Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၎.၈.၂၀၁၁

ပြည်တွင်းသတင်းများ

  1. လူမှုရေးအသင်းဖွဲ့များ တစ်နိုင်ငံလုံးအတိုင်းအတာထိ စုစည်းပြီ
  2. တရုတ်ကြောင့် ကမ္ဘာ့ရွှေဈေးနှင့် မြန်မာကျပ်ငွေ ချိတ်မိ
  3. ကုန်ပစ္စည်းမိတ်ဆက်ပွဲများနှင့် ပြပွဲအချို့တွင် သတင်းထောက်များအား ငွေပေးလာဘ်ထိုး

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အစိုးရဌာနများတွင် အားနည်းချက်များစွာ ရှိကြောင်း ထိပ်တန်းအရာရှိများဆို
  1. လွှတ်တော်အစည်းအဝေး ၁၀ ရက်အတွင်း မေးခွန်း ၁၄၁ ခု ဖြေကြား၊ ဥပဒေကြမ်း ၆ ခု အတည်ပြုနှင့် အဆို ၄၃ ခု တင်သွင်း 
  2. နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ရေးဆွဲ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီအရသာနှင့် ထိုင်းပါလီမန်ခရီး

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

လူမှုရေးအသင်းဖွဲ့များ တစ်နိုင်ငံလုံးအတိုင်းအတာထိ စုစည်းပြီ

လူမှုရေးအသင်းဖွဲ့များသည် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို စက်တင်ဘာ ၃ရက်နှင့်    ၄ရက်နေ့တွင် မှော်ဘီမြို့ရှိ ဆရာတော် ဥူးဇဝနကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆရာတော် ဥူးသုမင်္ဂလာ ဦးဆောင်ပြီး ဆရာတော်ဥူးဇဝန(မေတ္တာရှင်)က အစီအစဉ်ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်နှင့်တိုင်း ၁၄ခုမှ လူမှုရေးအသင်းဖွဲ့ပေါင်း ၇၀၀ကျော် တက်ရောက်ခဲ့ပြီး မိမိဒေသအလိုက် တွေ့ကြုံနေရသော အခက်ခဲများကို တင်ပြဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲဖြစ်မြောက်ရေး တာဝန်ခံ ဆရာတော် ဥူးဝိသာရက မိန့်ကြားသည်။

အဆိုပါ တွေ့ဆုံပွဲကို  “စုံနံ့သာမြိုင် နှီးနှောဖလှယ်ပွဲ” ဟု အမည်ပေးထားပြီး ယခုထက်သေးငယ်သော တွေ့ဆုံဆွေးနွေးမှုကိုမူ နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ လူမှုရေးအသင်းဖွဲ့တွေကို စုပြီး အသင်းချုပ်ကြီးအနေနဲ့ ဖွဲ့စည်းဖို့ဆိုတာတော့ မလွယ်လောက်ဘူး ထင်တာပဲ။ ကွန်ရက် ပုံစံမျိုး လုပ်သွားရင်တော့ မပြောတတ်ဘူး” ဟု ဧရာဝတီတိုင်းမှ လာရောက်ဆွေးနွေးနေသော လူမှုရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကဏ္ဍအလိုက် အကူညီပေးရေးအဖွဲ့များ ပေါ်ပေါက်လာရေးနှင့် အမျိုးသားရေးဆိုင်ရာ ကူညီရေးအဖွဲ့စည်းများ ပေါ်ပေါက် လာရေးအတွက် ရည်ရွယ်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲသည် တစ်နိုင်ငံလုံး၌ ပျံ့ကျဲနေသော လူမှုရေးအသင်းဖွဲ့များကို စုစည်း၍ လူမှုရေးအသင်းဖွဲ့များ ပိုမို အားကောင်းလာပြီး နိုင်ငံ့ အရေး၌ Chack & Balance ပြုလုပ်လာနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေး ပညာကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပြောဆိုသည်။

ရွေးကောက်ပွဲအပြီးတွင် လူမှုရေးအဖွဲ့များ၏ လုပ်ရှားမှုများသည် ပိုမိုလွတ်လပ်မှုများ ရှိနေသော်လည်း တရားဝင် အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပြီး ရပ်တည်ခွင့် မရကြသေးကြောင်း လူမှုရေးအဖွဲ့စည်းအသိုင်း အဝိုင်းမှ စုံစမ်းသိရသည်။

                                                                                            Peace Press

-----------------------------------------------------------------------------------------------------------------------------------

တရုတ်ကြောင့် ကမ္ဘာ့ရွှေဈေးနှင့် မြန်မာကျပ်ငွေ ချိတ်မိ

ယခင်က မြန်မာနိုင်ငံ၏ ကျပ်ငွေတန်ဖိုးအဆုံးအဖြတ်ကို ဒေါ်လာနှင့်သာ အဆုံးအဖြတ် ယူလေ့ရှိသော်လည်း ယခုအခါ မြန်မာနိုင်ငံသို့ ကုန်သွယ်မှု များလာသည့် တရုတ်ကုန်သည်များကြောင့် မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာခဲ့ပြီး လက်ရှိ မြင့်တက်လျက်ရှိသည့် ကမ္ဘာ့ရွှေဈေးနှင့် ချိတ်မိနေသည့် အနေအထားသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပေါ်နေသည့် အခြေအနေသည် နောင်တွင်ကောင်းမွန်လာမည့် အလားအလာတစ်ခု မပာုတ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာရခြင်းမှာ မြန်မာ့ရွှေ အဝယ်များသည့် တရုတ်မှ ငွေလဲလှယ်သည့် သဘောတရားအရ မြန်မာငွေအား တရုတ်သုံးယွမ်ငွေနှင့် လဲလှယ်၍ ရွှေဝယ်သည့် တရုတ်ကုန်သည် များလာသည့်အတွက် ယခုကဲ့သို့ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာရခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံမှ ကုန်သည်အများစု အဓိကဝယ်ယူသည့်ကုန်မှာ ရွှေဖြစ်ကြောင်း သိရသည်။ လက်ရှိ ကမ္ဘာ့ရွှေဈေး တက်နေချိန်တွင် တရုတ်မှ ရွှေဝယ်ယူသည့်အတွက် ယွမ်နှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ ရွှေနှင့် အကျိုးသက်ရောက်မှု ဖြစ်သွားပြီး ကမ္ဘာ့ရွှေဈေး တက်ချိန်တွင် မြန်မာကျပ်ငွေတန်ဖိုးပါ လိုက်ပါမြင့်တက်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေးမှာ သြဂုတ်လ ၂၆ ရက်နေ့ မနက်ဘက်တွင် တစ်အောင်စလျှင် ၁၇၇၀ ရှိရာမှ ညနေဘက်တွင် တစ်အောင်စလျှင် ၁၈၁၂ သို့ တက်ခဲ့ကြောင်း၊ သြဂုတ်လ ၂၉ ရက်နေ့ ညနေဘက်တွင် ထပ်မံ၍ ပြောင်းလဲပြီး တစ်အောင်စလျှင် ၁၈၂၄ ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

Ref: မော်ဒန်

-----------------------------------------------------------------------------------------------------------------------------------

ကုန်ပစ္စည်းမိတ်ဆက်ပွဲများနှင့် ပြပွဲအချို့တွင် သတင်းထောက်များအား ငွေပေးလာဘ်ထိုး

မြန်မာနိုင်ငံတွင် ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲများ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲများနှင့် ပြပွဲအချို့တို့တွင် သတင်းတက်ရောက်ယူသည့် ပွဲတက် သတင်းသမားများအား လုပ်ငန်းရှင်အချို့က လက်ဆောင်ပေးခြင်း၊ ငွေကြေးပေး၍ လာဘ်ထိုးခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ပွဲတက်သတင်းသမားများအား ထိုသို့ ငွေပေး၍ လာဘ်ထိုးရခြင်းမှာ မိမိတို့ပွဲ သတင်းအား သတင်းသမားများမှ အကောင်းဆုံး ရေးသား ပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

ပွဲတက်သတင်းသမားများအား ကုန်ပစ္စည်းမိတ်ဆက်ပွဲ၌ ကုန်ပစ္စည်းလက်ဆောင်ပေးခြင်းမှာ အရေးကြီးသည့် ကိစ္စရပ်မပာုတ်သော်လည်း ငွေကြေးများပေး၍ လာဘ်ထိုးခြင်းမှာမူ သတင်းသမားတို့၏ ကိုယ့်ကျင့်တရားကို စော်ကားခြင်းပင် ဖြစ်ကြောင်း မီဒီယာတစ်ခုမှ လက်ထောက် အယ်ဒီတာတစ်ဦးက ပြောကြားခဲ့သည်။

သတင်းသမားများအနေနှင့် နိုင်ငံအတွင်း အစိုးရဝန်ထမ်းတို့၏ လာဘ်ယူမှုများ မရှိနိုင်စေရန် မီဒီယာပေါ်မှနေ၍ သတင်းဖြန့်ချိပေးရမည်ဖြစ်ပြီး သတင်းသမားများအား လာဘ်ပေးမှုအပေါ်တွင် သာယာမနေဘဲ ဆန့်ကျင်နေရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် မကြာသေးမီအချိန် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ကြိုပွိုင့်တိုက်ခန်းဝယ်ယူသူများ အလိမ်ခံရပြီလောဆိုသည့် သတင်းနှင့် ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲ၌ သတင်းတက်ရောက်ယူရာတွင် ပွဲတက်သတင်းသမားများအား စီးပွားရေးလုပ်ငန်းရှင်များက တစ်သောင်းခွဲ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့သော ကိစ္စရပ်မှာ မြန်မာနိုင်ငံရှိ သတင်းထောက်များ၏ ကိုယ်ကျင့်တရားကို စော်ကားခြင်းဖြစ်ပြီး နောင် အနာဂတ်နိုင်ငံတော်တွင် နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းလောက၏ မှန်ကန်မှု ကွယ်ပျောက်သွားနိုင်ကြောင်း သတင်းမီဒီယာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Ref: News Watch

 

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ  

အစိုးရဌာနများတွင် အားနည်းချက်များစွာ ရှိကြောင်း ထိပ်တန်းအရာရှိများဆို

          စက်တင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်စက်မှု အသင်းချုပ်တွင် ပြုလုပ်သော ပြည်ထောင်စုဝန်ကြီး ဌာနများနှင့်ကုန်သည် စက်မှု အသင်းချုပ်တို့ ပူးပေါင်းစီစဉ်သည့် ဟောပြောပွဲတွင် အစိုးရသစ်၏ ထိပ်တန်းအရာရှိများက အစိုးရ ဌာနများတွင် အားနည်းချက်များစွာ ရှိနေကြောင်း ဝန်ခံပြောဆိုခဲ့သည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိနှစ်ဦးက ကုန်သည် စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများနှင့် အဆိုပါ ဟောပြောပွဲကို တက်ရောက်လာသူ ၃၀၀ ခန့်အား အာဆီယံစီးပွားရေး အသိုင်းအဝိုင်း (Asean Economic Community)နှင့် ပတ်သက်သည် များကို ရှင်းလင်းတင်ပြရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံခြား စီးပွားဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူ ဒေါ်မြတ်မြတ်စိုးက “အစိုးရဌာနတွေမှာ နည်းပညာပိုင်းဆိုင်ရာတွေမှာ အားနည်းမှုတွေ ရှိနေတဲ့အတွက် AEC လာရင်တော်တော်များများကို ပြောင်းလဲရပါမယ်။ ဒီပြောင်းလဲမှုကို မလုပ်နိုင်ဘူးဆိုရင်တော့ CLMV (Cambodia,Laos,Myanmar,Vietnam) လေးနိုင်ငံထဲမှာ နောက်ကျကျန်ခဲ့ပါလိမ့်မယ်”ဟု အစိုးရဌာနများတွင် အားနည်းနေသည့် ကိစ္စရပ်များကို သတိပေးပြောဆိုသွားခဲ့သည်။

ဆက်လက်၍ ယင်းတို့က သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မိန့်ခွန်းတွင် ပါရှိသည့်အတိုင်း အစိုးရဌာနပိုင်းအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ သော်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရာတွင် အားနည်းမှုများ ရှိနေကြောင်း ဆိုသည်။

“ ကုမ္ပဏီထောင်ဖို့ ရင်းနှီးမြုပ်နှံမှုကော်မရှင်ကို Proposal လာတင်တာ၊ကော်မရှင် အဖွဲ့ဝင်တွေက အခွန်ဆောင်ဖို့ ကိစ္စတွေ၊ အလုပ်သမား လခ ပေးဖို့ကိစ္စတွေ ပြန်မေးတော့ မဖြေနိုင်တာတွေ ရှိတယ်”ဟု  ရင်းနှီးမြုပ်နှံမှုနှင့်  ကုမ္ပဏီများ မှတ်ပုံတင်မှုဦးစီးဌာနမှ တာဝန်ရှိသူ ဦးအောင်နိုင်ဦးက ဆိုသည်။ အစိုးရဌာနများတွင်လည်း မိမိတို့ဌာန၏ လုပ်ပိုင်ခွင့်မှုဘောင်ကို နားလည်ခြင်းမရှိဘဲ လုပ်ကိုင်နေခြင်းများ ရှိကြောင်း ဆိုသည်။

“နိုင်ငံခြားက စီးပွားရေးမြုပ်နှံဖို့လာတဲ့ အဖွဲ့ကို MIC ကနေ စက်မှု(၂)၊ စက်မှု(၂)ကနေ MIC ပြန်ပြန်လွှဲနေတာတွေ ရှိတော့ အလုပ်မတွင်တဲ့အပြင် ဝင်လာရမယ့် FDI တွေ ပြန်ထွက်သွားတာ ရှိတယ်”ဟု ထပ်လောင်းပြောဆိုသည်။

သြဂုတ် ၁၉ ရက်နှင့် ၂၀ ရက်က နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွနှ်ဗင်းရှင်းစင်တာတွင် ပြုလုပ်သော စီးပွားရေး ဖွံဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် စက်မှု(၂)ဝန်ကြီး ဦးစိုးသိန်းမှ လွန်ခဲ့သော နှစ်ပေါင်း ၂၀ က တပ်မတော်အစိုးရမှ လုပ်ဆောင်ခဲ့သည့် ကိစ္စရပ်များတွင် မှားယွင်းမှုများ ရှိခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

လွှတ်တော်အစည်းအဝေး ၁၀ ရက်အတွင်း မေးခွန်း ၁၄၁ ခု ဖြေကြား၊ ဥပဒေကြမ်း ၆ ခု အတည်ပြုနှင့် အဆို ၄၃ ခု တင်သွင်း

၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်တွင် စတင်ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး ၁၀ ရက်အတွင်း မေးခွန်း ၁၄၁ ခုဖြေကြားခြင်း၊ ဥပဒေကြမ်း ခြောက်ခု အတည်ပြုခြင်း၊ အဆို ၄၃ ခု တင်သွင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

ပြည်သူ့လွှတ်တော်၌ မေးခွန်း ၈၄ ခု ဖြေကြားခြင်း၊ ဥပဒေကြမ်း တစ်ခုအတည်ပြုခြင်း၊ အဆို ၁၆ ခု တင်သွင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး အမျိုးသားလွှတ်တော်၌ မေးခွန်း ၅၇ ခု ဖြေကြားခြင်း၊ ဥပဒေကြမ်း ငါးခု အတည်ပြုခြင်း၊ အဆို ၂၇ ခု တင်သွင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ပြည်သူ့လွှတ်တော်၌ အတည်ပြုခဲ့သည့် ဥပဒေကြမ်းမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဥပဒေကြမ်း ဖြစ်သည်။

အမျိုးသားလွှတ်တော်၌ အတည်ပြုခဲ့သည့် ဥပဒေကြမ်းများမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ အလုပ်သမားအဖွဲ့အစည်းဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ လွှတ်တော်ရုံး ဥပဒေကြမ်းတို့ ဖြစ်ကြသည်။

တင်သွင်းခဲ့သည့်အဆိုများမှာ သစ်တော၊ ကျောက်စိမ်းကျောက်မျက်၊ မြေလွတ်မြေရိုင်း၊ တည်ဆဲ ဥပဒေများမှ ဖျက်သိမ်း၊ ပြင်ဆင်၊ အသစ်ရေးဆွဲ သင့်သည့် ဥပဒေများကို ပြန်လည်စိစစ်ပြီး အရေးယူ ဆောင်ရွက်ရေး၊ ပညာရေး၊ ငွေရေးကြေးရေး၊ ဘဏ္ဍာရေး၊ နိုင်ငံ့ဝန်ထမ်းရွေး ချယ်ခန့်ထားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ နိုင်ငံခြားငွေ ဖလှယ်နှုန်း တစ်ခုတည်းဖြစ်ရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့် ကဏ္ဍအသီးသီး၌ ဖြစ်ပျက်နေသည့်ကိစ္စ ရပ်များနှင့် စပ်လျဉ်းသည့် အကြောင်းအရာများ ဖြစ်ကြသည်ကို တွေ့ရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ရေးဆွဲ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ရေးဆွဲပြီးပြီဖြစ်ရာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပေါ်ပေါက်လာတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါဝင်သော နိဒါန်းကို ဖြည့်စွက်ခြင်းနှင့် ပတ်သက်၍ ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပုဒ်မ ၂ ဖြင့် ပြဋ္ဌာန်းထားကြောင်း သိရသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဖြည့်စွက်ထားသည့် ရှင်းလင်းချက်အပိုဒ်မှာ လွှတ်တော်သက်တမ်း တစ်ရပ်စီအတွက် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးသည့် နောက်ပိုင်းတွင် မှတ်ပုံတင်ခွင့် ရရှိသောပါတီသည် ယင်းလွှတ်တော် သက်တမ်း အတွင်း ကျင်းပပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲများ၌၀င်ရောက် ယှဉ်ပြိုင်မှု မပြုနိုင်လျှင်ဖြစ်စေ မဲဆန္ဒနယ် သုံးနယ်ထက်မနည်း ကျင်းပပြုလုပ်သော ကြားဖြတ် ရွေးကောက်ပွဲများ၌ အနည်းဆုံး မဲဆန္ဒနယ်သုံးနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင်ဖြစ်စေ ယင်းသို့ဝင်ရောက် ယှဉ်ပြိုင်မှု မပြုခြင်းသည် ဤ ပြဋ္ဌာန်းချက်နှင့် အကျုံးဝင် စေရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းပုဒ်မ ၂ တွင် ပြဋ္ဌာန်းထားသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်တွင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက် ထားရှိသော နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိ ရိုသေသော စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုက ရေစီစနစ်ကို လက်ခံကျင့်သုံးသော နိုင်ငံရေး ပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀၉ နှင့်အညီ ပြည်ထောင်စု လွှတ်တော်သည် ဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဥပဒေအမှတ် ၂/၂၀၁၀ ဖြင့် ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီး လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရလက်ထက်တွင် နိုင်ငံရေးပါတီများနှင့် ပတ်သက်၍ ဥပဒေ ပြဋ္ဌာန်းခြင်း မရှိသေးကြောင်း သိရသည်။

Ref: WEEKLY ELEVEN

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီက အခြေအနေတွေ တိုးတက်ကောင်းမွန်လာတာနဲ့အမျှ နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေ ဝင်ရောက်လာမှာပါ။ ရင်းနှီးမြုပ်နှံ သူတွေ အခက်အခဲဖြစ်စေတဲ့ ဘဏ္ဍရေးနဲ့ ငွေရေးကြေးရေးမူဝါဒတွေ၊ ကုန်သွယ်ရေးမူဝါဒ၊ ရင်နှီးမြုပ်နှံမှုမူဝါဒ စတာတွေကို အစိုးရက လျော်ညီအောင် ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ အခုလို သယံဇာတဘက်မှာချည်း စုပြုံတိုးနေမှာ မဟုတ်ဘူး။ ကုန်ထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေးဘက်ကို ပါဝင်လာမှာပါ။ ပြည်တွင်းလုပ်ငန်းရှင် တချို့လည်း နိုင်ငံစုံကော်ပိုရေးရှင်တွေ ဝင်လာတဲ့အခါယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်နေတာ တွေ့ရတယ်။ ပြိုင်နိုင်အောင် လုပ်တာ ကောင်းတယ်။ ဈေးကွက်စီးပွားရေးအဖြစ်သွားမှာ ဖြစ်တာကြောင့် မလာနဲ့ပြောလို့မရဘူး။ မပြိုင်နိုင်တဲ့သူကျရှုံးမှာ ဖြစ်တဲ့အတွက် ပြည်တွင်း လုပ်ငန်းရှင်တွေ ကြိုတင်ပြင်ဆင်သင့် တယ်”

သြဂုတ် ၂၉ ထုတ် The Voice weekly အတွဲ (၇) အမှတ် (၃၇) တွင်ပါသည့် “နိုင်ငံရေး အခြေအနေနှင့် ပို့ကုန်ခွန် လျှော့ချပေးမှု၊ တရားဝင် ငွေ လဲနှုန်းပြောင်းလဲရန် ပြင်ဆင်မှုများကြောင့် နိုင်ငံခြား ရင်နှီးမြုပ်နှံမှုလုပ်ငန်းများ ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စား”သတင်းမှ ပါမောက္ခချုပ် (ငြိမ်း) ဦးမော်သန်း၏ ပြောကြားချက်မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

၈၈မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)နှင့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ နေပြည်တော်သို့ အစည်းအဝေးတက်ရန် သွားရောက်စဉ် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး အမှတ် ၃ လမ်းဆုံတိုးဂိတ်၌ လမ်းအသုံးပြုခ ကျပ် ၅၀၀၀ ပေးဆောင်ရန် ငြင်းဆန်ခဲ့ရာ တိုးဂိတ်တာဝန်ခံနှင့် အပြန် အလှန်စကားများခဲ့ကြသည်။

“ဆောက်လုပ်ရေးဥပဒေအရ အခွန်ပေးရမယ်ဆိုပေမယ့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အခွန်ကင်းလွတ်ခွင့် ရှိပါတယ်”

စက်တင်ဘာ ၁ ထုတ် Venus News အတွဲ (၃) အမှတ် (၇) တွင်ပါသည့် “လမ်းအသုံးပြုခ ပေးဆောင်ရန် အငြင်းပွားခဲ့သော နိုင်ငံရေးပါတီ နှစ်ခုကို အရေးယူရန် စီစဉ်နေ” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

 “အခုဆို စက်ရုံတွေပါမက Jetty တွေမှာပါ အလုပ်သမားတွေ လျှော့ဖို့ လိုမလားဆိုတဲ့ အပိုင်းတွေ ဖြစ်နေပါတယ်။ အခု လောလောဆယ်မှာ စက်ရုံတွေ တရားဝင်ပိတ်မယ်။ အလုပ်သမား လျှော့မယ်ဆိုတဲ့ အစီအစဉ်ရှိရင် စာတင်ပါ။ တခြားကိစ္စက သိပ်အထွေအထူးမရှိပေမယ့် ဒီအလုပ်သမားရေးရာကိစ္စက အထူးသိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ရမယ့် အပိုင်း ရှိပါတယ်”

စက်တင်ဘာ ၂ ထုတ် The HOT NEWS အတွဲ (၂) အမှတ် (၅၅) တွင်ပါသည့် “ဒေါ်လာဈေး ဆက်တိုက် ကျဆင်းမှုကြောင့် စက်ရုံအချို့ ပိတ်ရန် ပြင်ဆင်” သတင်းမှ လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အကျပ်အတည်းတစ်ခုကို ဖြေရှင်းတဲ့နေရာမှာ ကိုယ်အောင်မြင်ဖို့ သူများတွေက ရှုံးနိမ့်ပေးမှရမယ်ဆိုတဲ့ သီအိုရီကို ပြင်မှရမယ်။ အခုဖြစ်နေတဲ့ ပြဿနာက ကိုယ့်ကုမ္ပဏီတစ်ခုတည်း မဟုတ်ဘဲခရီးသွားလုပ်ငန်းကြီးတစ်ခုလုံး ဖြစ်နေတာလို့ မြင်ပါ။ အခုအချိန်မှာ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ် အသင်းတွေလည်း ပေါ်ထွက်လာတဲ့အတွက် အားလုံးညှိ နှိုင်းဆောင်ရွက်လို့ ပိုလွယ်လာပါတယ်။ ဒါကြောင့် အသင်းကြီးတွေ အချင်းချင်း တိုင်တိုင်ပင်ပင်နဲ့ ပြဿနာကို ဖြေရှင်းသင့်ပါတယ်”

စက်တင်ဘာ ၂ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၇)၊ အမှတ် (၅၃၃) တွင်ပါသည့် “ငွေလဲနှုန်းကြောင့် ရင်ဆိုင်နေရသည့် အခက်အခဲများအား အမြန်ဆုံးဖြေရှင်းနိုင်ရန် ခရီးသွားလုပ်ငန်းရှင်များ မျှော်လင့်” သတင်းမှ UN Resident  Coordinator’s office မှ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်းသက်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီအရသာနှင့် ထိုင်းပါလီမန်ခရီး

သက်နိုင်

(သြဂုတ်လ (၃၁)က တင်ခဲ့သည့် Popular News Journals အင်တာနက်စာမျက်နှာမှ ထုတ်ယူဖော်ပြပါသည်)

 

ထိုင်းပါလီမန်သို့

လူတိုင်းရောက်သင့်သည့် နေရာတစ်ခုသို့ ရောက်ခဲ့သည်။ နေရာက မြန်မာနိုင်ငံတွင် မဟုတ်။ အိမ်နီးချင်းထိုင်း နိုင်ငံ၏ ပါလီမန် အဆောက်အအုံသို့ လေ့လာရေးခရီးဖြစ်သည်။ ထိုင်းနိုင်ငံမိဖုရားကြီး သီရိခေတ်၏ ၇၉ နှစ်မြောက်မွေးနေ့ မတိုင်မီ အကြိုတစ်ရက်ဖြစ်သော ၂ဝ၁၁ ခုနှစ် သြဂုတ် ၁၁ ရက် ကြာသပတေးနေ့ နံနက် ၉ နာရီတွင် ခေတ္တတည်းခိုသော ဟိုတယ်မှ ထိုင်းပါလီမန်သို့ ထွက်ခွာခဲ့သည်။ ပါလီမန်အဆောက်အအုံသို့ သွားရာ လမ်းကြောင်း တစ်လျှောက်တွင် မိဖုရား ကြီးသီရိခေတ်၏ ရုပ်ပုံကားချပ်များကို ကြီးမားခန့်ထည်စွာ အဆောက်အအုံများ၏ ရှေ့တွင် စိုက်ထူထားသည်ကို တွေ့ရသည်။ သူတို့ ချစ်သော လေးစားသော၊ သူတို့၏ မိခင်လည်းဖြစ်သော (ထိုင်းနိုင်ငံ၏ မိခင်များနေ့ကို မိဖုရားကြီးမွေးနေ့တွင် သတ်မှတ်၍ ဖခင်များနေ့ကို ဘုရင်ကြီး၏ မွေးနေ့တွင် သတ်မှတ်သည်) မိဖုရားကြီး သီရိခေတ်၏ ကြီးမားသော ဓာတ်ပုံရှေ့တွင် ကန်တော့မည့် ပစ္စည်းများ၊ ပန်းများဖြင့် အလှဆင်ထားသည်။ ပါလီမန် မရောက်မီ ယခင်ပါလီမန်ဟောင်းရှေ့တွင် ကျောင်းသားကျောင်းသူများ၊ တိုင်းရင်းသား ဝတ်စုံများဖြင့် လူစုလူဝေးကြီးကို တွေ့ရသည်။ ကားဆရာကို မေးကြည့်မိတော့ မိဖုရားကြီး မွေးနေ့အကြိုအဖြစ် ပျော်ရွှင်ပွဲ၊ ပြခန်းများကို လာရောက်လေ့လာခြင်းဖြစ်သည်ဟု ရှင်းပြသည်။ သူတို့ အားလုံး၏မျက်နှာ ဝင်းပရွှန်းလက်ပျော်ရွှင်ခြင်းများဖြင့် ရယ်မောလျက် စနစ်တကျတန်းစီစောင့် ဆိုင်းနေကြသည်မှာ အရောင်စုံသော  ပန်းခင်းကြီး တွေ့ရသည့်ပမာ။ သေချာသည်က တစ်စုံတစ်ခု၏ ဖိအားကြောင့် မကောင်းတတ်၍ လာကြခြင်းမဟုတ်။ မကြာမီ ထိုင်းနိုင်ငံ တစ်မျိုးသားလုံး၏ နှလုံးအိမ်၊ ထိုင်းနိုင်ငံ၏ အရေးကိစ္စများကို ဆုံးဖြတ် အကောင်အထည် ဖော်နေသည့် ပါလီမန်အဆောက်အအုံရှေ့ သို့ရောက်ရှိချိန်မှာတော့ သွေးခုန်နှုန်းက မမှန်ချင်တော့။  ပါလီမန် အဝင်ဝတွင် ထိုင်းရဲ နှစ်ဦးသာရှိပြီး လေ့လာသူများကို လာရောက်ကြိုဆိုသူက ပါလီမန် ပြည်သူ့ဆက်ဆံရေးအရာရှိ မစ္စစ် ချာချာတာပွန်၊ အစစ်အဆေး အမေးအမြန်းမရှိ၊ လွတ်လပ်ပေါ့ပါးစွာဖြင့် ပါလီမန်ဝင်းအတွင်း ခြေလှမ်းသွက်သွက်ဖြင့် ဝင်ရောက်ခဲ့သူများက မြန်မာသတင်းဂျာနယ်လောကမှ အယ်ဒီတာ၊ သတင်းထောက် ၁၃ ယောက်တို့ ဖြစ်သည်။  ထိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ထိုင်းလွှတ်တော် ဖြစ်ပေါ်လာပုံ စသည့်အကြောင်းတရားများ ပြည့်နှက်နေသည့် ပါလီမန် ပြခန်းအတွင်းသို့ ဦးစွာလေ့လာခွင့်ရသည်။ ပြတိုက်တွင်း၌ ယခင်ထိုင်းဘုရင် ရာမ (၇) ၏ ၁၉၃၂ ခုနှစ်က စည်းမျဉ်းခံ ဘုရင် အဖြစ် လက်ခံကြောင်း လက်ရေးဖြင့် ရေးသားထားသည့် စာတစ်စောင်၏ သမိုင်းကို ပြတိုက်တာဝန်ခံက ရှင်းပြသည်။ ထိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ယခု နောက်ဆုံးအချိန် အထိဆိုလျှင် (၁၈) ကြိမ်ရေးဆွဲပြီးဖြစ်ကြောင်း သိရသည်။ ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ကွန်ပျူတာဖြင့် ရိုက်နှိပ်ထားခြင်းမဟုတ်။ မြန်မာ့ပေစာရွက်လို စာရွက်ခေါက်ပေါ်တွင် ကညစ်တံဖြင့်   ရေးသားရသည့် Hand Made ဖြစ်သည်။

Hand Made ဖွဲ့စည်းပုံအခြေခံ ဥပဒေ

Hand Madထိုး ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွမ်းကျင်သူ ပညာရှင်က လွှတ်တော်အမတ်များ ဆွေးနွေးချက်များဖြင့် ရေးသားရပြီး အဆုံးသတ်တွင် ဘုရင့်လက်မှတ်ပါမှ အတည်ဖြစ်သည်။ လက်ရှိ ထိုင်းဘုရင်ရာမ (၉)လက်မှတ် ရေးထိုးနေသော ဓာတ်ပုံကို ပြသထားသည်။   ပါလီမန်ဆွေးနွေးချက်များကို လက်ရေးတိုဖြင့်လိုက်မှတ်ပြီး မှတ်တမ်းတင်သူများ၏ ဓာတ်ပုံနှင့် လက်ရေးတိုစာအုပ်များ။ ပထမဆုံး လွှတ်တော်တွင် အသုံးပြုသည့် လက်နှိပ်စက်၊ ဖွဲ့စည်းပုံအခြေခံ ဥပေဒမူကြမ်းကို လက်မှတ်ရေးထိုးသည့် ဖောင်တိန်၊ အိမ်နီးချင်းနိုင်ငံများမှ ပေးပို့သည့် အမှတ်တရ လက်ဆောင်များကို ဂုဏ်ယူစွာ ပြသထားသည်။ ရှေးဟောင်းအမွေအနှစ် အထိမ်းအသိမ်းကောင်းသော ထိုင်း၊ ဖွဲ့စည်းပုံ ဥပဒေ ၁၈ ခု ရှိပြီး ဖြစ်သော ထိုင်း၊ ဘုရင်ကို ရိုသေလေးစားမှု များစွာထားသည့် ထိုင်း၊ ပါလီမန်ပြတိုက်ရှေ့ရှိ ပါလီမန်အစည်းဝေးခန်းမကို စတင် ဝင်ရောက်ချိန်၌ အဝင်ဝတွင် ပေါက်ကွဲ စေတတ်သော ပစ္စည်းရှာဖွေစက်ကို ဖြတ်သန်းရသည်မှအပ အခြားထူးခြားဖြစ်စဉ် ဘာမျှမရှိ။ ဝင်ပေါက်ရှိ ရဲအရာရှိများကလည်း သံသယမျက်လုံးဖြင့် မကြည့်၊ ကိုယ့် အိမ်ကိုယ့်ရာ လာလည်သော ဧည့်သည်များအဖြစ်သာ ကြည့်၏။

ပါလီမန်အတွင်းမှ ဈေးရောင်းပွဲ

ပါလီမန်အဆောက်အအုံ အဝင်ဝခန်းမ၌ စီးတီးမာတ်ကဲ့သို့ ဈေးတန်းတစ်ခု တွေ့ရသည်။ အတူပါလာသော ပြည်သူ့ဆက်ဆံရေး အရာရှိ အမျိုးသမီး ‘ချာချာ’ က “ဒီဈေးရောင်းပွဲက အမြဲလုပ်တာ မဟုတ်ပါဘူး။ ဘုရင့်လယ်ယာမြေကထွက်တဲ့ ထွက်ကုန်တွေကို ဈေးသက်သက်သာသာနဲ့ ရောင်းပေးတာပါ။ အဲဒီက ရတဲ့ငွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပြည်သူတွေကို အကူအညီပေးတဲ့ ပစ္စည်း ဝယ်ခြမ်းရာမှာ သုံးတယ်” ဟု ရှင်းပြသည်။ စီးတီးမာတ်ကဲ့သို့ ဈေးတန်းမှာတော့ ဘုရင့်လယ်ယာမြေက ထွက်သည့်သီးနှံများ၏ ကြီးထွားမှုက လူတစ်ရပ်မက ကြီးမားလှ၏။ သဘာဝရေမွှေးများ၊ စားစရာများ၊ သစ်သီးများအား ဝယ်ယူအားပေးသူများဖြင့် စည်ကားနေသည်။ ထို့ပြင်မက စာတိုက်ဌာနမှလည်း ဘတ် ၁၂ဝ ဖြင့် မိမိဓာတ်ပုံကို တံဆိပ်ခေါင်း အဖြစ် ချက်ချင်းဆောင်ရွက်ပေးနေ၍ လေ့လာသူအချို့ အမှတ်တရပြုလုပ်ကြသေး၏။ ထိုင်းအမျိုးသမီးတစ်ဦး မိမိရင်သွေးငယ်ကလေးကို ပါလီမန်တွင် အမှတ်တရဓာတ်ပုံ ရိုက်ပေးနေသည်ကို တွေ့ရသည်။ ကလေးငယ်များကို ငယ်စဉ်ကတည်းက ပါလီမန်နှင့် ထိတွေ့စေချင်၍လားမသိ။ တစ်နေရာတွင် ပါလီမန်အသစ်ပုံစံတူကိုလည်း ပြသထားသည်။ ပါလီမန်အဆောက်အအုံသစ်က ကျယ်ဝန်းလှဘိတောင်း။ တည်ဆောက်ဖို့ ဆောက်လုပ်ရေး ကုမ္ပဏီများကို တင်ဒါတင်သွင်းခိုင်းထားဆဲဟု သိရသည်။ လေ့လာမည့် ပါလီမန်အဆောက်အအုံက နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ယခု ဝန်ကြီးချုပ်သစ် ယင်းလတ်လက်ထက်အထိ အသုံး ပြုလျက်ရှိသည်။

ပါလီမန်က သတင်းမီဒီယာအခန်း

မထူးခြားသော်လည်း ထူးခြားသည်က ပါလီမန်ရှိ သတင်းမီဒီယာများအတွက် သီးသန့်ပေးထားသည့် အခန်း။ ကွန်ပျူတာ ၃ လုံးခန့်၊ စားပွဲ ၁ဝ လုံး ခန့်ဖြင့် အေးဆေးသက်သာစွာ သတင်းပေးပို့နိုင်သည်။ မီဒီယာအခန်းရှေ့တွင် ဓာတ်ပုံသမားများအတွက် အခန်း၊ ၎င်းအခန်း ဘေးကပ်လျက်က သတင်းထုတ်ပြန်ရေးအခန်း၊ ပါလီမန်တွင်း သတင်းရယူရန် တရားဝင် စာရင်းသွင်းထားသူက အယောက် ၁ဝဝဝ ကျော်ရှိသော်လည်း နေ့စဉ် သတင်းသမား ၁ဝဝ ခန့်သာ လာရောက်သည်ဟု သိရသည်။ သတင်းထုတ်ပြန်ရေးအခန်းမှာ မကျယ်လွန်းမကြီးလွန်း၊ သတင်းသမား ၅ဝ ခန့်သာ ဝင်ဆံ့နိုင်မည် ထင်သည်။ သတင်းထုတ်ပြန်မည့်နေရာက ခန့်ထည်သောကြောင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။ ထိုင်းပါလီမန်၏ လူအယောက် ၂ဝဝ ခန့် ကြည့်နိုင်သော မီနီရုပ်ရှင်သို့ ဆက်လက်ချီတက်ခဲ့ကြသည်။ ထိုင်းနိုင်ငံတွင် ပါလီမန်ပေါ်ပေါက်လာပုံ၊ ထိုင်းဒီမိုကရေစီအကြောင်း ၁ဝ မိနစ်ခန့် သတင်းဇာတ်ကားတို ပြသသည်။ သတင်းဇာတ်ကားတိုတွင် ဝန်ကြီးချုပ်မှာ အဘီဆစ်၊  ထို့အပြင် သတင်းဇာတ်ကားထဲတွင် အောက်လွှတ်တော် အမတ်ဦးရေ ၄၈ဝ သာ  ဖြစ်နေ၍ ပြည်သူ့ ဆက်ဆံရေးအရာရှိ ချာချာက ယခု အမတ် ၅ဝဝ ဖြစ်ကြောင်း ဖြည့်စွက်ကြည့်ရှုရန် ပြောသည်။

ပါလီမန်ဖွဲ့စည်းပုံ

ထိုင်းပါလီမန်သည် အောက်လွှတ်တော် (The House of Representatives) နှင့် အထက်လွှတ် တော် (The Senate) တို့ ပါဝင်ဖွဲ့စည်းထား သည်။ အောက်လွှတ်တော် အမတ်ဦးရေ ၅ဝဝ ဖြစ်ပြီး အထက်လွှတ်တော် ၁၅ဝ ရှိသည်။ အောက်လွှတ်တော်အမတ် သက်တမ်း ၄ နှစ်ဖြစ်ပြီး ၄ဝဝ ဦးကို မဲပေးခွင့်ရှိသူများ တိုက်ရိုက် မဲပေးရွေးချယ်ပြီး ကျန် ၁ဝဝ ကို ရွေးကောက်ပွဲတွင် မဲအများဆုံးရသော ပါတီများမှ အချိုးအဆသတ်မှတ်ချက်အတိုင်း   ရွေးချယ်သည်။ အထက်လွှတ် တော်အမတ် သက်တမ်း ၆ နှစ်ဖြစ်ပြီး အမတ် ၇၆ ဦးကို ဒေသတစ်ခုစီမှ တစ်ဦးစီ ရွေးသည်။ ကျန် ၇၄ ဦးကို ရွေးချယ်ရေး အဖွဲ့မှ ရွေး၍ သက်တမ်း ၃ နှစ်သာ ဖြစ်သည်။ အမတ်များ၏ လစာမှာ ဘတ် ၁ သိန်းခန့်ဖြစ်ပြီး အစည်းအဝေး တစ်ကြိမ်တက်လျှင် ဘတ်တစ်ထောင်ရသည်။ ခရီးအခမဲ့သွားနိုင်ပြီး ကျန်းမာရေးအတွက်  ဆရာဝန်တစ်ယောက် သူနာပြု ၂ ယောက်ရှိသော ဆေးခန်းတစ်ခန်း ပါလီမန်တွင် ဖွင့်ထားသည်။ တည်းခိုစရာ နေရာမပေးဟု သိရသည်။  ထိုင်းပါလီမန်သည် (၁) ဥပဒေ ပြုရေး၊ (၂) အုပ်ချုပ်ရေးကို ထိန်းသိမ်းကွပ်ကဲရေး၊ (၃) အရေးကြီးသော ကိစ္စရပ်များကို သဘောတူညီချက် ဆုံးဖြတ်ပေးရေး၊ (၄) ဖွဲ့စည်း ပုံဥပဒေအရ တာဝန်ခံအရာရှိများကို ခန့်အပ်ရန်နှင့် ထုတ်ပယ်ရန်ဟူ၍ ကဏ္ဍ ၄ ရပ် ဆောင်ရွက်သည်။ ထိုင်းပါလီမန်၌ အဆိုပြုချက်တစ်ရပ် တင်သွင်းခြင်းတွင် မဲပေးခွင့်ရှိသူ အနည်းဆုံးဦးရေ (၁ဝဝဝဝ) တို့၏ သဘောတူ လက်မှတ်ဖြင့် တင်သွင်းနိုင်ကြောင်း သိရသည်။ ဘဏ္ဍာငွေသုံးစွဲမှုနှင့် ပတ်သက်သည့် အဆိုကို ဝန်ကြီးချုပ် သဘောတူချက်ရမှ တင်ပြနိုင်သည်။   အောက်လွှတ်တော်မှ သဘောတူ ထားသော ဥပဒေမူကြမ်းတစ်ရပ်ကို အထက် လွှတ်တော်မှ ပြင်ဆင်လိုပါက ပြင်ဆင်ချက်ကို   အောက်လွှတ်တော်   ပြန်ပို့၍ သဘောတူပါက ဘုရင်သဘောတူချက် ရယူရသည်ဟုလည်း သိရသည်။ ပါလီမန်အစည်းဝေးခန်းမသို့ သွားရာလမ်းတစ်လျှောက်တွင် ဘုရင်ကြီး၏ စွမ်းဆောင်ချက်များကို ပန်းချီကားကြီးများ ရေးဆွဲပြသထားသည်။ အမတ်များ နားနေဆောင်၊ အမတ်များ အစည်းဝေးခန်း၊ အမတ်များ ဘုရားဝတ်ပြုခန်းအပြင် ပါလီမန်မှ ရေဒီယိုနှင့် ရုပ်သံထုတ် လွှင့်ခန်းများကိုလည်း ဝင်ရောက် ကြည့်ရှုခွင့်ရသည်။

အစည်းအဝေးခန်းမ မြင်ကွင်း

အစည်းအဝေးခန်းမ၏ အပေါ်ထပ်ကို ရောက်ရှိချိန်မှာ ခန်းမကြီး၏ထိပ်တွင် ဘုရင်ရုပ်ပုံဖြင့် ပါလီမန်အမတ်များ ဥပဒေများ အချေအတင်   ဆွေးနွေး ဆုံးဖြတ်ကြပုံကို မြင်ယောင်မိသည်။ သတင်းထောက်များ သတင်းယူကြသည့်နေရာက အစည်းအဝေးခန်းမ၏ အပေါ်ဘက် ဘေးတစ်ဖက်တစ်ချက် မှန်ကာရံထားခြင်းမရှိ၊ တီဗီကင်မရာ ချိန်ထားသည်ကိုလည်း တွေ့ရသည်။ ငြိမ်သက်စွာ လဲလျောင်းနေသည့် အစည်းအဝေးခန်းမကြီးက ယခုလက်ရှိ ဝန်ကြီးချုပ်အသစ် ယင်းလတ်ကို စောင့်ကြိုနေသည့်ပုံမျိုး။

ဝန်ကြီးချုပ်နှင့်အမတ်များ၏ စာတိုက်သေတ္တာ

ထိုင်းတွင် စာတိုက်စနစ် သက်ဝင်နေဆဲဖြစ်၍ ယခင်ဝန်ကြီးချုပ် အဘီဆစ်၏ စာတိုက်သေတ္တာ၊ ယခုဝန်ကြီးချုပ်သစ် ယင်းလတ်၏ စာတိုက် သေတ္တာအပြင် အမတ်များ၏ စာတိုက်သေတ္တာများလည်း အစီအရီတွေ့ရသေး၏။ စာပို့ပြီး တိုင်ကြားအကြံပေးနိုင်သည်ဟုလည်း သိရသည်။ နိုင်ငံသားတိုင်း မိမိတို့ကံကြမ္မာ ဖန်တီးသည့်နေရာသို့ လူအများ လာရောက်ကြည့်ရှုနိုင်ပြီး နိုင်ငံတော် တိုးတက်ရာတိုးတက်ကြောင်း အကြံကောင်း၊ ဥာဏ်ကောင်းများ   ပေးနိုင်သော ပါလီမန်သို့ လူတိုင်း ရောက်သင့်သလား၊ မရောက်သင့် သလားဆိုတာကတော့…။

ထိုင်းပါလီမန်လေ့လာသူများ၏  အပြန်လမ်းသည် အနာဂတ်ကို လှမ်းမြင်နေရသလို။ မြန်မာနိုင်ငံတွင်လည်း သတင်းသမားများကို ပထမအကြိမ် လွှတ်တော်ဒုတိယပုံမှန် အစည်းအဝေးသို့ တက်ရောက် သတင်းယူ ခွင့်ရပြီဟူသော သတင်းပျံ့လွင့်လာသောကြောင့်ဖြစ်မည်ထင်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment