Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၉.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီကျင့်သုံးမှု ဆန်းစစ်ဖို့ ပေတံတစ်ချောင်း

************************************************************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီကျင့်သုံးမှု ဆန်းစစ်ဖို့ ပေတံတစ်ချောင်း

မောင်ဝံသ

(နိုဝင်ဘာ ၁၀ ထုတ် Popular News အတွဲ (၃) အမှတ် (၄၄) မှ ထုတ်ယူဖော်ပြပါသည်။)

ဒီမိုကရေစီစနစ်မှာ နိုင်ငံတော်အာဏာဆိုတာ တစ်ခုကိုတစ်ခု အပြန်အလှန်ထိန်းကျောင်းမှုရှိသော် တစ်ခုအပေါ် တစ်ခု လွှမ်းမိုးမှု လုံးဝမရှိတဲ့ ဥပဒေပြုမဏ္ဍိုင်၊ တရားရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဆိုတဲ့ ဒေါက်တိုင်ကြီး ၃ ခုအပေါ် မီဒီယာဆိုတဲ့ စတုတ္ထမဏ္ဍိုင်ရဲ့ အနီးကပ်စောင့်ကြည့်မှုအောင်မှာ တည်ရှိတဲ့ အရာတစ်ခု ဖြစ်တယ်ဆိုတာ အခုအချိန်မှာ နိုင်ငံရေးသိပ္ပံပညာရပ်ကို စိတ်ပါဝင်စားသူတိုင်း သိနေကြပြီးသားဖြစ်တဲ့ အခြေခံ သဘောတရား တစ်ခု ဖြစ်တယ်ဗျ။

ဘယ်လောက်ကျင့်သုံးနေသလဲ

ဒီမိုကရေစီဆိုတာ ပန်းတိုင်ဖြစ်တဲ့တစ်ချိန်တည်းမှာ ကျင့်စဉ်လည်း ဖြစ်တာကြောင့် ဒီမိုကရေစီ ပန်းတိုင်ဆီသို့ ဦးတည်လျှောက်လှမ်းနေတဲ့ နိုင်ငံတစ်ခု ခရီးဘယ်လောက် ပေါက်နေသလဲဆိုတဲ့ အချက်ကို အဲဒီနိုင်ငံက နိုင်ငံရေးမှာ ပတ်သက်ဆက်နွှယ်သူတွေ ဒီမိုကရေစီကျင့်စဉ်ကို ဘယ်လောက် ကျင့်သုံးနေသလဲဆိုတဲ့အ ချက်နဲ့ပဲ တိုင်းတာရမှာ ဖြစ်တယ်ဗျ။ တစ်နည်းပြောရရင် အထက်မှာ ဖော်ပြခဲ့တဲ့ အာဏာမဏ္ဍိုင်ကြီး ၃ ခုဟာ တို့ အမှန်တကယ် တည်ရှိရမယ့် တစ်ခုနဲ့တစ်ခု ‘စစ်ဆေးထိန်းညှိ’ Check and Balance နိုင်တဲ့ အနေအထားမှာ ရှိရဲ့လား။ ဆိုလိုတာက မဏ္ဍိုင်တစ်ခုက တစ်ခုအပေါ် မလျော်သြဇာသုံးပြီး လွှမ်းမိုးနေသလား။ အဲဒီအနေအထားမှာမရှိဘူးဆိုရင် အဲဒါကို စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေက ဝေဖန် ထောက်ပြကြရဲ့လား ဝေဖန် ထောက်ပြခွင့်ရော ရကြရဲ့လားစတဲ့ အချက်တွေနဲ့ ဒီမိုကရေစီ ခရီး ဘယ်လောက်ပေါက်သလဲဆိုတာကို တိုင်းတာကြရမှာပဲ ဖြစ်တယ်ဗျ။

တရားဥပဒေစိုးမိုးရေး

အထူးသဖြင့်တော့ တရားဥပဒေစိုးမိုးမှုရှိခြင်း၊ မရှိခြင်းဟာ ဒီမိုကရေစီပန်းတိုင်သို့ ဦးတည်လျှောက်လှမ်းနေတယ်ဆိုတာ တကယ်ဟုတ်၊ မဟုတ်၊ ဒီမိုကရေစီကျင့်စဉ်များကို ကျင့်သုံးနေခြင်း တကယ်ရှိ၊ မရှိကို စစ်ဆေးတိုင်းတာတဲ့ အကောင်းဆုံး မှတ်ကျောက်ဖြစ်တယ်ဗျ။ ရွှေစစ်ရင် မှတ်ကျောက် အတိုက်အခံနိုင်တယ်ဆိုတဲ့ စကားလိုပဲ တရားဥပဒေ စိုးမိုးမှုရှိ၊ မရှိ ဆိုတဲ့မှတ်ကျောက်နဲ့ တိုင်းကြည့်လိုက်ရင် ဒီမိုကရေစီ စစ်၊ မစစ်ဆိုတဲ့ အချက်ဟာ ဘွားဘွားကြီး ပေါ်ထွက်လာမှာပဲ ဖြစ်တယ်ဗျာ။ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိဆိုတဲ့ စကားက ဒီမိုကရေစီရဲ့ အသည်းနှလုံးဖြစ်တယ်ဗျ။

စွက်ဖက်နှောက်ယှက်မှုကင်းရဲ့လား

ဒီမှာ တရားဥပဒေစိုးမိုးမှု ရှိ၊ မရှိဆိုတာကို ဘယ်လိုတိုင်းတာမလဲဆိုတဲ့ မေးခွန်းထွက်ပေါ်လာတယ်ဗျ။ ဒါကတော့  တရားရုံး ကြားနာ စစ်ဆေးမှု တွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီရဲ့လား။ တရားသူကြီးတွေဟာ သူတို့ အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်နိုင်ကြရဲ့လား။ တစ်နည်းပြောရရင် တရားရေး မဏ္ဍိုင်ဟာ စတုတ္ထမဏ္ဍိုင်အပါအဝင် အခြားမဏ္ဍိုင်တွေ အထူးသဖြင့် အုပ်ချုပ်ရေး မဏ္ဍိုင်ရဲ့ ဝင်ရောက် စွက်ဖက် နှောင့်ယှက်လွှမ်းမိုးမှု ကင်းလွတ်ရဲ့လား ဆိုတာတွေနဲ့ စစ်ဆေးတိုင်းတာလိုက်ရင် လယ်ပြင်မှာ ဆင်းသွားသလို အဖြေက ထင်ထင်ရှားရှားကြီး ပေါ်ထွက်လာမှာပဲ ဖြစ်တယ်ဗျာ။ ကြုံတုန်းစကာစပ်မိ လို့ မကြာသေးခင် ရက်သတ္တပတ အနည်းငယ် အတွင်း ဖတ်ရှုဖြစ်ခဲ့တဲ့ တရားစီရင်ရေးစနစ်နဲ့ ပတ်သက်တဲ့ နိုင်ငံ တကာသတင်းတချို့အကြောင်း လက်တို့ပြီး ပြောပြချင် တယ်ဗျာ။

ဘရာဇီးက တရားသူကြီး

သတင်းတစ်ခုက ဘရာဇီးက လာတာဖြစ်တယ်ဗျ။ သတင်းမှာ တရားသူကြီးတစ်ဦးက နိုင်ငံမှာ ကမ္ဘာ့တတိယအကြီးဆုံး ဖြစ်လာမယ့် ရေကာတာကြီး တည်ဆောက်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ အမိန့်ထုတ် ပြန်လိုက်တယ်လို့ ပါတယ်ဗျ။ အဲဒီစီမံကိန်းဟာ အစိုးရရဲ့ စီမံကိန်း ဖြစ်တာကြောင့် အစိုးရရဲ့ ရပ်တည်ချက်နဲ့ ဆန့်ကျင်နေတဲ့ အဲဒီစီရင်ချက် အတွက် အထက်ရုံးကို အယူခံတင်မယ်လို့ အစိုးရက ပြောပေမယ့် အဲဒီ တရားသူကြီးကို ဖိအားပေးတာမျိုး၊ တရားသူကြီး ဘယ်လိုဆုံးဖြတ်ဆုံးဖြတ်စီမံကိန်းကို ဆက်လုပ်မယ်လို့ ပြောတာမျိုးတွေ မရှိခဲ့ဘူးဗျ။

တရုတ်ပြည်က တရားသူကြီး

နောက်သတင်းတစ်ခုက တရုတ်နိုင်ငံကလာတာဖြစ်တယ်ဗျာ။ နယ်မြို့လေးတစ်မြို့မှာ မြို့ခံတွေက ဓာတုစက်ရုံ တစ်ရုံကြောင့် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ပေါ်ပေါက်လာနေတယ်ဆိုပြီး အဲဒီစက်ရုံကို ပိတ်ပေးဖို့ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြတောင်းဆိုခဲ့ကြတယ်။ အဲဒီကိစ္စ တရားရုံးရောက်သွားတဲ့အခါ တရားသူကြီးက အာဏာပိုင်တွေနဲ့ ဆက်နွယ်မှု ရှိနေတဲ့ စက်ရုံပိုင်ရှင်ဘက်မလိုက်ဘဲ ဒေသခံတွေရဲ့ တောင်းဆိုချင်အတိုင်း စက်ရုံပိတ်ဖို့ စီရင်ချက် ချမှတ်ခဲ့တယ်ဗျာ။

သိမ်းပိုက်လယ်တွေ ပြန်ပေးစေ

နောက်သတင်းတစ်ခုက အိန္ဒိယကဗျ။ အူတာပရာဒက်ရှ်ပြည်နယ် အလာဟာဘတ်မြို့ တရားရုံးက လယ်သမားတွေဆီက သိမ်းထားတဲ့ လယ် မြေတွေ ပြန်ပေးဖို့ ပြည်နယ်အစိုးရကို အမိန့်ပေးလိုက်တယ်ဆိုတဲ့ သတင်းဖြစ်တယ်ဗျ။

အဲဒီဖြစ်ရပ် ၃ ခုစလုံးမှာ တရားရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ဆီက ရောက်ရှိကောင်း ရောက်ရှိလာနိုင်တဲ့ ဖိအားကို မမူဘဲ ရဲရဲရင့်ရင့် လွတ်လွတ်လပ်လပ် စီရင်ဆုံးဖြတ်ခဲ့တာကို တွေ့ကြရမှာဖြစ်တယ်ဗျ။ တစ်နည်းပြောရရင် ဒီဖြစ်ရပ် ၃ခုဟာ ဒီမိုကရေစီ တရားစီရင်ရေးစနစ် သို့မဟုတ် တရားဥပဒေစိုးမိုးမှုရှိခြင်းရဲ့ ကောင်းမွန်တဲ့ ဥပမာတွေ ဖြစ်တယ်ဗျ။

မျက်စိဒေါက်ထောက်ကြည့်နေမှာ

အခုဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ လွှတ်တော်က ဥပဒေတွေ တစ်ခုပြီးတစ်ခု အတည်ပြု ထုတ်ပြန်နေတာ တွေ့ရ တယ်ဗျာ။ ကျွန်တော်တို့ စတုတ္ထ မဏ္ဍိုင်သားတွေကတော့ အဲဒီ ဥပဒေတွေဟာ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို ဦးတည်တဲ့ ဥပဒေတွေ ဟုတ်၊ မဟုတ် မျက်စိဒေါက်ထောက် ကြည့်နေ၊ ဆန်းစစ်နေမှာပဲဗျ။ ဥပဒေတွေ သက်ဝင် လှုပ်ရှားလာတာနဲ့အမျှ အဲဒီဥပဒေတွေကို တရားရုံးက ဆုံးဖြတ်စီရင် အကောင်အထည်ဖော် ကြရတော့မှာ ဖြစ်တယ်ဗျ။ အဲဒီ အချိန်မှာ တရားသူကြီးတွေဟာ သူတို့လက်ထဲရောက်လာတဲ့ အမှုကိစ္စတွေကို ဘယ်လောက်လွတ်လွတ်လပ်လပ် အမှီအခို ကင်းကင်း ဆုံးဖြတ်စီရင်နိုင်ကြမလဲဆိုတာကို ပြည်တွင်းကရော ပြည်ပကပါ အထူးအာရုံစိုက် စောင့်ကြည့်နေကြမှာ ဖြစ်ကြောင်းပါဗျာ။

***************************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment