Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၁.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ရေမရသဖြင့် ရေမီတာဆောင်နိုင်မည်မဟုတ်ကြောင်း သင်္ဃန်းကျွန်းပြည်သူများ ပြောကြား
  2. မောင်စူးစမ်းနှင့် ကျော်ဝင်း စာမူများ ပြည်သူ့ခေတ်တွင် မဖော်ပြရန် မူချမှတ်
  3. ကထိန်အလှူခံ မြို့နယ် ထောက်ခံချက်လို

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်ခြင်းထက် လွှတ်တော်ပြင်ပနိုင်ငံရေးလုပ်ခြင်းက ပိုသင့်လျော်ကြောင်း နိုင်ငံရေးသမား အချို့ သုံးသပ်
  2. မန္တလေး၌ တရားစီရင်ရေး ခြစားမှုကင်းစေရန် ဆောင်ရွက်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***************************************************************************************

ပြည်တွင်းသတင်းများ

ရေမရသဖြင့် ရေမီတာဆောင်နိုင်မည်မဟုတ်ကြောင်း သင်္ဃန်းကျွန်းပြည်သူများ ပြောကြား

ငမိုးရိပ်ဆည်မှ ရေပေးဝေနေသည့် သင်္ဃန်းကျွန်းမြို့နယ်သည် သောက်သုံးရေလုံလောက်အောင် မရရှိသဖြင့် ရေမီတာကြေးကို ပေးဆောင်မည် မဟုတ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူများက ပြောကြားသည်။

"ပြည်သူ့အသံကို လွှတ်တော်က နားမထောင်ဘူး။ အဲဒီတော့ ရတဲ့နည်းနဲ့ လုပ်ရမှာပဲ။" ဟု သင်္ဃန်းကျွန်းနယ်ခံတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ပထမအကြိမ် ဒုတိယပုံမှန်အစည်းဝေးတွင် သောက်သုံးရေ လုံလုံလောက်လောက် ရရှိရေးအတွက် သင်္ဃန်းကျွန်း မြို့နယ် တိုင်းဒေသကြီးအမတ် ဦးကျော်၏ အဆိုတင်သွင်းမှုသည် မဲအပြတ်အသတ်ရှုံးနိမ့်ပြီး လွှတ်တော်မှတ်တမ်းအဖြစ်သာ အသိအမှတ် ပြုခဲ့ကြကြောင်း သိရသည်။

လွှတ်တော်တွင် စည်ပင်သာယာ၏ အသုံးစရိတ်ကိန်းဂဏန်းများကိုဖော်ပြပြီး ခုခံကာကွယ်ဆွေးနွေး သွားကြကြောင်း၊ ယင်းအဆိုကို မလိုအပ်သည့် အဆိုဟု မပြောရုံတမယ် ဆွေးနွေးသွားခဲ့ကြောင်း အထက်ပါအမတ် ဦးကျော်က ပြောကြားသည်။

သင်္ကန်းကျွန်းမြို့နယ်တွင် သောက်သုံးရေ အလုံအလောက်မရရှိသည့် ပြဿနာသည် ၂နှစ်နီးပါးခန့် ကြာမြင့်နေပြီ ဖြစ်ပြီး ယင်းမြို့နယ်၏ ၇၅ ရာခိုင်နှုန်းမှာ သောက်သုံးရေပြဿနာများ ခံစားနေရကြောင်း ဦးကျော်က ပြောကြားသည်။

“အတတ်နိုင်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာပါ။” ဟု သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာရေးမှ တာဝန်ခံတစ်ဦးက ပြောကြားသည်။

ယင်းပြဿနာကို လွှတ်တော်၌တင်ပြပြီးနောက် တိုင်းအဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်အထိ သင်္ဃန်းကျွန်းမြို့နယ်တွင် လာရောက် ကွင်းဆင်းလေ့လာသွားကြောင်း ယင်းဒေသခံတချို့က ပြောဆိုသည်။

အထက်ပါအဆိုကို ဦးကျော်က လွှတ်တော်ထဲတွင် ပြန်လည်တင်သွင်းသွားမည် ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အမတ် များတွင် ပြည်ခိုင်ဖြိုးရေးအမတ် အယောက် ၉၀ကျော်ကို ပြည်ခိုင်ဖြိုးပါတီ(ရန်ကုန်) တာဝန်ခံ ဦးအောင်သိန်းလင်းက ထိန်ချုပ်ထားသည့်အတွက် မဲခွဲဆုံးဖြတ်ရာတွင် အခက်အခဲရှိနိုင်ကြောင်း ဦးကျော်က ဆက်လက်ပြောကြားခဲ့သည်။

 Peace Press

------------------------------------------------------------------------------------------------------------------------

မောင်စူးစမ်းနှင့် ကျော်ဝင်း စာမူများ ပြည်သူ့ခေတ်တွင် မဖော်ပြရန် မူချမှတ်

ရန်ကုန်အခြေစိုက် နိင်ငံရေးအသားပေး သတင်းဂျာနယ် တစ်စောင်ဖြစ်သည့် ပြည်သူ့ခေတ် သတင်းဂျာနယ်တွင် ၀ါရင့်သတင်းစာဆရာကြီး မောင်စူးစမ်းနှင့် အမျိုးသားစာပေဆုရ ဆရာကျော်ဝင်းတို့၏ ဆောင်းပါးများနှင့် အတွေးအမြင်များကို ဖော်ပြခြင်းမပြုရန် မူချထားကြောင်း ပြည်သူ့ခေတ် ဂျာနယ်နှင့် နီးစပ်သူ အယ်ဒီတာတစ်ဦးအဆိုအရသိရှိရသည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကပင် ရွေးကောက်ပွဲလမ်းကြောင်းကို မြန်မာ့နိုင်ငံရေးအလှည့်အပြောင်း၊ မြန်မာနိုင်ငံရေး အကျပ်အတည်း ထွက်ပေါက်အဖြစ် ထောက်ခံရေးသားခဲ့သဖြင့် ဆရာမောင်စူးစမ်းနှင့် ဆရာကျော်ဝင်းတို့ကို လက်ဝဲစာပေအသိုင်းအ၀ိုင်းက တူးတူးခါးခါး ဖယ်ကျဉ် ထားခဲ့ကြောင်း ပြည်သူ့ခေတ်ကလည်း ဆရာနှစ်ယောက်၏ စာမူများကို ဖော်ပြခြင်းမပြုရန် သဘောထားချမှတ်ထားကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

မြန်မာစာနယ်ဇင်း အသိုင်းအ၀ိုင်းတွင် ဖဆပလ ခေတ်ကတည်းက ဂိုဏ်းဂဏစွဲဖြင့် စာပေအုပ်စုလေးများ ရှိခဲ့ကြောင်း ဆရာဒဂုန်တာရာ၏ နာမည်ကို ပုံနှိပ်ဖော်ပြမည်စိုးသဖြင့် ခဲစာလုံးရှိ နာမည်ကို ဓါးဖြင့်ကော်ထုတ်သည့် ဖြစ်စဉ် မြန်မာစာပေလောကတွင် ဖြစ်ပွားခဲ့ဖူးကြောင်း ဂိုဏ်းဂဏ ပဋိပက္ခများအကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ကွန်မြူနစ်ဝါ၏ လမ်းပြရှေ့ဆောင် တစ်ဦးဖြစ်သူ မော်စီတုန်းကမူ ပန်းပေါင်းတစ်ရာပွင့်နိုင်ကြပါစေ ပညာရှိတိုင်း ငြင်းခုန်နိုင်ကြပါစေ ဆိုပြီး လွတ်လပ်စွာ သဘောကွဲလွဲခွင့်ပြုထားသည်။

ဆရာကျော်ဝင်း၏ ဆောင်းပါးများကို ကြိုက်သည့် ဆောင်းပါးများ ရှိသလို မကြိုက်သည့် ဆောင်းပါးများလည်း ရှိကြောင်း မည်သို့ပင်ဖြစ်စေ မျိုးဆက်သစ်လူငယ်များ လေ့လာရေးကို ဘောင်ခတ်ကန့်သတ်ခြင်း မပြူသင့်သလို လူကြီးများ၏ ဂိုဏ်းဂဏအစွဲများ၊ အာဃာတများ၊ အမုန်းတရားများကို မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်းအမွေ ပေးဝေခြင်း မပြူသင့်ကြောင်း အသက်၂၅နှစ်အရွယ် လူငယ်အယ်ဒီတာတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

လက်ရှိ မြန်မာ့ဒီမိုကရေစီရေး လုပ်ရှားမှုသည် ငါနှင့်မတူ င့ါရန်သူဆိုသည့် သဘောမျိုးနှင့် ရန်ငါစည်း လိုက်ပိုင်းခြားနေလို့ မရကြောင်း စစ်အစိုးရနှင့်ပင် တွေ့ဆုံဆွေးနွေးရေး အမျိုးသားပြန်လည်သင့်မြတ်ရေး နိုင်ငံရေးလုပ်ငန်းစဉ် ရှိသူများအနေဖြင့် လွတ်လပ်စွာ သဘောကွဲလွဲခွင့်ကို လက်တွေ့ကျင့်သုံးသင့်ကြောင်း ပမညတ တိုင်းရင်းသား အမတ်ဟောင်းတစ်ဦးက သုံးသပ်ပြောကြားသည်။

“အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာကို အစိုးရနဲ့ NLD သင့်မြတ်ရေးလောက် မြင်လို့မရဘူး တမျိုးသားလုံးပြန်လည်သင့်မြတ်ရေးပဲ ရန်သူ ပျောက်နေတာမျိုး ရန်မီးလိုက်ပွားနေတာမျိုး မဖြစ်သင့်ဘူး” ဟု ၎င်းကဆိုသည်။

မိဖြူ

-----------------------------------------------------------------------------------------------------------------------------------

ကထိန်အလှူခံ မြို့နယ် ထောက်ခံချက်လို

မြန်မာရိုးရာ ကထိန် အလှူခံများကို မြို့နယ်ကျော်၍ အလှူခံခြင်း ခွင့်မပြုသကဲ့သို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ခံချက်ယူပြီးမှ မြို့နယ်တွင်း အလှူခံခွင့်ရှိကြောင်း လှိုင်မြို့နယ်မှ အနှေးယာဉ်လုပ်သားတစ်ဦးက ပြောကြားသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဆိုက်ကားဂိတ်မှူး တာဝန်ခံမှုဖြင့် မည်သည့်ရပ်ကွက်များကို အလှူခံထွက်မည့်အကြောင်း အသိပေး ထောက်ခံချက် မရကြောင်း ထောက်ခံချက်အတွက် ငွေကြေးပေးရခြင်းတော့ မရှိသော်လည်း စိတ်အနှောက်အယှက်ဖြစ်ရကြောင်း ၎င်းက ပြောကြားသည်။

“၂၀၀၇ တုန်းကလည်း မေတ္တာပို့ ဖွင့်တာ ရယက လာပိတ်ခိုင်းတယ် အစိုးရရဲ့ အမိန့်တော့ မဖြစ်နိင်ဘူး အောက်က အူကြောင်ကြားလုပ်တာပဲ ဖြစ်မယ်”ဟု ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်တွင် မြန်မာစာ နောက်ဆုံးနှစ်တက်နေသူ အနှေးယာဉ်လုပ်သားတစ်ဦးက ဆိုသည်။

အနှေးယာဉ်လုပ်သားအများစုသည့် ပင်ပန်းဆင်းရဲပြီး ပညာကောင်းစွာ မသင်ကြရသဖြင့် အသောက်အစား၊ လောင်းကစားနှင့် လောဘ၊ ဒေါသ တခြားလူထက် ပိုများကြောင်း ကထိန်ခင်းလျှင် အပယ်တံခါးပိတ်သည်ဟု ဆရာတော်များ ပြောကြားသဖြင့် ကထိန်ကို မိမိတို့ချွေးနဲ့ရင်းကာ ပင်ပင်ပန်းပန်း အလှူခံထွက်ပြီး ဘုန်းကြီးကျောင်းများကို တစ်ဂိတ်နှင့် တစ်ဂိတ်အပြိုင်အဆိုင် လှူဒါန်းနိုင်အောင် အရုပ်များ၊ ကျွဲအကများနှင့် မရှက်မကြောက် အလှူခံပြီး ထွက်ကြကြောင်း အသက် ၅၉နှစ်အရွယ် ဆိုက်ကား အုံနာတစ်ဦးက ဆိုသည်။

“ခုနောက်ပိုင်း ကထိန်လှူရင် အပယ်မလားဘူဆိုတဲ့ အသိနဲ့ လူဆင်းရဲတွေ ကထိန်ကို အလှူခံ စုပေါင်းခင်း နိုင်အောင် လုပ်အားဒါနပြုကြတာ လိမ်ညာ အလှူခံတာ မဟုတ်ဘူး “ဟု ၎င်းက ဆိုသည်။

မိဖြူ

 ***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ခြင်းထက် လွှတ်တော်ပြင်ပ နိုင်ငံရေးလုပ်ခြင်းက ပိုသင့်လျော်ကြောင်း နိုင်ငံရေးသမားအချို့သုံးသပ်

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေးအတွက် ပါတီတွင်း ဆွေးနွေးလျက်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ကာ လွှတ်တော်တွင်း ရောက်ရှိသွားပါက ဥပဒေအရ ချုပ်ချယ်ခံရမှုများ ရှိလာ နိုင်မည် ဖြစ်သဖြင့် လွှတ်တော်ပြင်ပ နိုင်ငံရေး ပြုလုပ်ခြင်းက ပိုမိုသင့်လျော်ကြောင်း နိုင်ငံရေးသမားအချို့က သုံးသပ်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ကချင်ပြည်နယ် စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက “ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်လာရင် အတိုက်အခံတွေဘက်က ပိုအားကောင်းလာမယ်။ ဒါပေမယ့် ကျွန်မရဲ့ တစ်ဦးတည်းအမြင်အရ လောလောဆယ်မှာ ရွေးကောက်ပွဲမ၀င်ဘဲ လွှတ်တော်ပြင်ပ နိုင်ငံရေး လုပ်စေချင်တယ်။ အခုလက်ရှိလည်း သူတို့လုပ်နေတဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေး ကြောင့် ဥပဒေအချို့ ပြောင်းလဲလာတယ်။ နောက်ဆိုပိုကောင်းလာနိုင်တယ်လို့ ကျွန်မ ထင်တယ်” ဟု သူမ ၏ အမြင်ကို သုံးသပ်ပြော ကြားခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌဖြစ်သူ ဦးနေမျိုးဝေကလည်း NLD ပါတီ အနေဖြင့် ယခုအချိန်တွင် ရွေးချယ်ရန် နည်းလမ်းသုံးခုရှိကြောင်း၊ ထိုသုံးခုအနက် ပါတီမှတ်ပုံမတင်ဘဲနေမည့် နည်းလမ်းအား မိမိအနေဖြင့် ကန့်ကွက်ကြောင်း၊ ဒုတိယ နည်းလမ်းဖြစ်သည့် ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ မ၀င်သည့်နည်းလမ်းကိုမူ မိမိအနေဖြင့် ထောက်ခံကြောင်း၊ တတိယနှင့် နောက်ဆုံးနည်းလမ်း ဖြစ်သည့် ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲပါဝင်မည့် နည်းလမ်းကိုမူ မိမိအနေဖြင့် မှတ်ချက်မပေးလိုကြောင်း ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ NLD ရွေးကောက်ပွဲ ၀င်မ၀င်ကိစ္စကို မှတ်ချက်မပေးချင်ဘူး။ ဒါပေမယ့် လွှတ်တော်ထဲကို ရောက်သွားရင်တော့ အပြင်မှာလို လွတ်လွတ်လပ်လပ် ဝေဖန်လို့ မရတော့ဘူး။ တကယ်လို့ မဖြစ်မနေ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင်တောင် တကယ်အလုပ်လုပ်နိုင်တဲ့ ဒေါ်အောင်ဆန်း စုကြည်လို လူမျိုးတွေကို မ၀င်စေချင်ဘူး။ လွှတ်တော်ထဲမှာ အကန့်အသတ်နဲ့ လုပ်သွားရမှာ စိုးလို့ပါ။” ဟု ၎င်း၏ အမြင်ကို ပြောကြားသည်။

NLD ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က ၎င်းတို့ပါတီအနေဖြင့်  ဆွေးနွေးရန်အချက် နှစ်ချက် ရှိကြောင်း၊ ပထမအချက်အနေဖြင့်  ပါတီမှတ်ပုံတင် မတင် ကိစ္စဖြစ်ပြီး ဒုတိယအချက်မှာ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးဖြစ်ကြောင်း၊ ပထမအချက်တွင် အများစု သဘောတူညီ နေနိုင်ပြီး ဒုတိယအချက်တွင်မူ ဆွေးနွေးစရာများ ရှိနေနိုင်ကြောင်း သုံးသပ်ပြောကြားသည်။

“အခုကျွန်တော်သိရသလောက် ကြားဖြတ်ရွေးကောက်ပွဲဝင်ရင်လည်း လွှတ်တော်ထဲမှာ အင်အားကောင်း မလာနိုင်ဘူး။ ကြားဖြတ် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် အကုန်လုံးတော့ နိုင်မှာမဟုတ်ဘူး။ အဲဒါတွေကို ထည့်တွက်ရမယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်မ၀င် ကိစ္စကတော့ ကျွန်တော်တို့ ပါတီထဲမှာတောင် မဆွေးနွေးသေးဘူး။ အပြင်မှာပြောနေကြတာတွေက စောနေတယ်လို့ထင်တယ်” ဟု ဦးဝင်းတင်က ဆိုသည်။

NLD ပါတီသည် ယမန်နှစ်က ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကာ ပါတီမှတ်ပုံတင်ရန် ငြင်း ဆန်ခဲ့သည့် ပါတီဖြစ်ပြီး ထိုစဉ်က ပါတီမှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင် ရန်ဆန္ဒရှိသည့် ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်း ဦးဆောင်သော ပါတီဝင်အချို့က ပါတီမှခွဲထွက်ကာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို တည်ထောင်ခဲ့ သည်။

NLD ပါတီ၏ မှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စအား ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်၌ ပါတီ၏ ဗဟိုအလုပ်အမှုဆောင်များဖြင့် ဆွေးနွေးခဲ့ပြီး လာမည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဗဟိုဦးစီးအဖွဲ့ဝင်များနှင့် ထပ်မံဆွေးနွေးကာ ဆုံးဖြတ်ချက်အား ထုတ်ပြန် ကြေငြာသွားမည် ဖြစ်ကြောင်း ပါတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ဆိုသည်။

PS

-----------------------------------------------------------------------------------------------------------------------------------

မန္တလေး၌ တရားစီရင်ရေး ခြစားမှုကင်းစေရန် ဆောင်ရွက်မည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တရားစီရင်ရေး ကိစ္စရပ်များတွင် အကျင့်ပျက်ခြစားမှု ကင်းရှင်းနိုင်စေရန် စီမံကိန်းများရေးဆွဲ၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့၌ ပြုလုပ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ လွှတ်တော်တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ လက်ရှိ ပြည်သူလူထု အတော်များများမှာ ငွေပေးမှသာ မိမိတို့၏ အမှုကိစ္စအဆင်ပြေနိုင်မည်ပာု စိတ်စွဲလျက် ရှိနေကြသည့် အတွက် ပြည်သူများအနေဖြင့်လည်း တရားသူကြီးများအား လာဘ်ပေး၍ တရားစီရင်ခိုင်းခြင်း ကိစ္စရပ်အား ဆင်ခြင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တရားစီရင်ရာတွင် မိမိတို့အမှု အနိုင်ရရှိစေရန် တရားသူကြီးများအား အမှုသည်များမှ လာဘ်ပေးခြင်းကိစ္စရပ်မှာ မြို့ပေါ်ဒေသများထက် နယ်မြို့များတွင် ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေသည်နှင့်အညီ တရားစီရင်ရေး ကဏ္ဍတွင်လည်း လာဘ်ပေးလာဘ်ယူမှု ကိစ္စပပျောက်သွားနိုင်စေရန် စီမံချက်များ ရေးဆွဲကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး လာဘ်ပေးလာဘ်ယူ ပြုလုပ်သည့် တရားသူကြီးများအား တွေ့ရှိပါက ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်တရားသူကြီးချုပ်က ပြောကြားခဲ့သည်။

“အခုလို တရားစီရင်ရေးကဏ္ဍမှာ လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်အောင် ဆောင်ရွက်သွားမယ်ဆိုတာ တော်တော်ကို ကောင်းပါတယ်။ တရားစီရင်ရေး ကဏ္ဍမှာတင်မပာုတ်ဘဲ ကျန်တဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ကဏ္ဍတွေမှာပါ လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်သွားမယ်ဆိုရင် ပိုကောင်းပါတယ်။ အစိုးရသစ်လက်ထက်မှာ အပြောင်းအလဲတွေက တကယ်ကိုစနေပါပြီ”ပာု နိုင်ငံရေးလေ့လာနေသူတစ်ဦးက ပြောကြားခဲ့သည်။

                                                                                                                Ref: Popular News

 ***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- အမေရိကန်နဲ့ ဥရောပသမဂ္ဂရဲ့ စီးပွားရေးမှာဖယ်ကြဉ်ထားတာတွေက မြန်မာ့စီးပွားရေး တိုးတက်မှု နှောင့်နှေးနေတဲ့အပေါ် အကျိုးသက်ရောက်မှု ရှိတယ်လို့ ထင်ပါသလား။

ဖြေ- ဒါကသိပ်ကိုရှုပ်ထွေးတဲ့ မေးခွန်းပါ။ အဓိက ပြဿနာက မြန်မာမှာ အမြစ်စွဲနေတဲ့၊ အချိန်အကြာကြီး တည်ရှိနေတဲ့ စီးပွားရေးမှာ တလွဲစီမံခန့်ခွဲမှု တွေပါပဲ။ ဒါဟာဒီနိုင်ငံရဲ့ ပထမဆုံး ပြဿနာလို့ ကျွန်တော်ထင်ပါတယ်။ ဒီမေးခွန်းထဲကလို အကျိုးသက်ရောက်မှု ရှိ၊ မရှိဆိုတာကတော့ အမြင် အမျိုးမျိုးနဲ့ အငြင်းပွားနေတဲ့ကိစ္စပါ။ အခြေခံအားဖြင့်တော့ အဲဒီလိုထင်ရပေမယ့် မြန်မာဟာ လွတ်လပ်ရေးရခါစတုန်းက အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံပါ။ အခုတော့ အဆင်းရဲ ဆုံးဖြစ်နေတယ်။ စီးပွားရေး တိုင်းတာချက်တွေအရတော့ အမေရိကန်နဲ့ ဥရောပရဲ့ စီးပွားရေးအရ ကြဉ်ထားခြင်းက မြန်မာကိုလက်ရှိအခြေအနေရောက်အောင် ဖြစ်စေတဲ့ အဓိကအကြောင်းရင်းလို့တော့ ကျွန်တော်မထင်ပါဘူး။

နိုဝင်ဘာ ၁၁ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၈) အမှတ် (၅၃၄) တွင်ပါသည့် “ဥရောပသမဂ္ဂသံအမတ်ကြီး ဒေးဗစ် လစ်ပ်မန်းနှင့် အင်တာ ဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“NLD ဆိုတာဒီမိုကရေစီနည်းကျ အများသဘောတူဆုံးဖြတ်လေ့ရှိတယ်။ ဒီဆုံးဖြတ်ချက်ကို အားလုံးကလိုက်ပြီး တညီတညွတ်တည်း ဆောင်ရွက် လေ့ရှိတယ်။ ဒါ NLD ရဲ့ အသက်ပဲ။ ဗဟိုဦးစီးအဖွဲ့အစည်းမှာလဲ ဒီလိုပဲ လွတ်လပ်စွာ ဆွေးနွေးကြမှာပဲ။ ဆွေးနွေးပြီးတဲ့အခါကျတော့ အများက မလျော်ညီဘူးပေါ့ဗျာ။ အများကတညီတည်းဖြစ်ရင်လည်း ဖြစ်သွားမယ်။ တညီတည်းမဖြစ်ရင်လည်းပဲ အများသဘောတူဆုံးဖြတ်မယ်။ အဲဒီ ဆုံးဖြတ်ချက်ကို အားလုံးကလိုက်ပြီးလုပ်ကြရမှာပဲ။ ကျွန်တော် မမြင်တာကတော့ အားလုံးညီညီညွတ်ညွတ် ဆုံးဖြတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါ တယ်။ ဆုံးဖြတ်ပြီးရင်တော့ ထုတ်ပြန်ကြေညာမှာပေါ့ဗျာ”

နိုဝင်ဘာ ၁၅ ထုတ် News Watch Weekly အတွဲ (၇) အမှတ် (၂၀) တွင်ပါသည့် “NLD ရွေးကောက်ပွဲမဝင် လျှင် သဘောမတူသူများက ပါတီခွဲမထွက်နိုင်ဟု ဦးအုန်းကြိုင်ပြောကြား”သတင်းမှ ကောက်နှုတ်ချက်

----------------------- ------------------------------------------------------------------------------------------------------------

“တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောတဲ့ မိန့်ခွန်းက တော်တော်လေးကောင်းတယ်။ လူထုအတွက် အဓိကထားပြီးပြောတဲ့ မိန့်ခွန်းပါ။ ဒါပေမယ့် ဝန်ကြီးချုပ် မိန့်ခွန်းကို နားထောင်တုန်းရှိသေးတယ်။ တာဝန်ရှိသူတွေက ခန်းမအပြင်ထွက်ပေးဖို့ လာပြောတယ်။ မိန့်ခွန်းရဲ့ မိတ္တူကိုလိုချင်တယ်လို့ ပြောတော့လည်း မရဘူးလို့ ပြောတယ်။ နေပြည်တော်မှာလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်မှာသမ္မတကြီးမိန့်ခွန်းပြောပြီးတာနဲ့ အချိန်တခဏအတွင်းမှာ သက်ဆိုင်ရာကနေ သတင်းထောက်တွေရဲ့ လက်ထဲကိုသမ္မတရဲ့ မိန့်ခွန်းမိတ္တူတွေ ဖြန့်ပေးတယ်”

နိုဝင်ဘာ ၅ ထုတ် Venus News အတွဲ (၃) အမှတ် (၁၇) တွင်ပါသည့် “တိုင်းဒေသကြီးလွှတ်တော် သတင်းရယူရာတွင် သတင်းသမား များအား အကန့်အသတ်ဖြင့် သတင်းရယူခွင့်ပြုခဲ့” သတင်းမှ ကောက်နှုတ်ချက်

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment