Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. မြန်မာနိုင်ငံအတွက် သေချာသွားပြီဖြစ်သည့် ၂၀၁၄ အာဆီယံဥက္ကဋ္ဌ ရာထူး

************************************************************************************

ဆောင်းပါးကဏ္ဍ

မြန်မာနိုင်ငံအတွက် သေချာသွားပြီဖြစ်သည့် ၂၀၁၄ အာဆီယံဥက္ကဋ္ဌ ရာထူး

ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် သမ္မတအဖြစ် ဦးဆောင်သည့် အရပ်သားအစိုးရသည် အစိုးရတာဝန်ကို ရယူလက်ခံပြီး မကြာမီပင် ပြုပြင် ပြောင်းလဲမှုများကို တဖြေးဖြေး လုပ်ဆောင်ရင်းမှ အရှိန်မြှင့်၍ လုပ်ဆောင်ရန် ကြိုးပမ်းနေခဲ့သည်။ သမ္မတရာထူး ကျမ်းကျိန်လက်ခံရယူ ပြီးနောက် လွှတ်တော်သို့ ဦးသိန်းစိန်ပြောကြားခဲ့သည့် မိန့်ခွန်းများသည်ပင် မြန်မာနိုင်ငံ၏ ပကတိအရှိတရားများနှင့် အနီးစပ်ဆုံးဖြစ်ပြီး မြန်မာ့နိုင်ငံရေးလေ့လာသူတွေ အံသြစရာဖြစ်ခဲ့သည့် ပြောင် မြောက်သည့် စကားလုံးတွေ ပါဝင်ခဲ့သည်။

ဦးသိန်းစိန်သည် ပြည်တွင်း၌သာ အပြောင်းအလဲများကို စတင်ခြင်းမဟုတ်ဘဲ နိုင်ငံတကာ စာမျက်နှာတွင်လည်း မြန်မာနိုင်ငံနှင့် အရပ်သား အစိုးရ၏ ပုံရိပ်ကို မြှင့်တင်ရန် ကြိုးပမ်းခဲ့သည်။ အစိုးရအဖွဲ့ဖွဲ့စည်းပြီး မကြာမီမှာပင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ် သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်ခဲ့ခြင်းသည် မြန်မာနိုင်ငံအပေါ် သြဇာညောင်းသည့် တရုတ်အစိုးရ( နိုင်ငံတကာက ထင်မြင်ယူဆချက်ဖြစ်သည်) ကို သွားရောက် ဂါရဝပြုခြင်း မဟုတ်ဘဲ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဟူသော ဒီမိုကရေစီနိုင်ငံအသစ်၏ ခေါင်းကိုင်ဖခင်သည် မိမိသာဖြစ်ကြောင်း၊ မြန်မာပြည်သူလူထု၏ ကြီးမားသော အစိတ်အပိုင်းတစ်ရပ်က ကိုယ်စားပြုထားသော လွှတ်တော်က ရွေးချယ်လိုက်သည့် သမ္မတဖြစ်ကြောင်းနှင့် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာစွန့်သွားပြီဖြစ်ကြောင်းကို တရုတ်ခေါင်းဆောင်တွေ သိရှိစေရန် အချက်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ထိုအချက်သည် တရုတ်ခေါင်းဆောင်တွေကိုသာမက ကမ္ဘာ့မိသားစုကိုလည်း မြန်မာနိုင်ငံ၏ အထွဋ်အထိပ်သည် သမ္မတ ဦးသိန်းစိန်ဖြစ်သည်ဟူ၍ သွယ်ဝိုက် သတင်းပေးလိုက် ခြင်းလည်းဖြစ်သည်။ ဤသည်မှာ သမ္မတ ဦးသိန်းစိန်သည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ၎င်း၏ပုံရိပ်နှင့် ဒီမိုကရေစီ နိုင်ငံ ဟူသော ပုံရိပ်ကို စတင်တည်ဆောက်သည့် ပထမခြေလှမ်းပင် ဖြစ်သည်။

မကြာမီမှာပင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့၏ ဥက္ကဋ္ဌရာထူးကို ၂၀၁၄ခုနှစ်တွင် ထမ်းဆောင်လိုကြောင်း တရားဝင် အကြောင်းကြားခဲ့ပါသည်။ ထိုသို့ အာဆီယံဥက္ကဋ္ဌနေရာကို စိန်ခေါ်လိုက်ခြင်းအား နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာ့နိုင်ငံရေး အင်အားစုအချို့က အထိတ်တလန့် ကန့်ကွက်လိုက်ကြပါသည်။ ထိုကန့်ကွက်မှု တွင် မြန်မာနိုင်ငံသည် အာဆီယံ ဥက္ကဋ္ဌရာထူးနှင့် ထိုက်တန်စွာ ဆောင်ရွက်နိုင်မည့် အတွေ့အကြုံ၊ ဆောင်ရွက်နိုင်စွမ်းနှင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်မှု ရှိမရှိတို့အပေါ်တွင် အခြေခံခြင်းမဟုတ်ဘဲ ယင်းတို့တလျှောက်လုံး ကိုင်စွဲလာခဲ့ကြသည့် ယူဆချက်များ ဖြစ်သည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို ကိုင်စွဲကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အခွန်အခစနစ်၊ ဘဏ်စနစ်၊ လုပ်ငန်း ထူထောင်ခွင့်စနစ်များမှာ အရည်အသွေးပြည့်မှီခြင်း မရှိသော်လည်း ထိုကိစ္စများကို မည်သူကမှ ဝေဖန်ခဲ့ခြင်းမရှိပါ။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးတွေ ဆုံးရှုံးနေသည်ဟူသည့် အကြောင်းပြချက်တစ်ခု တည်းသာဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို  အလေးအနက်ထားဖို့ စသည့် သဘောထားတွေကိုလည်း ထုတ်ပြန်ခဲ့ကြသည်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံတစ်ချို့ကလည်း မြန်မာ နိုင်ငံအာဆီယံဥက္ကဋ္ဌ ရာထူးရယူရေးအတွက် စိုးရိမ်မိသည်ဟူသည့် မှတ်ချက်များသာ ပေးခဲ့ကြသည်။

ထိုသို့သော ကိစ္စမျိုးကို မြန်မာနိုင်ငံအနေဖြင့် တွေ့ကြုံခဲ့ရပြီးဖြစ်သည်။ ၂၀၀၆ခုနှစ်က အလှည့်ကျ စနစ်အရ  မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဥက္ကဋ္ဌနေရာကို  ရယူနိုင်သည့် အခွင့်အရေးရှိခဲ့သော်လည်း ထိုစဉ်က အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ဖိအားပေးမှုကြောင့် ထိုရာထူးကို စွန့်လွှတ် ခဲ့ရဖူးသည်။ ထိုစဉ်က ဘဏ်တွေ မပြိုလဲသေးသလို ငွေကြေးကပ်လည်း မဆိုက်သေးသည့် အမေရိကန်တွေသည် ကမ္ဘာ့ရေးရာတွေမှာ သြဇာညောင်းလျက် ရှိနေသေးသလို အာဆီယံနိုင်ငံများအနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်မှု တစ်စုံတစ်ရာကို ခံစားနေကြရပြီဖြစ်သည့်တိုင် ယနေ့အခြေအနေကဲ့သို့ မဟုတ်သေးသဖြင့် ထိုသို့ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ဖိအားပေးမှုကို လိုက်လျောခဲ့ရသည်။ အာဆီယံ နိုင်ငံအချင်းချင်း နိုင်ငံရေးအရ စွက်ဖက်ခွင့် မရှိသော်လည်း အကြောင်းကြောင်းတွေကြောင့် မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌ ရာထူးပေးရန် ငြင်းဆိုခဲ့ကြပြီး ဖိလစ်ပိုင်က လွှဲပြောင်းရယူပေးခဲ့သည်။ ထိုကိစ္စတွင် အာဆီယံ၏ သဘောထားကြောင့်ဟူ၍သာ မဟုတ်ဘဲ မြန်မာနိုင်ငံကိုယ်တိုင်က ထိုရာထူးကို ထမ်းဆောင်ရန် ဆန္ဒမရှိခဲ့ကြောင်းကို နိုင်ငံရေး လေ့လာသူအချို့က ထောက်ပြပြောဆိုခဲ့သည်။

ယခု ဆယ်နှစ်အကြာ ၂၀၁၄တွင် မြန်မာနိုင်ငံက ထိုရာထူးအတွက် တစ်ကျော့ပြန် စိန်ခေါ်လိုက်ချေပြီ။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ထုံးစံအတိုင်း ကန့်ကွက်သူ ကန့်ကွက်၊ သံသယစိတ်ဖြင့် ဆိုသူကဆို၊ ဆိုင်းငံ့ထားရန် တောင်းဆိုသူ တောင်းဆိုဖြင့် ထိုကိစ္စအပေါ် လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ သို့ရာတွင် ဆယ်နှစ်ဆိုသော အတိုင်းအတာသည် အရာရာကို ပြောင်းလဲစေခဲ့ပြီဖြစ်သည်။  လေမန်းဘရားသား ဘဏ်ပြိုလဲမှုကြောင့် ကိုယ့် အိတ်ကပ်ကို ပြန်ဖိနေရသော အမေရိကန်တွေအနေဖြင့် အာဆီယံဒေသတွင် အရေးပါမှုမှာ အတိုင်းအတာ တစ်ရပ်အထိ လျော့ကျသွားသလို ထိုဒေသ၏ အမေရိကန်ပြည်ထောင်စုအပေါ် လိုလားမှုကို ပြန်လည်မြှင့်တင်ရန် လက်တွေ့ကျသည့် လုပ်ဆောင်မှုတွေဖြင့် ပြန်လည်ချဉ်းကပ်ရန် ကြိုးပမ်းနေရချိန်လည်း ဖြစ်သည်။ တစ်ဖက်တွင်လည်း ဒေသတွင်း၌ တရုတ်၏ ပါဝါကြီးထွားလာမှုက အမေရိကနှင့် အာဆီယံတိုင်းပြည်များ၏ နီးစပ်မှုအတွက် စိုးရိမ်စရာ ဖြစ်နေသည်။ ထိုသို့သော အခြေအနေမျိုးတွင် အမေရိကန်အနေဖြင့် အာဆီယံအပေါ်တွင် ယခင်ကလို သြဇာပေးရန် အခြေအနေ မရှိတော့ဟု ဆိုရမည် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့်မူ အရပ်သားအစိုးရတက်လာပြီး အာဆီယံဥက္ကဋ္ဌရာထူးကို ထမ်းဆောင်လိုခြင်းမှာ အထက်က ဆိုခဲ့သလို နိုင်ငံ ၏ ပုံရိပ်ကို မြှင့်တင်လို၍ ဖြစ်သည်။ ထိုရာထူးနှင့် ဆက်စပ်၍ နိုင်ငံအတွက် တိုးတက်မှုများကို ဆောင်ကြဉ်းလာရန်လည်း ရည်ရွယ်ရင်းရှိသည်။ ထို့ကြောင့် ထိုရာထူးကို ရယူရန်လည်း မဖြစ်မနေ ကြိုးပမ်းပေလိမ့်မည်။ သမ္မတဦးသိန်းစိန်သည် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အဖြစ်  တာဝန်ထမ်းဆောင်စဉ်ကပင် စစ်ခေါင်းဆောင်တွေကို ပြည်ဝင်ခွင့်ပိတ်ထားသော အမေရိကန်ပြည်ထောင်စုသို့ ရောက်အောင်သွားခဲ့သူဖြစ်ရာ ၎င်း၏ အရည်အချင်းကို လျှော့တွက်၍ မရပေ။ ပျော့ပြောင်းသည်ဟု ထင်ရသော်လည်း လုပ်စရာရှိလျှင် မဖြစ်ဖြစ်အောင် လုပ်တတ်သည်ကို  မြစ်ဆုံ ကိစ္စက သက်သေပြခဲ့ပြီးဖြစ်သည်။

ထိုကိစ္စသည်  အထက်တွင်ဆိုခဲ့သလို မြန်မာနိုင်ငံအပေါ် သြဇာငြောင်းပါသည်ဆိုသည့် တရုတ်အစိုးရကို နားရွက်တံတွေးဆွတ်လိုက်ခြင်းလည်း ဖြစ်ရာ အမေရိကန်ပင်လျှင် တရုတ်မျက်နှာကြည့်၍ ပေါင်းသင်းနေရချိန် ဖြစ်သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဦးသိန်းစိန်ကို ဖြုံသွားကြသည် ကတော့ အသေအချာပင် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ လုပ်ရန် စိတ်အားထက်သန်နေခြင်းကို ရပ်တန့်လိုက်ပါက အာဆီယံ အဖွဲ့သည်  မြန်မာအစိုးရ အထူးသဖြင့် သမ္မတဦးသိန်းစိန်၏ သွေးအေးသော လက်တုံ့ပြန်မှုကို မလွဲမသွေခံစားရမည် ဖြစ်သည်။ ဆိုရလျှင် မြန်မာနိုင်ငံသည် သဘာဝက ပေးထားသော သယံဇာတ၊ ပထဝီအနေအထားတွေကြောင့် အာဆီယံဒေသတွင် အရေးပါအရာရောက်သည့် အနေအထားတွင် ရှိနေသည်။ ဘားမား ဟူသော အမည်နာမသည် တစ်ချိန်က အာဆီယံဒေသတွင် ဂုဏ်ဝင့်ထည်နိုင်ခဲ့ပြီး မည်သည့်နိုင်ငံကမျှ ထိုအစဉ်အလာကို လိုက်မှီနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် အာဆီယံဟူသော အဖွဲ့တွင်လည်း မြန်မာနိုင်ငံအနေဖြင့် အရေးပါအရာရောက်မှုမှာ လျော့တွက်၍ မရသည့် အနေအထားတွင် ရှိနေသည်။

အာဆီယံနိုင်ငံတွေ၏ သဘောထားကို ကြည့်လျှင် လာအိုနိုင်ငံက ၂၀၁၄တွင် အလှည့်ကျသော ၎င်း၏ အလှည့်ကျနေရာကို မြန်မာနိုင်ငံအား လွှဲပြောင်းပေးလိုပါကြောင်း ကျေကျေနပ်နပ် အဆိုပြုလာခဲ့သည်။ လက်ရှိထိုတာဝန်ကို ထမ်းဆောင်နေသည့် အင်ဒိုနီးရှားနိုင်ငံကလည်း အပြုသဘော ဆောင်သည့် ကမ်းလှမ်းချက်ဖြင့် ကြိုဆိုခဲ့သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် သမိုင်းတလျှောက် မတည့်အတူနေ၊ မမြင်ချောင်းကြည့်ဟု ဆိုရလောက်အောင်ပင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကင်းကွာနိုင်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။ ထိုင်းအစိုးရ အဆက်ဆက်သည် မြန်မာနိုင်ငံနှင့် ဆက်ဆံ ရေးပြေလည်စေရန် အလျော့ပေးဆက်ဆံခဲ့ကြခြင်းမှာ ထိုင်းနိုင်ငံ၏ အကျိုးစီးပွားကြောင့် ဖြစ်သည်။ ယခု မြန်မာနိုင်ငံတွင် ထားဝယ် ရေနက်ဆိပ်ကမ်း ဇုန်သည် ထိုင်းနိုင်ငံအတွက် အသက်တမျှအရေးပါလာမည့် အမျိုးသား အကျိုးစီးပွားတစ်ရပ်ပင် ဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းဇုန် အောင်မြင်မည် ဆိုပါက နေရာပျောက်သွားနိုင်သည့် စင်္ကာပူသည် မြန်မာနိုင်ငံနှင့် မဖြစ်မနေ လာရောက်ပူးပေါင်းရတော့မည့် သဘောကို ဆောင်သည်။ မြန်မာလုပ်သား တွေဖြင့် လည်ပတ်နေရသော မလေး ရှားနိုင်ငံအနေ ဖြင့်လည်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်ရန် လိုလားပုံရသည်။ မကြာမီပင် မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာသည် အစိုးရ၏ ဧည့်သည်တော်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ရာ မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌရာထူး ရယူရေးအတွက် မလေးရှား၏ မဲတစ်မဲလည်း အလိုလျောက်ရပြီးဖြစ်ပါလိမ့်မည်။ မကြာမီလာတော့မည့် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဇုန် (AFTA) တွင် မြေယာနှင့် လုပ်သား၊ သဘာဝအရင်းအနှီး မြောက်မြားစွာ ရှိနေသော မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအတွက် စားမကုန်နိုင်သော စားကျက်ကြီး တစ်ခု ဖြစ်လာမည်ဖြစ်ရာ မြန်မာ နိုင်ငံကိုသာ အာဆီယံဥက္ကဋ္ဌ ရာထူးမရ၍ အာဆီယံအဖွဲ့မှ ကခုန်၍ နှုတ်ထွက်သွားလျှင် အမှန်တကယ် ထိခိုက် နစ်နာ မည်မှာ အာဆီယံနိုင်ငံများပင်ဖြစ်သည်။

အထက်ပါ အကြောင်းအခြင်းအရာများကြောင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဥက္ကဋ္ဌရာထူးနေရာကို ရယူသွားရန်မှာ သေချာသလောက်ပင် ရှိနေသည်။ လက်ရှိအခြေအနေတွင်  မြန်မာနိုင်ငံကို ထိုရာထူးပေးအပ်ရေးကို ကန့်ကွက်နေရခြင်းမှာ သံတမန်ခင်း ပေါ်လစီအရသာ ဖြစ်သည်။ ထို သံတမန်ခင်းပေါ်လစီမှာ လူ့အခွင့်အရေးကို ဦးစားပေး ပြောဆိုလွန်းသော အမေရိကန်ကို နှစ်သိမ့်ရန်သာ ဖြစ်သည်။ အမေရိကန်အနေဖြင့် ယခင်ကကဲ့သို့ အာဆီယံဒေသတွင် အလုံးစုံ တန်ခိုးမကြီးနိုင်တော့သည့်တိုင် တရုတ်ကြီးထွားလာမှုကို စိုးရိမ်နေသော အာဆီယံ နိုင်ငံများအနေဖြင့် အမေရိကန်၏ စစ်ရေး ပါဝါကို အားကိုးအာထားပြုရန် လိုအပ်နေသေး၍ ဖြစ်သည်။

တစ်ဖက်တွင်လည်း ကြီးထွားလာသော တရုတ်ကို အာဆီယံ နိုင်ငံများစုစည်း၍ တန်ပြန်ရန်မှာ မြန်မာနိုင်ငံက အခရာကျနေသည့် အချက်လည်းဖြစ်သည်။ ဦးသိန်းစိန်အနေဖြင့်လည်း အာဆီယံဥက္ကဌရာထူးရယူခြင်းသည် တရုတ်၏ပါဝါကို တန်ပြန်ရန် အတွက် ဖြစ်ဖွယ် ရှိသည်ဖြစ်ရာ အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို လက်လွှတ်လိုက်ရလျှင် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်သာဖြစ်ပေလိမ့်မည်။ ထို့ကြောင့် တရုတ်၊ အမေရိကန်၊ မြန်မာနိုင်ငံရှိ အာဆီယံနိုင်ငံများ၏ အကျိုးစီးပွား ဤသုံးရပ်ကို ချိန်ညှိ၍ ကစားနေကြရသော အာဆီယံ နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို ဥက္ကဋ္ဌရာထူး ပေးရေးအတွက် ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်သည်။ အာဆီယံဖွဲ့စည်းပုံအရပင် အာဆီယံသည် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများ ပေါင်းကူးဆက်ဆံခြင်းဖြင့် ငြိမ်းချမ်းသာယာသော ပတ်ဝန်းကျင်ကို ဖန်တီးရန်အတွက်သာဖြစ်ပြီး တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ပိဋိညာဉ်တွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။

မြန်မာနိုင်ငံကို လာရောက်လေ့လာသွားသော အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါလီက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် ပြည်တွင်းရေးသက်သက်သာဖြစ်ပြီး ကောင်းမွန်သော ပြောင်းလဲမှုများဟု ယုံကြည်ပါကြောင်း၊ သို့သော် မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌ ရာထူးရယူရေးသည် ပြည်တွင်းရေးနှင့်ဆိုင်ဘဲ အာဆီယံပြည်သူများ၏ သဘောထားဆန္ဒပင်ဖြစ်ပါကြောင်း  ပြောကြားခဲ့ရာ  မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ ရာထူးကို ၂၀၁၄ ခုနှစ်တွင် ထမ်းဆောင်ခွင့်ရတော့မည်ဆိုသည့် အဖြေကို ရှင်းရှင်းလင်းလင်း မြင်နေရပြီဟုသာ ဆိုရတော့မည်ဖြစ်သည်။

***************************************************************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment