Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၆.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

အာဆီယံကို မြန်မာတို့ ပဲ့ကိုင်သောအခါ

***************************************

ဆောင်းပါးကဏ္ဍ

အာဆီယံကို မြန်မာတို့ ပဲ့ကိုင်သောအခါ

တင်အောင်ကျော်

 (နိုဝင်ဘာ ၂၆ ထုတ် The Voice Weekly News အတွဲ (၇) အမှတ် (၅၀) မှ ထုတ်ယူဖော်ပြသည်။)

၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက် ပြည်ပရောက် မြန်မာအတိုက်အခံများက တပ်မတော်အခန်းကဏ္ဍ ထည့်သွင်းရေးဆွဲထားသော မြန်မာနိုင်ငံ၏ အခြေခံဥပဒေကို ပြင်ဆင်မှုမပြုလုပ်လျှင် အာဆီယံအဖွဲ့ကြီးမှ ထုတ်ပယ်ရန် အာဆီယံ ပါလီမန်အမတ်များအဖွဲ့သို့ တိုက်တွန်းခဲ့ကြသည်။ ထိုဖြစ်ရပ်တို့ ဖြစ်ပွားပြီး ၁၆ လအကြာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင်မူ မြန်မာနိုင်ငံသည် ထုတ်ပယ်ခံရခြင်းမရှိဘဲ အာဆီယံ ၁၀ နိုင်ငံကို ပဲ့ကိုင်ခွင့်ရရှိမည့် အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲကို အဓိကဆန့်ကျင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်ပင်လျှင် ယခုအခါ မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်လျက်ရှိသည်။ အကယ်၍သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်ရုံသာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လစ်လပ်မဲဆန္ဒနယ်တစ်နေရာ ၀င်ရောက် အရွေးခံခဲ့လျှင် မြန်မာ့နိုင်ငံရေးသည် အာဆီယံ ၁၀ နိုင်ငံ အပါအ၀င် နိုင်ငံတကာက လိုလားသည့် နောက်ကြောင်းပြန် မလှည့်သည့် စစ်မှန်သောပြောင်းလဲမှုဆိုသည်ကို ပိုမိုခိုင်မာစေသည့် ညွှန်းကိန်းတစ်ခုဟု ဆိုရမည်ဖြစ်သည်။

အာဆီယံ ၁၀ နိုင်ငံကို ၂၀၁၄ခုနှစ်တွင် ပဲ့ကိုင်ထိန်းကျောင်းရမည့်သူ အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို နေရာပေးအပ်မည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၇ ရက်နေ့က The Voice သတင်းထောက်က ပေးပို့သည်။ ထိုသတင်းသည် လက်ရှိအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါကို ကိုးကား၍ ဖော်ပြထားခြင်းဖြစ်ပြီး ၁၀နိုင်ငံခေါင်းဆောင်များ၏  အစည်းအဝေးပြီး နာရီပိုင်း အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အမှန်စင်စစ်ထိုအကြောင်းအရာသည် မြန်မာနိုင်ငံသားအများစု ကြိုတင်တွက်ဆသိရှိပြီးသော သတင်းကို တရားဝင် အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုနိုင်သော်လည်း မြန်မာနိုင်ငံအစိုးရသစ်၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံက ပထမဆုံး အဖြစ် အသိအမှတ်ပြုကြောင်း လက်တွေ့ကျကျ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

ယခုအခါ အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်သည် ပြောင်းလဲနေပြီဖြစ်ကြောင်း အမေရိကန်အစိုးရ ကိုယ်စားလှယ်များ၊ အီးယူသံတမန်များက ထုတ်ဖော်ပြောကြားခဲ့ကြသော်လည်း လက်တွေ့တွင် စစ်မှန်သောပြောင်းလဲမှု၊ တိုင်းရင်းသား ပဋိပက္ခအရေးနှင့် ယုံကြည်ချက် ကြောင့် အကျဉ်းကျနေသူများကို လွှတ်ပေးရေး သိသာထင်ရှားသော တိုးတက်မှုများ ဆက်လက်လုပ်ကိုင်ရန် စသည်တို့ကို ခရီးစဉ်များအပြီး တိုက်  တွန်း၍ မှတ်ချက်ပေး ပြောဆိုနေကြပြီး လက်တွေ့တွင် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများကိုအာဆီယံကဲ့သို့ တုံ့ပြန်အသိအမှတ်ပြု၍ နီးကပ်စွာ ရှေ့တိုး လာရန်ကိုမူ မ၀ံ့မရဲနှင့်သာ လုပ်ကိုင်လျက်ရှိကြသည်။

“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ ရာနှုန်းပြည့်ပြီးပြည့်စုံပါတယ်။ သူတို့ဆက်လုပ်နေကြပါတယ်” ဟု  လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ်  တာဝန်ယူထားသူ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာ တာလီဂါဝါက ဘာလီ၌ ပြီးခဲ့သည့်အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ အစဉ်အလာအားဖြင့် မြန်မာ့နိုင်ငံရေးအပေါ် အမြဲ အပြု သဘောဆောင် ချဉ်းကပ်မှုတို့ဖြင့် အာဆီယံသည် ဆွေးနွေးဖက်အမေရိက၊ အီးယူစသည်တို့၏ ဖိအားပေးမှုများ ရှိခဲ့သည့်တိုင် ၎င်းင်း၏ယုံကြည်မှုကို ပြသ၍ အာဆီယံ ၁၀ နိုင်ငံကို အလှည့်ကျပဲ့ကိုင်ခွင့်ကိုပေး၍ မြန်မာအစိုးရသစ်၏ ပြုပြင် ပြောင်းလဲ မှုများကို ပထမဆုံးအကြိမ် အကဲဖြတ်၍ အမှတ်ပေးလိုက်ခြင်းဖြစ်သည်။ “အာဆီယံဟာ မြန်မာနိုင်ငံနဲ့ ပတ်သက် ပြီး အမြဲတမ်း အခက်ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့သက်သာရာရသွားတဲ့ သဘောပါပဲ” ဟု စင်ကာပူနိုင်ငံမှ အရှေ့တောင်အာရှရေးရာလေ့လာသူ ဒေါက်တာတင်မောင်မောင်သန်းက Bloomberg သို့ ပြောကြားသည်။

အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူပါက မြန်မာနိုင်ငံ၏မြို့တော်သစ် နေပြည်တော်တွင် ထိပ်သီးဆွေးနွေးပွဲ နှစ်ကြိမ်နှင့် ကမ္ဘာ့ဆူပါ ပါဝါများ ဖြစ်သည့် အမေရိကန်၊ တရုတ်၊ အီးယူရုရှား၊ အိန္ဒိယ အပါအ၀င် ဂျပန်၊ကိုရီးယား စသည့် ဆွေးနွေးဖက် ၂၇နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များ တက်ရောက် ကြမည့် ဒေသတွင်းတွေ့ဆုံဆွေးနွေးမှု ဖိုရမ်တို့ကို ကျင်း ပရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် သဘာဝစွမ်းအင် အရင်းအမြစ်အများဆုံးတည်ရှိသော၊ ကမ္ဘာ့ ကုန်သွယ်မှုတွင် အရေးပါ ဆုံးရေလမ်းကြောင်း ဖြတ်သန်းတည်ရှိသော၊ ဒေသတွင်းနေထိုင်သူ လူဦးရေ ၅၉၁ သန်းကျော်ရှိပြီး လာမည့် ၂၀၁၅ တွင် ဥရောပသမဂ္ဂကဲ့သို့ ဘုံငွေကြေး သုံးစွဲရန်ပြင်နေပြီး ထူးခြားသော ၀ိသေသများစုဆုံနေသည့် အာဆီယံအဖွဲ့ကြီးကို အဖွဲ့ဝင်သက်တမ်း ၁၄ နှစ်ကျော် အကြာတွင် ပဲ့ကိုင်ရမည်လည်းဖြစ်သည်။

အာဆီယံစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ကြေညာချက်များအရ မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ သည် ပျမ်းမျှတစ်ရက် ၀င်ငွေ ၁ ဒသမ ၁၅ ဒေါ်လာ ခန့်ရှိပြီး ဆင်းရဲမွဲတေမှုကို တိုက်ဖျက်လျက်ရှိသည်။ နှစ်များမကြာခင်အတွင်း တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည်မြန်မာနိုင်ငံ၌ ရေနက်ဆိပ်ကမ်း၊ မီးရထားလမ်း၊ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် နိုင်ငံ၏ သဘာဝအရင်းအမြစ်များကို ရယူနေသည်။ IMF ၏ အကူ အညီဖြင့် မြန်မာနိုင်ငံတွင် အမျိုးမျိုးဖြစ်နေသော ဒေါ်လာငွေတန်ဖိုးကို အဆုံးသတ်ရန် ကြိုးစားနေသည့် ဘဏ်စနစ်ကို ခေတ်နှင့်အညီ ပြုပြင်ရန်လည်း ဆောင်ရွက်နေကြောင်း ဘဏ္ဍာ/အခွန်ဝန်ကြီး ဦးလှထွန်းက စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ သမ္မတ ဦးသိန်းစိန်က ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသူ ရာပေါင်းများစွာကို လွှတ်ပေးခဲ့ပြီး ပြည်တွင်း စည်းလုံးညီညွတ် ရေးကို ထူထောင်လျက်ရှိသည်။ BBC ၊ VOA သတင်းဌာန ကဲ့သို့သော နိုင်ငံခြားသတင်းဌာနများ ပြည်တွင်း၌ သတင်းယူခွင့်ပြုခဲ့သည်။ ယင်းတို့သည် ၁၉၆၂ ခုနှစ်တွင် စတင်ခဲ့သော အစိုးရအုပ်ချုပ်ရေးပုံစံကို အစိုးရသစ်က ကိုးလအတွင်း အဆုံးသတ်နိုင်ခဲ့သည်ဟု Bloomberg က ရေးသည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး (မာတီနာတာလီဂါဝါ) က မြန်မာ အစိုးရသည် ယခင် ကထက် ပိုမိုအပြုသဘော ဆောင်လာသည်ဟု ခံစားမိကြောင်း ထုတ်ဖော်ပြောကြားသည်။

မြန်မာအစိုးရအား နှစ်စဉ်ငွေကြေးနှင့် စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ထားသည့် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ အရာရှိများသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သောလများအတွင်းက အလည်အပတ် လာရောက်ခဲ့ကြသည့် အမေရိကန် ပြည် ထောင်စု၏ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်သည် သုံးလအတွင်း မြန်မာနိုင်ငံသို့ သုံးကြိမ်တိုင်တိုင် လာရောက်ခဲ့သည်။ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများမှာ ရင်းနှီးမြှုပ်နှံမှုအသစ်များမဖြစ်ရန် တားမြစ် ခြင်း၊ မြန်မာနိုင်ငံမှ သွင်းကုန်များကိုတားမြစ်ခြင်း၊ ငွေကြေးလွှဲပြောင်းမှုများကို တားဆီးခြင်းတို့ဖြစ်သည်။ ဥရောပနိုင်ငံများ၏ တားမြစ်မှုများ အမေရိက ကဲ့သို့ မပြင်းထန်သော်လည်း လက်နက်ရောင်းဝယ်မှုပိတ်ပင်ခြင်း၊ သတ္တုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ခြင်းတို့ ဖြင့် ပိတ်ပင်ကြသည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင်သမ္မတဦးသိန်းစိန်က နိုင်ငံရေးပါတီများနှင့် ပတ်သက်သည့် ဥပဒေကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သည်။ အခြေခံ ဥပဒေအပေါ် ထားရှိသည့် သဘောထား လွှတ်တော်အတွင်း ၀င်ရောက်နေရာယူခြင်းနှင့် ထောင်ကျအကျဉ်းသားများကို ပါတီများတွင် လက်ခံခွင့် သဘောထား စသည့်အပြောင်းအလဲများဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်များကို ယခင်အစိုးရ၏ အသိအမှတ်ပြုခြင်းမခံရသော ဒေါ်အောင်ဆန်း စုကြည်၏ NLD ပါတီက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပါတီမှတ်ပုံတင်ရေးကိစ္စ၊ ကြားဖြတ်ရွေးကောက်ပွဲ ၀င်၊ မ၀င် ဆုံးဖြတ်ပေးတော့မည်ဖြစ်သည်။ NLD  သည် ဒီဇင်ဘာလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ၀င်မည်ဟု ဗဟိုကော်မတီဝင် ၁၀၆ ဦး ထောက်ခံမဲဖြင့်  နိုဝင် ဘာလ ၁၈ရက် နေ့တွင် ဆုံးဖြတ်ပြီးဖြစ်သည်။  သမ္မတကြီး ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အား ယမန်နှစ်က လွှတ်ပေးခဲ့ပြီး ယခုနှစ်အတွင်း လက်ခံတွေ့ဆုံ ခဲ့သည်။

သမ္မတကြီး ဦးသိန်းစိန် ပါတီက ရွေးကောက်ပွဲ၌ ရာခိုင်နှုန်း ၈၀ ခန့် အနိုင်ရရှိခဲ့သည့်အပြင် လွှတ်တော်နှစ်ရပ်တွင် တပ်မတော်သား ကိုယ်စားလှယ် လေးပုံတစ်ပုံဦးရေကို ရယူထားသည်။ လွန်ခဲ့သည့် ၂၂ နှစ်အတွင်း ၁၅ နှစ်မျှ အကျယ်ချုပ် ချထားခံရသော ဒေါ်အောင်ဆန်းစုကြည် သည် အထိန်းသိမ်းခံ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အကျဉ်းသား ၅၀၀ကျော် လွတ်မြောက်ရေးကို  တောင်းဆိုလျက်ရှိသည်။

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက် နိုဝင်ဘာလ ၁၄ ရက်နေ့က သတင်းဌာနများသို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားရာတွင် “သမ္မတကြီးဟာ ဒီမိုကရေစီအပြောင်းအလဲကို တကယ်တမ်း လုပ် ဆောင်ဖို့ ဆန္ဒရှိသူဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူပါက မြန်မာနိုင်ငံသည် ဒေသတွင်း ၁၀နိုင်ငံ အရေးကိစ္စများကိုပါ ကိုင်တွယ်ရမည်။ အာဆီယံ၏ ရည်မှန်း ချက်များကို အကောင်အထည်ဖော်ရမည့် တာဝန်ယူရမည်ဖြစ်သည်။ ဒေသတွင်း ဆင်းရဲချမ်းသာ ကွာခြားချက်များ၊ အင်အားကောင်းသော ဗုဒ္ဓဘာသာ  နိုင်ငံများ၊ သန်း၃၀၀ ကျော်ခန့်ရှိသော မွတ်ဆလင် နိုင်ငံများနှင့် အရှေ့တောင်အာရှ၏ လူဦးရေအများဆုံး ခရစ်ယာန်နိုင်ငံတို့ ပါဝင်သည်။ ယဉ်ကျေးမှု မျိုးစုံသော ဒေသ၏ ၁၀ နိုင်ငံ အ၀န်း အ၀ိုင်း တစ်ခု ဦးတည်ချက်များကို ပုံဖော်ရန်အတွက် ပဲ့ကိုင်ရမည်လည်း ဖြစ်သည်။

တရုတ်နှင့် ဖြစ်ပွားနေသော အာဆီယံနိုင်ငံများ၏ တောင်တရုတ်ပင်လယ် ရေပိုင်နက်ပြဿနာ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံကြား ဖြစ်ပွား လေ့ရှိသည့် ရှေးဟောင်းဘုရားကျောင်း အငြင်းပွားမှု၊ဒေသတွင်း ၁၀ နိုင်ငံ ဗီဇာတစ်ခုတည်း သွားလာရေး၊ ဒေသတွင်း ငွေကြေးတစ်မျိုးတည်း သုံးစွဲရေး ၁၀ နိုင်ငံအ၀န်းအ၀ိုင်းတစ်ခုအဖြစ် ရည်မှန်းနေသည့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသည့်တို့သည် မြန်မာအနေဖြင့် ကြိုတင်ထည့်သွင်း စဉ်းစားထား ရမည့် အရေးများလည်း ဖြစ်သည်။ ယခု အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့သူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးသည် ယခုနှစ် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း အာဆီယံဒေသတွင်း အရှိန်မြင့်လာသည့် တောင်တရုတ်ပင်လယ် အငြင်းပွားမှုပြဿနာ၊ မြန်မာကို ၂၀၁၄ အလှည့်ကျခန့်အပ်ရေး၊ ဒေသတွင်း နျူးကလီးယားမပြန့်ပွားရေးတို့ကို အောင်အောင်မြင်မြင် စွမ်းဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် အလှည့်ကျဥက္ကဋ္ဌ တာဝန် ယူထားစဉ်ကာလအတွင်း  မြန်မာနိုင်ငံ၏ဂုဏ်သရေအတွက် စွမ်းဆောင်မှုတို့ကိုပြသရပါလိမ့်မည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် နိုင်ငံတကာအ ကူအညီများကဲ့သို့ ထင်သာမြင်သာရှိသော အကျိုးကျေးဇူးဟု ပြောရမည့်အရာများသည် ၂၀၁၄ အာဆီယံဥက္ကဋ္ဌအဖြစ် ပဲ့ကိုင်သောအခါ တစ်မုဟုတ်ချင်း  ရောက်ရှိလာမည်  မဟုတ်ပါ။ သို့ရာတွင် အာဆီယံဥက္ကဋ္ဌ ဖြစ်လာခြင်းကြောင့် နိုင်ငံတကာ အပါအ၀င် မြန်မာပြည်သူများ စိုးရိမ်နေကြသည်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးများသည် နောက်ကြောင်း ပြန်မလှည့်ရေးကို အဓိကတွန်းအားပေး လာမည်ဖြစ်ပြီး အာဆီယံဥက္ကဋ္ဌ တာဝန်ကြောင့် မြန်မာပြည်သူအများစု လိုချင်တောင့်တကြသည့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဂုဏ်သိက္ခာရှိရှိ ဆက်လက် လုပ်ကိုင်မည်ကို အစိုးရက ထပ်မံကတိက၀တ်ပြုလိုက်ခြင်းဟု ဆိုရမည်ဖြစ်ပါသည်။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment