Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၆.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ဗိုလ်ချုပ်ကြီးနေဝင်းမသေသေး ၊ သို့သော်

                        *************************************

ဆောင်းပါးကဏ္ဍ

ဗိုလ်ချုပ်ကြီးနေဝင်းမသေသေး၊ သို့သော်

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံကို စိတ်ကြိုက်ပုံဖော်ခွင့်ရရှိခဲ့သည့် နိုင်ငံ့ခေါင်းဆောင်များထဲတွင် ဗိုလ်ချုပ်ကြီးနေဝင်းမှာ သက်တမ်း ကာလ အရှည်ကြာဆုံး ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။ မကြာသေးမီကမှ အာဏာစွန့်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပင်လျှင် ၂၃ နှစ်တာမျှသာ အာဏာစိုးမိုး နိုင်ခဲ့ခြင်းဖြစ်ရာ မသေခင်အထိ မြန်မာ့နိုင်ငံရေးကို လွှမ်းမိုးခြယ်လှယ်သွားခဲ့သည့် ဗိုလ်ချုပ်ကြီးနေဝင်း၏ အနှစ်လေးဆယ်ကျော် အာဏာပိုင်စိုးမှုကို လိုက်မှီခြင်းမရှိသည်ကို တွေ့ရသည်။ ထို့ပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဗိုလ်ချုပ်ကြီးနေဝင်း၏ လက်ထွက်ဖြစ်ရာ ဆရာက ဆရာ တပည့်က တပည့် ဟူ၍သာ ဆိုရပေလိမ့်မည်။

၁၉၈၈ အာဏာသိမ်း စစ်အစိုးရ၏ ခေါင်းဆောင်တော်တော်များများသည် ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်တွင် ကြီးပြင်းလာခဲ့ခြင်း ဖြစ်ရာ ၎င်းတို့၏ နေထိုင်ပြုမူပုံနှင့် အမူအကျင့်တို့သည် ဆရာဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်း၏ နည်းဗျူဟာ များပင်ဖြစ်သည်။ နေအိမ်အကျယ်ချုပ် ဖြင့် အကျဉ်းကျခံ နေရသူ ဗိုလ်ချုပ်ကြီးခင်ညွန့်မှာ ထင်ရှားသည့်ဥပမာပင် ဖြစ်သည်။ သူ၏ကျင့်သုံးပုံများသည် ဗိုလ်ချုပ်ကြီးနေဝင်း၏ နည်းဗျူဟာများနှင့် ထပ်တူနီးပါးမျှ တူညီလှသည်။ ထို့ပြင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေအစိုးရ တလျှောက်လုံး ကျင့်သုံးခဲ့သည့် ပေါ်လစီများဖြစ်သည့် ဝါဒဖြန့်ချီခြင်း၊ သပ်လျှိုခြင်းများသည် ဗိုလ်ချုပ် ကြီးနေဝင်း၏ ဗျူဟာများပင် ဖြစ်ပါသည်။

“ဦးနေဝင်းက ဂျပန်ကို စစ်သင်တန်းသွားတက်တော့ နောက်ဆုံးအသုတ်မှရောက်တယ်၊ သူက ဝါဒဖြန့်ချီနည်းနဲ့ ထောက်လှမ်းရေးနည်း သင်ခန်းစာကနေ တက်ရတော့ သူက အဲ့ဒါတွေပဲကျွမ်းတယ်” ဟု နိုင်ငံရေးလောကမှ အနားယူသွားသည့် ပုဂ္ဂိုလ်တစ်ဦးက ပြောခဲ့ဖူးသည်။

ဗိုလ်ချုပ်ကြီးနေဝင်းအနေဖြင့် သူ့လက်ထက်တွင် နိုင်ငံရေးအကျပ်အတည်းပေါ်တိုင်း အစိုးရအပြောင်းအလဲ ပုံစံမျိုး လုပ်လေ့ရှိသည်။ ဗိုလ်ချုပ် ကြီးနေဝင်းမှ သမ္မတကြီးနေဝင်းဖြစ်လိုက်၊ ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း ဖြစ်လိုက်နှင့် သမ္မတနေရာ အပြောင်းအလဲများကိုလည်း ပြုလုပ်၍ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းလေ့ရှိသည့် ပုံစံအတိုင်းပင် ယနေ့မြန်မာ စစ်ခေါင်းဆောင်များ ယူနီဖောင်းချွတ်၍ ဗိုလ်ချုပ်ဘဝမှ “ ဦး” ဘဝသို့ ပြောင်းလဲခဲ့ ကြသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အာဏာကို ထိပ်ဆုံးမှကိုင်ထားသော်လည်း သူ့အတွက် ခေါင်းခံပေးမည့် ဝန်ကြီးချုပ်နေရာတွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်၊ ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ကို ရှေ့ထွက်မင်းသားများအဖြစ် အသုံးတော်ခံစေခဲ့သည့် ဗျူဟာမှာလည်း ဦးစန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်တို့ကို ဦးနေဝင်းက သမ္မတများအဖြစ် ရုပ်ပြတင်ခဲ့ပုံနှင့် တစ်ထပ်တည်း ဖြစ် သည်။ ၁၉၈၈ အရေးအခင်းအပြီး ဗိုလ်ချုပ်ကြီး စောမောင် အာဏာသိမ်းပြီးချိန်က ပြောကြားခဲ့သည့် စကားတစ်ခွန်းမှာ နောက်ကွယ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ အရှိန်အဝါ ကျန်ရှိနေသေးပုံကို သိသာသည်။

“ဦးနေဝင်းအနေနဲ့ နိုင်ငံရေးမှာ မပတ်သက်တော့ပါဘူး၊ ကျွန်တော် သူ့ဆီသွားတယ်ဆိုတာက သူက ကျွန်တော့်ကို ငယ်ငယ်လေးတည်းက သွန်သင်ဆုံးမခဲ့တဲ့ အဖေလိုလည်း ဟုတ်၊ အကိုလိုလည်း ဟုတ်တဲ့အတွက်ပါ” ဟု ဗိုလ်ချုပ်ကြီးစောမောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာရယူပြီး နှစ်ပေါင်းအတော်ကြာအောင်ပင် နောက်ကွယ်၌ ဗိုလ်ချုပ်ကြီးနေဝင်း ရှိနေခဲ့သေးသည်ဟု မြန်မာ့ နိုင်ငံရေး လေ့လာသူတို့ က ဆိုသည်။ နောက်ဆုံးတွင် ၎င်း၏မြေးများ၏ မအောင်မြင်သော အာဏာသိမ်းရန် ကြံစည်မှုအပြီးတွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ မြန်မာ့နိုင်ငံရေး အခန်းကဏ္ဍကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အဆုံးသတ်ပေးလိုက်ပြီး ထိုအချိန်မှစ၍  ၎င်းမှာ အထွဋ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ များမကြာမီပင် ဗိုလ်ချုပ်ကြီးနေဝင်း ကွယ်လွန်ခဲ့သည်။ သို့ရာတွင် ဆိုခဲ့ပါအတိုင်း မြန်မာအစိုးရမှာ သူ၏ နည်းဗျူဟာများကိုသာ ဆက်လက်ကိုင်စွဲခဲ့ သည်။

ဗိုလ်ချုပ်ကြီးနေဝင်း အသုဘသည် လိုက်ပါပို့ဆောင်သူ လူလေးငါးဦးဖြင့် ဖြစ်သလိုကျင်းပခဲ့ရပြီး အာဏာရှင်ဟောင်းတစ်ယောက်၏ နေဝင်ချိန်မှာ သံဝေဂယူဖွယ်ကောင်းသည်ဟု ပြောဆိုနေကြသော်လည်း ၎င်း၏ နိုင်ငံရေးဗျူဟာများ ကျင့်သုံးပုံသည် ယနေ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအဝင် မြန်မာအာဏာပိုင်များအကြားတွင် ဆက်လက်သုံးစွဲနေကြရသေးကြောင်းကို သတိမူကြည့်ပါက မြင်နိုင်ပါသည်။ သို့ရာတွင် ယနေ့ မြန်မာအာဏာပိုင်များမှာ ဗိုလ်ချုပ်ကြီး နေဝင်း၏ ဗျူဟာများကို ပုံတူကူးချခြင်းထက် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် အစပ်အဟပ်တည့်အောင် မွမ်းမံပြင်ဆင် ကျင့်သုံး ကြခြင်းဖြစ်သည်။

ယနေ့ မြန်မာခေါင်းဆောင်များ ပြုလုပ်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲသည် ဗိုလ်ချုပ်ကြီးနေဝင်း၏ အစိုးရ အပြောင်းအလဲ ပြုလုပ်သည့် ပုံစံကို အနည်းငယ် ဒီဇိုင်းပြုပြင်ထားခြင်းဖြစ်သည်။ လမ်းစဉ်ပါတီခေတ်က ခေါင်းဆောင် အမျိုးမျိုးပြောင်းသော်လည်း အတိုက်အခံမရှိ၍ အစိုးရ၏ အားနည်း ချက်များကို ထောက်ပြမည့်သူမရှိ ဖြစ်ခဲ့ရသည်။ ထိုအချက်ကို စဉ်းစားမိသော မြန်မာခေါင်းဆောင်များက အာဏာကို ဆက်လက်ကိုင်စွဲထားရင်း အစိုးရ၏ လုပ်ဆောင်ချက် အမှားများကို ထောက်ပြဝေဖန်နိုင်မည့် အတိုက်အခံမျိုးကို နေရာပေးရန်အတွက် ၂၀၁၀ ရွေးကောက်ပွဲကို ပုံဖော်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများသည် အုပ်ချုပ်ရေး အာဏာတွင် ပါဝင်နိုင်မည် မဟုတ် သေးဘဲ အစိုးရဟောင်းကသာ အာဏာကို ဆက်လက်ကိုင်စွဲထားမည်ဖြစ်သည်။ သို့ရာတွင် ဒီမိုကရက်ပါတီများအနေဖြင့် အစိုးရ၏ အမှားများကို ထောက်ပြဝေဖန်ခွင့်နှင့် ပြည်သူလူထု၏ အခက်အခဲများကို နိုင်ငံ့ခေါင်းဆောင်ထိပ်ပိုင်းထိ သိရှိအောင် တရားဝင်တင်ပြခွင့် ရလာမည်ဖြစ်သည်။ တနည်း အားဖြင့် လိုအပ်သည့် ဥပဒေပြုရေး တို့တွင် ပါဝင်ခွင့်ရရှိမည် ဖြစ်သည်။ လမ်းစဉ်ပါတီခေတ်က ဗဟိုဦးစီးစနစ်ကြောင့် အထက်အောက် ဆက်ဆံရေးတွင် အခက်အခဲများ ဖြစ်ခဲ့ရသည်။ တိုင်းပြည်ကြီး ပျက်စီးနေသည်ကို မိမိလုံးဝမသိရှိခဲ့ပါဟု ဗိုလ်ချုပ်ကြီးနေဝင်းပြောဆိုခဲ့သော စကားသည် ၎င်းကို ဝိုင်းဝန်း လိမ်ညာခဲ့ကြသော အစိုးရတာဝန်ရှိသူများကြောင့် ထိုစကားမှန်ကန်သည်ဟု ယူဆနိုင်သည်။ ယနေ့ မြန်မာခေါင်းဆောင်များက ထိုအချက်ကို သဘောပေါက်၍ ဗဟိုဦးစီးစနစ်မှ ဖြေလျော့ကာ အစိုးရကို တည့်မတ်ပေးနိုင်မည့် အတိုက်အခံကို လွှတ်တော်ထဲ ခေါ်သွင်းလာခြင်းဖြစ်သည်။

ထိုရွေးကောက်ပွဲ ထမြောက်အောင်မြင်ရန်အတွက် စစ်ခေါင်းဆောင်များသည် စနစ်တကျဗျူဟာချ၍ ကျင့်သုံးခဲ့ကြသည်ဟု ဆိုသည်။ ဦးအောင်သောင်းသည် NLD အဟောင်းများကို လည်းကောင်း၊ ဦးဌေးဦးသည် ၈၈ကျောင်းသားအုပ်စုများကို လည်းကောင်း အမျိုးသားညီလာခံ တက်ရောက်လာရန် ငွေကုန်ကြေးကျခံ၍ စည်းရုံးခဲ့သည်ဟုဆိုသည်။ NLD အဟောင်းများကို စည်းရုံး၍ အဆင်မပြေသောအခါ NDF ပေါ်ထွက်လာရန် စစ်ခေါင်းဆောင်များကိုယ်တိုင် ကြိုးပမ်းခဲ့ကြ သည်ဟုလည်း ဆိုကြသည်။ မည်သို့ပင်ဆိုစေကာမူ ၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ယခင် စစ်ခေါင်းဆောင်များအနေဖြင့် အုပ်ချုပ်ရေးအာဏာကို ဆက်လက်ကိုင်စွဲ နိုင်ခဲ့သည်။ ယခု အစိုးရသစ် လက်ထက်တွင်လည်း အချို့သော နည်းဗျူဟာများသည် ဗိုလ်ချုပ်ကြီးနေဝင်း၏ စိတ်ကူးအိုင်ဒီယာတွေသာ ဖြစ်သည်။ သမ္မတကြီး ဦးသိန်းစိန်၏ ဆင်းရဲမွဲတေမှု လျော့ချရေး၊ သမဝါယမ စနစ်ထူထောင်ရေးများသည် ဗိုလ်ချုပ်ကြီးနေဝင်း၏ ဗျူဟာများပင်ဖြစ်ပြီး ခေတ်နှင့် လျော်ညီအောင် ပြုပြင်ထားခြင်းသာဖြစ်သည်။

ထိုသို့ဆိုလျှင် မြန်မာ့နိုင်ငံရေးသည် ဗိုလ်ချုပ်ကြီးနေဝင်း တစ္ဆေ၏ ခြောက်လှန့်မှုမှ ရုန်းထွက်နိုင်တော့မည် မဟုတ်ဟု ထင်မြင်ယူဆ စရာရှိပါ သည်။ သို့ရာတွင် ယနေ့ဂလိုဘယ်လိုက်ဇေးရှင်း၏ မောင်းနှင်မှုကြောင့် မကြာမီပင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နိုင်ငံစစ်စစ် ဖြစ်လာဖွယ်ရှိပါသည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ လက်ကျ မျိုးဆက်သစ် ယနေ့ဗိုလ်ချုပ်တစ်ဖြစ်လဲ ခေါင်းဆောင်များဖြစ်သည် ဦးသိန်းစိန်၊ ဦးရွှေမန်းတို့ မျိုးဆက်သာ ကျန်ပါတော့ သည်။ စစ်တပ်သည် နိုင်ငံရေးမှ ဆုတ်ခွာ သွားပြီဖြစ်ရာ နောင်တစ်ချိန်တွင် နိုင်ငံခေါင်းဆောင် ဖြစ်မည့်သူသည် ပါတီထဲမှလာဖို့သာ များပါသည်။ ယနေ့ ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီမှာ နိုင်ငံတဝှမ်းနှင့် လွှတ်တော်တို့၌ အင်အားကြီးမား နေသော်လည်း ပါတီ တည်ဆောက်ရေးတွင် ညံ့ဖျင်းလှသောကြောင့် အာဏာကို လက်ဆင့်ကမ်းပေးနိုင်ဖွယ်ရာ မရှိတော့ပါ။ ထိုပါတီထဲမှာပင်လျှင် စစ်သားမဟုတ်သော ပညာတတ်တွေ ပေါများ လာ၍ ပါတီတွင်း အကွဲအပြဲများ ရှိလာနိုင်ပြီး အာဏာလက်ဆင့်ကမ်းရေးမှာ လွယ်ကူတော့မည်မဟုတ်ပေ။ ဆိုရလျှင် ယခုအစိုးရသက်တမ်းတွင် တာဝန်ထမ်းဆောင်နေကြသော သမ္မတနှင့် ဝန်ကြီးများ မရှိတော့လျှင် အနာဂတ် မြန်မာ့ခေါင်းဆောင်သည် ပြည်သူလူထုက စိတ်ကြိုက် ရွေးချယ် တင်မြှောက်မည့် အရပ်သားထဲမှ လာနိုင်စရာရှိပါသည်။ ထိုခေါင်းဆောင်သည် ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်ခဲ့လျှင်ပင် စိုးရိမ်ဖွယ်ရာမရှိပါ။ ထိုခေါင်းဆောင် သည် ယနေ့ခေတ်တွင် ကြီးပြင်းခဲ့ရမည်ဖြစ်၍ ဗိုလ်ချုပ်ကြီးနေဝင်း၏ ပညာရပ်များနှင့် အလှမ်းဝေးပြီး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ပိုမိုနီးစပ်ပါလိမ့်မည်။ သို့ဖြစ်ရာ လက်ရှိအချိန်ထိ ဗိုလ်ချုပ်ကြီးနေဝင်း တစ္ဆေ၏အရိပ်မှာ မြန်မာ့နိုင်ငံရေးတွင် ရှိနေသေးသော်လည်း မကြာမီ ကွယ်ပျောက်သွားဖွယ် ရှိသည့် အတွက် ဗိုလ်ချုပ်ကြီးနေဝင်းမသေသေး သို့သော် မြန်မာ့နိုင်ငံရေး အနာဂတ်ကောင်းမည်ဟု ဆိုရလိမ့်မည်ဖြစ်သည်။

                            ********************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment