Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၅.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ရန်ကုန်တွင် လူဆိုးဂိုဏ်းများ သောင်းကျန်းလာ
  2. ဆန်အထွက်တိုးသော်လည်း ကုမ္ပဏီများ လက်ငင်းမဝယ်နိုင်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. NLD ပါတီတည်ထောင်ခွင့်အား ရွေးကောက်ပွဲ ကော်မရှင် လက်ခံ
  1. NLD ပါတီဝင်လျှောက်လွှာ တစ်သန်းရိုက်မည်
  2. C4 ယမ်းအသစ်ကို ဂရုစိုက်ရန် လုံခြုံရေအဖွဲ့များအား အကြောင်းကြား

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

**************************************************

ပြည်တွင်းသတင်းများ

ရန်ကုန်တွင် လူဆိုးဂိုဏ်းများ သောင်းကျန်းလာ

ရန်ကုန်တိုင်းဒေသကြီးတွင် လူဆိုးဂိုဏ်းများ သောင်းကျန်းလာကြောင်း ယင်းတို့၏ခြိမ်းခြောက်မှုဒဏ်ကို ခံစားရသူများနှင့် ယင်းတို့နှင့် နီးစပ်သူများက ပြောကြားသည်။

မကြာမီကာလအတွင်းက ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့သော မှုခင်းများနှင့်ခြိမ်းခြောက်မှုများတွင် ယင်း လူဆိုးဂိုဏ်းများ၏ ပါဝင် ပတ်သက်မှုတွင် ထင်ရှားစွာ မြင်တွေ့လာရကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လူသတ်မှုကိစ္စရပ်တွေ၊ ခြိမ်းခြောက်မှု ကိစ္စရပ်တွေမှာ သူတို့ရဲ့လက်ရာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလည်း ဆောင်ရွက်နေပါတယ်”ဟု ယင်းက ဆက်လက် ပြောကြားသည်။

ရုပ်ရှင်မင်းသားနေတိုး၏ ဖခင်သည် လူဆိုးဂိုဏ်းတစ်ဂိုဏ်း၏ သတ်ဖြတ်ခြင်းကိုခံရသည့် ရခိုင်လူငယ်တစ်ဦးနှင့် ဆက်စပ်သည့် ကိစ္စရပ် များအား လိုက်လံကူညီပေးခဲ့ခြင်းအား ချက်ချင်းရပ်ဆိုင်းပါရန် လူဆိုးဂိုဏ်းမှ ဖုန်းဆက်ခြိမ်းခြောက်ခဲ့ကြောင်း ရုပ်ရှင်လောက အသိုင်းအဝိုင်းမှ သိရသည်။

“လမ်းဘေးဖုန်းနဲ့ဆက်ပြီးခြိမ်းခြောက်တာ၊ ခင်ဗျားဆက်လုပ်ရင် ခင်ဗျားသားပါ ပြဿနာရှိတယ်ဆိုပြီး ခြိမ်းခြောက် တာလို့ကြားတယ်”ဟု ယင်းသတင်းရင်းမြစ်က ပြောကြားသည်။

ယင်းလူဆိုးဂိုဏ်းများသည် ခြိမ်းခြောက်ခြင်းကို ပြုလုပ်သလို ရန်ငြိုး၊ရန်စရှိသူများကိုလည်း သတ်ဖြတ်ရန် အဆိုပါ လူဆိုးဂိုဏ်းများအား ငှားရမ်း သည်များ ရှိနေကြောင်းကို မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ် လူသတ်မှုက သက်သေပြခဲ့သည်။

အဆိုပါ အမှုတွင် လူတစ်ယောက်တည်းအား နှစ်ဆယ်နီးပါးရှိသည့် ဓားကိုင်ထားသူများက ၀ိုင်းခုတ်ခြင်းဖြစ်ကာ၊ ယင်းဓားကိုင် လူသတ် သမားများအား ငှားရမ်းမည်ကို စေခိုင်းသူက အဆိုပါရပ်ကွက်တွင် ကြိုတင်ကြေငြာထားကြောင်း သိရသည်။

“လက်မရွံတွေဆိုတာ ဓားကိုင်ပုံ၊ ဓားနဲ့ထိုးပုံကို ကြည့်ရင် သိသာပါတယ်”ဟု ယင်းအမှုအား မျက်မြင်တွေ့မြင်ရသူတစ်ဦးက အတည်ပြု ပြောကြားသည်။

လူဆိုးဂိုဏ်းများ ကျက်စားရာဒေသများသည် ကြည့်မြင်တိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်ရှိ ကမ်းနားလမ်း ဧရိယာများတွင် အများဆုံး ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း သတ်တာခံရမယ်၊ တုတ်နဲ့ရိုက်တာ ခံရမယ်ဆိုပြီး ခြိမ်းခြောက်ခံရပါတယ်”ဟု မက္ကာဘုရားဖူးကိစ္စရပ်တွင် အကျိုးဆောင် ပေးနေသူတစ်ဦးက ပြောကြားသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ဆန်အထွက်တိုးသော်လည်း ကုမ္ပဏီများ လက်ငင်းမဝယ်နိုင်

ပြည်တွင်းတွင် ဆန်အထွက်နှုန်းများတိုးလာသော်လည်း လက်ငင်းဝယ်ယူထားနိုင်သည့် ကုမ္ပဏီများ မရှိသည့်အတွက် အကြွေးဖြင့် ဝယ်ယူပြီး ငွေပေးချေရန်ကြာမြင့်နေ၍ ဆန်အကျိုးဆောင်များနှင့် တောင်သူ လယ်သမားများ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်းသိရသည်။

ဆန်အကျိုးဆောင်ကုမ္ပဏီများသည် မိမိတတ်နိုင်သည့် ငွေကြေးထက် ပိုမိုဝယ်ယူခြင်းနှင့် ဆန်တင်ပို့သည့် သင်္ဘောများ အချိန်တိကျစွာ ဆိုက်ကပ်မှုများ မရှိခြင်းကြောင့် နယ်မှ ဆန်လာရောက်ရောင်းချသည့်သူများကို ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းမျိုးများရှိကြောင်း သိရသည်။

ငွေပေးချေရန် ကြန့်ကြာမှုတွင် အဓိကထိခိုက်နစ်နာသူများမှာ တောင်သူလယ်သမားများဖြစ်ကြောင်း သိရသည်။ ဆန်ဖိုးငွေများ စောင့်ရချိန် ကြာမြင့်သည့်အတွက် လယ်သမားများသည် ငွေတိုးပို၍တက်လာခြင်း၊ အချိန်မီ မျိုးစပါးများ မဝယ်ယူနိုင်ခြင်းကြောင့် စိုက်ပျိုးချိန်နောက်ကျပြီး စပါး  အထွက်နှုန်းလျော့ကျမှုများ ရှိလာနိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့က ဆန်တင်ပြီးတာနဲ့ ငွေမျှော်နေရတာပေါ့၊ စားဝတ်နေရေးရယ်၊ နောက်ထပ်စိုက်ဖို့ မျိုးစပါး ဝယ်ဖို့ရာရယ်က ငွေရမှဖြစ်မှာလေ၊ ဒီကြားထဲ ပွဲတော်တွေရှိရင် အတိုးနဲ့ချေးပြီးသုံးရတယ်” ဟု လယ်သမားတစ်ဦးက ပြောကြားခဲ့သည်။

Ref : နေပြည်တော်တိုင်းမ်

***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

NLD ပါတီတည်ထောင်ခွင့်အား ရွေးကောက်ပွဲ ကော်မရှင် လက်ခံ

ဆယ်စုနှစ်နှစ်ခုကျော် အတိုက်အခံအဖြစ် ရပ်တည်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင်နိုင်ငံရေးပါတီ တစ်ခုအဖြစ် ရပ်တည်ရန် ကြိုးပမ်းမှု ပထမအဆင့်အား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုလိုက်ကြောင်း သိရသည်။

အန်အယ်ဒီပါတီ၏ ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းနှင့်ရုံးအဖွဲ့မှုး ဦးဝင်းမြင့်တို့သည် နိုဝင်ဘာ ၂၅ ရက် မနက် ၁၀ နာရီကျော်က နေပြည်တော် အခြေစိုက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးသို့ သွားရောက်၍ အန်အယ်ဒီပါတီ ပြန်လည်ဖွဲ့စည်းတည်ထောင်ခွင့်အား တင်ပြခဲ့ရာ ယင်း ကော်မရှင်က လက်ခံလိုက်ကြောင်း သိရသည်။

ယင်းပါတီ ပြန်လည်တည်ထောင်ခွင့်ကို လျှောက်ထားရာတွင် အန်အယ်ဒီပါတီကို စတင်တည်ထောင်သူများ၊ ထပ်မံရွေးချယ်ခံရသည့် ဗဟို  ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင်ပြည်နယ်များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၁ဦးဖြင့် ဖွဲ့စည်းတည်ထောင်ခွင့်ကို လျှောက်ထားလိုက်ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားသည်။

“ဒီဟာက အတည်မဟုတ်ပါဘူး။ပြီးမှသာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေကို ပြန်ရွေးချယ်မှာပါ”ဟု ယင်းက ဆိုသည်။

တည်ထောင်သူ ၂၁ ဦးတွင် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ ဦးမျိုးညွှန့်၊ ဦးဒါ့ရှီလဆိုင်း၊ဒေါ်နန်းခင်ထွေးမြင့်နှင့် အခြား ၁၁ဦးတို့ ပါဝင်ကြောင်း သိရသည်။

အန်အယ်ဒီပါတီသည် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စတင်ပြင်ဆင်လျက်ရှိကာ နိုဝင်ဘာ ၂၅ရက်နေ့ ညနေက ယင်း၏ နေအိမ်ခြံဝင်း အတွင်းတွင် ရုပ်ရှင်အနုပညာသမား ၅၀ ကျော်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

“ပါတီကို ပြန်လည်ဖွဲ့စည်းဖို့ကို ကျွန်တော်တို့ လူငယ်အဖွဲ့တွေ လှုပ်ရှားဖို့ရှိတယ်”ဟု အန်အယ်ဒီလူငယ်လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီဖွဲ့စည်းတည်ထောင်ခြင်းကို  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား တင်ပြထားပြီး ပါတီအမှတ် တံဆိပ်အား အများသဘောတူသည့် တံဆိပ်ကို ရွေးချယ်အတည်ပြုရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

“ခမောက်မသုံးပေမယ့် အလံကတော့ ဆက်သုံးဖြစ်မှာပါ”ဟု ဦးအုန်းကြိုင်က ဆိုသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

NLD ပါတီဝင်လျှောက်လွှာ တစ်သန်းရိုက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို ပြန်လည်ဖွဲ့စည်းတော့မည် ဖြစ်သည့်အတွက် ပါတီဝင်လျှောက်လွှာကို ပထမတစ်သုတ် အနေအဖြစ် အစောင်ရေ တစ်သန်းရိုက်ထုတ်မည်ဖြစ်ကြောင်း NLDဗဟိုအလုပ်မှုဆောင် ဦးဝင်းထိန်က ပြောကြားသည်။

“တနသာင်္ရီတိုင်းကတော့ စောင်ရေတစ်သိန်း မှာထားတယ်။ NLD အတွက်တော့ တနသာင်္ရီတိုင်းက တကယ့်အားပဲ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ လျှောက်လွှာများ ရိုက်နှိပ်ရန်အတွက် ပုံနှိပ်တိုက်သို့ မပို့ဆောင်ရသေးကြောင်း သိရသည်။

လျှောက်လွှာတွင်ဖြည့်စွက်ရမည့် အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ သို့သော်လည်း ယခုလက်ရှိ ပါတီဝင်များ ကိုယ်တိုင်လည်း ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောကြားသည်။

နိုဝင်ဘာ ၂၅ရက်နေ့တွင် NLD ဗဟိုအလုပ်မှုဆောင် ဦးဥာဏ်ဝင်းနှင့် ဦးမျိုးမြင့်တို့သည် နေပြည်တော်တွင် ပါတီမှတ်ပုံတင်ရန် သွားရောက် လျှောက်ထားနေပြီဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်လုပ်ဆောင်ခဲ့သော နိုင်ငံရေးသမားများကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံသွားမည်ဟု ပြောဆို ကြသည်။ NLD သည် ၂၀၁၀ရွေးကောက်ပွဲကတည်းက ရွေးကောက်ပွဲဝင်သင့်ကြောင်း ၎င်းတို့က သုံးသပ်ပြောဆိုခဲ့သည်။

ယခုအချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာထိ ကျယ်ကျယ်ပျံ့ပျံ့ လုပ်ဆောင်နိုင်သည့် အင်အားကြီးပါတီဖြစ်သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် တစညပါတီတို့ကို ယှဉ်ပြိုင်နိုင်သည့် ပါတီကြီးတစ်ခု ပေါ်ပေါက်လာပြီဖြစ်ကြောင်း အတိုက်အခံနိုင်ငံရေး အင်အားစုများက အားရဝမ်းမြောက်စွာ ပြောဆိုကြသည်။

NLD ပါတီသည်ယခုအချိန်မှစ၍ လေးနှစ်တာကာလအတွင်း စည်းရုံးရေးလုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်သွားပါက ၂၀၁၅ ရွေးကောက်ပွဲ တွင် အင်အားအကြီးမားဆုံးသော ပါတီတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက သုံးသပ်ပြောဆိုသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

C4 ယမ်းအသစ်ကို ဂရုစိုက်ရန် လုံခြုံရေအဖွဲ့များအား အကြောင်းကြား

အပူချိန် ၁၄၀ ဒီဂရီ ဆဲလ်စီးယပ်တွင် ပေါက်ကွဲနိုင်သည့် ပီကေသဏ္ဍန် C4 ယမ်းအသစ်များ ပြည်တွင်းသို့ ဝင်ရောက်လာသည့် သတင်းရရှိ သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဂရုပြုကြပါရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ အကြောင်းကြားလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်စစ်အင်ဂျင်နီယာတပ်ရင်းများ ဝန်ကြီးဌာန လက်အောက်ခံ ဦးစီးဌာနများကို အကြောင်းကြားခြင်းဖြစ်ကာ ပြည်တွင်းသို့ ဝင်ရောက်လာသည့် C4 ယမ်းများသည် ပီကေသဏ္ဍာန်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပီကေရဲ့ ဘယ်တစ်ခြမ်းနဲ့ညာတစ်ခြမ်းကို ကပ်လိုက်ရင် ပေါက်ကွဲတတ်တယ် လို့ ကျွမ်းကျင်သူက ရှင်းပြတယ်”ဟု ယင်းသတင်းရင်းမြစ်က ပြောကြားသည်။

အဆိုပါ C4 ယမ်းအသစ်ကြောင့် အစိုးရဌာနများရှိ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို အထူးဂရုစိုက်ကြပါရန်ကိုလည်း တိုင်းဒေသကြီး အစိုးရက တစ်ဆက်တည်း ညွှန်ကြားထားကြောင်း သိရသည်။

“ကားတွေဆိုင်ကယ်တွေရဲ့ အိတ်ဇောကို ကပ်ထားပြီး ထွက်သွားလိုက် မပေါက်ကွဲဘူး။ပြီးမှ ယာဉ်မောင်းနေတာနဲ့အမျှ အပူချိန်တက်ပြီး ပေါက်ကွဲသွားမယ်”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် လက်သည်မပေါ်သည့် ပေါက်ကွဲမှုများ အစဉ်တစိုက်ဖြစ်ပွားနေလျက် ရှိပြီး ယင်းကိစ္စရပ်များနှင့် ပက်သက်၍ အများပြည်သူ အား တိကျသည့် သတင်းအချက်အလက်များ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။

YC(KS)

***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အဲဒီတော့ ဒီမိုကရေစီအတွေ့အကြုံတွေ ကျွန်တော်တို့များလာမယ်။ ဒီမိုကရေစီအလေ့အကျင့်တွေ ကျွန်တော်တို့ များလာမယ် ဆိုလို့ရှိရင် ဒီစနစ်ကြီးဟာ တဖြည်းဖြည်းချင်း ရှင်သန်လာမယ်။ ဒါတွေကိုဆက်ပြီး ကျွန်တော်တို့ ကြိုးစားပြီး လုပ်သွားရမယ်။ ကျွန်တော်တစ်ယောက်တည်း လုပ်လို့ မရဘူး၊ အစိုးရအဖွဲ့တစ်ဖွဲ့တည်းနဲ့ လုပ်လို့မရဘူး၊ ဒီထဲမှာလွှတ်တော်ရဲ့ ပြည်သူရဲ့ ဆန္ဒတွေလဲ ကျွန်တော်တို့ရယူရမယ်။ ဒီမိုကရေစီ ရှင်သန်အောင် ကျွန်တော်တို့ကလမ်းကြောင်းလေးကတော့ မှန်နေပြီ၊ ဒီလမ်းအတိုင်း ရည်မှန်းချက်ကို ရောက်အောင်သွားဖို့ လိုတယ်။ တစ်ယောက်တည်း သွားလို့မရဘူး၊ အကုန်လုံး ဝိုင်းပြီးတော့လက်တွဲပြီးတော့ သွားဖို့လိုတယ်”

နိုဝင်ဘာ ၂၄ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် အမှတ် (၄၅) တွင်ပါသည့် “သမ္မတဦးသိန်းစိန်နှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ခုအချိန်ဟာ နိုင်ငံတည်ဆောက်ချိန် ရောက်နေပါပြီ။ ဒါကြောင့် လူငယ်လူရွယ်တွေရဲ့ နိုင်ငံရေးစိတ်နေစိတ်ထားဟာ ခေတ်နဲ့လျှော်ညီတဲ့ မူဝါဒအား ထုတ်မှုတွေဆီ ရှေ့ရှုဖို့လိုပြီဖြစ်တယ်။ အဲဒါကဘာလဲဆိုတော့ ဒီမိုကရေစီလူ့ဘောင်ကို ချီတဲ့နေရာမှာ မိမိအကျိုးပါတီအကျိုးနဲ့ နိုင်ငံအကျိုး တပြေးညီထွန်းကားရေး ဦးတည်ကြပါမှ တစ်ဦးချင်းလွတ်လပ်ခွင့်ရစေမယ့် လူလတ်တန်းစားတွေရဲ့နိုင်ငံအဖြစ် ရောက်နိုင်ပါလိမ့်မယ်။ နိုင်ငံသား အခွင့်အရေးတွေဟာလည်း လူမျိုးပေါင်းစုံနေထိုင်တဲ့ ပြည်ထောင်စုတစ်ခုမှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ခွင့်တူညီမျှ ပထမတန်းစား နိုင်ငံသားတွေ အဖြစ် ရောက်ရေးဟာ ပဓနဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားအကျိုးစီးပွားနဲ့ တန်းတူညီမျှရေးစတဲ့ ဥပဒေသတွေကိုလူမှုရေး၊ စီးပွားရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေးနယ်ပယ်အရောက် ကျင့်သုံးဖော်နိုင်ရေးဟာ အနာဂတ်မျိုးဆက် လူငယ်လူရွယ်တွေရဲ့ နိုငံရေးတာဝန်အဖြစ် ကျရောက်လာနေပြီလို့ ပြောချင်ပါတယ်”

နိုဝင်ဘာ ၂၅ ထုတ် The Hot News အတွဲ (၂) အမှတ် (၆၇) တွင်ပါသည့် ဆောင်းပါးရှင် ဦးခင်မောင်ဆွေ (NDF) ၏ “လူငယ်နှင့် နိုင်ငံရေး” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အဲဒီတော့ တိုင်းပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ တိုင်းပြည်မှာ တစ်ဖွဲ့တည်းပဲရှိရမယ်။ အခုကြည့်ပေါ့။ ယိုးဒယားဆိုလို့ ရှိရင်လည်း ပြည်နယ်တွေ ကွဲထွက်လာတယ်။ ဟိုပြည်နယ်ကလက်နက်ကိုင်တပ်ဖွဲ့၊ ဒီပြည်နယ်က လက်နက်ကိုင်တပ်ဖွဲ့ဆိုတာ မရှိဘူး။ တရုတ်ဆိုရင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွေ၊ ဒေသတွေ အများကြီးပေးထားတယ်။ သူ့ပြည်နယ်နဲ့ သူလက်နက်ကိုင်တဲ့အဖွဲ့ သူ့လိုလူမျိုးစုနဲ့ သူဆိုတာမရှိပါဘူး။ Even ခုနကလို အမေရိကန်နိုင်ငံလည်းပဲ လက်နက်ကိုင်အဖွဲ့ဆိုတာတစ်ဖွဲ့တည်းပဲရှိတယ်။ အဲဒီလက်နက်တွေဟာ ကျွန်တော်တို့ တိုင်းရင်းသား အချင်းချင်းပစ်ဖို့ ခတ်ဖို့၊ သတ်ဖို့၊ ဖြတ်ဖို့ မဟုတ်တော့ဘူး။ ကိုယ့်တိုင်းပြည်ရဲ့ ပြည်ပအန္တရာယ်ကို ကာကွယ်ဖို့ အတွက်။ အဲဒီတော့ ဒီသဘောထားတွေနဲ့ ကျွန်တော်တို့ တဖြည်းဖြည်းတော့ လုပ်ယူရမယ်။ အချိန်တော့ နည်းနည်းလေး ကျွန်တော်တို့က ယူမှာပေါ့လေ”

နိုဝင်ဘာ ၂၅ ထုတ် The Myanmar Post အမှတ် (၃၆) တွင်ပါသည့် “တိုင်းရင်းသားလက်နက်ကိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ သဘောထား” အပေါ် ကောက်နှုတ်ချက်

***************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment