝါဒစွဲများမရှိစေကာမူ ပါတီစွဲ၊ လူပုဂ္ဂိုလ်စွဲနှင့် သဟဇာတမဖြစ်မှုမျိုး ရှိနေသေးကာ အလုံးစုံ  ညီညွတ်သော ပေါင်းစုမှုမျိုးမဖြစ်နိုင် ပေ။ ယင်းတို့ကြား ဖြစ်ပျက် ခဲ့သော အနေအထားများအရလည်း သိနိုင်ပေသည်။

သို့ဆိုလျှင် ယခုအပြောင်းအလဲသည် ပေးသမျှနှင့် ကျေနပ်ရသော အပြောင်းအလဲမျိုးသာဖြစ်လာနိုင် တော့မည် ဖြစ်သလို မကြာမီပေါ်လာဦးမည့် (၅) နှစ်တွင်လည်း အီလစ်များနှင့် လူထုကိုယ်စားယှဉ်ပြိုင်မည့်သူ များသည် မည်သို့ဖြစ် လာမည်ကို တွေးမဆနိုင်ဖြစ်နေရသည်။ သေချာသည်က ယခုကာလများတွင် နိုင်ငံ ရေးပါတီများ၏ ပါဝါကို စောင့် ကြည့်ဖို့သာ ရှိတော့သည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs