Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၁.၉.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. အာဆီယံ ဥက္ကဋ္ဌနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် အသံကို အာဆီယံ နားထောင်မည်

(Kompas မှ 20 September 2011 ရက်စွဲပါ Jimmy Hitipeuw ရေးသားသော Indonesia : ASEAN to listen to Suu Kyi as Myanmar seeks chair ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြင့်တက်

(CFR မှ 19 Sept 2011 ရက်စွဲပါ “Foreign Investment on the Rise in Burma” ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာပြည်အသစ်အတွက် မျှော်လင့်နေဆဲ

(20 September 2011 ရက်စွဲပါ Bangkok Post မှ ခေါင်းကြီးပိုင်းဖြစ်သော still hoping for a new Burma ကို ဘာသာ ပြန်ဆိုသည်)

  1. အသက်ဝင်ရန် ရုန်းကန်နေရသည့် မြန်မာတို့၏ ဟိုဝေးဝေးတောထဲက မြို့တော်

(AFP News မှ 20 Sept 2011 ရက်စွဲပါ “Myanmar’s Jungle Capital Stirs to Life” ကို ဘာသာ ပြန်ဆိုသည်)

***************************************************************************************************************************

အာဆီယံ ဥက္ကဋ္ဌနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် အသံကို အာဆီယံ နားထောင်မည်

(Kompas မှ 20 September 2011 ရက်စွဲပါ Jimmy Hitipeuw ရေးသားသော Indonesia : ASEAN to listen to Suu Kyi as Myanmar seeks chair ကို ဘာသာ ပြန်ဆိုသည်)

                ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌနေရာအတွက် မြန်မာနိုင်ငံအား ဖိတ်ခေါ်ခြင်းပြုမပြုဆိုသည်မှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် အရပ်ဖက်အဖွဲ့အစည်းများ (Civil Society) ၏ အမြင်က လွှမ်းမိုးလိမ့်မည် ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက် သည်။

                နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က AP သို့ပြောကြားရာတွင် ၎င်းသည် အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ သွားရောက်၍ အာဆီယံ အနေဖြင့် မြန်မာနိုင်ငံသည် လမ်းကြောင်းပေါ်တွင် ရှိနေခြင်း ရှိမရှိ အကဲဖြတ်မည်ဟု ဆိုသည်။

                မြန်မာနိုင်ငံသည် လက်ရှိအင်ဒိုနီးရှား တာဝန်ယူနေသော အဖွဲ့ဝင် (၁ဝ) နိုင်ငံ ပါဝင်သော အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌနေရာအား တာဝန် ယူရန် အလွန်အမင်းစိတ်အားထက်သန်နေကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့် ပြောင်းလဲမှုများ မြန်မြန်ဆန်ဆန် ပြုလုပ်ရန်  အရေးကြီးသော အခွင့် အရေးဖြစ်ကြောင်း ၎င်းက ဖော်ပြခဲ့သည်။

                “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံတင်မကပါဘူး၊ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အသံကိုပါ နားထောင်ဖို့ ကျွန်တော် ဆန္ဒပြင်းပြနေပါတယ်” ဟု Natalegawa က ပြောသည်။

*************************************************************************

မြန်မာတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြင့်တက်

(CFR မှ 19 Sept 2011 ရက်စွဲပါ “Foreign Investment on the Rise in Burma” ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) တွင် ဒေါ်လာ ၂၀ ဘီလီယံ ရရှိခဲ့ကြောင်း The Diplomat မဂ္ဂဇင်းတွင်ပါရှိသော အစီရင်ခံချက်တစ်ရပ်က ဆိုသည်။ အဆိုပါ ပမာဏသည် လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုတာကာလအတွင်းရရှိခဲ့သော စုစုပေါင်း FDI တန်ဖိုးများထက်ပင်ပိုမိုသည်။

သို့သော် မြန်မာနိုင်ငံနှင့်ပတ်သက်လျှင် အမြဲတစေ သံသယဖြင့်သာ စောင့်ကြည့်ခြင်းခံခဲ့ရသည်ဖြစ်ရာ ယင်းကိန်းဂဏန်းများ အပြောင်းအလဲ မဖြစ်နိုင်ဟု မည်သူမျှ တပ်အပ် ပြောနိုင်မည်မဟုတ်ကြောင်း Council on Foreign Relation(CFR) က ရေးသားဖော်ပြသည်။ "ယခုထွက်ပေါ်လာသည့် ကိန်းဂဏန်းများသည် ခွင့်ပြုချက်ရထားသော ရင်းနှီးမြှုပ်နှံမှုများ အတွက်ဖြစ်ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ လက်တွေ့အကောင်အထည်ဖော်ခြင်း မရှိ သေးပေ။ တည်ငြိမ်မှု မရှိသော စီးပွားရေးအနေအထား၊ နိုင်ငံရေးအခြေအနေ သို့မဟုတ် အခြားသောအကြောင်းအရင်းများကြောင့် အပြောင်းအလဲ ရှိနိုင် သည်" ဟု CFR က ဆိုသည်။

သို့သော် မြန်မာနိုင်ငံရရှိလိုက်သည့် FDI တန်ဖိုးသည် အရှေ့တောင်အာရှဒေသမှ ဗီယက်နမ်ကဲ့သို့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ အလားအလာအကောင်းဆုံးနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာကြီးမားသည်ကို တွေ့ရသည်။ သမိုင်းကြောင်းကို နှိုင်းယှဉ်ကြည့်ပါက မြန်မာနိုင်ငံသည် အခြားသော ဒေသတွင်းနိုင်ငံများထက် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အထီးကျန်ဆန်ခဲ့ပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကိုလည်း ကာလ ကြာရှည်စွာ ခံခဲ့ရသည်ကို တွေ့နိုင်သည်။

The Diplomats မဂ္ဂဇင်း၏ မှတ်ချက်အရ မြန်မာနိုင်ငံရရှိလိုက်သော ရင်းနှီးမြှုပ်နှံမှုသစ်များသည် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဆည်တမံကြီးများ နှင့် အခြားသော အရင်းအမြစ်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ဖြစ်သည်။ သို့အတွက်ကြောင့် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် အဆိုပါရင်းနှီးမြှုပ်နှံမှုများမှ ရရှိမည့် အမြတ်အစွန်းများ ရရှိနိုင်ခြင်း ရှိ၊မရှိ ဟူသောအချက်မှာ စိတ်ဝင်စားစရာကောင်းကြောင်း၊ အတိတ်ကာလတွင်ရရှိခဲ့သည့် သဘာဝသယံဇာတ များ ရှာဖွေရေး အခန်းကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှုများကို အစိုးရအနေဖြင့် အသာတကြည်ပင် ကဲ့ဝှက်ရယူခဲ့ကြောင်း ယင်းမဂ္ဂဇင်းက ဆိုသည်။ အတိတ် ကာလတွင် ရှိခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံရေး စီမံကိန်းကြီးများကြောင့် အဓမ္မ လုပ်သားစေခိုင်မှုများ၊ မြေယာ မတရားသိမ်းပိုက်ခံရမှုများနှင့် အခြားသော ရာဇဝတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သော အဖွဲ့အစည်းများက စွပ်စွဲပြောဆိုထားသည်။

မြန်မာအစိုးရသည် အနောက်၏ ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ခဲ့ရသည့်တိုင် အိမ်နီးချင်းအာဆီယံနှင့် အာရှနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများရရှိ အောင် ဆွဲဆောင်နိုင်သည့် အရည်အချင်း မိမိတို့တွင်အပြည့်အဝရှိကြောင်း၊ အဆိုပါ ပိတ်ဆို့အရေးယူမှုများသည် ထိုင်း၊ အိန္ဒိယ၊ စင်ကာပူ သို့မဟုတ် တရုတ်နိုင်ငံတို့ အပေါ် သက်ရောက်မှုမရှိကြောင်း ထုတ်ဖော် ပြသလျက် ရှိသည်။ အမေရိကန်ပြည်ထောင်စု၏ အခန်းကဏ္ဍသည် မြန်မာနိုင်ငံတွင်း အထိုက်အလျောက် အရေးပါသည့် နေရာတွင်ရှိပြီး ပိတ်ဆို့အရေးယူမှုများက အရေးကြီးသည့် ဦးတည်ချက်များကို ပုံဖော်ပေးနိုင်ဖွယ်ရှိသည်ဟု ဆိုနိုင် သည့်တိုင် အကန့်အသတ်များစွာရှိနေသည်ကို သတိချပ်သင့်ကြောင်း၊ အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ မပါဝင်သည့်တိုင် မြန်မာအစိုးရအနေဖြင့် ဆက်လက် ရှင်သန်ရပ်တည်နိုင်မည်သာ ဖြစ်ကြောင်း CFR က ဆိုသည်။

******************************************************************************

မြန်မာပြည်အသစ်အတွက် မျှော်လင့်နေဆဲ

(20 September 2011 ရက်စွဲပါ Bangkok Post မှ ခေါင်းကြီးပိုင်းဖြစ်သော still hoping for a new Burma ကို ဘာသာ ပြန်ဆိုသည်)

                အာရှ၏ ဒီမိုကရေစီ စံပြုပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အနာဂတ်နှင့် ပတ်သက်၍ အကောင်း မြင်သည် ဆိုခြင်းသည် အားတက်ဖွယ်ဖြစ်သည်။ သို့သော် တိုင်းသူပြည်သားများ အနေဖြင့် တကယ့် လွတ်လပ်ခြင်းများ ရရှိရန် အဝေးကြီးလိုသေးကြောင်း အနောက်နိုင်ငံ သတင်းထောက်တစ်ဦးနှင့် တွေ့ဆုံရာတွင် သူမက ပြောပြခဲ့သည်။

                ဒေါ်အောင်ဆန်းစုကြည်သည် ကာလရှည်ကြာ နေအိမ်အကျယ်ချုပ်မှ လွတ်ပြီးနောက် အမှန်တကယ် လွတ်လပ်သွားပြီဟု ယုံကြည်ရသည်။ သူမ၏ ကြေညာချက်များနှင့် ပြောစကားများတွင် သူမသည် လက်ရှိတွင် အကောင်းမြင် လမ်းကြောင်းပေါ်၌ ရှိနေကြောင်း ပြဆိုနေသည်။

                မြန်မာနိုင်ငံတွင် နှစ်ပေါင်းငါးဆယ်ခန့်စစ်အာဏာရှင်စနစ် ရှိနေခဲ့သည်။ တစ်စုံတစ်ဦးအနေဖြင့် တကယ့် ပြုပြင်ပြောင်းလဲရေး အတွက် အစပြု သည့် အနေဖြင့် ပြည်သူများအလိုကျ ပြုံးပြနေသည်ကို မှားယွင်း အကဲဖြတ်မှုများ မဖြစ်စေလိုပေ။ အခြားနည်းလမ်းများ အသုံးပြုရမည့်အစား စစ်တပ်က တာဝန်ယူလာမည်အရေး ရှိနေသည်။

                ၁၉၆၂ ခုနှစ်တွင် မြန်မာနိုင်ငံအား စစ်တပ်မှ လုံးဝ ချုပ်ကိုင်ခဲ့သည်။ ထိုစဉ်က တိုင်းပြည်သည် အရှေ့တောင် အာရှတွင် အားလုံးထက် သာ သည်။ လွတ်လပ်ရေးရပြီးခြင်း၊ လွတ်လပ်ပြီး စီးပွားရေးအရ ဖွံ့ဖြိုးမှုရှိနေခြင်းထို့ကြောင့် နှစ်ဆယ်ရာစု နှောင်းပိုင်းတွင် ဒေသတွင်း၌ မြန်မာနိုင်ငံက ဦးဆောင်လိမ့်မည်ဟု ရှင်းလင်းစွာ တွေ့နေရသည်။ သို့သော် ဖြစ်မလာပါ။ အလုပ်အကြောင်း နားမလည်သော အကျင့်ပျက်ခြစားသည့် ဗိုလ်ချုပ်များ ပါဝင်သော အစိုးရသည် တိုင်းပြည်ကို ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ခဲ့ကြသည်။ စစ်တပ်သည် စီးပွားရေးကို လုယူချုပ်ကိုင်ခဲ့ပြီး၊ စစ်အရာရှိများနှင့် အခွင့်ထူးခံများကို အဆင့်တိုင်းတွင် ထည့်သွင်းခဲ့သည်။

                သို့သော် ယူနီဖောင်းဝတ်များက အစပိုင်းတွင် ၄င်းတို့သည် ဆိုရှယ်လစ်စနစ်ကို လုပ်ဆောင်နေကြကြောင်း ရှင်းလင်းခဲ့ကြသည်။ တဖြည်း ဖြည်း ရှင်းလင်းလာသည့်အချက်မှာ လူမှုစီးပွားအကျိုးအမြတ်များအားလုံးသည် စစ်တပ်နှင့် ၄င်းတို့သစ္စာခံသူ မိတ်ဆွေများအတွက်သာ ဖြစ်သည်ဟူ သော အချက်ဖြစ်သည်။ ပုံနှိပ်ထုတ်ဝေခွင့်၊ လူထုစုဝေးခွင့်၊ ဆက်သွယ်ရေး၊ ဆန့်ကျင်ရေး၊ စုပေါင်းတင်ပြခွင့်နှင့် အခြားလွတ်လပ်ခွင့်များ ဖယ်ရှားခံခဲ့ရ သည်။ ယနေ့တိုင် မြန်မာ အနည်းငယ်ခန့်ကသာ တယ်လီဖုန်း၊ သတင်းထုတ်လွှင့်မှု၊ သတင်းစာ(သို့) အင်တာနက်တို့ကို ခွင့်ပြုထားသည်။ အင်တာ နက်တို့ကို ခွင့်ပြုထားသည်။ အင်တာနက် ဆက်သွယ်မှုများကိုလည်း အနီးကပ်စောင့်ကြည့်နေပြီး၊ မငြိမ်မသက် ဖြစ်သည့် လက္ခဏာများ ပေါ်ပေါက်လာ ပါက အစိုးရဆက်သွယ်ရေးစနစ်များကို ပိတ်ပစ်သည်။

                ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈ဝ ခုနှစ်များကာလ အလယ်ခန့်တွင် ပေါ်လာခဲ့ပြီး စစ်တပ်၏ အကျင့်ပျက် ခြစားမှုများကို အသံပြု ဆန့်ကျင် ခဲ့သည်။ ပြည်သူများအပေါ် သွေးထွက်သံယို နှိပ်စက်သော ကိစ္စအားပုံမှန်ပြုလုပ်နေသော စစ်တပ်၏ လုပ်ဆောင်မှုများကို ရဲရင့်သော အမျိုးသမီးတစ်ဦးမှ တားဆီးနေခဲ့သည်။ သူမသည် အစိုးရ၏ ဇတ်လမ်းဆင် လုပ်ကြံသော ဇတ်လမ်းများဖြင့် တရားရုံးတွင် အမှုရင်ဆိုင်ရသည်အထိ ခံစားခဲ့ရသည်။ သူမ သည် နိုင်ငံရေးလောကသို့ ဝင်ရောက်ပြီးကတည်းက သူမ၏ ဘဝအချိန်အတော်များများမှာ နေအိမ်အကျယ်ချုပ်ဖြင့်ကုန်ဆုံးခဲ့ရပြီး၊ တစ်ခါတရံ စွဲချက် တင်ခြင်း မရှိဘဲ ထိန်းသိမ်းခံခဲ့ရသည်များပင် ရှိသည်။

                ပြီးခဲ့သည့်လက သူမအား သမ္မတသစ် ဦးသိန်းစိန်နှင့် တွေ့ဆုံရန် ခေါ်ဆောင်သွားခဲ့ကြသည်။ အကောင်းမြင် ဝါဒီများက သူမ၏ ယုံကြည်မှုဖြစ် သော ပြီးခဲ့သည့်ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံအသစ်နှင့် စစ်တပ် မျိုးဆက်သစ်များသည် မြန်မာနိုင်ငံပြင်းထန်သော ဖိနှိုပ်မှုအောက်မှ လွတ်မြောက်ရန် အခွင့် အလမ်းဟု မြင်သည် ဆိုသည်ကို သဘောကျကြသည်။ စစ်တပ်၏ ဖိနှိပ်မှု ပြင်းထန်လွန်းခြင်းကြောင့် ဗြိတိသျှ ကိုလိုနီကပင် ပျော့ပြောင်းသလို ဖြစ်ခဲ့ရ သည်။

                ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် သူမနှင့်ဦးသိန်းစိန်သည် အနာဂတ်ရည်မှန်းချက် အချို့ကို အမြင်ချင်း တူသည်ဟု ထင်ကြောင်း ဆိုခဲ့သည်။ မည်သည့်အချက်များ တူကြောင်း ပြောကြားခဲ့ခြင်းမရှိပါ။ သို့သော် မြန်မာနိုင်ငံတွင် အာရပ်ကမ္ဘာနွေဦး တော်လှန်ရေးကဲ့သို့ ကြမ်းတမ်းသော တော်လှန်ရေးမျိုးကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

                လုံးဝ မသဲကွဲသေးသော အချက်မှာ မြန်မာနိုင်ငံသည် ၄င်း၏ အမှောင်ဆုံးအချိန်များမှ တောက်ပသော နေ့ရက်များဆီသို့ မည်သို့ ရုန်းထွက် လာမည်နည်း ဆိုသည့် အချက်ဖြစ်သည်။ အစိုးရသစ်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ လေးစားမှုမှာ အားတက်စရာပင် ဖြစ်သည်။ သို့သော်မြန်မာ ဒီမိုကရက်များသည် ရှေ့ဆက်ရန် စိတ်အား ထက်သန်ခြင်း သို့မဟုတ် အသင့်ရှိနေခြင်း၊ တိုင်းပြည်ကို ချုပ်ကိုင်ထားသော ယူနီဖောင်းဝတ်များအား ဆန့်ကျင်လျက် လက်ရှိ အဖြေမထွက်သော အခြေအနေကို စိန်ခေါ်မည့် လက္ခဏာများ မတွေ့ရသေးပေ။

                ရဲထောက်လှမ်းရေးများသည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီဋ္ဌာနချုပ် ရှေ့တွင် တပ်စွဲထားပြီး၊ လာသမျှ လူကို ဓါတ်ပုံရိုက်နေဆဲ ဖြစ် သည်။

                မြန်မာနိုင်ငံမှာ အထက်ပါရဲများစောင့်သည့် တိုင်းပြည်အခြေအနေ (Police State) မှ ရှေ့မဆက်နိုင်သေးပါ။ ယခုတိုင် မရှင်းလင်းသေးသည့် အချက်မှာ တိုင်းပြည်သည် ဖိနှိပ်သောအစိုးရလက်အောက်မှ မည်သို့ ရုံးထွက်နိုင်မည်နည်း ဆိုသည်ပင် ဖြစ်သည်။

***************************************************************************

အသက်ဝင်ရန် ရုန်းကန်နေရသည့် မြန်မာတို့၏ ဟိုဝေးဝေးတောထဲက မြို့တော်

(AFP News မှ 20 Sept 2011 ရက်စွဲပါ “Myanmar’s Jungle Capital Stirs to Life” ကို ဘာသာ ပြန်ဆိုသည်)

အပူပိုင်းဇုန် နေပြည်တော် ဖုန်းဆိုးမြေပေါ်မှ ထိုးထွက်နေသော ဆောက်လုပ်ရေးသုံး ဝန်ချီစက် ကရိန်းတာဝါများ တည်ရှိရာ ဘောလုံးကွင်းသစ် ၂ ခုသည် မြန်မာတို့၏ အဝေးမြို့တော် နေပြည်တော်ကို အသွင်ပြောင်းလဲပေးနေသော အဆောက်အဦးများ တိုးပွားလာမှု တစ်ခုပင် ဖြစ်သည်။

၂ဝဝ၅ ခုနှစ်က နေပြည်တော်၏ လမ်းမကျယ်ကြီးများပေါ်တွင် လူသူကင်းမဲ့နေချိန်၊ စာသင်ကျောင်းမရှိ၊ ဆေးခန်း နတ္ထိ၊ ကုန်ခြောက်ဆိုင်ပင် မရှိချိန်၌ တပ်မတော်အစိုးရသည် ယင်းနေရာသစ်ကို ရန်ကုန်မြို့တော်မှ အစိုးရရုံးများ ရုတ်တရက် ရွှေ့ပြောင်းအခြေစိုက်လိုက်ခြင်းဖြင့် တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့သည်။

ယခုအခါ သာမန်ပြည်သူတို့အပေါ် ချုပ်ချယ်မှုအချို့ ဖယ်ရှားပေးလိုက်သည့် နာမည်ခံအရပ်ဖက်အစိုးရသစ်သည် ၂ဝ၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် စီးဝင်ရောက်ရှိလာကြမည့် ခရီးသွားဧည့်သည်များအား ယင်းတို့၏ လျှင်မြန်စွာ ဖွံ့ဖြိုးနေသော “မင်းတို့ စံရာ မြို့တော်” ကို ပြသ ရန် ပြင်ဆင်လျက် ရှိသည်။

သာမန်ပြေးခုန်ပစ်အားကစားရုံ၏ ၂ ဆခန့် ရှိမည့် လူသုံးသောင်းဆန့် ဘောလုံးအားကစားကွင်း ဆောက်လုပ်ရေး လုပ်ငန်းစဉ်ကို ပြသနေသော စီမံကိန်းဒါရိုက်တာ ဦးခင်မောင်ကြွယ်က “အရင်ကတော့ ဒီနေရာဟာ ချုံဖုတ်တွေ၊ တောတွေပေါ့” ဟု ပြောကြားသည်။

ဆောက်လုပ်ရေးစီမံကိန်းအတွက် လုပ်သားတပ်ဖွဲ့ ၂ဝဝဝ ကျော်ထဲတွင် ပါဝင်သော ကျပန်းအလုပ်သမားများမှာ အပူပိုင်းဇုန်၏ မုတ်သုံမိုးရာသီ အတွင်း သက်ကယ်မိုး ဝါးထရံကာတဲများတွင် နေထိုင်ကြရသည့်အလျောက် ဦးခင်မောင်ကြွယ်က “ဒီတည်ဆောက်ရေးလုပ်ငန်းအတွက် လေထဲမိုးထဲမှာ ကျွန်တော်တို့ တော်တော်လေး အခက်အခဲ တွေ့ခဲ့ရပါတယ်” ဟု ဆိုသည်။

မာဘယ်ကျောက်ပြားခင်း စင်္ကြံလမ်းများ၊ လေအေးစက်ခန်းမများဖြင့် လွှတ်တော်အမတ်များ စုဝေးရာ လွှတ်တော်သစ်သို့ ဆယ်လမ်းသွား အသွားအပြန် လမ်းမကြီး အပါအဝင် မော်တော်ကားလမ်းများ အလွန်ကျယ်သော နေပြည်တော်သည် မြန်မာနိုင်ငံ၏ အဓိကမြို့တော်စစ် ဖြစ်သော ရန်ကုန်လမ်းများပေါ်မှ ကျင်းပေါက်ကြီးများနှင့် များစွာ ကွာခြားနေသည်။

သဘာဝဓာတ်ငွေ့ရောင်းချမှုမှ ဝင်ငွေများစွာ ရနေသည်ဟု ဆိုသော်လည်း ဆင်းရဲနွမ်းပါးနေဆဲ ဖြစ်သော ကျန်တစ်နိုင်ငံလုံးကို ဒုက္ခပေးနေ သော လျှပ်စစ်မီးအမှောင်ကျမှုမျိုးမှာ ဗိုလ်ချုပ်တို့စံပျော်ရာ နေပြည်တော်တွင်မူ မခံစားရသလောက်ဖြစ်သည်။ နေပြည်တော်၏ ဟိုတယ်ဇုန်တွင်မူ ဆောက်လုပ်ရေးလုပ်ငန်းများ အထူထပ်ဆုံးဖြစ်ပြီး လမ်းမကြီးများဘေးနှင့် ဝန်ကြီးရုံးများ အပြင်ဖက်ရှိ မြက်ခင်းများကို အလုပ်သမားများက ညီညာ အောင် ဖြတ်တောက်လျက် ရှိကြသည်။

အစိုးရဝန်ထမ်းများနှင့် ယင်းတို့၏ မိသားစုများက အများစုဖြစ်နေသော မြို့တော်နေ ပြည်သူများအတွက် ဖရဲသီးမှစ၍ မှန်ပြားရုပ်သံစက်အဆုံး “လိုချင်တာမရ” မဖြစ်ရအောင် ဆူပါမားကတ်များက ဖြည့်ဆည်းပေးထားသော်လည်း မိသားစုဝင် အများစုက ရန်ကုန်မြို့တော်၌သာ နေထိုင်ရန် ရွေးချယ် ကြပုံ ရနေသည်။

ယခင်က ဖုန်းဆိုးမြေ ဖြစ်ခဲ့သောနေရာတွင် ယခုအခါ များစွာသော ဂေါက်ကွင်းများ၊ ရန်ကုန်၏ ပြယုဂ် ရွှေတိဂုံ ပုံစံတူ စေတီတော်၊ ရုပ်ရှင်ရုံ၊ မြို့တော်ခန်းမ၊ ကျောက်မျက်ပြခန်း၊ အစိုးရဝန်ထမ်းအိမ်ရာများ ဖြစ်ပေါ်လာခဲ့သည်။ ထို့အပြင် နေပြည်တော်တွင် ဆာဖာရီဥယျာဉ်နှင့်အတူ လေအေး စက်တပ် ပင်ဂွင်းငှက်နေအိမ် ပါဝင်သော တိရစ္ဆာန်ရုံတို့ပင် ရှိနေပြီဖြစ်သည်။ အာဖရိကမှ ရှားပါးတိရစ္ဆာန် ၁ဝ မျိုး၊ ကောင်ရေ ၅၈ ကောင်ကို စင်းလုံးငှား ဘိုးရင်းလေယာဉ်ဖြင့် သယ်ဆောင်လာခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက မကြာသေးမီကသတင်းထုတ်ပြန်ထားသည်။ နေပြည်တော်လေဆိပ်ကိုလည်း နှစ်စဉ်သန်းနှင့်ချီသော ခရီးစဉ်များ လက်ခံ ကိုင်တွယ်နိုင်စေရန် အကြီးစား တိုးချဲ့မှုပြုလုပ်လျက် ရှိသည်။

“ကျွန်တော်တို့ရောက်နေတဲ့ အခေါက်တိုင်းမှာ အသစ်တစ်ခုခုကို တွေ့ရပါတယ်” ဟု ရန်ကုန်အခြေစိုက် အနောက်နိုင်ငံသံတမန်တစ်ဦးက ပြော သည်။ အကြီးအကျယ်လျှို့ဝှက်တည်ဆောက်ခဲ့ပြီး ယခုတိုင်မပြီးစီးသေးသည့် မြို့တော်သို့ ၂ဝဝ၅ ခုနှစ်တွင် အစိုးရဝန်ထမ်းများအား အချိန် ၄၈ နာရီပြည့် အောင်ပင် အချိန်မပေးဘဲ ရုတ်တရက် ရွှေ့ပြောင်းကြရန် အမိန့်ပေးခဲ့ပြီး ငြင်းပယ်ပါက ဖမ်းဆီးထောင်ချမည်ဟု ခြိမ်းခြောက်မှုများရှိခဲ့သည်ဟု ကြားသိရ သည်။

ယင်းကဲ့သို့ ပြောင်းရွှေ့ရန် မသေချာသေးမီ အချိန်ကပင် ယင်းနေပြည်တော်သည် ဗေဒင်ဆရာများ၏ အကြံဉာဏ်၊ နိုင်ငံခြားတပ်များ ဝင်ရောက် နိုင်မှုအပေါ် ကြောက်ရွံ့မှုနှင့် ရှေးခေတ်က နန်းစိုက်ရာမြို့တော်ကို စိတ်ရူးပေါက်တိုင်း ပြောင်းတတ်သည့် မြန်မာရှင်ဘုရင်များကို အားကျအတုယူသည့် အာဏာရှင် ဦးသန်းရွှေ၏ ဆန္ဒတို့ အပေါ်တွင် အခြေခံဖွယ်ရှိသည်ဟု သံတမန်များက မှန်းဆခဲ့ကြသည်။

၂ဝဝ၆ ခုနှစ်က နေပြည်တော်သို့ ရောက်ခဲ့သော အမေရိကန်သံတမန်တစ်ဦးက “အဆောက်အဦး ကျိုးတိုးကျဲတဲနဲ့ လူသူမရှိတဲ့ မြက်ခင်းပန်းခြံ တစ်ခုနဲ့တော့ တူနေပါတယ်။ အထင်ကြီးစရာကောင်းတဲ့ စီမံကိန်းတော့မဟုတ်ပါဘူး” ဟု ပြောကြားခဲ့ခြင်းကို Wikileaks က ထုတ်ပြန်သည့် သံတမန် ကေဘယ် တွင် တွေ့ကြရသည်။

ဆိုးဝါးသော လုပ်ငန်းခွင် အနေအထား၊ လုပ်ခလစာ နည်းပါးမှု၊ ငှက်ဖျားရောဂါ ခြိမ်းခြောက်မှုတို့ကြောင့် အခြေခံ အဆောက်အဦးစီမံကိန်းများ အတွက် ဒေသခံ ရွာသားများကို အဓမ္မ ရွှေ့ပြောင်းသည့် သတင်းများလည်း ကြားသိနေရသည်ဟု အဆိုပါ သံတမန်ကေဘယ်တွင် ရေးသားထားသည်။ သို့သော်လည်း နိုင်ငံတွင်း အခြားဒေသများနှင့် မတူသည့်အချက်မှာ မြို့တော်သစ် ဆောက်လုပ်သည့် လုပ်ငန်းခွင်တွင် အဓမ္မအခိုင်းခံလုပ်သားများ ရှိကြောင်း စွပ်စွဲမှုများ မရှိခြင်းပင်ဖြစ်သည်ဟု ရန်ကုန်မှ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO ဆက်ဆံရေးအရာရှိ စတိမာရှယ်(Steve Marshall) က ဆိုသည်။

“ကလေးသူငယ်လုပ်သား အသုံးပြုမှုရှိတယ်လို့ တချို့က ညွှန်ပြကြပေမဲ့လည်း ‘အလုပ်ခွင်စဝင်ဖို့ ငယ်လွန်းသေးတယ်’ ဆိုတဲ့ ကိစ္စမျိုးဟာ မြန်မာ နိုင်ငံမှာတော့ နေရာမရွေး တွေ့ရတဲ့အထိ များနေတယ်လေ” ဟု သူက ဆိုသည်။

ယခုအချိန်တွင် လွှတ်တော်အဆောက်အအုံ၊ စစ်ဖက်အဆောက်အဦးများ၊ ထိပ်တန်းအာဏာပိုင်များ နေထိုင်ရာ နေရာများအပါအဝင် မြို့တော် ၏ နေရာအတော်များများကို ပြည်သူလူထု မဝင်နိုင်အောင် တားမြစ်ထားဆဲဖြစ်ပြီး လုံခြုံရေး စစ်ဆေးရေးဂိတ်များဖြင့် စောင့်ကြပ်လျက် ရှိသည်။ ယခင်က စစ်ဖက်အာဏာရှင်များ အုပ်ချုပ်ခဲ့သော နိုင်ငံတွင် ယခုအခါ နာမည်ခံအရပ်ဖက်အစိုးရသစ် တက်လာပြီ ဖြစ်သော်လည်း သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရ အဖွဲ့ဝင်ရာထူးများတွင် ယခင်ဗိုလ်ချုပ်ဟောင်းများဖြင့်သာ ဖြည့်တင်းထားသည်ကို တွေ့ရသည်။

နေပြည်တော်သို့ လာရောက်မည့် ဧည့်သည်များအနေဖြင့် မြို့တော်နေ တရားဝင်လူဦးရေ တစ်သန်းခန့်ကို လမ်းများပေါ်တွင် တွေ့နိုင်မည် မဟုတ်သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ ပုံမှန်ပါဝင်စီးမျောနေသည့် မော်တော်ကားများ၊ ဆိုင်ကယ်များကြောင့် လုံးဝလူသူ ကင်းမဲ့ သော အဆင့်သို့ ရောက်မသွားသေးပေ။

အရှေ့တောင်အာရှ အားကစားပွဲအတွက် တရုတ်တို့ ပုံစံထုတ်ပေးထားသည့် အဆောက်အဦးများတွင် သုံးစွဲမည့် သံနှင့်သံမဏိများကို တရုတ်မှ ရန်ကုန်သို့ သင်္ဘောဖြင့်ပို့ကာ ထိုမှတစ်ဆင့် မိုင် ၂ဝဝ ဝေးသော အဝေးမြို့တော်သို့ ကားလမ်းမှ သယ်ယူရခြင်းဖြစ်သည်။

“ဒီဘောလုံးကွင်းတွေကို လာမယ့်နှစ်မှာ အပြီးသတ်ဖို့ သတ်မှတ် လုပ်ဆောင်နေပါတယ်” ဟု အစိုးရရောင်းရင်း ဦးဇော်ဇော်က ပြောကြားလိုက် သည်။ ယင်းသည် အားကစားရွာ အဆောက်အဦးသစ်များစွာကို ဆောက်လုပ်ခွင့် ရထားသူ ဖြစ်ပြီး ၎င်း၏ မက်စ်မြန်မာ Max Myanmar အုပ်စုသည် အမေရိကန်ပြည်ထောင်စု၏ အရေးယူမှုကို ခံထားရသော ကုမ္ပဏီတစ်ခုဖြစ်သည်။

အထက်ပါ အားကစားရွာတွင် ရေကူးကန်၊ တင်းနစ်ကွင်းများနှင့် ဘက်စကတ်ဘော၊ ဘော်လီဘော၊ စားပွဲတင် တင်းနစ်၊ ကြက်တောင်ပြိုင်ပွဲများ အတွက် လူ တစ်သောင်းနှစ်ထောင်ဆန့် မိုးလုံလေလုံ အားကစားရုံကိုလည်း ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်ဟု ဆိုသည်။

သို့သော်လည်း မင်းတို့ပျော်စံရာ မြို့တော်သည် အသက်ဝင် ရှင်သန်ရန် အလွန်ပင် နှေးကွေးနေပြီး ယင်းနေရာသို့ ပြောင်းရွှေ့ ရုံးစိုက်ရန် အစိုးရ ၏ ကမ်းလှမ်းမှုကို လက်ခံမည့် နိုင်ငံခြားသံရုံး တစ်ခုတစ်လေမှလည်း မရှိသေးပေ။

“အချိန်တိုတိုအတွင်း ပြောင်းဖြစ်မယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး၊ ပြဿနာက ဘယ်သူ အရင်ဆုံး သွားမလဲ ဆိုတဲ့ကိစ္စပါ။ ခင်ဗျား အနေ နဲ့ လုံးဝကို အထီးကျန်တဲ့ဘဝ ရောက်သွားနိုင်ပါတယ်” ဟု သံတမန်တစ်ဦးက မှတ်ချက်ပေး ပြောကြားလိုက်သည်။

************************************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment