Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၆.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. သင့်ဘဝ ဦးတင်မောင်သန်း မြန်မာပြည် ပြန်လာ
  2. ၂၂ထပ်ရှိ အထပ်မြင့် အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ခွင့်ပြု
  3. တန်ဖိုးနည်းအိမ်ရာများ အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန် အစီအစဉ်မရှိသေး

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိ
  2. အမျိုးသားဒီမိုကရေစီ ပါတီသစ်အား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ဖွံ့ဖြိုးရေးကိစ္စ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

သင့်ဘဝ ဦးတင်မောင်သန်း မြန်မာပြည် ပြန်လာ

ရန်ကုန်၊ အောက်တိုဘာ ၅။

မြန်မာ့စာပေလောကတွင် အောင်မြင်ရေးဆောင်းပါးများဖြင့် နာမည်ကျော်ခဲ့သည့် သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာ ဦးတင်မောင်သန်းသည် အောက်တိုဘာ ၅ရက်နေ့ မနက်က မြန်မာနိုင်ငံသို့ ခေတ္တပြန်လာခဲ့ကြောင်း သိရသည်။

ဆယ်နှစ်စုတစ်စုကျော် မြန်မာပြည်နှင့် ဝေးကွာခဲ့သည့် ဦးတင်မောင်သန်းသည် အောက်တိုဘာ ၆ ရက်တွင် ကုန်သည်/စက်မှုအသင်းချုပ်တွင် ပြုလုပ်မည့် Asia Economic Cooperation 2015 ဆွေးနွေးပွဲအား ဖိတ်ကြားခံရသည့် ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ကြောင်း ယင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ယင်းဆွေးနွေးပွဲတွင် ဒေါက်တာဇော်ဦးနှင့် ဒေါက်တာ တင်မောင်မောင်သန်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံအတွင်း ဗဟုအဖွဲ့အခြေစိုက်သည့်အခါ မည်သို့ကြုံတွေ့နိုင်သည်ကို လာရောက်လေ့လာခြင်း ဖြစ်ကြောင်း ပြည်ပသတင်းဌာန တစ်ခုနှင့် တွေ့ဆုံမေးမြန်းရာတွင် ဦးတင်မောင်သန်းက ပြန်လည်ဖြေဆိုခဲ့သည်။

ဦးတင်မောင်သန်းသည် သင့်ဘဝမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ်လည်းကောင်း၊ အမေရိကန်အသံလွှင့်ဌာနတွင် သတင်းထောက်အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကာ ယခုအခါ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံဖြိုးရေးအဖွဲ့တွင် အကြီးတန်းသုတေသနမှုးအဖြစ် တာဝန်ထမ်းဆောင် နေသည်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ မန္တလေးတိုင်းကစီစဉ်သည့် အောက်တိုဘာ ၅ရက်နေ့မှ ၁၀ရက်နေ့အထိ မန္တလေးမြို့တွင် ပြုလုပ်မည့် နိုင်ငံရေး သင်တန်းတွင် သင့်ဘဝဦးတင်မောင်သန်း၊ ဒေါက်တာတင်မောင်မောင်သန်းနှင့် ဒေါက်တာဇော်ဦးတို့ ပါဝင်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

YC(KS)

--------------------------------------------------------------------------------------------------------------------------------

၂၂ထပ်ရှိ အထပ်မြင့် အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ခွင့်ပြု

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းတွင် ၂၂ ထပ်ရှိ အထပ်မြင့် အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ခွင့် ပြုပြီဖြစ်ကြောင်း  သတင်းရရှိသည်။

စီးပွားရေးလုပ်ငန်းများနှင့် အဆောက်အအုံလုပ်ငန်းများ ကြန့်ကြာမှု မရှိစေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ဆောင်နေကြောင်း၊ ကုမ္ပဏီတစ်ခုက ၂၂ ထပ်ဆောက်မည့် အဆောက်အအုံနှင့် ပတ်သက်၍ တင်ပြလာမှုကို ပြည်ထောင်စုအစိုးရသို့ တင်ပြရာ ငလျင်ဒဏ် ခံနိုင်ရမည်ဟူသော မှတ်ချက်ဖြင့် ပြန်လည်ချပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယခင်က အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရာတွင် ၁၂ ထပ် ထက်ပိုသော အဆောက်အအုံများကို အစိုးရအဖွဲ့သို့ တင်ပြရန် ၁၅.၈.၉၄ ရက်စွဲဖြင့် ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ ရှိခဲ့ကြောင်း သိရသည်။

အထပ်မြင့် တည်ဆောက်လိုသော ဆောက်လုပ်ရေးကုမ္ပဏီများက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို တင်ပြကြရပြီး ကော်မတီမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုတင်ကာ ယင်းမှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ကိုတင်ပြကာ အတည်ပြုချက် ရယူခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ရန်ကုန်တွင် ၁၂ ထပ်နှင့် အထက်ရှိ အထပ်မြင့်များ တည်ဆောက်လိုသည့် တင်ပြချက်များကို ပြည်ထောင်စုအစိုးရက လက်ခံခဲ့ပြီး ငလျင်ဒဏ် ခံနိုင်မှုရှိစေရန် အထူးကြီးကြပ် တည်ဆောက်ရန် မှတ်ချက်ပေးကြောင်း သိရသည်။

ရန်ကုန်တွင် ရှိသော အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့က ရန်ကုန်စည်ပင် နယ်မြေ အတွင်း သဘာဝဘေးဒဏ်ခံ အထပ်မြင့် အဆောက်အအုံ တည်ဆောက်နိုင်ရေးအတွက် အဆောက်အအုံ စီမံကိန်းဒီဇိုင်းများကို စစ်ဆေးရန် ရှိကြောင်း သိရသည်။

မကြာမီတွင် မြန်မာနိုင်ငံ၌ သဘာဝဘေးဒဏ်ခံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းလည်း ထွက်လာမည် ဖြစ်ကြောင်း၊ ယခုအခါ ယင်း စည်းမျဉ်းမှာ မူကြမ်းရေးဆွဲ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တွင် ဘိုးဘွားပိုင် မြေကွက် များပေါ်တွင် ၁၂ ထပ်နှင့်အထက် တည်ဆောက်လိုသော အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ခွင့် ရရှိရန် သက်ဆိုင်ရာကို တင်ပြထားသော ကုမ္ပဏီများလည်း ရှိနေသေးကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြထားသည်။

YC

--------------------------------------------------------------------------------------------------------------------------------

တန်ဖိုးနည်းအိမ်ရာများ အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန် အစီအစဉ်မရှိသေး

နိုင်ငံ့ဝန်ထမ်းများအတွက်သော်လည်းကောင်း၊ အိမ်ရာလိုအပ်လျက်ရှိသော ပြည်သူများအတွက်သော်လည်းကောင်း တန်ဖိုးနည်း ဝန်ထမ်း   အိမ်ရာများ၊ တန်ဖိုးနည်း ပြည်သူ့အိမ်ရာများ ရောင်းချပေးနိုင်ရန် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဖော်ဆောင်သောနည်း၊ ပိုမိုကောင်းမွန်သော နည်းလမ်း အသီးသီးဖြင့် ဖော်ဆောင်ပေးရန် ၁၉၆၇ခုနှစ်တွင် ပြည်တွင်းထုတ် ချေးငွေနှင့် ၁၅ နှစ် အရစ်ကျဖြင့် (၁) ကြိမ်၊ ၁၉၉၇ ခုနှစ်တွင် မြေနေရာပေး၍ ယုဇနကုမ္ပဏီဖြင့် အဆောက်အအုံ ဆောက်လုပ်ရောင်းချမှု (၁) ကြိမ် စုစုပေါင်း (၂) ကြိမ် ဆောင်ရွက်နိုင်ခဲ့သော်လည်း တန်ဖိုးနည်း ဝန်ထမ်းအိမ်ရာများကို အရစ်ကျစနစ်ဖြင့် ဆောက်လုပ်ရန် အစီအစဉ်မရှိသေးကြောင်းကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်က ပြောဆိုခဲ့သည်။

ကျင်းပဆဲဖြစ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၂) ရက်မြောက်နေ့တွင် အလုံမြို့နယ် မဲဆန္ဒနယ်မှ ဦးခင်မောင် ရည်(ခ) ဦးခိုင်မောင်ရည်၏ နိုင်ငံ့ဝန်ထမ်းများအတွက်လည်းကောင်း၊ အိမ်ရာလိုအပ်လျက်ရှိသော ပြည်သူများအတွက်သော်လည်းကောင်း တန်ဖိုးနည်း ဝန်ထမ်းအိမ်ရာများ၊ တန်ဖိုးနည်းပြည်သူ့အိမ်ရာများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနိုင်ရန် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဖော်ဆောင်သောနည်း၊ ပိုမို ကောင်းမွန်သော နည်းလမ်းများ စသည့် နည်းလမ်းအသီးသီးဖြင့် ဖော်ဆောင်ပေးနိုင်မှု ရှိ/ မရှိ သိရှိလိုကြောင်း မေးမြန်းမှုအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ၁၉၆၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် မြင်သာနှင့် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ အိမ်ရာတို့တွင် တန်ဖိုး(၅၀) ရာခိုင်နှုန်း ငွေပေးချေပြီး တက်ရောက် နေထိုင်ခွင့်ပေးကာ (၁၅) နှစ်ကာလ အရစ်ကျစနစ်ဖြင့် ရောင်းချသောစနစ်ကို  ဆောင်ရွက်ခဲ့ပြီး၊ ၁၉၉၇ ခုနှစ်ကလည်း ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် ယုဇနဥယျာဉ်မြို့တော် အိမ်ရာစီမံကိန်းကို နိုင်ငံတော်နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်၍ တိုက်ခန်းများ၊ လုံးချင်းအိမ်ရာများကို အကောင်အထည်ဖော် ဆောက်လုပ်ခဲ့ပြီး ရာထူးအဆင့်၊ လူမှုရေး အခက်အခဲများအရ လျှောက်ထားလာသော လျှောက်လွှာများကို ဘုတ်အဖွဲ့ဖြင့် စိစစ်ရောင်းချပေးခြင်းများရှိခဲ့သည်။

YC

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စ ရင်လပ် ရှင်နာဝပ်သည် မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီးလည်ပတ်ရန် အောက်တိုဘာလ ၅ ရက်နေ့တွင် နေပြည် တော်သို့ ရောက်ရှိလာခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် နိုင်ငံတော်သမ္မတရုံး ဆွေးနွေးပွဲခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတကြီးမှ မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရန် အဆိုပြုချက်အပေါ် ထိုင်းနိုင်ငံက ထောက်ခံအားပေးမှုများ၊ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန်နှင့် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ကိစ္စတို့ကို ဆွေးနွေးခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတကြီးက ဒေါနတောင်ခြေ(သင်္ကန်းညီနောင်) မှ ကော့ကရိတ်အထိ လမ်းဖောက်လုပ်ရန်ကိစ္စ၊ အိန္ဒိယ- မြန်မာ-     ထိုင်း(၃) နိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ကိစ္စ၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာ (အက်ခ်မက်စ်) အဖွဲ့ကြီး၏ လုပ်ငန်းစဉ်များကို ယခုထက် ပိုမိုသွက်လက်စွာ ဆောင်ရွက် သွားနိုင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ရေးရာကိစ္စများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရန်ကိစ္စများကို ဆွေးနွေးခဲ့သည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်ကလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ် ရေးရာ၊ နယ်စပ် ကုန်သွယ်ရေးနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များနှင့် သင်္ကန်းညီနောင်မှ ကော့ကရိတ်အထိ ကားလမ်းဖောက်လုပ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ဒေါနတောင်ခြေ (သင်္ကန်းညီနောင်) မှ ကော့ကရိတ်အထိ လမ်းဖောက်လုပ်ရန် သဘောတူညီချက်များ ရရှိခဲ့သည်။

YC

--------------------------------------------------------------------------------------------------------------------------------

အမျိုးသားဒီမိုကရေစီ ပါတီသစ်အား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

ဦးသိန်းညွန့် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ ပါတီသစ် (NEW NATIONAL DEMOCRACY PARTY) အား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း၊ ကြေညာချက်အမှတ် (၅၀/၂၀၁၁)ကို အောက်တိုဘာ ၄ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာလိုက်ကြောင်း အောက်တိုဘာလ ၅ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် (ဇ/မြောက်) ရပ်ကွက်၊ လေးဒေါင့်ကန်လမ်း၊ အမှတ်(၇၂)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော အမျိုးသားဒီမိုကရေစီ ပါတီသစ် (NEW NATIONAL DEMOCRACY PARTY)အား ၂၀၁၁ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ ပါတီသစ် (NEW NATIONAL DEMOCRACY PARTY) ၏ မှတ်ပုံတင်အမှတ်မှာ (၄၄) ဖြစ် ကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ယင်း မှတ်ပုံတင်လျှောက်ထားခဲ့သည့် ပါတီသစ်၌ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်မှ ပါတီဥက္ကဋ္ဌအဖြစ်  တာဝန် ယူဆောင်ရွက်မည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်၊ ပြန်ကြားရေးမှူးအဖြစ် အမျိုး            သားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃) မှ ဦးဖုန်းမြင့်အောင်တို့မှ တာဝန်ယူမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁) မှ ကိုယ်စားလှယ် ဦးကျော်၊ ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၂) မှ ဒေါ်စန်းစန်းမြင့်နှင့် လူငယ်တဝန်ခံအဖြစ် နာမည်ကျော် ပာစ်ပောာ့ အဆို တော် ရသတို့ ပါဝင်ပြီး  ပါတီဝင်ဦးရေ ၁၀၀၀ ကျော်ရရှိ ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Moe Z

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“လက်ရှိ မြန်မာ့နိုင်ငံရေးဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ကြိုးပမ်းဆောင်ရွက်နေချိန်လို့ ပြောနိုင်ပါတယ်။ သမ္မတကြီး ဦးသိန်းစိန်အစိုးရနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဟာ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ကြိုးစားနေကြတာကို တွေ့ ရပါတယ်။

ဒီအခြေအနေမှာ ကချင်ပြည်နယ်က မြစ်ဆုံဆည်စီမံကိန်းက ပြဿနာတစ်ခုလို ဖြစ်လာတာလည်း တွေ့ရတယ်။ မြန်မာနိုင်ငံနဲ့ ပြည်သူများ အကျိုး  ဖြစ်ထွန်းဖို့ နည်းပါးတဲ့ ဒီစီမံကိန်းကို ပယ်ဖျက်လိုက်ရင် အမျိုးသား စည်းလုံးညီညွတ်ရေး ရနိုင်တယ်ထင်ပါတယ်။ နောက်အရေးကြီးအချက်က ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးဖြစ်ပါတယ်။ အဲဒါကို အမြန်အကောင်အထည်ဖော်နိုင်ရင် မြန်မာနိုင်ငံရေးဟာ ညီညွတ်ရေး လမ်းကြောင်းပေါ် ရောက်လာနိုင်ပါတယ်”

အောက်တိုဘာ ၆ ထုတ် Popular News အတွဲ (၃) အမှတ် (၃၉) တွင်ပါသည့် “ပစ္စက္ခနိုင်ငံရေးအခြေအနေနှင့် အနာဂတ် အလားအလာ” သတင်းမှ ပြည်သူ့ခေတ်ဂျာနယ်အတိုင်ပင်ခံ အယ်ဒီတာစာရေးဆရာ သတင်းစာဆရာ မောင်ဝံသ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“တိုင်းပြည်မှာ အလုပ်အကိုင်နဲ့ ဝင်ငွေတိုးဖို့ စက်မှုလုပ်ငန်းတွေ လိုအပ်ပါတယ်။ ပြည်တွင်းစက်မှုလုပ်ငန်းတွေမှာ လက်ခစား အပ်ကုန်စနစ် လုပ်ငန်းတွေ ကလွဲရင် ပြည်တွင်းဈေးကွက်ကိုပဲ အားပြုရတာများတယ်။ ဒါပေမယ့် ပြည်တွင်းဈေးကွက်က သေးတော့ ပြည်ပတင်ပို့ဖို့ ကြိုးစားရပါတယ်။ တရုတ်ဆိုလည်း ပြည်ပကို စက်မှုထွက်ကုန် တွေတင်ပို့လာနိုင်လို့ ဒီလောက် ဖြစ်လာတာပါ။ ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းရှင်တွေအတွက် အခွန်စနစ်မပြင် နိုင်ရင် မလွယ်ပါဘူး။ ကုန်ကြမ်းတင်သွင်းပြီး စက်မှုကုန်ချောအဖြစ် တင်ပို့နိုင်ရင် အခွန်ပြန်အမ်းပေးတာမျိုး၊ အခွန်လျှော့ပေးတာမျိုး လုပ်ဖို့လိုပါတယ်။      နိုင်ငံတကာမှာလည်း ဒီလိုမျိုးလုပ်ပေးပါတယ်။ အခွန်ပြန်မအမ်းရင် လုပ်ငန်းရှင်တွေအတွက် မကိုက်ပါဘူး။ နိုင်ငံတကာထက် ဈေးကြီးတော့     ဝယ်သူတွေကလည်း မဝယ်နိုင်ဘူး။ တခြားလုပ်ငန်းတွေနဲ့ ယှဉ်ပြီးမပြိုင်နိုင်ဘူး။ အခွန်ဌာနကို မေးကြည့်တော့ ကျွန်တော်တို့ အခွန်ဥပဒေမှာ ဒီလို အခွန်ပြန်အမ်းတဲ့ စနစ် မပါသေးဘူးလို့ ပြောတယ်။ အခွန်ဥပဒေကိုပြင်ရင် ဒီအချက်တွေ ကိုလည်း ထည့်ပြင် နိုင်ဖို့လိုပါတယ်”

အောက်တိုဘာ ၅ ထုတ် Weekly ELEVEN အတွဲ (၇) အမှတ် (၁) ထုတ် “စက်မှုပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် အခွန် ငွေပြန်အမ်း ပေးသော စနစ်ကျင့်သုံးပေးရန် စက်မှုကုန်ထုတ်လုပ်ငန်းရှင်များပြောကြား” သတင်းမှ ရန်ကုန်မြောက်ပိုင်းခရိုင်ရှိ စက်မှုဇုန်တစ်ခုမှ ဥက္ကဋ္ဌ တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

ပြည်တွင်းစက်ရုံများမှ သစ်အခြေခံကုန်ချောများ ထုတ်လုပ်ရာတွင် လုပ်ငန်းရှင်များအနေဖြင့် သစ်လုံးတစ်လုံးအား ခွဲစိတ်ရန် ခွဲမိန့်အဆင့်ဆင့် တောင်းခံ ရခြင်း၊ ခွဲစိတ်ထွက်ရှိမှု ဇယားအသေးစိတ် တင်ပြရခြင်း၊ ထွက်ရှိပြီးကုန်များအား ကုန်သွယ်ရန် လိုင်စင်အတွက် သစ်တောထွက်ပစ္စည်း မှန်ကန်ကြောင်း ထောက်ခံချက် တောင်းခံရခြင်းများကြောင့် ထုတ်လုပ်ရ အခက်အခဲများ ရှိနေရခြင်းအား ပြောင်းလဲနိုင်ပါက ပြည်ပလုပ်ငန်းရှင်များ ပါဝင်ရောက်မှု ပိုများလာ နိုင်ကြောင်း သစ်လုပ်ငန်းရှင် ဦးသူရိန်စိုးက ပြောသည်။

“ထွက်ကုန်ပေါ်မှာ ဒီလိုအဆင့်ဆင့်ထောက်ခံချက်တောင်းရတဲ့စနစ်က ဘယ်နိုင်ငံမှာမှ မရှိတဲ့စနစ်တစ်ခုပါ။ အဲဒါကိုသာ ပြောင်းလဲခွင့်ရမယ်ဆိုရင် လုပ်ငန်းရှင်တွေ အများကြီးသက်သာသွားမှာဖြစ်သလို ပြည်ပလုပ်ငန်းရှင်တွေ လဲပြည်တွင်းမှာ ရင်းနှီးမှုပိုလာမှာဖြစ်ပါတယ်” ဟုပြောသည်။

အောင်တိုဘာ ၆ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၃၈) တွင်ပါသည့် “သစ်အခြေခံလုပ်ငန်းများ အပ်ကုန်စနစ်ဖြင့် ဈေးကွက် ထိုးဖောက်ရန် သစ်လုပ်ငန်းရှင်များအသင်းက ကူညီမည်” သတင်းမှ ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“ဥပမာ မျက်မမြင်များ၏ ဘဝကို စာနာထောက်ထားပြီး ပလက်ဖောင်းများ ပြင်ဆင်ပေးခြင်းမျိုးလို အများပြည်သူနှင့် သက်ဆိုင်သော ကိစ္စမှန်သမျှတွင်လည်း တန်းတူအကျိုးခံစားခွင့် ပေးစေလိုကြောင်း၊ ရုပ်ရှင်၊ ဗီဒီယို၊ ကာတွန်းများတွင် ဒုက္ခိတများအားအများက အထင်အမြင် သေးစေနိုင်သည့် ဇာတ်ရုပ်၊ ဇာတ်ကွက်များကို ပြသနေခြင်းသည် ၎င်းတို့အား စော်ကားရာရောက်ကြောင်း။ မိမိတို့ဘက်မှ အကာအကွယ်ပေးသည့် ဥပဒေမရှိ၍  မည်သို့မှ မတတ်နိုင် ကြောင်း။ မသန်စွမ်း ပေမယ့် စွမ်းသည်လူတွေရှိပါကြောင်း။ ပညာရေး ကဏ္ဍတွင်လည်း အခြေခံ မူလတန်းမှစ၍ တက္ကသိုလ်ပညာရေးအထိ အများနည်းတူ မသန်စွမ်းသူများ တက်ရောက်ပညာသင် ကြားနိုင်ရေးကို ဆောင်ရွက်ပေးသင့်ကြောင်း။ နားမကြားသူများ ကဏ္ဍ၊ မျက်မမြင်များကဏ္ဍ၊ မသန်စွမ်းသူများ ကဏ္ဍ စသဖြင့် ၎င်းတို့၏ ခံစားချက်များကို မေးမြန်းပြီးမှ လွှတ်တော်သို့ တင်ပြပြီး ဥပဒေများရေးဆွဲသင့်ပါ ကြောင်း”

အောက်တိုဘာ ၁၃ ထုတ် The HOT NEWS အတွဲ (၂) အမှတ် (၆၀) တွင်ပါသည့် “မသန်စွမ်းသူများအား တန်းတူ အခွင့်အရေးများ ထည့်သွင်း စဉ်းစားသင့်” သတင်းမှ မျက်မမြင် ကိုအောင်လွင်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဖွံ့ဖြိုးရေးကိစ္စ

နိုင်ငံတစ်ခု၏ စီးပွားရေး ဖြစ်ထွန်းတိုးတက်မှုနှင့် ဖွံ့ဖြိုးရေးမှာ အနက်အဓိပ္ပယ်တူညီသည်ဟု ထင်မှတ်ရသော်လည်း အမှန်စင်စစ် ယင်းနှစ်ခုမှာ တစ်ထပ်တည်းကျသည်တော့ မဟုတ်ပါ။  ဖွံ့ဖြိုးရေးဆိုသည်မှာ နိုင်ငံတစ်ခု၏ စီးပွားရေး ကဏ္ဍတွင် အလုပ်လက်မဲ့နှုန်း နိမ့်ပါးခြင်းနှင့် ငွေကြေးဖောင်းပွမှု လျော့နည်းခြင်းနှင့်အတူ  နိုင်ငံ၏ စုစုပေါင်း အမျိုးသား ကုန်ထုပ်လုပ်မှု (GDP) နှစ်စဉ် တိုးတက်ဖွံ့ဖြိုးလာခြင်း ဖြစ်သည်။ ဖြစ်ထွန်းတိုးတက်မှု ဆိုသည်မှာ ဖွံ့ဖြိုးရေးထက် အနက်အဓိပ္ပါယ်ပို၍ ကျယ်ပြန့်ပါသည်။ ကုန်စည်နှင့် ဝန်ဆောင်မှုကို ထုတ်လုပ်ရောင်းချသည့် စီးပွားရေးဖွံ့ဖြိုးမှု သက်သက်ထက် စီးပွားရေး အဆောက်အအုံကြီးတစ်ခုလုံး ဖြစ်ထွန်းပြောင်းလဲမှုကို ဆိုလိုခြင်းဖြစ်လေသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ခိုင်မာသည့် စီးပွားရေး အဆောက်အအုံများ စနစ်တကျ တည်ဆောက်ထားသည့်အတွက် နှစ်စဉ် စီးပွားရေးပုံမှန် ဖွံ့ဖြိုးရေးကိုသာ အာရုံစိုက် ပေါ်လစီခင်းကြပါသည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်တော့ စီးပွားရေး အဆောက်အအုံများ ဖြစ်ထွန်းတိုး တက်မှုကိုရော နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုးရေးကိုပါ တစ်ပြိုင်နက်တည်း အကောင်အထည် ဖော်ရသည့်အတွက် ပိုမိုသိမ်မွေ့ ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှာလည်း ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ လက်ရှိအစိုးရအနေဖြင့် ၎င်းတို့၏ အစိုးရသက်တမ်း ငါးနှစ်အတွင်း စီးပွားရေးကဏ္ဍတွင် စီးပွားရေးအဆောက်အအုံများ ဖြစ်ထွန်းတိုးတက်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးမှုဟူသော စိန်ခေါ်ချက်ကြီးနှစ်ခုကို ရင်ဆိုင်ကြရမည် ဖြစ်သည်။ ယင်း စိန်ခေါ်ချက်ကြီးနှစ်ရပ်ကို ရင်ဆိုင်ရာတွင် အကန့်အသတ်များ၊ ဝေဖန်ပြစ်တင်ခံရမှုများ မလွဲမသွေတွေ့နိုင်သည့်အတွက် ယင်းကို ကြိုတင် ကာကွယ် နိုင်ရန် ဖြစ်တန်ရာ အကန့်အသတ်များကို သုံးသပ်ကြည့်မိပါသည်။ ပထမဦးဆုံးအနေဖြင့် စီးပွားရေးဖွံ့ဖြိုးမှုကိုက အကန့်အသတ်နှင့်လားဟူသော မေးခွန်းဖြစ်ပါသည်။ ယခု အရင်းရှင်စနစ်၏ ဝေဖန်သုံးသပ်သူများက ကမ္ဘာ့လူဦးရေ ဖွံ့ဖြိုးတိုးတက်လာပြီး စီးပွားရေးဖွံ့ဖြိုးလာသည်နှင့်အမျှ နိုင်ငံရှိ ကုန်ထုတ်လုပ်မှု အရင်းအမြစ်များနည်းပါးလာသည့်အပြင်  သဘာဝပတ်ဝန်းကျင် ပျက်စီးယုတ်လျော့မှု ရှိလာသည်ဟူသော စိုးရိမ်လာကြသည်။ ၁၉၇၀ အစောပိုင်း နှစ်များတုန်းကလည်း ရောမကလပ်ဟု အမည်တွင်သော ပညာရှင်အုပ်စုတစ်စုမှာ ကမ္ဘာ့စွမ်းအင် အရင်းအမြစ် ရှားပါးလာမှု ကုန်စည်နည်းပါးမှုကို စိုးရိမ်လာခဲ့ကြလေသည်။ သို့သော် ကမ္ဘာ့စီးပွားရေးမှာ ယင်းတို့ စိုးရိမ်သလိုဖြစ်ခဲ့သည် မဟုတ်ပါ။ ၁၉၇၅ ကတည်းက ယခုအချိန်ထိ ကမ္ဘာ့စီးပွားရေးမှာ ၇ဆအထိ တောက်လျှောက်ဆိုသလို တိုးတက်လာခဲ့ကြောင်း တွေ့ရလေသည်။ ထိုနည်းအတူ ၁၈၀၀ အစောပိုင်းကာလက Thomas R. Malthus ဟူသော ဘောဂ ဗေဒပညာရှင်တစ်ဦးမှ ကမ္ဘာ့လူဦးရေမှာ တဖြည်းဖြည်း တိုးပွားလာသည့်အတွက် ယခုလက်ရှိ ထုတ်လုပ်နေသော စိုက်ပျိုးထုတ်ကုန်နှင့် မည်သို့လုံလောက် တော့မဟုတ်၊ ထိုအခါ အစာရေစာငတ်ပြတ်မှုနှင့်အတူ စီးပွားရေးတုံ့ဆိုင်းမှုဖြစ်ပေါ်လာမည်ဟု ကြိုတင်နိမိတ်ဖတ်ခဲ့လေသည်။ သို့သော် ကမ္ဘာ့စီးပွားရေးမှာ  Malthus နိမိတ်ဖတ်ခဲ့သလိုဖြစ်ခဲ့သည်မဟုတ်ပါ။ စီးပွားရေး ဖွံ့ဖြိုးလာမှုနှင့်အတူ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာသည်လည်း ဖွံ့ဖြိုးတိုးတက်ခဲ့သည့်အတွက် ဖွံ့ဖြိုးတိုးတက်လာသည့် လူဦးရေနှင့်အညီ စိုက်ပျိုးထုတ်ကုန်များကို လောက်ငအောင် ထုတ်လုပ်နိုင်ခဲ့ပါသည်။ ထို့အပြင်  ယနေ့ စားသောက်ကုန် ဈေးနှုန်းမှာ လွန်ခဲ့သည့် နှစ်နှစ်ရာခန့်က ဈေးနှုန်းထက် ပိုမိုသက်သာကြောင်း တွေ့ရလေသည်။ ထိုအပြင် စီးပွားရေးဖွံ့ဖြိုးမှုရှိလျှင် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်သည်ဟူသော ထောက်ပြဝေဖန်မှုများသည်လည်း စီးပွားရေးဖွံ့ဖြိုးမှုကို ကန့်သတ်နေသည့်သဘောကို သက်ရောက်နေပါသည်။ ဤနေရာတွင် ကောက်ချက်ချလို့ရသည်အရာမှာကား ဖြစ်တန်ရာ အခက်အခဲများကို စိုးရိမ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းကို တုံ့ဆိုင်းနေ၍ မသင့်၊ ချင့်ချင့်ချိန်ချိန်နှင့် မြန်မြန်ဆန်ဆန် လုပ်ဆောင်ရမည်၊ ဤသို့လုပ်ဆောင်ရာ၌ ကြုံတွေ့လာရမည့် ပြဿနာများကို စုပေါင်းဖြေရှင်းသွားရမည် ဖြစ်လေသည်။ အရေးကြီးသည်မှာကား စီးပွားရေး ဖြစ်ထွန်းတိုးတက်မှုနှင့် ဖွံ့ဖြိုးရေးဖြစ်စဉ်ကြီးကို အကောင်အထည်ဖော်ရာတွင် နောက်ကြောင်းပြန်ဆုတ်ခြင်းကို မပြုလုပ်သင့်ဟု ဆိုလိုခြင်း ဖြစ်လေသည်။

ဒုတိယအနေဖြင့် စီးပွားရေးဖွံ့ဖြိုးမှုသည် ပျော်ရွှင်မှုကို ဖြစ်စေသလားဟူသော မေးခွန်းပင်ဖြစ်ပေသည်။ ငွေဖြင့် ပျော်ရွှင်မှုကို ဝယ်၍မရနိုင်ပါ။ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုင်း ပြည်သူများ စိတ်ချမ်းသာကြသည်တော့မဟုတ် ပါ။ ထိုအတွက်ကြောင့် ဘူတန်ဘုရင်က နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို တိုင်းသည့် GDP နှင့် အပြိုင် ဖွံ့ဖြိုးလာသည်နှင့် ပြည်သူများ၏ စုစုပေါင်းအမျိုးသားစိတ်ချမ်းသာမှု (GNH) ကို ဖော်ထုတ်တင်ပြခဲ့ပါသည်။ အထူးသဖြင့် လူမှုလုံခြုံရေး ပိုက်ကွန်ကို အစိုးရမှ ပြည်သူများအတွက် တည်ဆောက်ပေးထားဖို့ပင်ဖြစ်သည်။ စရိတ်မျှပေး ကျန်းမာရေး၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့်၊ အခမဲ့ပညာရေး စနစ်၊ အလုပ်သမားများအတွက် အသက်အာမခံစသော လူမှုဖူလုံရေးအစီအစဉ်များကို မူဝါဒချမှတ် အကောင်အထည်ဖော်နိုင်ဖို့ ဖြစ်ပါသည်။ သို့မှသာ ဖွံ့ဖြိုးရေးအခွင့်အလမ်းများကို ရယူနိုင်ရုံမျှမက စိတ်ချမ်းသားမှုကိုလည်း ရရှိနိုင်မှာဖြစ်ပါသည်။ ထို့အပြင် နိုင်ငံ၏ GDP ဖြင့်တိုင်းတာ၍ မရနိုင်သည့် လူမှုလုပ်ငန်းများလုပ်ကိုင်ခွင့်၊ ဖွဲ့စည်းခွင့်ကိုလည်း လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့်ပေးဖို့ လိုအပ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးလာလျှင် ကျန်းမာရေး စောင့်ရှောက်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုများကို ပြည်သူများ ပိုမိုပြုလုပ်လာနိုင်မည် ဖြစ်သည်။ သို့မှသာ အတ္တဟိတနှင့် ပရဟိတကို မျှ၍ လုပ်ဆောင် သည့် လူ့အဖွဲ့ဝင်များများပြားလာသည့်အခါ  GNH လည်း မြင့်မားနေမည် ဖြစ်လေသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသစ်မှ ဆင်းရဲမွဲတေမှု လျော့ချရေးဖိုရမ်ကြီးကို ကျင်းပ၍ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် ခြေလှမ်းစတင်ခဲ့ပြီးဖြစ်လေသည်။ ဆင်းရဲမွဲတေမှုလျော့ချရေး ဆိုသည်မှာ တနည်းအား ဖြင့်ပြောလျှင် စီးပွားရေးဖွံ့ဖြိုးမှုသာဖြစ်ပေသည်။ စီးပွားရေးဖွံ့ဖြိုးမှုရှိမှသာ ဆင်းရဲမွဲတေမှု လျော့ချနိုင်မည်ဖြစ်သည်။ သို့သော် အပြောင်းအလဲတိုင်းတွင် အပြောင်းအလဲကို လက်ခံသူများရော၊ အခုအခံ ပြုသူများလည်း ရှိမည်သာဖြစ်ပါသည်။ အဓိကအရေးကြီးသည်မှာ အခုအခံများကြောင့် နောက်ကြောင်း ပြန်မလှည့်သွားဖို့ပင်ဖြစ်ပါသည်။ ဖွံ့ဖြိုးရေးဆို သည်မှာ ရယူအပ်သလို စနစ်တကျလည်း အသုံးချဖို့ လိုအပ်ပါသည်။ သို့မှသာ ရုပ်ပိုင်းဘဝ၊ စိတ်ပိုင်းဘဝ ကျေနပ်ပျော်ရွှင်ရှိစေသော လူ့အဖွဲ့အစည်း တစ်ရပ်ကို ဖန်တီးနိုင်မည် ဖြစ်ပါသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment