Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၇.၉.၂၀၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်က ဆွေးနွေးမှုအရှိန်မြှင့်မည်ဟုဆို

(Asia News Network မှ 5 Sept 2011 ရက်စွဲပါ “New U.S envoy to Myanmar to boost dialogue” ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် အိန္ဒိယ လွှတ်တော်အမတ်များ တောင်းဆို

(Calcutta News မှ 6 September 2011 ရက်စွဲပါ "Free political prisoners in Myanmar" သတင်းကို ဘာသာပြန်သည်)

  1. မြန်မာနိုင်ငံတွင်းမှ ပြောင်းလဲမှု အဆင့်တစ်ဆင့်

(BBC သတင်းဌာနမှ သုံးသပ်ချက်ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတစ်ဝှမ်း ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဆက်နွယ်နေသည့် တရုတ်ဓာတ်ငွေ့ပိုက်လိုင်း

(AlertNet မှ 6 September 2011 ရက်စွဲပါ "Gas pipe line linked to abuses across Myanmar" သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. AIP အတွက် ဆွေးနွေးမှုဘောင်များ ကက်ဘိနက်အတည်ပြု

(The Nation မှ 6 Sept 2011 ရက်စွဲပါ “Cabinet endorses AIF negociation framework” ကို ဘာသာ ပြန်ဆိုသည်)

  1. မြောက်ကိုးရီးယားက ကုန်သွယ်ရေးအတွက် တရုတ်သို့ ဦးလှည့်

(6 September 2011 ရက်စွဲပါ AP မှ Alexa Olesen ရေးသားသော Eager for trade, North Korea losks to China ကို ဘာသာ ပြန်ဆိုသည်)

********************************************************************************************************

မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်က ဆွေးနွေးမှုအရှိန်မြှင့်မည်ဟုဆို

(Asia News Network မှ 5 Sept 2011 ရက်စွဲပါ “New U.S envoy to Myanmar to boost dialogue” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံအတွက်ခန့်ထားသော အမေရိကန်၏ ပုဂ္ဂိုလ်သစ်ဖြစ်သူ ဒဲရတ်မစ်ချယ် (Derek Mitchell) က ယင်းသည် အထီးကျန်မြန်မာနိုင်ငံနှင့် လေးနက်ပြီး စဉ်ဆက်မပြတ်သော တွေ့ဆုံမှုများဖြင့် ဆက်ဆံရန် ကြိုးစားမည်ဟု ပြောကြားခဲ့သည်။

၎င်း၏ပထမဆုံးမီဒီယာအင်တာဗျူးတွင် အမေရိကန်သံအမတ် မစ်ချယ်က ပြောကြားရာတွင် ယင်း၏ မြန်မာနိုင်ငံနှင့် ဒေသတွင်းသို့ လာရောက် မည့် ခရီးစဉ်သည် အများထင်နေသည့် ယင်းအားခန့်အပ်မှုသည် အမေရိကန် Sanction များကို တိုးချဲ့ရန်သာဖြစ်သည် ဆိုသောအချက်ကို ချေဖျက်ရန် မျှော်လင့်သည်ဟု ဆိုသည်။

“မြန်မာအစိုးရက ကျွန်တော့်ကို အမြင်မှားပြီး Sanctions ရဲ့လုပ်ဆောင်ချက်ပဲလို့ အဓိပ္ပာယ်ကောက်နေပါတယ်” ဟု မစ်ချယ်(၄၇ နှစ်) က The Straits Times နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ “ကျွန်တော့်အနေနဲ့ ကမ္ဘာကြီးကို အာဆီယံအကြောင်းနဲ့ မြန်မာနိုင်ငံအကြောင်း သိစေလိုပါ တယ်။ ကျွန်တော့်ရဲ့ ကဏ္ဍကတော့ ဆက်ဆံရေးပြုလုပ်ဖို့ဖြစ်ပါတယ်။ ဝေဖန်ဖို့လာတာ မဟုတ်ပါဘူး။ နားထောင်ပြီး နှစ်ဖက်လုံးဆက်ဆံရေး အဆက် မပြတ် ရှိစေရေးအတွက် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။

မစ်ချယ်မှာ ပင်တဂွန်အကြီးတန်းအရာရှိဟောင်းတစ်ဦးဖြစ်ပြီး ယခုနှစ်အစောပိုင်းက မြန်မာနိုင်ငံအတွက် ပထမဆုံး အထူးကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းခြင်းခံရသူဖြစ်သည်။ အဆိုပါရာထူးမှာ ၂ဝဝ၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သော မြန်မာစစ်အစိုးရ၏ ဒီမိုကရေစီကြိုးပမ်းမှုများကို ဆန့်ကျင် နေမှုများကို ပိတ်ဆို့ရေးဥပဒေ (JADE) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

စစ်အစိုးရက ၁၉၈၉ ခုနှစ်က Burma ဟူသောအမည်ကို မြန်မာ(Myanmar)ဟု ပြောင်းလဲခဲ့သော်လည်း အမေရိကန်အစိုးရနှင့် ကွန်ဂရက်က မြန်မာနိုင်ငံကို Burma ဟု ဆက်လက်သုံးစွဲနေဆဲ ဖြစ်သည်။ JADE ဥပဒေသည် ၁၉၉၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အမေရိကန် Sanctions များတွင် ကျောက်စိမ်းနှင့် ပတ္တမြားကိုပါ ထည့်သွင်းကန့်သတ်ရန် ပြုလုပ်ခဲ့သည်။

လွန်ခဲ့သည့် နှစ်နှစ်က အိုဘားမားအစိုးရသည် မြန်မာနိုင်ငံအပေါ်ချဉ်းကပ်မှုအသစ်ပြုလုပ်ခဲ့ရာ Sanctions နှင့် သံတမန်ဆက်ဆံရေးပါဝင်သော လမ်းနှစ်သွယ်မဟာဗျူဟာကို ချမှတ်ခဲ့သည်။ သို့သော် ရလဒ်မှာမူ ယခုအထိ စိတ်ပျက်ဖွယ် ဖြစ်သည်။

သို့သော်ပြီးခဲ့သည့်လက ကွန်ဂရက်မှ မစ်ချယ်အား ခန့်အပ်မှုအား အတည်ပြုခဲ့ရာ မျှော်လင့်ချက် ရှိလာခဲ့သည်။ လုပ်ငန်းစဉ်အတွက် အာရုံပြုမှု များ အသစ်ပြန်လည်ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

ကံမကောင်းစွာပင် မြန်မာအစိုးရဘက်မှ သံသယများ ဆက်လက်ရှိနေဆဲဖြစ်ကာ မစ်ချယ်အား ခန့်အပ်မှုသည် JADE ဥပဒေနှင့် ဆက်စပ်နေ ခြင်းကြောင့် အတားအဆီးဖြစ်လိမ့်မည်ဟု ယူဆလျက်ရှိသည်။

မစ်ချယ်က ပြောကြားရာတွင် Sanctions များသည် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ မူဝါဒတွင် ထင်ရှားသော အစိတ်အပိုင်းဖြစ်ကြောင်း၊ သို့သော် ယင်း၏အထူးကိုယ်စားလှယ်၊ မူဝါဒညှိနှိုင်းပေးသူ အနေဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ထားမှုများ ကိစ္စတွင်သာမဟုတ်ဘဲ များစွာ ကျယ်ပြန့်သောကိစ္စများ ပါဝင်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။

ဆက်လက်ပြောကြားရာတွင် ယင်းက လာမည့်ခရီးစဉ်သည် တစ်ခါတည်းနှင့် ပြီးဆုံးသွားမည်မဟုတ်ကြောင်း၊ ဘန်ကောက်နှင့် ဂျကာတာ သို့လည်း ဝင်ရောက်မည်ဖြစ်ကြောင်း ဆိုသည်။  မစ်ချယ်သည် မြန်မာအစိုးရနှင့် အဓိက ပလေယာများပြောကြားမည့် ကျယ်ပြန့်သော အရေးကိစ္စများကို နားထောင်ရန် စီစဉ်ထားကြောင်းလည်း ပြောသည်။

“အခုကျွန်တော်တို့ ပြောင်းလဲမှုအတွက် အချက်ပေးမှု၊ ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်အတွက် အချက်ပေးမှုတွေ တွေ့နေရပါတယ်၊ အပြု ဘောဆောင်တဲ့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အခြားသူများအကြား အစပြုဆွေးနွေးမှုတွေ တွေ့နေရပါတယ်၊ ဒါဟာ အားတက်စရာ ပါပဲ” ဟုလည်းဖြည့်စွက် ပြောကြားသည်။

မစ်ချယ်သည် ပထမဆုံး မြန်မာနိုင်ငံအတွက် အမေရိကန်ကိုယ်စားလှယ် ဖြစ်သည့်အလျောက် ခက်ခဲသော တာဝန်များကို ပေးအပ်ခြင်းခံရပြီး ယင်းမှာ နေပြည်တော်နှင့် ဆက်သွယ်၍ အစိုးရအား အဓိပ္ပာယ်ရှိသော နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အားပေးရမည့် တာဝန်ရှိ နေသည်။

ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့မှလည်း အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည့်အပြင် အမေရိကန် ဆီနိတ်တာ ဂျွန်မက်ကိန်း၊ ဂျင်မ် ဝက်ဘ်နှင့် နိုင်ငံခြားရေးဌာန အာရှရေးရာမှ ပုဂ္ဂိုလ်များ ပြီးခဲ့သည့်နှစ်များအတွင်း အလေးပေး ဆက်ဆံမှုများ ပါဝင်သောခရီးစဉ်များ ရှိခဲ့သည်။

သို့သော် တိုးတက်မှုမှာ အကန့်အသတ်နှင့် အနည်းငယ်သာရှိခဲ့သည်။ သယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံတွင် တရုတ်နှင့် အိန္ဒိယတို့က ဩဇာ လွှမ်းမိုးမှု ရှိရေးအတွက် ပြိုင်ဆိုင်နေခြင်းသည် အစိုးရက ပြောင်းလဲမှုအတွက် ပြင်ပဖိအားများအား ဆန့်ကျင်ရန် အထောက်အပံ့ဖြစ်စေကြောင်း အရှေ့တောင် အာရှ စောင့်ကြည့်လေ့လာသူများက ရှုမြင်နေကြသည်။

ဥပမာအားဖြင့် တရုတ်သည် ပြီးခဲ့သည့် နှစ်က မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ( စင်ကာပူ ဒေါ်လာ ၉.၆ ဘီလီယံ) ကျော် ရင်းနှီးမြှုပ်နှံခဲ့ရာ အများစုမှာ ရေရှည်စွမ်းအင်စီမံကိန်းများတွင် ဖြစ်သည်ဟု သတင်းများက ဆိုသည်။ အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှုမှာ တရုတ်နောက်တွင် ရှိနေဆဲဖြစ်သည်။ သို့သော် ဒေါ်လာ ဘီလီယံချီသော ရေအားလျှပ်စစ် စီမံကိန်းသစ်နှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများ မကြာသေးမီနှစ်များအတွင်းက သဘော တူထားသည်။

မစ်ချယ်က ယင်းအနေဖြင့် တရုတ်၊ အိန္ဒိယအစိုးရများဖြင့် နီးကပ်စွာ လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၊ အီးယူနှင့် အာဆီယံတို့နှင့်လည်း နီးကပ်စွာ လုပ်ကိုင်မည်ဖြစ်ကြောင်း ပြောသည်။ ပြီးခဲ့သောအမေရိကန်၏ ကြိုးပမ်းမှုများ နှင့် ယခု ၎င်း၏  ကြိုးပမ်းမှုများတွင် ခြားနားသောအချက်မှာ အာရုံပြုမှု တစ်ခုတည်းသာ ထားရှိမည်ဆိုသည့် အချက်ဖြစ်သည်ဟု ယင်းက ဆိုသည်။

“ကျွန်တော့်ဝတ္တရားကတော့ မြန်မာနိုင်ငံအရေးကိစ္စကိုပဲ အချိန်ပြည့်စဉ်းစားမယ်။ ဆက်ဆံရေးပြုလုပ်မယ် ဆိုတာပါပဲ၊ အမေရိကန်အစိုးရ အနေနဲ့ ကတော့ ဒီလို တစ်ခုတည်းကိုအာရုံပြုဖို့ ခဲယဉ်းမှာပါ။ ဘာလို့လဲဆိုတော့ အရေးကိစ္စ များစွာ ရှိနေတယ်လေ” ဟု မစ်ချယ်က ပြောသည်။

၎င်း၏ ရည်မှန်းချက်မှာ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားမှု ပေါ်တွင် အခြေခံမည်ဖြစ်သည်။ တစ်ခုမှာ မြန်မာအစိုးရနှင့် အတိုက်အခံအင်အားစုများ၊ တိုင်းရင်းသားအုပ်စုများကြား ရိုးသားသော တွေ့ဆုံဆွေးနွေးမှုအတွက် အားပေးရေးဖြစ်သည်။ အခြားတစ်ခုမှာ နေပြည်တော်အနေဖြင့် နိုင်ငံတကာ အပေါ် ကတိပြုထားမှုများ လိုက်နာစေရေး ဖြစ်သည်။

အခက်အခဲများ ရှိနေသောကြောင့် အောင်မြင်မှုဆိုသည်ကို အဓိပ္ပာယ်ဖွင့်ရန် မေးမြန်းသောအခါ ယင်းက “ပြည်တွင်းမှာ တွေ့ဆုံဆွေးနွေးမှု၊ ပြည်တွင်း ပြန်လည်စည်းလုံးရေးတွေ ရှိလာပြီဆိုရင် အောင်မြင်မှုပါပဲ။ ကျွန်တော်တို့ တာဝန်ကတော့ ဒီလုပ်ငန်းစဉ်တွေကို ပြင်ပကနေ ကူညီနိုင်သမျှ ကူညီဖို့ပဲ လို့ ကျွန်တော်ထင်ပါတယ်” ဟု ဆက်လက်ပြောကြားသွားသည်။

***********************************************************************

မြန်မာနိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် အိန္ဒိယ လွှတ်တော်အမတ်များ တောင်းဆို

(Calcutta News မှ 6 September 2011 ရက်စွဲပါ "Free political prisoners in Myanmar" သတင်းကို ဘာသာပြန်သည်)

                အိန္ဒိယ လွှတ်တော် အမတ် 100 ကျော်က မြန်မာသမ္မတဦးသိန်းစိန်အား နိုင်ငံရေး အကျဉ်းသား 2000 ကျော်ကို လွှတ်ပေးရန် တိုက်တွန်းလိုက် ကြသည်ဟု သိရှိရသည်။

                မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကားရေး ဆိုင်ရာ အိန္ဒိယလွှတ်တော် အမတ်များ ဖိုရမ်၏ လှုံ့ဆော် စည်းရုံးသူ Ram Jethmalani နှင့် အဆိုပါ အုပ်စု အဖွဲ့ဝင် လွှတ်တော် အမတ်များက အထက်ပါ မေတ္တာ ရပ်ခံချက်ကို ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။

                နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားခြင်းကို အိန္ဒိယ လွှတ်တော် အမတ်များက အားပေးထောက်ခံသည့် အနေဖြင့် ယင်းသို့ မေတ္တာ ရပ်ခံကြခြင်း ဖြစ်သည်ဟုလည်း သိရှိရသည်။

                မြန်မာ အကျဉ်းထောင်များထဲတွင် ယခုအချိန်အထိ နိုင်ငံရေး အကျဉ်းသား 2000 ကျော်ကို ဖမ်းဆီး ထားဆဲ ဖြစ်သည့်အပြင် ယင်းတို့ အများစု မှာ အာဏာပိုင်များ အရှက်ကွဲလောက်အောင် ဝေဖန်ခံရမည့် အခြေအနေ ဆိုးများနှင့် ရင်ဆိုင် ကြုံတွေ့နေကြရသည်။ ထို့အပြင် ယင်းတို့ အထဲတွင် ထောင်ဒဏ် 65 နှစ် အထိ အပြစ်ပေးခံရသူများလည်း ပါဝင် နေသည်ဟု အိန္ဒိယ လွှတ်တော်အမတ်များက ဆိုသည်။

                "ကျွန်ုပ်တို့ အိန္ဒိယ လွှတ်တော် အမတ်များက မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ စနစ် ထွန်းကားသည်ကို မြင်တွေ့ရန် မျှော်လင့် နေကြသည့် နိုင်ငံတွင်းမှ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် အစိုးရကို တောင်းဆို တိုက်တွန်းပါသည်" ဟု အိန္ဒိယ လွှတ်တော် အမတ်များ မေတ္တာ ရပ်ခံ ထားကြသည်။

                နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းသည် လက်ရှိ မြန်မာနိုင်ငံတွင် လိုအပ်နေသော အမျိုးသား ပြန်လည် စေ့စပ်သင့်မြတ်မှုနှင့် ဒိုင်ယာလော့ ဆွေးနွေးမှု လုပ်ငန်းစဉ်အတွက် ခြေလှမ်းကောင်းတစ်ခု ဖြစ်လာလိမ့်မည် ဟုလည်း အိန္ဒိယ အမတ်များက ပြောကြားလိုက်ကြသည်။

**************************************************************************

မြန်မာနိုင်ငံတွင်းမှ ပြောင်းလဲမှု အဆင့်တစ်ဆင့်

(BBC သတင်းဌာနမှ သုံးသပ်ချက်ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လတ်တလောကာလများအတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်များထဲတွင် ပြောင်းလဲမှု အရိပ်လက္ခဏာအချို့ ရှိနေသည် ဟူသောအချက်ကို တောင်အာရှရေးရာ ကျွမ်းကျင်သူနှင့် Chatham House မှ Associat Fellow ဖြစ်သူ Marie Lall ၏ အကဲဖြတ် သုံးသပ်မှုအား BBC သတင်းဌာနက ပြန်လည် ရေးသားဖော်ပြသည်။

ပြီးခဲ့သည့် ရက်သတ္တ သုံးပတ်ခန့်သည် မြန်မာနိုင်ငံတွင်း နိုင်ငံရေးအပြောင်းအလဲများ ခြေလှမ်းသွက်နေသည့် အချိန်ကာလတစ်ခုပင်ဖြစ်သည်။ သို့သော် ပြင်ပကမ္ဘာအတွက်မူ ယခုဖြစ်ရပ်သည် မဖြစ်စလောက်သော ထင်သာမြင်သာဖြစ်မှုဟု ဆိုရမည်။

ထိုကာလအတွင်း နေ့စဉ်ရက်ဆက်ဆိုသလို အဖြစ်အပျက်အမျိုးမျိုးနှင့် အကြောင်းအရာအမျိုးမျိုး ပေါ်ပေါက်လျက် ရှိရာ အရပ်ဘက်လူ့အဖွဲ့ အစည်း (Civil Society)များ၊ ပြည်တွင်းမီဒီယာများ၊ ပြည်ပြေးများနှင့် နိုင်ငံသားများအနေဖြင့် အခက်ခဲဆုံးသောအချိန်ပိုင်းကို ဖြတ်သန်းခဲ့ကြရသည်။ ပထမဆုံး အကြိမ်ခေါ်ယူသည့် ပါလီမန် လွှတ်တော်ပုံမှန်အစည်းအဝေးပွဲမှာ ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင်အဆုံးသတ်ခဲ့သည်။ ယခင်က စစ်တပ် ဦးဆောင်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ (SPDC) က ထိုကာလတွင်ပင် အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော် သမ္မတကြီးထံသို့လည်းကောင်း၊ ဥပဒေပြုရေးအာဏာကို အသစ်ဖွဲ့စည်းလိုက်သည့် လွှတ်တော်သို့လည်းကောင်း တရားဝင်လွှဲပြောင်းပေးကာ စစ်အုပ်ချုပ်ရေး စနစ်လည်း ဆုံးခန်းတိုင်ခဲ့သည်။

အဆိုပါကာလများအတွင်း မြန်မာ့နိုင်ငံရေးရှုခင်း၏ ဖွံ့ဖြိုးမှုကိုစောင့်ကြည့်ခဲ့မည်ဆိုပါက နေပြည်တော်အစိုးရကို လွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ကွန်ဆာဗေးတစ်ခေါင်းဆောင်ဟောင်းများနှင့် တိုးတက်ဖြစ်ထွန်းမှုကို လိုလားသူ အင်အားစုများ အကြား အာဏာလုပွဲတစ်ရပ် ပုံစံမျိုးဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ လူအတော်များများက စိတ်ဝင်တစား မေးခွန်းထုတ်ခဲ့ကြသည်မှာ အဆိုပါ အခြေအနေအရပ်ရပ်ထဲတွင် မည်မျှအတိုင်းအတာအထိ တိုးတက်ဖြစ်ထွန်းမှုများ ဆောင်ကြဉ်းနိုင်မည်နည်း ဟူသော အချက်ပင်ဖြစ်သည်။ သို့သော် မျှော်လင့်ချက်များ သဲထဲရေသွန်လိုက်သလို ဖြစ်ခဲ့ရသည်မှာ တိုင်းရင်းသားလူမျိုး လက်နက်ကိုင်အုပ်စုများနှင့် စစ်တပ်အကြား စစ်ရေးပဋိပက္ခ ပြန်လည်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အထူးသဖြင့် ဆယ်စုနှစ် နှစ်ခုတာ မျှ အပစ်အခတ်ရပ်စဲထားသော ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့် မြန်မာစစ်တပ်တို့အကြား စစ်ရေးပဋိပက္ခပင်ဖြစ်သည်။

စီးပွားရေးရည်မှန်းချက်များ

သြဂုတ်လလယ်ပိုင်းလောက်အရောက်တွင် အဖြစ်အပျက်များမှာပို၍ မြန်ဆန်လာသည်။ အပြောင်းအလဲဖြစ်မည့် အရေးကိစ္စများ စတင်လာ သည်။ သြဂုတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသူ နိုင်ငံသားများသို့ မိန့်ခွန်းပြောကြားသည်။ သမ္မတကြီးသည် သြဂုတ်လ ၂၂ ရက်နေ့ ပါလီမန်လွှတ်တော် အစည်းအဝေးပြန်လည်မကျင်းပမီ မိန့်ခွန်းပြောကြားခြင်းဖြစ်သည်။ သမ္မတကြီး ဦးသိန်းစိန်၏ မိန့်ခွန်းများမှာ အစိုးရအရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်း ၄၀ ခန့်မှ ရာနှင့်ချီသောအဖွဲ့ဝင်များနှင့် ရုပ်ရှင်သရုပ်ဆောင်ဟောင်း ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုကဲ့သို့သော အရပ်ဘက်လူ့အဖွဲ့အစည်းများအပါအဝင် လူမှုရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များကို ပစ်မှတ်ထားဦးတည်ခဲ့ သည်။ နာရေးကူညီမှုအသင်းဟူသည် ယခင်က စစ်အစိုးရကို ဝေဖန်ပြောဆိုခဲ့သော လူမှုရေးအသင်းတစ်ခုဖြစ်သည်။

သြဂုတ်လ ၂၂ ရက်၊ လွှတ်တော်အစည်းအဝေး ပြန်လည်ကျင်းပချိန်တွင် အပြောင်းအလဲဖြစ်မည့် အရိပ်လက္ခဏာများကို ပိုမိုတွေ့မြင်လာရ သည်။ အစည်းအဝေးအာဂျင်ဒါတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရေးဟူသော အကြောင်းကိစ္စက အဓိကလွှမ်းမိုးထားပြီး ပြည်ပြေးနိုင်ငံရေးသမားများ အနေဖြင့် အမိမြေသို့ပြန်လည်ဝင်ရောက်ကာ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ကူညီလုပ်ကိုင်ကြရန် ဖိတ်ခေါ်မှုပါထွက်ပေါ်ခဲ့သည်။ လွှတ်တော် အစည်းအဝေး ဖွင့်လှစ်သည့် အခမ်းအနားတွင် နိုင်ငံတော်သမ္မတကြီးပြောကြားသည့် မိန့်ခွန်း၌ စီးပွားရေးကိစ္စလည်း များစွာ လွှမ်းမိုးထားခဲ့သည်။ အုပ်ချုပ်ရေးယန္တရား ကောင်းဖြစ်ထွန်းရေး၊ သန့်ရှင်းသောအစိုးရအဖွဲ့ဖြစ်ရေး နှင့် ဒီမိုကရေစီ နည်းလမ်းကို လက်တွေ့တကျအကောင်အထည်ဖော်ရေး အစရှိသည်တို့ကို ဦးသိန်းစိန်ကထုတ်ဖော်ပြောဆိုသလို နိုင်ငံသားများ၏ အခြေခံရပိုင်ခွင့်များနှင့် အခွင့်အရေးများရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ ပွင့်လင်း မြင်သာမှုရှိရေး၊ ဆင်းရဲ ချမ်းသာကွာဟမှုလျှော့ချရေး၊ ဟန်ချက်ညီသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ထွန်းလာရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး၊ သဘာဝ ပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကိုလည်း အသားပေးပြောဆိုခဲ့သည်။ ထိုမျှ မကသေးပါ။ ဗျူရိုကရေစီယန္တရားများ ပြုပြင်ပြောင်းရန်လိုအပ်သည်ဟူသောအချက်ကိုပါ အရိပ်အမြွက် ပေးသွားသေးသည်။

အဆိုပါမိန့်ခွန်းများသည် ထင်သာမြင်သာရှိမှုနည်းပါးနေခြင်းအတွက် ဦးတည်ခြင်းဖြစ်သော်လည်း တည်ဆဲ ဥပဒေများကို ပြန်လည်ဆန်းစစ် မည့် ကော်မရှင်တစ်ရပ်ဖွဲ့စည်းထူထောင်ရေးအတွက် အရေးကြီးသော နိုင်ငံရေးနှင့် ဥပဒေပြုရေးဆိုင်ရာ ဆောင်ရွက်ချက်ဟုဆိုလျှင်လည်းရသည်။ အစိုးရက ဖွဲ့စည်းပေးလိုက်သည့် ကော်မတီအသီးသီးမှာ ဥပဒေပြုရေးနှင့်ပတ်သက်သည့် အကြောင်းအရာ များစွာကို ပြန်လည်ဆန်းစစ်ခြင်း၊ နိုင်ငံ တကာ အလုပ်သမားအဖွဲ့(ILO)၊ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (UNOCHA) ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများ အပါအဝင်ပြည်တွင်း NGO များထံမှလည်း အကြံဉာဏ်များရယူခြင်းအစရှိသည်တို့ဖြင့် အလုပ်များခဲ့ကြသည်။ ဥပဒေ သစ်များ ရေးဆွဲခြင်းသို့မဟုတ် ပြင်ဆင်ဖြည့်စွက်ခြင်းအစရှိသည့် လုပ်ငန်းစဉ်များမှာ ပါလီမန်လွှတ်တော်ရှေ့မှောက်တွင်ပြုလုပ်ကြရမည်ဖြစ်သည်။ ထိုထဲတွင် အလုပ်သမားသမဂ္ဂများဆိုင်ရာ ဥပဒေပြုခြင်း၊ သဘာဝဘေးန္တရာယ်ဆိုးများ ကျရောက်ပါက တုံ့ပြန် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဥပဒေပြုရေးတို့လည်းပါဝင်သည်။

အရေးပါသည့် အလည်အပတ်ခရီးစဉ်များ

မည်သို့ပင်ဆိုစေ ဂယက်ရိုက်ခတ်မှုများနှင့် အံ့အားသင့်စရာများ အများဆုံးဖြစ်ခဲ့သည့် ဖြစ်ရပ်မှာ သြဂုတ်လ ၁၉ ရက်နေ့တွင် နိုင်ငံတော် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံမှုဖြစ်သည်။ အဆိုပါတွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည် တို့ နှစ်ကြိမ်တိတိ ဦးစွာတွေ့ဆုံမှုပြုလုပ်ခဲ့ခြင်းအပေါ် အခြေခံကာ ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။ ဝန်ကြီးဦးအောင်ကြည်မှာ အစိုးရနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြား ဆက်ဆံရေးနှင့်ပြန်ကြားရေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

အဆိုပါ သြဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်အထိ နေပြည်တော်တွင်ကျင်းပပြုလုပ်သော အမျိုးသားစီးပွားရေးဖွံ့ဖြိုးမှု အတွက် ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန်ဖိတ်ကြားမှုအား ဒေါ်အောင်ဆန်းစုကြည်လက်ခံခြင်း ရှိ၊မရှိဟူသည်မှာ သဲသဲကွဲကွဲ မရှိခဲ့ပေ။

ယင်းအစည်းအဝေးပွဲသို့ဒေါ်အောင်ဆန်းစုကြည်တက်ရောက်လာသောအခါ မြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် သူမနှင့်အတူ နိုင်ငံတော် သမ္မတကြီးတို့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ဓာတ်ပုံအောက်၌ မှတ်တမ်းတင် ဓာတ်ပုံတွဲရိုက်ခဲ့မှုကို တွေ့မြင်ခဲ့ရရုံသာမက အလုပ်ရုံ ဆွေးနွေးပွဲအတွင်း သူမနှင့် အခြားသော ဝန်ကြီးများ ရယ်ရယ်မောမောဖြင့်စကားပြောဆိုနေပုံများကိုပါတွေ့မြင်ခဲ့ရသည်။ ထို့ပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဇနီးဖြစ်သူက ထိုနေ့ညတွင် သမ္မတအိမ်တော်သို့ဖိတ်ကြားပြီး ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံခဲ့သည်ကိုကြည့်လျှင် မြန်မာအစိုးရသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အလေးအနက်ထားကြိုးပမ်းနေသည် ဟူသောအချက်မှာ ပေါ်လွင်နေသည်။

နောက်ထပ်အလားတူ စိတ်ဝင်စားစရာကောင်းလှသည့်သတင်းတစ်ရပ်မှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် သောမတ်စ် အိုဟေးကင်တားနား သြဂုတ်လ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခြင်းပင်ဖြစ်သည်။ မစ္စတာကင်တားနား၏ လည်ပတ်မှုကို ပြည်တွင်း၊ပြည်ပမီဒီယာအသီးသီးက ကောင်းမွန်စွာ ရေးသားဖော်ပြကြသည်။ မစ္စတာကင်တားနားသည် ယခင်က မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနိုင်မည့် ကော်မရှင်တစ်ရပ်ဖွဲ့စည်းရေးအတွက် ကုလအနေဖြင့် စဉ်းစားသင့်ကြောင်း တိုက်တွန်းခဲ့ဖူးသူဖြစ်သည်။ သို့အတွက်ကြောင့် မြန်မာအစိုးရက ၎င်းအား မြန်မာနိုင်ငံသို့လာရောက်လည်ပတ်မှုကို တစ်နှစ်ကျော်ခန့် ခွင့်မပြုခဲ့ပေ။

ယခုတစ်ကြိမ်လာရောက်လည်ပတ်ရာတွင်မူ မစ္စတာကင်တားနားအနေဖြင့် ပုံမှန်ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးများထဲမှ အစည်း အဝေး တစ်ခုသို့ တက်ရောက်ခွင့်ရရှိခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရှိခြင်း၊ ရန်ကုန်မြို့ရှိ အင်းစိန်းအကျဉ်းထောင်သို့ သွားရောက် လည်ပတ်ခွင့် ရရှိခြင်း၊ အရပ်ဘက်လူ့အဖွဲ့အစည်း ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရရှိခြင်းတို့ ရရှိခဲ့သည်။ ယင်းသို့သောခွင့်ပြုပေးခြင်းသည် ယခု အကြိမ် ပထမဆုံးပင် ဖြစ်သည်။ မစ္စတာကင်တားနား၏ ပြောဆိုမှုများမှာလည်း ပို၍ ပြေပြေလည်လည်ရှိခဲ့သည်ကို တွေ့ရသည်။ ရွေးကောက်ပွဲ နောက်ပိုင်း ကာလများအတွင်း ပေါ်ထွက်ခဲ့သော ဖွဲ့စည်းပုံပြောင်းလဲမှုများနှင့် ပတ်သက်၍ ၎င်းက ချီးမွမ်းပြောဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် လွှတ်တော်အစည်းအဝေးများ ပြန်လည်ကျင်းပပြန်သည်။ ယခုတစ်ကြိမ်တွင် ထူးခြား ဆန်းသစ်လှသည့် ဖြစ်ရပ်မှာ ပုဂ္ဂလိကပိုင် မီဒီယာများအား လွှတ်တော်အစည်းအဝေးပွဲများသို့ ဝင်ရောက်သတင်းရယူခွင့် ရရှိခြင်းပင်ဖြစ်သည်။ ပထမအကြိမ်လွှတ်တော်အစည်း အဝေး ခေါ်ယူစဉ် နှစ်ဆန်းပိုင်းတွင် အစိုးရမီဒီယာများသာ တက်ရောက် သတင်းရယူခွင့်ပြုခဲ့သည်။

ဒုက္ခပေးမည့် ပျော့ကွက်

တစ်စိတ်တစ်ပိုင်းအားဖြင့်ဆိုပါက ယခုမြန်မာနိုင်ငံတွင်းမှ ပြောင်းလဲမှုများမှာဖြစ်နိုင်ခြေရှိသော အပြောင်းအလဲများ ပင် ဖြစ်သည်။ အကြောင်းမှာ အစိုးရအနေဖြင့် လုပ်ငန်းစဉ်တိုင်းအပေါ် စစ်တပ်နှင့်တိုင်ပင်ဆွေးနွေးမှုမပြုလုပ်ဘဲ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်သည့် အနေအထားမျိုးကို ရယူထားနိုင်ပြီဖြစ်၍ပင် ဖြစ်သည်။ လတ်တလောမြန်မာနိုင်ငံ အတွက် အရေးတကြီး စိုးရိမ်ပူပန်စရာဖြစ်နေသည့်ကိစ္စများမှာ အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ခွင့် (Afta) နှင့် အာဆီယံစီးပွးရေးအသိုက်အမြုံ (AEC) သို့ဝင်ရောက်ခွင့်ရရှိရေး နှင့် ၂၀၁၄ ခုနှစ်အလှည့်ကျ အာဆီယံဥက္ကဋ္ဌ ရာထူးရရှိရေး တို့အတွက် ပြင်ဆင်မှုပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေ မြန်မာအစိုးရ၏ အတွင်းကျိတ်ဖြစ်နေသောအရေးကိစ္စများတွင် အချို့သော တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် စစ်ရေး ပဋိပက္ခပြန်လည်စတင်လာမှုလည်းပါဝင်နိုင်ခြေရှိသည်။ ပြည်တွင်းစစ်မက်ပဋိပက္ခဖြစ်ရန် ကြိုးပမ်းနေသောတိုင်းရင်းသားတပ်ဖွဲ့များအပေါ် နေပြည်တော် အစိုးရက အောင့်အီးသည်းခံရန် ကြိုးစားနေသည်မှာ မှန်သော်လည်း လွန်စွာစိတ်ဝင်စားစရာ ကောင်းသည့်မေးခွန်းမှာ အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင်အုပ်စုနှင့် အပစ်အခတ်ရပ်စဲမှု မပြုလုပ်ထားသော အုပ်စုနှစ်ရပ်စလုံးနှင့် အလုံးစုံငြိမ်းချမ်းရေးကို မည်သို့မည်ပုံ ဆောင်ကြဉ်းရယူမည်နည်း ဟူသည်ပင်ဖြစ်သည်။

သမ္မတဦးသိန်းစိန်ကမူ လက်နက်ကိုင်အဖွဲ့အစည်းများက ၎င်းတို့၏နာကြည်းချက်များကို ပြည်နယ်သို့မဟုတ် တိုင်းဒေသကြီး အစိုးရထံသို့ တင်ပြ ဖြေရှင်းခြင်းသည် လက်သင့်ခံနိုင်လောက်သောဖြေရှင်းချက်တစ်ခုမဟုတ်ကြောင်း၊ အကြောင်းမှာ များစွာသော လက်နက်ကိုင်အုပ်စုများက အတူ တကွ လက်တွဲပြီး တစ်မျိုးသားလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် အားလုံးအတွက်သင့်လျော်မည့် အမျိုးသားရေးဖြေရှင်းချက်တစ်ခုရရှိရန် နည်းလမ်း ရှာဖွေလျက်ရှိသောကြောင့် ဖြစ်ကြောင်း အကြံပြုပြောဆိုထားသည်။

ဤအတိုင်းဆိုပါက တိုင်းရင်းသားလက်နက်ကိုင်အုပ်စုအချို့၏ တောင်းဆိုမှုကို အစိုးရအနေဖြင့် မည်သို့မျှ လိုက်ရောဖွယ်မရှိပေ။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများ၏ လက်နက်ကိုင်ပဋိပက္ခမှာ မြန်မာနိုင်ငံကို ဆက်လက် ဒုက္ခပေးနေမည့် ပျော့ကွက်တစ်ခုသဖွယ်ကျန်ရှိနေသည်။ အဆိုပါ အရေး ကိစ္စကို စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အရေးတကြီး ဆောင်ရွက်သလို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြန်လည်သင့်မြတ်မှု ရရှိအောင် ဆောင်ကြဉ်းသလို မဖြစ်မနေ လုပ်ကိုင်ရန် လိုအပ်လှသည်။

**************************************************************************************

မြန်မာနိုင်ငံတစ်ဝှမ်း ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဆက်နွယ်နေသည့် တရုတ်ဓာတ်ငွေ့ပိုက်လိုင်း

(AlertNet မှ 6 September 2011 ရက်စွဲပါ "Gas pipe line linked to abuses across Myanmar" သတင်းကို ဘာသာ ပြန်ဆိုသည်)

                တရုတ်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ကြီးထွားလာမှုကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံအနောက်ပိုင်းတွင် တည်ဆောက်နေသော အငြင်းပွားဖွယ် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများက ပဋိပက္ခများ၊ လူ့အခွင့်အရေး ညှင်းပန်းမှုများ၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများကို လှုံ့ဆော် မီးထိုး ပေးနေကြောင်း အင်္ဂါနေ့က ထုတ်ဝေသော အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

                ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူ့အသိုက်အမြုံ အခွင့်အရေးများကို ကာကွယ်ပေးမှု၊ ဆိုင်ရာဆိုင်ရာ ပြည်သူများ ကလည်း အကျိုးအမြတ်များကို မျှဝေခံစားနိုင်မှု စသည်တို့ ရှိလာသည်အထိ ပိုက်လိုင်းစီမံကိန်း နှစ်ခုကို ရပ်ဆိုင်းကာ ငွေကြေးထောက်ပံ့မှုများကိုလည်း ဆိုင်းငံ့ထားရမည်ဟု ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ရှိ မြန်မာပြည်ပြေးအုပ်စု "Shwe Gas Movement" ကပြောကြားလိုက်သည်။

                ယင်းအမွှာ ပိုက်လိုင်းနှစ်ခုသည် ၂၀၁၃ တွင် စတင်လည်ပတ်ရန် မျှော်လင့်ထားပြီး အရှေ့အလယ်ပိုင်း အာဖရိကမှ ရေနံများနှင့် ဘင်္ဂလား ပင်လယ်အော်မှ မြန်မာ့ကမ်းလွန် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့ဆောင် ဖြည့်ဆည်းကြမည် ဖြစ်သည်။

                မြန်မာအနောက်ဖက် ကမ်းရိုးတန်းကျောက်ဖြူမြို့မှ တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် ပိုက်လိုင်းများကို ကိုးရီးယားနှင့် မြန်မာ ကုမ္ပဏီများနှင့်အတူ တရုတ်နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ CNPC က တည်ဆောက်နေခြင်း ဖြစ်သည်။

                ရွှေ ကမ်းလွန်ဓာတ်ငွေ့သိုက်များသည် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ထရီလီယံနှင့် ချီ၍ ထုတ်လုပ် ထွက်ရှိမည်ဖြစ်ရာ ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံး အဆင့်သို့ ရောက်နေသည့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုကို အားပေးလှုံ့ဆော်ရန် အသုံးပြုနိုင်သည်ဟု ရွှေဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့၏ အစီရင်ခံစာ "Sold out: Launch of China pipeline project unleashes abuse across Burma" က ဆိုသည်။

                ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်ခု ဖြစ်ပြီး နိုင်ငံတွင်း စွမ်းအင်မလုံလောက်မှုကို ဆိုးဆိုးဝါးဝါး ခံစားနေရသည့်   မြန်မာနိုင်ငံကို ရွှေ ဓာတ်ငွေ့ စီမံကိန်းက လာမည့်နှစ် 30 အတွင်း အခွန်ငွေဒေါ်လာ 29 ဘီလျံခန့် ရှာဖွေပေးလိမ့်မည် ဟုလည်း အစီရင်ခံစာတွင် ရေးသားထားသည်။

                သို့သော်လည်း ယင်းပိုက်လိုင်းများမှ ရသော ဝင်ငွေပိုက်ဆံများအနက် အနည်းငယ်မျှကိုသာ မြန်မာ ပြည်သူများ မြင်လိုက်ရဖွယ် ရှိပြီး ပိုက်ဆံ အားလုံးကို တပ်မတော်အစိုးရက လက်နက် ဝယ်ယူခြင်း ကဲ့သို့သော ယင်းတို့၏ အကျိုးစီးပွား ရည်မှန်းချက်များတွင် သုံးစွဲပစ်ရန် အလားအလာများ နေသည်ဟု လူ့အခွင့်အရေး အုပ်စုများက သတိပေးပြောကြားထားကြသည်။

အလုပ်မရှိ၊ မျှော်လင့်ချက် မရှိ

                အစီရင်ခံစာ၏ အဆိုအရ ရခိုင်ပြည်နယ် ကမ်းလွန်ဓာတ်ငွေ့ တာမင်နယ်နှင့် ရေနက် ဆိပ်ကမ်းတစ်ဝိုက်ရှိ ဒေသခံ 8000 ကျော်မှာ အဓိက အသက်မွေးဝမ်းကျောင်း ငါးဖမ်းလယ်လုပ် အလုပ်များ ဆုံးရှုံးလျက်ရှိပြီး စီမံကိန်း လမ်းများ အဆောက်အဦးများအတွက် လယ်မြေများ သိမ်းဆည်း ခံရကာ ငါးဖမ်းခွင့်လည်း တားမြစ်ထားသောကြောင့် ဝင်ငွေမဲ့၊ မျှော်လင့်ချက်မဲ့ ဖြစ်နေကြပြီဟု သိရှိရသည်။

                ထိုအတောအတွင်း ဓာတ်ငွေ့စီမံကိန်းများက ဒေသခံများအား လစာနည်း၍ ဘေးအန္တရာယ်ကြီးသော ကျဘမ်း ဆောက်လုပ်ရေး အလုပ်အကိုင် များကိုသာ ဖန်တီးပေးထားပြီး အလုပ်သမားများမှာလည်း လုပ်ခလစာနှင့် လုပ်ငန်းခွင်အနေအထားနှင့် ပတ်သက်၍ တိုင်ကြားနိုင်ခြင်းမရှိကြဟု သိရ သည်။

                အမျိုးသမီးများမှာမူ သနားစရာ အကောင်းဆုံး ဖြစ်ကြောင်း၊ အလုပ်ခြင်း တူနေလျှင်ပင် လုပ်ခ ပို၍ နည်းကာ အနိုင်ကျင့် ခြိမ်းခြောက်ခံကြရ သည့် အပြင် ယောက်ျားအလုပ်သမား များစွာ ဝင်ရောက်လာမှုအပေါ် အခြေအနေအရ ပေါ်ထွက်လာသည့် လိင်မှု စီးပွားလုပ်ငန်း ကြီးထွားလာသည့် ပြဿနာကိုပါ ရင်ဆိုင်နေကြရသည် ဟု အစီရင်ခံစာက ထုတ်ဖော် တင်ပြသည်။

                ထို့အပြင် တိုးချဲ့လာသော ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် သန္တာကျောက်တန်းများ၊ ကမ်းလွန် လမုတောများကို ပျက်စီးစေပြီး သစ်တော အပြောင်ရှင်းခြင်း၊ သတ္တုတူးဖော် ခြစ်ထုတ်ယူခြင်းတို့ကို ဖြစ်ပေါ်စေကာ ဒေသ၏ သဘာဝ ဘေးအန္တရာယ်ဖြစ်နိုင်မှု ပိုမိုမြင့်မား လာစေသည်ဟု အစီရင်ခံစာ က သတိပေးထားသည်။

                ယခုအချိန်ထိ အာဏာပိုင်များ၏ ခြိမ်းခြောက်မှုရှိနေသည့် ကြားမှပင် ဒေသခံ ရပ်ရွာအဖွဲ့အစည်းများက သူတို့၏ သဘောထားကို ထုတ်ဖော်ရန် ကြိုးစားလျက် ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။ ဧပြီလက အလုပ်သမား ၁၀၀ ကျော် ဆန္ဒပြမှုနှင့် ဇွန်လတွင် ရခိုင်ပြည်နယ် ဝပ်ဆန်းရွာမှ ဒေသခံများ က ယင်းတို့၏ စိုက်ပျိုးမွေးမြူရေး အတွက် ရေသွယ်ယူသည့် ချောင်းထဲသို့ အမှိုက်များ လာပစ်သည့် ကုမ္ပဏီများကို တိုင်တန်းမှု တို့ကို အစီရင်ခံစာက ရည်ညွှန်း ဖော်ပြခြင်း ဖြစ်သည်။

ပဋိပက္ခကို သွေးထိုးလှုံ့ဆော်

                ပိုက်လိုင်းများ ဖြတ်သန်းသွားမည့် နယ်မြေအချို့မှာ အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်များအကြား တိုက်ပွဲဖြစ်ပွားလေ့ ရှိသော နယ်မြေများဖြစ်၍ စစ်အင်အား တိုးချဲ့တပ်ဆင်မှု ကြီးထွားလာစေကာ ပဋိပက္ခကို ပိုမိုဆိုးဝါးလာစေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

                ကချင်ပြည်နယ်တွင် တရုတ်တို့ လာရောက်ဆောက်လုပ်နေသော ရေအားလျှပ်စစ် တမံစီမံကိန်းများ အနီးတွင် ဇွန်လအတွင်းက အစိုးရ တပ် များနှင့် KIA တပ်များ တိုက်ခိုက်ကြခြင်းမှာ အကျိုးအမြတ် ကြီးမားသည့် အပေးအယူ လုပ်ငန်းများမှ ဒေသခံအဖွဲ့အစည်းများ ဖယ်ထုတ်ခံရခြင်းကြောင့် ဖြစ်ကြောင်း အကဲခတ်လေ့လာသူ အချို့က မှတ်ချက်ပေးပြောကြားကြသည်။

                တရုတ်တို့ လာရောက်တည်ဆောက်သည့် ရေလှောင်တမံစီမံကိန်းများသည် တိုင်းရင်းသားတို့၏ "ငွေတောင်တန်း" ဒေသမှ သဘာဝသယံ ဇာတ များကို ကျူးကျော်အမြတ်ထုတ်ခြင်း ဖြစ်သည်ဟု ယူဆကြသော မြန်မာ တိုင်းရင်းသား အသိုင်းအဝိုင်းအတွက် အကြီးအကျယ် အငြင်းပွားစရာ ကိစ္စ တစ်ရပ် ဖြစ်နေသည်။

                ယင်းကဲ့သို့ တရုတ် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးရန် စစ်တပ်များ ပိုမိုတပ်ဖြန့်လာမှုသည် ဒေသခံ အရပ်သားများအပေါ် ပိုမိုနှိပ်စက်မှု များမှသည် အဓမ္မ ပေါ်တာဆွဲ ခိုင်းစေမှုများ၊ အဓမ္မ ရပ်ရွာရွေ့ပြောင်းခိုင်းမှုများ အထိ တိုက်ရိုက် သက်ရောက်ဖြစ်ပေါ်စေသည်ဟု လူ့အခွင့်အရေး အုပ်စုများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အုပ်စုများက ပြောကြားတင်ပြထားကြသည်။

**********************************************************************************

AIP အတွက် ဆွေးနွေးမှုဘောင်များ ကက်ဘိနက်အတည်ပြု

(The Nation မှ 6 Sept 2011 ရက်စွဲပါ “Cabinet endorses AIF negociation framework” ကို ဘာသာ ပြန်ဆိုသည်)

အာဆီယံအခြေခံအဆောက်အဦ ရန်ပုံငွေ (Asean Infrastructure Fund AIF) ထူထောင်ရေးအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနမှ မူချမှတ်နိုင် ရေး ဆွေးနွေးမှုများကို ကက်ဘိနက်မှ ယနေ့ အတည်ပြုခဲ့သည်။

AIF သည် ဒေသတွင်း ထူထောင်ထားသော ရန်ပုံငွေမှ ဒေသတွင်း အခြေခံအဆောက်အဦ ဖွံ့ဖြိုးမှုလုပ်ငန်းများကို ငွေကြေး ထောက်ပံ့ မည်ဖြစ်သည်။ ဒေသတွင်း ငွေကြေးစုဆောင်းမှုအတွက် ငွေတိုက်စာချုပ်များ ထုတ်ဝေမည်ဖြစ်ရာ နိုင်ငံခြားအရံငွေအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံမှလွဲ၍ အာဆီယံအဖွဲ့ဝင်အားလုံးသည် AIF သို့ ဝင်ရောက်မည်ဖြစ်သည်။ AIF ကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှလည်း ကူညီမည် ဖြစ်သည်။ ရန်ပုံငွေသည် အမေရိကန်ဒေါ်လာ ၄၈၅.၂ သန်းရှိပြီး ထိုင်းနိုင်ငံမှ အစပြုထည့်ဝင်ခဲ့သော ဒေါ်လာ (၁၅)သန်း ပါဝင်သည်။ ADB မှ အဆိုပါ ရံပုံငွေကို စီမံခန့်ခွဲမည့်ဖြစ်ပြီး အတည်ပြုပြီးသော အခြေခံအဆောက်အဦ စီမံကိန်းများအတွက် ၇ဝ% ကို ADB မှ ထုတ်ချေးမည်ဖြစ်ပြီး ၃ဝ% ကို ရန်ပုံငွေမှ ထုတ်ချေးမည်ဖြစ်သည်။

ရန်ပုံငွေကို မြှင့်တင်ရေးအတွက် ငွေတိုက်စာချုပ်များ၊ အရောစာချုပ်များ (Hybrid Bonds) များ ထုတ်ဝေမည်ဖြစ်ပြီး အဖွဲ့ဝင်များထံမှလည်း ငွေများ ထပ်မံလက်ခံမည်ဖြစ်သည်။

********************************************************************

မြောက်ကိုးရီးယားက ကုန်သွယ်ရေးအတွက် တရုတ်သို့ ဦးလှည့်

(6 September 2011 ရက်စွဲပါ AP မှ Alexa Olesen ရေးသားသော Eager for trade, North Korea losks to China ကို ဘာသာပြန်ဆိုသည်)

                မြောက်ကိုးရီးယား တာဝန်ရှိသူများသည် Ranson ဆိပ်ကမ်းရှိ အထူး စီးပွားရေး ဇုန်တွင် ရင်းနှီး မြှုပ်နှံမှုကို မြှင့်တင်လျက်ရှိရာ တရုတ် ကန်ထရိုက်တာများသည် ကုန်းတွင်းပိတ် တရုတ်မြောက်ပိုင်းမှ Ranson ထိ ကားလမ်း ဖောက်လုပ်ထားသည်။

                ထိုစီမံကိန်းသည် မြောက်ကိုးရီးယား၏ ဆိုးဝါးသော စီးပွားရေး ပြန်လည်ကောင်းလာစေရန် တရုတ်သို့ ဦးလှည့်လာသည်ကို ပြသသည်။ မြောက်ကိုးရီးယားသည် ယခင်က တရုတ်ကို သတိထား၍ ဆက်ဆံခဲ့သော နိုင်ငံဖြစ်သည်။ တရုတ်အတွက်မူ ယင်း၏ ကုန်းတွင်းပိတ် အရှေ့မြောက် ဒေသ အတွက် ပင်လယ်သို့ အတိုဆုံး ထွက်ပေါက် ရရှိမည် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုအတွက် ကြီးမားသော အခွင့်အလမ်း ရရှိမည် ဖြစ်ပြီး၊ ယင်း၏ အိမ်နီးခြင်း အတွက် မတည်ငြိမ်မှုများ မဖြစ်ရန် အကာအကွယ် ပေးနိုင်ခွင့် ရမည် ဖြစ်သည်။

                မြောက်ကိုရီးယားသို့ တရုတ်ကုန်ပစ္စည်းတင် ကားများ ပျားပန်းခတ်မျှ သွားလာနေပြီး တရုတ်လုပ်ဖိနပ်များ၊ ကစားစရာများ၊ ကွန်ပျူတာ စပီကာများ၊ တီရှပ်နှင့် DVD များ၊ Ranson လွတ်လပ်သော ကုန်သွယ်မှု ဈေးကွက်သို့ ဝင်ရောက်လျက် ရှိသည်။

********************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment