Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၎.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ဦးပိုင်ဆန်အ၀ယ်တော် ဆန်ဖိုးငွေ သိန်းထောင်ချီမရှင်းနိုင်သဖြင့် တိမ်းရှောင်
  2. မီးရထားစီးနင်းခနှင့် တန်ဆာခများ တိုးမြှင့်သတ်မှတ်
  3. ရေဘေးဒုက္ခသည် ရွှေ့ပြောင်းလုပ်သားများအတွက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ခေတ္တပြန်ဖွင့်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နိုင်ငံတကာ ကိုယ်စားလှယ် အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးမှုကို ဒေါ်အောင်ဆန်းစုကြည် ကျေနပ်
  2. ကုလအတွင်းရေးမှူးချုပ် အာဆီယံ-ဘာလီအစည်းအဝေး တက်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***************************************************************************************

ပြည်တွင်းသတင်းများ

ဦးပိုင်ဆန်အ၀ယ်တော် ဆန်ဖိုးငွေ သိန်းထောင်ချီမရှင်းနိုင်သဖြင့် တိမ်းရှောင်

မြန်မာ့တပ်မတော်၏ အဓိကစီးပွားရေးလုပ်ငန်းစုံ ကော်ပရေးရှင်းဖြစ်သည့် ဦးပိုင်မှဆန်အ၀ယ်တော် ကိုယ်စားလှယ် တစ်ဦိးသည် ပေးချေရန် ရှိသည့် ဆန်ဖိုးငွေများကို ပေးချေခြင်းမရှိဘဲ တိမ်းရှောင်သွားကြောင်း ဘုရင့်နောင် အသောကလမ်းမှ ဆန်ပွဲရုံပိုင်ရှင် တစ်ဦးက ပြောကြားသည်။

ဗိုလ်မှူးကြီးအဆင့်ရှိ ပုဂ္ဂိလ်သည် ပြည်ပတင်ပို့မည့် ဆန်အ၀ယ်တော်အဖြစ် လုပ်ကိုင်နေရာမှ တဆင့်တက်ပြီး ကားအရောင်းအ၀ယ်ကို ၀င်ရောက် လုပ်ကိုင်ရာတွင် ဆန်ဘိုးငွေများဆုံးရှုံးသွား၍ ဆန်လာသွင်းသည့်သူများကို ငွေမချေနိုင်တော့ဘဲ ပြီးခဲ့သည့် သောကြာနေ့မှ စတင်တိမ်းရှောင်သွားသည်ကို ဗုဒ္ဒဟူးနေ့မှ ဆန်ပွဲစားများသိရှိကြကြောင်း ဦးပိုင်သို့ ဆန်ဝယ်ယူတင်သွင်းနေသူတစ်ဦးက ပြောကြားသည်။

“အရင်က ဆန်ကားရောက်တာနဲ့ ငွေချေတာ အခုငွေမချေဘဲ လူပျောက်သွားတာ ငွေဘယ်လောက်လဲ ဆိုတာတော့ လောလောဆယ်စုလို့ မရသေးဘူး သိန်းထောင်ချီိနိင်တယ်” ဟု အထက်ပါ ပုဂ္ဂိလ်က ဆိုသည်။

သက်ဆိုင်ရာမှ သင်္ဘောတင်သာမက နယ်စပ်ကပါ ဆန်တင်ပို့ရောင်းချခွင့် ပြူလိုက်သဖြင့် ဆန်အရောင်းအ၀ယ် ကောင်းရမည့်အချိန်တွင် ဦးပိုင်ကို ဆန်တင်သွင်းသူများကလည်း ငွေရှင်းမနိုင်၊ ၎င်းတို့အောက်ကပွဲစားကလည်း ငွေမရှင်းနိုင်၊ ပွဲစားငွေမချေနိုင်သဖြင့် ဆန်စက်သမား ငွေမလည်ပတ်နိုင်ဘဲ တောင်သူများအထိ အဆင့်ဆင့်ထိခိုက်က ကောက်သစ်ပေါ်ချိန်တွင် ဆန်အရောင်းအ၀ယ် တုံ့ဆိုင်းသွားရကြောင်း ပြည်ပသို့ဆန်တင်ပို့နေသူတစ်ဦးက သုံးသပ်ပြောကြားသည်။

ဦးပိုင်း၏ ဆန်စပါးဝယ်ယူမှုစနစ်သည် လူတစ်ဦးတစ်ယောက် သို့မဟုတ် လူသုံးလေးယောက်က ငွေသိန်းသုံးလေး သောင်းချီပြီး စပါးတင်း သိန်းပေါင်း ၁၀သိန်း၁၅သိန်း ၀ယ်ယူသော စနစ်ဖြစ်သဖြင့် ကိုယ်စားလှယ်များ အချိန်မရွေး ဖောက်ပြန်နိုင်ကြောင်း ဆန်စပါးဝယ်ယူရာတွင် ငွေကြေးအားဖြင့် တင်း၁၀၀ ကို ကျပ်လေးငါးထောင် အဟဖြင့်ပင် ကိုယ်ကျိုးရှာ၍ ရကြောင်း မြောင်းမြမြို့မှဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

“အခုဖြစ်တာ လူကြောင့်ဖြစ်တာဆိုတာထက် လုပ်တဲ့စနစ်ကြောင့်ဖြစ်တာ  လက်ဝါးကြီးအုပ်စနစ်ကြောင့်ဖြစ်တာ”ဟု ဆန်ရောင်းဝယ်ရေး အတွေ့အကြုံနှစ်၂၅နှစ်ရှိ အထက်ပါ ဆန်စက်လုပ်ငန်းရှင်က ဆိုသည်။

မိဖြူ

--------------------------------------------------------------------------------------------------------------------------------

မီးရထားစီးနင်းခနှင့် တန်ဆာခများ တိုးမြှင့်သတ်မှတ်

မြန်မာ့မီးရထားမှ လူစီးလက်မှတ်ခနှင့် ကုန်တင်ဆောင်ခ နှုန်းထားများကို တိုးမြှင့်သတ်မှတ် ကောက်ခံလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

လက်ရှိ မြန်မာ့ မီးရထားမှ သတ်မှတ်ထားသည့် လူစီးလက်မှတ်ခနှင့် ကုန်တင်ဆောင်ခ(တန်ဆာ) ခနှုန်းထားများမှာ ယခင် ဒီဇယ်တစ်ဂါလန် ငွေကျပ် ၁၆၀ ခေတ်ကတည်းကပင် သတ်မှတ်ခဲ့သည့် နှုန်းထားများဖြစ်ပြီး ယခု ဒီဇယ်တစ်ဂါလန် ငွေကျပ် ၃၀၀၀ ခန့်ဖြစ်လာသော်လည်း ယခင်နှုန်း အတိုင်းပင် နိုင်ငံတော်မှ အရှုံးခံကာ မီးရထားပြေးဆွဲပေးနေရ ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိသည်။

ထိုကြောင့် အရှုံးကာမိပြီး မီးရထားဝန်ဆောင်မှုများနှင့် ရထားလမ်းများကိုပါ အဆင့်မြှင့်တင်နိုင်စေရန် မြန်မာ့ မီးရထားမှ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ လော်ကယ်/စာပို့ ရထားများ၏ ရိုးရိုးတန်းနှုန်းထားကို (၁)မိုင် ၃ ကျပ်နှုန်းမှ ၉ ကျပ်နှုန်းသို့လည်းကောင်း၊ အမြန်ရထားများ၏ ရိုးရိုးတန်းနှုန်းထားကို (၁) မိုင် ၄ ကျပ်မှ ၁၂ ကျပ်နှုန်းသို့ လည်း ကောင်း တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

မီးရထားရှိ ပထမတန်း အထက်တန်းထိုင်ခုံ၊ အထက်တန်းအိပ်စင်များ၏ နှုန်းထားများနှင့် ကုန်တန်ဆာခများကိုပါ အချိုးကျ တိုးမြှင့်သွားမည်ဖြစ်ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ရထားလက်မှတ်ခနှင့် ကုန်တင်ခ နှုန်းထားသစ်များကို ဘူတာရုံအသီးသီးနှင့် ကုန်ရုံများတွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ယခုကဲ့သို့ ရထားလက်မှတ်ခများ တိုးမြှင့်လိုက်သည့်အတွက် ရထားစီး အခြေခံလူတန်းစားအချို့ သွားလာမှု ခက်ခဲသွားနိုင်သော်လည်း မီးရထား ဝန်ဆောင်မှုများမှာမူ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိအစိုးရသစ်လက်ထက်ထိတိုင် နှစ်စဉ် ငွေကျပ်သန်းပေါင်း မြောက်မြားစွာ အရှုံးခံ လုပ်ကိုင်နေရသည့် ဝန်ကြီးဌာန ၃၊၄ ခုခန့် ရှိနေသေးသည့်အတွက် မကြာမီအချိန်တွင် ၎င်းဝန်ကြီးဌာနများကိုလည်း လက်ရှိထက် အခွန်နှုန်းထားများ သတ်မှတ်တိုးမြှင့်ကောက်ခံနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

ရေဘေးဒုက္ခသည် ရွှေ့ပြောင်းလုပ်သားများအတွက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ခေတ္တပြန်ဖွင့်မည်

ထိုင်းနိုင်ငံအတွင်း ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုကြောင့် ရေဘေးဒုက္ခ ကြုံတွေ့နေရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများဌာနေပြန်လာရာတွင် အခက်အခဲများ ကြုံတွေ့မှုနည်းပါးစေရန် ရည် ရွယ်ပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားကို ခေတ္တပြန်လည် ဖွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ဌာနေပြန်ချင်သူ ရေးဘေးဒုက္ခသည် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အခမဲ့ ကူညီရန် ထိုင်းနှင့် မြန်မာတို့မှ တာဝန်ရှိသူများသည် နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက မဲဆောက်-မြဝတီ ကုန်သွယ်ရေး တံတားပေါ်တွင် သဘောတူ လက်မှတ်ရေးထိုး လိုက်ကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ ရေဘေးဒုက္ခကြုံတွေ့ခဲ့မှုကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်လာသည့် ရွှေပြောင်းလုပ်သားများထံမှ ငွေကြေးတစ်စုံတစ်ရာ တောင်းခံမှုများ ရှိပါက တိုင်ကြားနိုင်ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဘန်ကောက်မှ မဲဆောက်သို့ ရောက်ရှိလာသော မြန်မာရေဘေးဒုက္ခသည်များကို တာ့ခ်ခရိုင် ထိုင်းလူဝင်မှု ကြီးကြပ်ရေးအဖွဲ့(လဝက)မှ မြဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) သို့ လွှဲပြောင်းပေး ခဲ့သည်။

ထိုင်း-မြန်မာချစ်ကြည်ရေးတံတား ခေတ္တပြန်လည်ဖွင့်ပေးထားခြင်းမှာ ရေဘေးဒုက္ခသည်များ နေရပ်ပြန်ရာတွင် အစဉ်ပြေ လွယ်ကူစေရန်သာ ဖြစ်ပြီး ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခွင့်မရှိကြောင်း သတင်းရရှိသည်။

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပုံမှန်ပြန်လည်ဖွင့်လှစ်ပေးရေးကိစ္စကို မြဝတီခရိုင် အုပ်ချုပ်ရေးမှူးက သမ္မတ ဦးသိန်းစိန်ထံ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

YC

                                 ***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နိုင်ငံတကာ ကိုယ်စားလှယ် အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးမှုကို ဒေါ်အောင်ဆန်းစုကြည် ကျေနပ်

အစိုးရသစ်မှ နိုင်ငံ့တာဝန်များ စတင်ယူချိန်တွင် ဖြစ်ပေါ်လာသော နိုင်ငံရေးတိုးတက်ပြောင်းလဲမှုများကို လာရောက်  လေ့လာသည့် နိုင်ငံတကာ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုဆွေးနွေးမှုများကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်အားရမှုရှိကြောင်း နိုဝင်ဘာ ၃ ရက်တွင် ပြောကြားသည်။

ကုလသမဂ္ဂ၏ ဒုတိယအတွင်းရေးမှုးချုပ် မစ္စတာ နမ်ဘီယားနှင့်တွေ့ဆုံပြီးချိန်တွင် ထုတ်ဖော်ပြောခြင်းဖြစ်ကာ၊ ယင်းသို့တွေ့ဆုံ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ဖွင့်ဟပြောဆိုရန် အစီအစဉ် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက် လက် ပြောကြားသည်။

“သူတို့တွေ ထုတ်ပြန်သလောက်ပဲ ပြောလို့ရမှာပါ”ဟု ယင်းကဆက်လက် ပြောကြားသည်။

နိုင်ငံတကာမှ မြန်မာ့အရေးကို လာရောက်လေ့လာသူများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံမှုများသည် ခပ်စိတ်စိတ် ဖြစ်နေသည့်အတွက် ပြည်သူများ သိရှိနိုင်ရန် ပြည့်စုံသည့် သတင်းထုတ်ပြန်မှုများကို ပြုလုပ်ပေးသင့်ကြောင်း သတင်းမီဒီယာများက တစ်ညီတစ်ညွတ်တည်း ဆိုကြသည်။

“ကျွန်တော်တို့က ပြည်သူကို အသိပေးတဲ့ အလုပ်ကို လုပ်နေရတာဆိုတော့ ပြည့်ပြည့်စုံစုံ သတင်းထုတ်ပြန်ရင် ပြည်သူကို ပိုတင်ပြလို့ရမှာပေါ့”ဟု ပြည်ပသတင်းထောက်တစ်ဦးက ပြောကြားသည်။

နိုဝင်ဘာလဆန်းတွင်ပင် မြန်မာနိုင်ငံ၏ အပြောင်းအလဲများကို လေ့လာရန် ကုလသမဂ္ဂ၊ အမေရိကန်နှင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ လေ့လာရေးအဖွဲ့များ ဆက်တိုက်ရောက်ရှိလာပြီး အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ လူမှု ရေးအသင်းအဖွဲ့များနှင့်မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ သည်။

YC(KS)

--------------------------------------------------------------------------------------------------------------------------------

ကုလအတွင်းရေးမှူးချုပ် အာဆီယံ-ဘာလီအစည်းအဝေး တက်မည်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် နိုဝင်ဘာလလယ်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ပြုလုပ်မည့် အာဆီယံထိပ်သီး အစည်းအဝေးအား တက်ရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ ငါးရက်ကြာ အလည်အပတ် ရောက်ရှိနေသည့် ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာ နမ်ဘီယား၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ အပြောင်းအလဲများကို အားရကျေနပ်ပါကြောင်း၊ ယင်း အပြောင်းအလဲများ လုပ်ဆောင်နေသည်ကို နောက်မဆုတ်ရန် အထူးလိုအပ်ပါကြောင်းနှင့်ဖြစ်ပေါ်နေသည့် တိုးတက်မှုလက္ခဏာများအတွက် မြန်မာအစိုးရသစ်၏ လုပ်ဆောင်ချက်ကို အားရကျေနပ် မိပါကြောင်း ပါရှိသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက ဥက္ကဋ္ဌ အဖြစ်စတင် တာဝန်ထမ်းဆောင်မည့်ကိစ္စရပ်နှင့် ပတ်သက်၍ ဆွေးနွေးမှု များ ပြုလုပ်မည် ဖြစ်သည့်အတွက် ယင်းအစည်းအဝေးသည် မြန်မာနိုင်ငံအား နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ပြန်လည် ဝင် ရောက်စေရေးအတွက် အလွန်ကောင်းမွန်သည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း နိုင်ငံရေးပါတီတစ်ခုမှ ထိပ်ပိုင်း ခေါင်း ဆောင် တစ်ဦးက သုံးသပ်သည်။

“အက္ခရာစဉ်အရ ဥက္ကဋ္ဌ ရာထူးထမ်းဆောင်ရတယ်ဆိုပေမယ့် မြန်မာနိုင်ငံက တာဝန်မယူနိုင်ဘူးလို့ ငြင်းပယ်ခဲ့ တာရှိတော့ ဒီအမြင်တွေကို ပယ်ဖျက်နိုင်အောင် ဒီအစည်းအဝေးမှာ ကြိုးစားရမှာ ဖြစ်ပါတယ်”ဟု မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူတစ်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန် ပေးအပ်ရေးနှင့်ပတ်သက်၍ မိမိနှင့် မသက်ဆိုင်ကြောင်း အာဆီယံ စည်းမျဉ်းစည်းကမ်းအရသာ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ အာဆီယံ ထိပ်သီးအစည်းအဝေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာရရှိထားသည့် အမေရိကန်ပြည်ထောင်စု၏ သမ္မတနှင့်ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတများ တက်ရောက်ရန် ရှိကြောင်း သိရပြီး ဘာလီကျွန်း ဧရိယာသည် အထူးဇုန်တစ်ခု ဖြစ်သောကြောင့် အမေရိကန်သမ္မတ အိုဘားမားနှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ အပြောင်းအလဲများကို လာရောက် လေ့လာသည့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။

 YC(KS)

 ***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဥက္ကဋ္ဌကြီးဟာ တစ်ခါတစ်ရုံ သူ့ကိုယ်သူ တပ်ကလာတာလို့ ပြောဆိုသုံးနှုန်းတာ ရှိပါတယ်။ ဒါပေမယ့် တပ်မတော်နဲ့ ပတ်သက်တဲ့ ကိစ္စမျိုးမှသာ သုံးလေ့ရှိတာပါ။ သူဖြတ်သန်းခဲ့ရတဲ့ ဘဝကို ထောက်ပြတဲ့သဘောပါ။ တကယ်တမ်း သူအပြောများတာက ‘ကျွန်တော်လည်း ကိုယ်ရည်သွေး ပြောရမယ် ဆိုရင် လယ်သမားသားသမီး ပါ’ လို့ပဲပြောလေ့ရှိပါတယ်။

“…ကျွန်တော်တို့အနေနဲ့ တစ်ခါတစ်ရံကိုယ့်ကိုကိုယ် ‘၈’လေးလုံး (ကျောင်းသားဟောင်းတွေ) ဖြစ်ခဲ့တာကိုပြောမိပါတယ်။ ကျွန်တော်တို့ကို ‘၈’လေးလုံး သောင်းကျန်းသူတွေလို့ အပြောခံရတဲ့အခါ မခံနိုင်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီးဥက္ကဋ္ဌကြီးက ကျွန်တော့ကို ‘ရင်ထဲမှာ အမာရွတ်တွေရှိသေးသလား’ လို့ ပွင့်ပွင့်လင်းလင်း မေးပါတယ်။ အဲဒီလိုမေးနိုင်သူလည်း ဖြစ်ပါတယ်။ ပြီးတော့ သူကိုယ်နှိုက်ကသူ့ကိုယ်သူ ‘ဒီမိုကရေစီဘက်တော် သားအပေါင်းတို့’လို့ ရဲရဲတင်းတင်းပြောပါတယ်။ လွှတ်တော်ထဲမှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲမရှိဘဲဒီမိုကရေစီကျကျ ကျင့်သုံးကြဖို့ သူက အမြဲတိုက်တွန်းလေ့ ရှိသလို သူ ကိုယ်တိုင်ကလည်း ကျင့်သုံးနေသူလို့ မြင်ပါတယ်”

နိုဝင်ဘာ ၄ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၈) အမှတ် (၅၄၂) တွင်ပါသည့် “ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အပေါ် ကိုယ်စားလှယ်တို့က ဤသို့ ရှုမြင်ကြသည်” သတင်းမှ အလုံမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် (ခေါ်) ဦးခင်မောင်ရည်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ကိုယ်စားလှယ်တွေကလည်း ပြည်သူနဲ့ ဆက်ပြီးထိတွေ့နေဖို့လိုမယ်။ ရွေးကောက်ပွဲနီးမှ ဖုတ်ပူမီးတိုက် ပြန်သွားလို့မရဘူး။ ပြည်သူထဲမှာနေဖို့လိုတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေက ကိုယ်စားလှယ်လောင်း တစ်ဦးချင်းရဲ့ အကြောင်းဘာမှ ကောင်းကောင်းမသိဘဲရွေးချယ်လိုက် ကြရတယ်။ လူကိုမရွေးဘဲအဖွဲ့အစည်းကို ကြည့်ရွေးချယ် မဲပေးခဲ့တာမျိုး၊ အများက ဖိအားပေး တိုက်တွန်းလို့ မဲပေးခဲ့တာမျိုးတွေများခဲ့တယ်။ လာမယ့် ဒုတိယသက်တမ်း ရွေးကောက်ပွဲမှာဒီထက်ပိုကျယ်ကျယ် ပြန့်ပြန့် လေးလေးနက်နက် စိစစ်ပြီးမှ ဆန္ဒပြုရွေးချယ်တာမျိုးဖြစ်လာဖို့ မျှော်လင့်တယ်။ ပြည်သူ့ကိုယ်စားလှယ်လုပ်မယ့် သူတွေက ရွေးကောက်ပွဲနီးမှ ခါတော်မီ နိုင်ငံရေးသမား ဝင်လုပ်တာမျိုး ဆိုရင်တော့ ဝမ်းနည်းစရာပါပဲ။ ကိုယ့် နယ်မြေကဒေသခံမဲဆန္ဒရှင်တွေနဲ့ လက်ပွန်းတတီးတွေ့ဆုံဆွေးနွေးကြဖို့ သိပ်လိုတာ ပေါ့”

နိုဝင်ဘာ ၄ ထုတ် First Weekly အတွဲ (၁) အမှတ် (၁)တွင်ပါသည့် “ရွေးကောက်ပွဲဝင်ခဲ့ကြသည့် လွှတ်တော် ကိုယ်စားလှယ် အားလုံး အောက်ခြေပြည်သူများနှင့် ပိုမိုထိတွေ့ကြရန် ဒေသခံ ပြည်သူမဲဆန္ဒရှင်များက ဆန္ဒရှိနေ” သတင်းမှ နေပြည် တော် ပျဉ်းမနားမြို့မှ နိုင်ငံရေးလေ့လာသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“နိုင်ငံတော်သမ္မတကြီးပြောသွားတဲ့  Clean Government.. အချိန်မရွေး ကျွန်တော်တို့ကိုပြောလက်ခံမယ်။ ပြုံးပြုံးရွှင်ရွှင် လက်ခံမယ်၊ ကျွန်တော်တို့ကိုချောက်ချတဲ့ စိတ်ထားနဲ့ မဟုတ်ဘဲဖြောင့်မတ်တဲ့ စိတ်ထားနဲ့ အမှန်တွေပေးပါ။ ဒီအမှန်တွေ ကျွန်တော်တို့ ပြင်မယ်။ ကျွန်တော်တို့ပြင်ဖို့ ဝန်မလေးဘူး။ ကျွန်တော်တို့ လုပ်တာရော နှုန်းပြည့်မှန်တယ်လို့ ဘယ်တော့မှ မယူဆဘူး။ ဒီလိုက ဒီလိုဖြစ်တယ်။  ကျွန်တော်တို့ပြန်တိုင်ပင်မယ်”

နိုဝင်ဘာ ၈ ထုတ် NEWS WATCH အတွဲ (၇) အမှတ် (၁၉) တွင်ပါသည့် “သမ္မတကြီးဦးသိန်းစိန်က မီဒီယာများကို အလေးထား လေးစားဟု ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းပြောကြား” သတင်းမှ ကောက်နှုတ်ချက်

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment