Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၉.၉.၂၀၁၁

ပြည်တွင်းသတင်းများ

  1. သတ်မှတ်နှုန်းထက်ပိုကောက်ပါက တိုးဂိတ်များကို လေးလပိတ်သိမ်းမည်ဟုဆို
  2. ရထားသံလမ်း စစ်ဆေးပြုပြင်မှုများအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းမည်
  3. ခန္ဓာနှင့် အသက်အာမခံထားရှိမှသာ ပြည်ပထွက်ခွာခွင့်ရမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နိုင်ငံတော်သမ္မတကြီး၏ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်မှုကို ပြည်သူအများ မျှော်လင့်နေ
  1. အစိုးရသစ်နှင့် ပူးပေါင်းမှုတွင် ကျရှုံးပါက ဒေါ်အောင်ဆန်းစုကြည်မှ တာဝန်ယူမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ပြည်သူ့မျှော်လင့်ချက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ သမ္မတရဲ့ အဆုံးအဖြတ်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

သတ်မှတ်နှုန်းထက်ပိုကောက်ပါက တိုးဂိတ်များကို လေးလပိတ်သိမ်းမည်ဟုဆို

အဝေးပြေးလမ်းမများတွင် လမ်းကြေးကောက်ခံခွင့်အား အစိုးရထံမှ BOT စနစ်ဖြင့် ရရှိထားသော ကုမ္မဏီများသည် သတ်မှတ်နှုန်းထားထက် လမ်းကြေး ပိုကောက်ခံပါက လေးလပိတ်သိမ်းခံရမည် ဖြစ်ကြောင်း သိရသည်။

ယင်းဒဏ်တပ်မှု စနစ်ကို စက်တင်ဘာ ၁ ရက်နေ့မှ စတင်လိုက်ခြင်းဖြစ်ပြီး ပိတ်သိမ်းခံရသည့် တိုးဂိတ်များတွင် ပြည်ထောင်စု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းတံတားဌာနမှ တာဝန်ရှိသူများက တာဝန်ယူမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 “ကျွန်တော်တို့ သက်ဆိုင်ရာ ကုမ္မဏီတွေကို ညွှန်ကြားလွှာပို့ဖို့ ပြင်နေပါတယ်။ဒီလထဲမှာ အရေးယူမှုစနစ်သစ်ကို စတင်ကျင့်သုံးမှာပါ”ဟု ယင်းက ဆိုသည်။

ယခင်က လမ်းကြေးပိုမိုကောက်ခံသော တိုးဂိတ်များကို ပြဋ္ဌာန်းထားသည့် လမ်းပိုင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများအရ အရေးယူသွားမည်ဟု လည်းကောင်း၊ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်ချမှတ်၍ အရေးယူသွားမည်ဟု သတင်းများ ထွက်ပေါ်လာသော်လည်း သိသာစွာ လုပ်ကိုင်နိုင်ခြင်း မရှိကြောင်း သိရသည်။

“စည်းကမ်း မလိုက်နာတဲ့ ဂိတ်တွေကို ကာလအနည်းငယ် ပိတ်သိမ်းပြီး အရေးယူတာက ဥပဒေထက်ကော ဒဏ်ကြေး ဆောင်တာထက်ကော ပိုထိရောက်တယ်”ဟု ယင်းကဆိုသည်။

အဆိုပါ တိုးဂိတ်များကို ကျပ်ငွေသန်းပေါင်းထောင်ချီကာ  လေလံဆွဲရသည့် နည်းဖြင့်လည်းကောင်း၊ မိမိ တာဝန်ယူရသည့် လမ်းပိုင်းအား Build,Operate,Transfer(BOT) စနစ်ဖြင့် ဖောက်လုပ်ခြင်းဖြင့်လည်းကောင်း ရင်းနှီးငွေ များစွာကုန်ကျကာ လုပ်ကိုင်ရခြင်းဖြစ်သဖြင့် တိုးဂိတ်များ ဘက်မှ သတ်မှတ်ကာလအတွင်း အရင်းကျေအောင် ဆောင်ရွက်ရသည့် ကိစ္စရပ်လည်း ရှိကြောင်း ရန်ကုန်-မန္တလေး အဝေးပြေးလမ်းပေါ်ရှိ တိုးဂိတ်         တာဝန်ရှိသူတစ်ဦးကဆိုသည်။

“လမ်းပိုင်းတစ်ခုကိုရဖို့ ရင်းရတဲ့စရိတ်ရယ်၊ ဝန်ထမ်းစရိတ်ရယ်ကို ပေါင်းလိုက်ရင်တော့ ကုမ္မဏီတွေ မနည်းကျန်အောင် လုပ်နေရတဲ့ အခြေ   အနေတစ်ခုကို ရောက်နေတယ်”ဟု ယင်းကဆက်လက်ဆိုသည်။

လမ်းဖြတ်သန်းခနှင့်မြို့ဖြတ်သန်းခများကို လျော့ချလိုက်သည်ထက် နိုင်ငံတော်မှ သတ်မှတ်ထားသည့် ပုံမှန်ဈေးဖြင့်သာ အမှန်တကယ် ကောက်ခံပါက Transation Cost များ ကုန်ကျမှု လျော့နည်းသွားနိုင်ပြီး အခြေခံ စားသုံးသူများအနေဖြင့် သိသာသော အကျိုးရလဒ် ဖြစ်ထွန်းနိုင်မည် ဖြစ်ကြောင်း ကုန်တင်ယာဉ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

“အခုက ဆိုင်းဘုတ်ဈေးထက် ပါးစပ်ဈေး ဖြစ်နေတော့ လုပ်ရကိုင်ရတာ အဆင်မပြေဘူး။ ပစ္စည်းစရိတ်ရဲ့ လေးပုံတစ်ပုံလောက်ကို တိုးဂိတ်ဖိုး ပေးနေရတယ်”ဟု ယင်းက ပြောသည်။

တိုးဂိတ်များသည် တစ်ခုနှင့်တစ်ခု ကောက်ခံသည့်နှုန်းထား ကွာခြားနေခြင်းများ ရှိကြောင်းသိရှိရပြီး ယခင်က တန်ပိုတင်ဆောင်လာသည့် ကုန်တင်ကားများကို ဒဏ်ရိုက်၍ ဖြတ်သန်းခွင့်ပေးသည့် တိုးဂိတ်များကို သက်ဆိုင်ရာမှ အရေးယူခဲ့ရသည်လည်း ရှိကြောင်း သိရှိရသည်။

YC(KS)

-------------------------------------------------------------------------------------------------------------

ရထားသံလမ်း စစ်ဆေးပြုပြင်မှုများအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းမည်

မြန်မာ့မီးရထားမှ ရထားသံလမ်းများ ကြံ့ခိုင်မှုအားကောင်းစေရန် စစ်ဆေးပြုပြင်ခြင်း ကိစ္စအတွက် ကန်ထရိုက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ     ညှိနှိုင်းခြင်းကို စက်တင်ဘာလလယ်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိသည်။

မြန်မာ့မီးရထား အင်ဂျင်နီယာဌာနသည် သံလမ်းစစ်ဆေးပြုပြင်ခြင်းလုပ်ငန်းအား ယခင်က တာဝန်ယူဆောင်ရွက်ခဲ့သော်လည်း ယခုအခါ မြန်မာ့ မီးရထား ဘဏ္ဍာငွေဖြင့် ကန်ထရိုက်ပေးကာ ပုဂ္ဂလိကသို့ ပြုပြင်စေခြင်းဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယခု လောလောဆယ်တွင် မြန်မာ့မီးရထားအစီအစဉ်ဖြင့် မြေသားသံလမ်းပြုပြင်မှုများ လုပ်ဆောင်ရန် အစီအစဉ် မရှိသေးကြောင်း၊ မြန်မာ့ မီးရထားရုံးချုပ်တွင် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးပြီးမှသာ ပြုပြင်မှုများအား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြား သွားသည်။

မြို့ပတ်ရထားလုပ်ငန်း ပုဂ္ဂလိကသို့လွှဲပြောင်းစဉ် သံလမ်းကြံ့ခိုင်မှုများ အဆင်သင့်ဖြစ်စေရန်နှင့် အခြားသံလမ်းများအားလုံး ပိုမိုကြံ့ခိုင်စေရန် လိုအပ်သည့်လမ်းပိုင်းများအား ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

YC

-------------------------------------------------------------------------------------------------------------

ခန္ဓာနှင့် အသက်အာမခံထားရှိမှသာ ပြည်ပထွက်ခွာခွင့်ရမည်

မြန်မာနိုင်ငံမှ ပြည်ပသို့ တရားဝင် ထွက်ခွာမည့်သူများအနေနှင့် အသက်နှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း ထိခိုက်မှု အာမခံထားရှိမှသာ ပြည်ပသို့ ထွက်ခွာခွင့်ပြုမည် ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခင် အသက်နှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း ထိခိုက်မှု အာမခံထားခြင်းကို ပြည်ပနိုင်ငံရှိ သင်္ဘောများတွင် သွားရောက်အလုပ် လုပ်ကိုင်ကြမည့် သင်္ဘောသားများကိုသာ အာမခံ လုပ်ဆောင်ခိုင်းပြီး ယခုအခါ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် နိုင်ငံသား အလုပ်သမားများကိုပါ အသက် အာမခံထားပြီးမှ ပြည်ပထွက်ခွာခွင့် ပြုတော့ကြောင်း သိရသည်။

မကြာသေးမီအချိန်ကလည်း ၎င်း အာမခံဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ပထွက်ခွာ အလုပ်သမားများ အာမခံထားရှိရေးအတွက် အလုပ်သမား ဝန်ကြီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

၎င်း ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ G to G (Government to Government) စနစ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်မည့် လုပ်သားများအား အသက်နှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်း ထိခိုက်မှု အာမခံထားရှိရမှာဖြစ်ပြီး ၎င်း အာမခံထားရှိမှု အာမခံပရီမီယံကြေးအတွက် ကျပ် ၂၅၀၀၀ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

အာမခံထားရှိပြီး ပြည်ပထွက်ခွာသွားသည့် လုပ်သားများ သေဆုံးမှုရှိခဲ့ပါက အာမခံလျော်ကြေးအဖြစ် ကျပ်သိန်း ၅၀ အား ပြည်ပထွက်ခွာ အလုပ်သမားများ ရရှိမည်ဖြစ်ပြီး ကိုယ်ခန္ဓာ တစုံတရာ ထိခိုက်မှုများအတွက် ထိခိုက်ဆုံးရှုံးသွားသည့် အင်္ဂါအစိတ်အပိုင်းပေါ် မူတည်၍ အာမခံငွေ ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးသစ်သစ်လက်ထက်မှ စတင်၍ ပြည်ပတွင် သွားရောက်အလုပ် လုပ်ကိုင်လျက်ရှိသော ပြည်ပထွက်ခွာ အလုပ်သမားများအတွက် စနစ်တကျ ပံ့ပိုးကူညီဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်ရန် ပြည်ပအလုပ် လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်း     ထားခဲ့ကြောင်း သိရသည်။

Ref:မြန်မာပို့စ်(ဂလိုဘယ်)

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ  

နိုင်ငံတော်သမ္မတကြီး၏ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်မှုကို ပြည်သူအများ မျှော်လင့်နေ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတကြီးထံ မေတ္တာရပ်ခံခဲ့သည့်  အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အား အမြန်ဆုံး ထုတ်ပြန်ပေးရန်ကို ပြည်သူအများက မျှော်လင့်နေကြကြောင်း သိရသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စရပ်တွင် အရေးအကြီးဆုံးအချက် ဖြစ်သည့်အတွက် ယင်းအမိန့်ကို အမြန်ဆုံးထုတ်ပြန်ပါက မြန်မာ့ နိုင်ငံရေး၏ စာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်သည်ဟု ယူဆရမည် ဖြစ်ကြောင်း မြန်မာ့အရေး လေ့လာသူတစ်ဦးက သုံးသပ်သည်။

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ပြည်ပရောက် မြန်မာနိုင်ငံသားများကို အရေးယူခြင်းမရှိဘဲ မိခင်နိုင်ငံသို့ ပြန်လာစေရေးစသည့် ကိစ္စရပ်များ ပါဝင်သည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်သည် အစိုးရသစ်၏ နိုင်ငံတကာတွင် တရားဝင်မှု အခြေအနေကို လက်ခံစေနိုင်မည့် အရေးကြီးသော အချက်များ ဖြစ်ကြောင်း ယင်းကဆိုသည်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာက မြင်တာဒီကိစ္စရပ်တွေပဲ၊ တိုင်းရင်းသား လူမျိုးစုကိစ္စတွေကိုတောင် ဒီလောက်မမြင်ဘူး”ဟု ယင်းက ဆက်လက်ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဌာန်းချက်များအရ လွှတ်တော်၏ တင်ပြချက်ကို သမ္မတအနေဖြင့် စဉ်းစားရမည်ဖြစ်ပြီး အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့် ဆက်လက်ထုတ်ပြန်ပေးရေအဆိုသည် လူကြိုက်များသည့် အဆိုဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတကြီးအနေဖြင့် အပြုသဘော ဆောင်ကာ စဉ်းစားမည်ဟု မှတ်ယူထားကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သုံးသပ်ပြသည်။

 “ကျွန်တော်တို့အမြင်ရတော့ ဒီအဆိုအောင်မယ်”ဟု ယင်းက ဆိုသည်။

ယင်းအဆိုအောင်မြင်ပါက လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ခြင်း ရှိ/မရှိကို မည်သူကတာဝန်ခံမည်ဟု ထင်သနည်းဆိုသည့် မေးခွန်းကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကွင်တားနား၏ မြန်မာ နိုင်ငံခရီးစဉ်အတွင်း ပြည်တွင်း နိုင်ငံရေးပါတီများကို မေးမြန်းခဲ့သည်။

ယင်းမေးမြန်းချက်ကို မစ္စတာကွင်တားနားက ပြည်ထောင်စု အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံပြီးနောက် ပြည်တွင်းရှိ နိုင်ငံရေး ပါတီများနှင့်တွေ့ဆုံချိန်တွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့်လည်း နိုင်ငံရေးအကျဉ်းသားများ၊ပြည်ပရောက် မြန်မာနိုင်ငံသားများ နိုင်ငံအတွင်း လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရေးကို လုပ်ဆောင်နေသော်လည်း ဝန်ကြီးဌာနပေါင်းစုံဖြင့် ပူးပေါင်းလုပ်ဆောင်နေရသည့်အတွက် အချိန်ကာလတစ်ခု ကြာမြင့်မည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ပြည်ထဲရေးဝန်ကြီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၀၀ ကျော်ရှိနေပြီး ယင်းအကျဉ်းသားများသည် နိုင်ငံနှင့် ပြည်သူ၏ ကောင်းကျိုးကို ဆောင်ကြည်းနိုင်ရန် မျှော်မှန်းချက်ဖြင့် လုပ်ဆောင်ခဲ့သူများ   ဖြစ်သဖြင့် ယင်းတို့ လွတ်မြောက်လာခြင်းသည်  နိုင်ငံတော် တည်ဆောက်ရေးတွင် အားတစ်ခုအသွင်ဆောင်နိုင်မည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်ပြောကြားသည်။

ပြည်သူများအနေဖြင့် နှစ်ပေါင်းများစွာ ကွဲကွာနေသော မိသားစုဝင်များနှင့် ပြန်လည်ဆုံဆည်းနိုင်ရန်မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန်ပေးမည့် နိုင်ငံတော်သမ္မတကြီး၏ ဆုံးဖြတ်ချက်ပေါ်တွင် မူတည်နေကြောင်း ယင်းလွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

အစိုးရသစ်တက်ပြီးနောက်တွင် အကျဉ်းသားများအတွက် တစ်နှစ်လျော့ခြင်းအပြင် သေဒဏ်ချမှတ်ခံထားရသူများ ကို တစ်သက်တစ်ကျွန်းဒဏ်သို့ ပြောင်းလဲသည့် အမိန့်အား မေလတွင် ထုတ်ပြန်ကြေငြာခဲ့ပြီး ယင်းအမိန့်ကြောင့် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသားပေါင်း ၁၄၆၁၅၀ ကျော်လွတ်မြောက်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားဦးရေမှာ ၅၀ မပြည့်ကြောင်း သိရှိရသည်။

YC(KS)

--------------------------------------------------------------------------------------------------------------------------------

အစိုးရသစ်နှင့် ပူးပေါင်းမှုတွင် ကျရှုံးပါက ဒေါ်အောင်ဆန်းစုကြည်မှ တာဝန်ယူမည်

        အစိုးရသစ်နှင့် ပူးပေါင်းလုပ်ဆောင်မှုများတွင် အစိုးရ ဘက်မှ ပလီပလာ၊ ဟန်ပြနှင့် မရိုးသားမှုများ ပါလာပါက မိမိအနေဖြင့် တာဝန်ယူသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၈ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ရန်ကုန်ခရော်နီကယ်၏ မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့သည်။

“အန်တီ မှားခဲ့ရင်၊ ကျရှုံးခဲ့ရင် အန်တီတာဝန်ယူမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုသည်။

လက်ရှိ တိုင်းပြည်အခြေအနေမှာ ပြဿနာများရှိနေ၍ ဝင်ရောက်ကူညီရမည် ဖြစ်ကြောင်း၊ ယင်းသို့ ဝင်ကူရာ၌လည်း တက်နိုင်သလောက် ကူညီပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတနှင့် နေပြည်တော်တွင် ပထမအကြိမ်တွေဆုံရာ၌ NLDပါတီ တရားဝင် ရပ်တည်ရေး၊ နိုင်ငံရေး အကျဉ်းသားများ ပြန်လွတ်လာပါက ဆူပူမှုများ မဖြစ်ပေါ်စေရန်နှင့် တိုင်းရင်းသားများနှင့် ဖြစ်ပွားနေ သည့် ပဋိပက္ခများကို ဆွေးနွေးခဲ့ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ်ခေါင်းဆောင်များ  တွေ့ဆုံကြပြီးနောက် သိသာထင်ရှားသည့် ပြောင်းလဲတိုးတက်မှုများ ဖြစ်ပေါ်    မလာသေးသဖြင့် အစိုးရသစ်သည် ဒေါ်အောင်ဆန်းစု ကည်ကို အသုံးချနေသလားဟု သုံးသပ်နေကြချိန်တွင် အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်ချက် ပေါ်ပေါက်လာသည်။

“တကယ်ပဲ အသုံးချခံရတယ် ဆိုရင်တောင်မှ တိုင်းပြည်အတွက် အသုံးချခံရတယ်ဆိုရင် မနှစ်မြို့စရာအကြောင်း မရှိပါဘူး။ ယုံကြည်ချက်အတွက် ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှုနှင့်ပတ်သက်၍ နိုင်ငံပိုင် သတင်းစာများက ထုတ်ပြန်ရာတွင် မတူကွဲလွဲချက်များကို ရှောင်ရှားပြီး တူညီချက်များကို တိုင်းပြည်၏ အကျိုးစီးပွားအတွက် လက်တွဲလုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံမှုနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း ပြောကြားခဲ့သည်။

လက်ရှိအစိုးရသစ်က ၂၀၁၄ ခုနှစ် အာဆီယံ ခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အလှည့်ကျ ဥက္ကဋ္ဌရာထူး ရလိုသဖြင့် နိုင်ငံတကာ    ဖိအား လျော့နည်းစေရန် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး လေ့လာသူတချို့က သုံးသပ်ပြောဆို ကြသည်။

 Peace Press

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“သမီးအလုပ်လျှောက်တော့ တစ်လကို အိုတီကြေးတွေနဲ့ ပေါင်းရင် ခြောက်သောင်းလောက် ရမယ်ဆိုပြီး ပြောလို့ ဝင်လိုက်တာ။ လစာထုတ်တော့ တစ်လကို လေးသောင်းလောက်ပဲရတယ်။ သမီးလစာဘယ်လောက်ဆိုတာ မသိဘူး။ အလုပ်ချိန်က မနက် ၈ နာရီကနေ ညနေ ၅နာရီ ဆိုပေမယ့် ညနေ အလုပ်ဆင်း တော့ ၆နာရီခွဲမှ ဆင်းရတာ”

စက်တင်ဘာ ၆ ထုတ် True NEWS အတွဲ (၃) အမှတ် (၅၁) တွင်ပါသည့် “စက်မှုဇုန်အလုပ်သမားများအတွက် လစာ နစ်နာမှုများ ကြုံတွေ့နေရ တိကျသော အခြေခံလစာ သတ်မှတ်ရန်လိုအပ်” သတင်းမှ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံမှလိုင်း ၆ မှအလုပ်သမားတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

“ပညာရှင်တစ်ဦးက ပြောတယ်။ မြန်မာငွေ တန်ဖိုးတက်လာရင် ပို့ကုန်ထိခိုက်ပါတယ်တဲ့။ ယှဉ်ပြိုင်မှုမှာ ထိခိုက်ပါတယ်တဲ့။ နိုင်ငံခြားနဲ့ ယှဉ်ပြိုင်ရောင်းချ နိုင်စွမ်းမှာ ထိခိုက်ပါတယ်လို့ ရေးထားတယ်။ ကျွန်တော် လက်တွေ့ကို ပြောမယ်။ ဒီကနေ့ပြည်ပကို ဘယ်သူနဲ့ ယှဉ်ပြိုင်ပြီး ပို့နိုင်သလဲ။ ပြိုင်စရာမရှိဘူး။ မရှိဘဲနဲ့ အလကား မပြောပါနဲ့။ ကျွန်တော်တို့ရဲ့ unique လို့ခေါ်တဲ့ တုနှိုင်းပြိုင်ဘက်မရှိတဲ့ ပတ္တမြားနဲ့ ကျောက် စိမ်းပို့ကုန်ကို အကြိမ်တစ်ရာခေါ်လုပ် အကြိမ်တရာလာဝယ်မှာပဲ။ ပြိုင်စရာကိုမလိုဘူး။ နောက် ကျွန်းသစ် ဘယ်သူနဲ့ပြိုင်မလဲ။ လာပြိုင်ရဲသလား၊ ငွေလဲနှုန်းကြောင့် ဒီလုပ်ငန်းတွေ လုံးဝ မထိခိုက် ပါဘူး”

စက်တင်ဘာ ၈ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇)၊ အမှတ် (၃၄) တွင်ပါသည့် “ဒေါ်လာဈေးဘယ်လိုသတ်မှတ်မလဲ” သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

ရှဲဒိုးရင်းနှီးမြုပ်နှံမှုသည် လက်ရှိအချိန်ထိ တွေ့ကြုံနေရပြီး အစိုးရသစ်လက်ထက်မှာပင် အဆိုပြုမှု ၁၂ခုလောက် ကြုံတွေ့ခဲ့ရကြောင်း ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြားသည်။ ထိုသို့ ပြုလုပ်ရာတွင် ငွေကြေး အမှန်တကယ်ရင်းနှီးသူက အကြံပေးသူပညာရှင်အမည်ခံကာ လိုင်စင်ခွင့်ပြုချက်များ ရရန် လျှောက်ထားခြင်ဖြစ်သည်။

လက်ရှိအချိန်၌ ရင်းနှီးမြုပ်နှံမှုအတွက် ကော်မရှင်က အဖွဲ့ဝင်များရှေ့တွင် တစ်ကြိမ်တည်း လုပ်ငန်းကို ဖော်ပြ၊ အဖွဲ့ဝင်များကလည်း လုပ်ငန်းနှင့် ပတ်သက်၍ သိချင်တာများကို တစ်ကြိမ်တည်းမေးပြီး အတည်ပြုကာ ဝန်ကြီးအဖွဲ့ကိုတင်ပြီး ပါမစ်ရအောင် စီစဉ်ထားသည်ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

စက်တင်ဘာ ၈ ထုတ် 7DAY NEWS အတွဲ (၁၀) အမှတ် (၂၅) တွင်ပါသည့် “နောက်ကွယ်မှ ရင်းနှီးမြုပ်နှံနေသော ပြည်ပလုပ်ငန်းရှင်များကို ခွင့်ပြုပေးရန် စီစဉ်”သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

“ကျွန်တော်က မြန်မာအင်ဖိုတက်(စ်)ကို တစ်ပတ်နှစ်ကြိမ်၊ သုံးကြိမ်လောက်၊ ပုံမှန်ဝင်ထွက်နေကြပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့ကစပြီး လုံခြုံရေးဂိတ်မှာ   ဧည့်ဝင်ခွင့်ပုံစံကို ဖြည့်ပြီးမှ ဝင်ခွင့်ရတော့မယ်။ လုံခြုံရေးအရာရှိကို မေးကြည့်တော့ အထက်ကအမိန့်အရ လုံခြုံရေးကို ပိုပြီးတင်းကျပ်ရတာ ဖြစ်တယ်လို့ ပြန်ဖြေပါတယ်” ဟု အသက် (၂၆) နှစ်အရွယ် ကိုစိုးမိုးက ပြောကြားသည်။ ရန်ကုန်မြို့၏ အထင်ကရနေရာများ၊ ဘတ်(စ်)ကားမှတ်တိုင်များနှင့် လူစည် ကားရာ နေရာများတွင် လုံခြုံရေးတပ်ဖွဲ့များ ပိုမိုတင်းကျပ်စွာ ချထားကြောင်းနှင့် ကားလမ်းများနှင့် ဘတ်(စ်)ကားမှတ်တိုင်အချို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့များ ယခင်ကထက်ပိုမိုချထားသည်ကို သတိထားတွေ့မိကြောင်း ရန်ကုန်မြို့နေပြည်သူတစ်ဦးကဆိုသည်။

စက်တင်ဘာ ၈ ထုတ် ENVOY အတွဲ (၂) အမှတ် (၂၀) တွင်ပါသည့် “ရန်ကုန်မြို့၏ နေရာအနှံ့အပြားတွင် ရက်ပိုင်းအတွင်း လုံခြုံရေး တိုးမြင့်”သတင်းမှ ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ပြည်သူ့မျှော်လင့်ချက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ သမ္မတရဲ့ အဆုံးအဖြတ်

မောင်းဆက်

လွှတ်တော်အစည်းအဝေးများ ပြန်လည်စတင်လာသည့်အခါမှာ လွတ်လပ်ပွင့်လင်းသည့် ဆွေးနွေးမှုများ ကြားသိတွေ့မြင်လာရသည်။ သည်လို လွတ်လပ်ပွင့်လင်းမှုကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့က စတင်လိုက်သည်ဟု ဆိုရပါမည်။ ယခု ပြည်ထောင်စု လွှတ်တော် စတင်သည်နှင့် ပြောလိုက်သော သမ္မတ ၏ အဖွင့်မိန့်ခွန်းတို့က လွတ်လပ်ပွင့်လင်းသော နိုင်ငံရေးဆွေးနွေးမှုများ ပေါ်ထွက် လာဖို့ တာထွက်သေနတ် ပစ်ဖောက်လိုက်ခြင်း ဖြစ်သည်။

လွှတ်တော်တွင်က ပြောဆိုသံများ

ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောမတူ လက်မခံကြသော နိုင်ငံရေးအင်အားစုများကို တိုင်းပြည် အကျိုးအတွက် ရည်ရွယ် ပြီး ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဟူသော သမ္မတ၏ ကတိကဝတ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် စသည့် လွှတ်တော် သုံးရပ်လုံးကို လှုပ်ရှားသွားစေခဲ့သည်။

ပြည်သူလူထုမှာလည်း မူလက မယုံကြည်ရဲခဲ့သော မျှော်လင့်ချက်တချို့ ပေါ်ပေါက်လာခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များကလည်း      ပြည်သူလူထုဆန္ဒကို အခြေခံသော ဆွေးနွေးချက်များကို တင်ပြဆွေးနွေး လာခဲ့ကြတာ၊ မေးမြန်းစူးစမ်း လာခဲ့ကြတာကို တွေ့ရကြားရသည်။ လွှတ်တော်များ အတွင်းမှ လိုချင်သော အဖြေများချည်း ထွက်လာခဲ့တာ မဟုတ်သော်လည်း ပြည်သူတို့ မေးမြန်းချင်သော မေးခွန်းများ ထွက်လာကြတာ တွေ့ရသည်။ လိုချင်သော ဆုံးဖြတ်ချက်များချည်း ကျလာတာမဟုတ်သော်လည်း ပြည်သူတို့ တင်ချင်သောအဆိုများကို တင်သွင်းလာကြတာ တွေ့ရသည်။

၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲပြတ်နိုင်ခဲ့ပြီး ထိုရလဒ်အရ နှစ်ပေါင်း နှစ်ဆယ်ခန့် ရပ်တည်ခဲ့သော တရားဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၂၀နှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရက တနည်းနည်းဖြင့် အသိအမှတ် ပြုရန် အစီအစဉ် ရှိ၊ မရှိ လိုကြောင်း။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ကင်ဆာရောဂါကု ဓာတ်ကင်စက်ကြီးမှာ ဟောင်းနွမ်းပျက်စီးနေသဖြင့် ကင်ဆာဝေဒနာရှင်များမှာ ရှမ်းပြည်နယ်၊ တောင်ကြီးဆေးရုံ (သို့မဟုတ်) နိုင်ငံခြားသို့ သွားရောက် ဓာတ်ကင်နေရခြင်း၊ ဆင်ခြင်ဖုံးရပ်ကွက်များရှိ လူနာများမှာ ချို့တဲ့ဆင်းရဲသူများသဖြင့်   စရိတ်မျှပေး ကျန်းမာရေးအစီအစဉ်သည် လုံလောက်မှု မရှိခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မည်သို့ဆောင်ရွက်ပေးသွားမည်ကို သိရှိ လိုကြောင်း။

တရားဝင်ဆေးဆိုင်၊ တရားမဝင်ဆေးဆိုင်ငယ်များနှင့် ကွမ်းယာဆိုင်များမှာပင် ဆေးများ၊ ရောင်းချနေသည့်အတွက် ပြည်သူလူထုမှာ ဖြစ်ပေါ်     နိုင်သော ပြဿနာများ အန္တရာယ်များ အလွန်များပြားသဖြင့်၊ ဆေးပညာ ကျွမ်းကျင်သူများ၏ ဆေးညွှန်းဖြင့်သာ ရောင်းချသည့်အစီအစဉ်နှင့် ဆေးများ၏ အရည်အသွေးကို စစ်ဆေးမှု ရှိ၊ မရှိသိလိုကြောင်း။

ရခိုင်ပြည်နယ်မောင်တောခရိုင်ရှိ ပြည်ထောင်စု ဖွားဒေသခံမြန်မာမူဆလင် မဲဆန္ဒရှင်များသည် လွတ်လပ်စွာ ခရီးသွားလာနိုင်ခြင်း မရှိကြပါ ကြောင်း၊ အကန့်အသတ်များရှိသဖြင့် လူမှုစီးပွားရေးဘဝတွင် လွန်စွာခက်ခဲကြောင်း၊ ယင်း အခက်အခဲများကို အစိုးရက မည်သို့ကူညီ ဆောင်ရွက်ပေးနိုင် မည်ကို သိလိုကြောင်း၊ စသည့်မေးခွန်းများကို ကြားရသည်။ နှစ်ငါးဆယ်လောက်အတွင်းမှာ ပြည်သူလူထု စိတ်ဝင်စားသော မေးခွန်းများ အဆိုများကို လွှတ်တော်မှာ ပထမဆုံးအကြိမ် ကြားရခြင်းဖြစ်သည်ဟု ထင်မိသည်။

အကျဉ်းသားများအရေး

ထိုသို့သော လွှတ်တော်တွင် တင်သွင်းသောအဆိုများ၊ မေးမြန်းချက်များ အထဲမှာ ပြည်သူတို့ စိတ်အဝင်စားဆုံး တစ်ခုမှာ ယုံကြည်ချက်ဖြင့် လှုပ်ရှားမှုများ၊ ဒီမိုကရေစီရေး လှုပ်ရှားမှုများ လုပ်ရင်းအကျဉ်းကျနေသူများနှင့် ပြည်ပရောက်နေသူများ အရေးဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်များ ဆက်လက်ထုတ်ပြန်ရန်၊ နိုင်ငံတော်သမ္မတအား ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်း အဆိုတင်သွားလိုက်သည်။ ထိုအဆိုကို ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ် စသည့်တိုင်းနှင့် ပြည်နယ်အသီးသီးက ကိုယ်စားလှယ် ဆယ့်ငါးဦးနှင့် တပ်မတော်သားကိုယ်စားလှယ်နှစ်ဦးတို့က ဝိုင်းဝန်းဆွေးနွေးသွားခဲ့သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက် ဖဆပလခေတ်၊ တော်လှန်ရေး ကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်စသည့် ခေတ်အဆက်ဆက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ဖူးသည့် သာဓကများကို မူတည်၍ လည်းကောင်း၊ ပြည်တွင်း အကျဉ်းထောင်များတွင် ရှိနေသော လှုပ်ရှားသူများ အားလုံးဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်းစသည့် အကြောင်းကြောင်းတို့နှင့်အတူ ပြည်သူများက အလွန်ပင် မျှော်လင့်လျက် ရှိနေကြခြင်းတို့ကြောင့်လည်းကောင်း၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန် ပေးရေးအတွက် နိုင်ငံတော်သမ္မတအား ပြည် သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်း အဆိုများကို ဝိုင်းဝန်းထောက်ခံ ဆွေးနွေးခဲ့ကြသည်။

တပ်မတော်သားများလည်း အကျဉ်းထောင်ထဲမှာရှိနေ

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကလည်း အကျဉ်းကျနေသူများထဲတွင် နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်တပ်မတော်သား အများအပြား ပါရှိနေကြောင်း၊ အဆိုပါ တပ်မတော်သားများ၏ တာဝန်ထမ်းဆောင်ခဲ့သည်များကို ထောက်ထား၍ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များ ဆက်လက်ထုတ်ပြန်နိုင်ရန်၊ နိုင်ငံတော်သမ္မတအား ပြည်သူလွှတ်တော်က မေတ္တာရပ်ခံကြောင်းအဆိုကို ထောက်ခံဆွေးနွေး သွားခဲ့ပါသည်။

ပြည်ထဲရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့၏ တင်ပြချက်များကို ပြည်ထောင်စု ဝန်ကြီးအနေနှင့်လည်းကောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် တစ်ဦးအနေနှင့်လည်းကောင်း အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန်ပေးရေးအတွက် ပြည်သူ့လွှတ်တော်က နိုင်ငံတော်သမ္မတထံ အမြန်ဆုံး တင်ပြပေးပါမည်ဟု ရှင်းလင်ခဲ့တာကို သိရပါသည်။

နိုင်ငံတော်သမ္မတ၏ အဆုံးအဖြတ်ကို စောင့်ကြပြီ

ထို့ကြောင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန်ရေးအတွက် နိုင်ငံတော်သမ္မတ အားအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုမှတစ်ဆင့် ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်း အတည်ပြု ကြေညာခဲ့သည်ဟု သိရသည်။

ဒါတွေ အားလုံးက ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထား၊ ပြည်သူ့လိုအင်တို့ကို ထင်ဟပ်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်၏ ကြိုးစားနေမှုများ ဖြစ်လိမ့်မည်။ ပြည်သူ့လွှတ်တော်က ပြည်သူတို့ လိုလားချက်များကို သမ္မတထံသို့ တင်ပြလိုက်ပြီ။ နောက်ဆုံးဆုံးဖြတ်ရမှာက သမ္မတကြီး ဦးသိန်းစိန် ဖြစ်ပါသည်။

သမ္မတ၏ အဆုံးအဖြတ်ကို မြန်မာပြည်သူပြည်သားများသာမက ကမ္ဘာသူကမ္ဘာသားများကပါ စောင့်မျှော်နေကြခြင်း ဖြစ်ပါသည်။ လူထု၏ လိုအင်ကို သမ္မတက မငြင်းသာပြီဟု ထင်မိပါသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment