Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃၀.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

မြန်မာအတွက် အမေရိကန်

************************************************

ဆောင်းပါးကဏ္ဍ

မြန်မာအတွက် အမေရိကန်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံသို့ လာရောက်ခြင်း၏ နောက်ကွယ်တွင် အကြောင်းအခြင်းအရာ များစွာ ရှိနေသည်ဟု ယူဆရသော်လည်း ယခုခရီးစဉ်တစ်ခုတည်းဖြင့် မြန်မာအမေရိကန် ဆက်ဆံရေး ပြောင်းပြန်ဖြစ်သွားပြီ၊ လုံးဝပြေလည်သွားပြီဟု ဆို၍ မရပေ။ မြန်မာသည် အမေရိကန် ပုလဲကုံးသီဗျူဟာ၏ နောက်ဆုံးပုလဲတစ်လုံးဖြစ်ကြောင်း ယခင်တစ်ပတ်က ဆိုခဲ့ပြီး ဖြစ်သည်။ အမေရိကန်တို့အတွက် မြန်မာသည် မည်သို့မည်ပုံ အသုံးဝင်နိုင်ကြောင်းကို တင်ပြခဲ့ခြင်းဖြစ်သည်။ ဤတွင် နှစ်ဖက်စဉ်းစားစရာ ရှိလာသည်။ အမေရိကန်အတွက် မြန်မာ၏ အသုံးဝင်မှုဆိုလျှင် မြန်မာအတွက် အမေရိကန်၏ အသုံးဝင်မှုဆိုသည်ကိုလည်း စဉ်းစားရန်လိုပေ မည်။

                မြန်မာတွေအနေနှင့် အမေရိကန်ထံမှာ ဘာတွေရနိုင်မည်နည်း ????????

နိုင်ငံရေး

နိုင်ငံရေးအရကြည့်လျှင် ယခင်က အာဏာရှင်စစ်အစိုးရဖြစ်၍ အမေရိကန်၏ နှုန်းစံများနှင့် လွဲချော်နေ၍ အမေရိကန်က တရားဝင်မှု မပေးသလို မြန်မာဘက်ကလည်း အမေရိကန်၏ အသိအမှတ်ပြုမှုကို မမျှော်လင့်ခဲ့။ ထို့ကြောင့် တရုတ်နှင့် ပို၍နီးကပ်လာခဲ့သည်။ ယခုမူ ဒီမိုကရေစီအစိုးရ၊ ပြည်သူက ရွေးကောက်တင်မြှောက်သည့်နည်းလမ်းမှ တက်လာသည့်အစိုးရဖြစ်၍ နိုင်ငံတကာ၏ တရားဝင်မှု အထူးသဖြင့် အမေရိကန်၏ အသိအမှတ် ပြုမှုလိုလာပြီ ဖြစ်သည်။ ကမ္ဘာ့ရေးရာများတွင် အမေရိကန်၏ မဲတစ်မဲလိုအပ်လာပြီဟု ဆိုရမည်ဖြစ်သည်။ထို့ပြင် တရုတ်ထံသို့ လိုက်လျောမှုတွေ ကျွံထားသည့် ကိစ္စတွေအတွက်လည်း ဖြေရှင်းစရာကိစ္စတွေ များစွာရှိနေသည်။ ထို့ကြောင့် တရုတ်နှင့် ဗလချင်းယှဉ်နိုင်မည့် အင်အားကြီးတစ်နိုင်ငံကို လိုလာ;သည်ဖြစ်ရာ အမေရိကန် ပြည်ထောင်စုမှတပါး အခြားမရှိပေ။ မြန်မာဆိုသည်မှာ ရှေးပဝေသဏီ အတီတေတည်းက အင်အားကြီးနှစ်နိုင်ငံ ကြားတွင် လူမျိုးရော နိုင်ငံပါ မပျောက်အောင် ပါးနပ်စွာနေလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ စစ်အေးခေတ်ကာလက မြန်မာတို့အနေဖြင့် ဆိုရှယ်လစ် ဝါဒကို ကျင့်သုံးနေသည့်တိုင် ကွန်မြူနစ်အုပ်စုထဲမပါခဲ့ဘဲ ကြားနေရေးဝါဒကိုသာ ကျင့်သုံးခဲ့သည်ဖြစ်ရာ ပထဝီနိုင်ငံရေးကို ကောင်းစွာကစားတတ် သည်ဟု ဆိုရမည်ဖြစ်သည်။ ယနေ့ မြန်မာတွေ တရုတ်ကို လက်လွန်ပြီးပေးထားရသည့် အခွင့်အရေးတွေကို ပြန်၍ထေမိစေရန် ကြိုးပမ်းရတော့မည်။ ထင်သာမြင်သာရှိသည့်ကိစ္စမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထိုနေရာသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်သလို တရုတ် ပြည်ထဲထိ သွားမည့် ရထားလမ်းမှာ မြန်မာတွေအတွက် အချုပ်အခြာအာဏာ ဆုံးရှုံးခြင်းတစ်မျိုးပင်ဖြစ်သည်။ ထိုအခြေအနေကို ကုစားရန်အတွက် အင်အားမျှခြေ တစ်ခုကို ဖန်တီးရပေတော့မည်။ မြန်မာ့ပင်လယ်ပြင်တွင် ခေါင်းစဉ်တစ်မျိုးမျိုးဖြင့် အမေရိကန်စစ်သင်္ဘောတွေ မသွားနိုင်ဘူးလား။ ကိုကိုကျွန်းမှာ ဂူအမ်ကဲ့သို့ အမေရိကန် လေတပ်စခန်း ဖြစ်မလာနိုင်ဘူးလား။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အတွင်းတွင် နိုင်ငံခြားတပ်ဖွဲ့တွေ ချထားခွင့် မပြုဟုဆိုထားသော်လည်း မြန်မာ့ရေပြင်တွင် ချထားနိုင်သလောဟု အဓိပ္ပါယ်ဖွင့်နိုင်စရာ ရှိနေပြန်သည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံတကာတွင် မြန်မာ အစိုးရ တရားဝင်ရန်နှင့် မြန်မာ၏ အချုပ်အခြာအာဏာမဆုံးရှုံးစေရန်အတွက် မြန်မာတွေအနေဖြင့် ၎င်းတို့ တစ်လျှောက်လုံး ကျွမ်းကျင်စွာ ကိုင်တွယ် လာခဲ့သည့် ပထဝီနိုင်ငံရေးမျှခြေကို ထိန်းသိမ်းသည့်ပညာကို ယခုတစ်ကြိမ်တွင် အကျိုးရှိစွာ အသုံးချဖွယ်ရှိသည်။

 စီးပွားရေး

များစွာ မမျှော်လင့်နိုင်ပါ။ မြန်မာ့စီးပွားရေးသည် ခိုင်မာသော အင်စတီကျူးရှင်းများ၊ ငွေရေးကြေးရေး ပေါ်လစီများ၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ပေါ်လစီများ မဖြစ်နိုင်သေးသမျှ အမေရိကန် စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံရန် အဆင်ပြေလိမ့်မည် မဟုတ်ပေ။ အရေအသွေးကို ဦးစားပေးသော အမေရိကန်တွေသည် ရှိတာနှင့်ဖြစ်အောင်လုပ်တတ်သော တရုတ်တွေကဲ့သို့ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုပြုရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။ ဖြစ်နိုင်ခြေရှိသည်မှာ  ဝန်ဆောင်မှုလုပ်ငန်းများတွင် အမေရိကန်ကုမ္ပဏီတွေ၏ ရင်းနှီးမြုပ်နှံမှု မျှော်လင့်နိုင်စရာရှိပါသည်။ သို့ရာတွင် လမ်းစတစ်ခုပေါ်ပြီဟူ၍တော့ ဆိုနိုင်ပါသည်။ ထိုအပြောင်းအလဲများသည် မြန်မာတို့အပေါ်တွင်သာ မူတည်နေမည်ဖြစ်ပြီး အင်စတီကျူးရှင်း များ အားကောင်းလာသည်နှင့်အမျှ၊ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ချိတ်ဆက်လာနိုင်သည်နှင့်အမျှ  အမေရိကန်စီးပွားရေးတွေ မြန်မာနိုင်ငံကို စီးဝင် လာစရာရှိပါသည်။ ဘဏ်စနစ်၊ ငွေကြေးစနစ်၊ အင်တာနက်၊ လျှပ်စစ်မီးစတာတွေ မပြည့်စုံသေးလျှင်တော့ ဖဆပလခေတ်က အမေရိကန်တွေ ရေးဆွဲ ပေးခဲ့သည့် ဆင်ဖြူတော်စီမံကိန်းခေါ် ပြည်တော်သာ စီမံကိန်းလို စီးပွားရေး အကူအညီတွေသာ လတ်တလော ရနိုင်ဖွယ်ရှိပါသည်။

ဖြစ်နိုင်ခြေ အရှိဆုံး၊ ရနိုင်ခြေအများဆုံးဖြစ်သည်။ မြန်မာပြည်တွင် လိုအပ်နေသော အင်စတီကျူးရှင်းတွေအတွက်၊ ဒီမိုကရက်တစ် ယဉ်ကျေးမှု ထွန်းကားရေးအတွက် မြန်မာကျောင်းသားတွေ အမေရိကန် တက္ကသိုလ်တွေမှာ တက်ခွင့်ရဖို့လိုအပ်သည်။ အမေရိကန်၏ အားသာချက်မှာ စစ်ရေး ပါဝါထက် ပညာရေးဟုသာ ဆိုရမည်ဖြစ်သည်။ ဤသည်မှာ အမေရိကန်တို့ အနှစ်နှစ်အလလ ရင်းနှီးမြုပ်နှံထားခဲ့သည့် အသီးအပွင့်များဖြစ်သည်။ မြန်မာအစိုးရက တောင်းဆိုခြင်းမရှိလျှင်ပင် မြန်မာကျောင်းသားတွေ အမေရိကားမှာ ပညာသင်ကြားခွင့်ရဖို့ ၊ စကော်လားရှစ်ရဖို့ အမေရိကန်တွေက ပိုမိုလမ်းဖွင့်ပေးလာနိုင်ပါသည်။

လူမှုရေး

ဗြိတိန်ဝန်ကြီးလာရောက်စဉ်က မြန်မာနိုင်ငံအတွက် လူမှုရေးအကူအညီ စတာလင်သန်းပေါင်း ၁၅၀ကျော် ပေးအပ်သွားမည်ဟု ကတိပြု သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အမေရိကန်တို့အနေဖြင့်လည်း လူမှုရေးအကူအညီများ ပို၍ပေးလာနိုင်စရာရှိပါသည်။ လူမှုရေးအကူ အညီခေါင်းစဉ်ဖြင့် အခြားသော ရည်ရွယ်ချက်ဖြင့် အစိုးရကိုပံ့ပိုးမည့် ငွေကြေးများလည်း စီးဝင်လာနိုင်သည်။ အထူးသဖြင့် အမေရိကန်တို့ အထူးလေးစားသော ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် လွှတ်တော်ထဲတွင် ရှိနေသည်ဖြစ်ရာ ဆင်းရဲနေသော မြန်မာပြည်သူတွေအပေါ် သူမ၏ မှတ်ချက်တစ်ခုသည် အမေရိကန်တို့၏  ဒေါ်လာသန်းချီသည့် ချက်လက်မှတ်တစ်ခုဖြစ်နိုင်ရန် မခဲယဉ်းတော့သော အခြေအနေပင် ဖြစ်သည်။ အထူးသဖြင့် လူထုခေါင်းဆောင်မှာ အမျိုးသား စီမံကိန်းကဲ့သို့သော နေရာမျိုးတွင် ရာထူးရလာခဲ့သော် ထိုအကူအညီတွေ တနင့်တပိုး ရနိုင်ဖွယ်ရှိသည်။

အထက်ပါ အချက်အလက်တွေသည် အမေရိကန်ထံမှ မြန်မာတွေရနိုင်စရာရှိသည့် အကျိုးကျေးဇူးများဖြစ်သည်။ သို့ရာတွင် အလွန်အမင်း မျှော်လင့်ချက်ထားခြင်းမျိုးလည်း မရှိသင့်ပေ။ ဆိုရလျှင် အမေရိကန်မှာ ကမ္ဘာပေါ်တွင် ယခင်ကလို အာဏာစက် မထက်မြက်တော့ဟု ဆိုရမည် ဖြစ်သည်။ အမေရိကတွင်ရော အရှေ့အလယ်ပိုင်းတွင်ပါ နိုင်ငံရေးအရ ကျဆုံးမှုတွေ ရှိနေသည်။ စီးပွားရေးအရလည်း တရုတ်ကို တဖြေးဖြေး အရေးနိမ့် လာသည်။ သို့ရာတွင် ဆင်ပိန်ကျွဲဟုဆိုရမည်ကဲ့သို့ ဟန်ကိုယ့်ဖို့နေနိုင်သေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သြဇာခံတွေ ယုတ်လျော့လာ တော့မည်ဖြစ်ရာ အမေရိကန်ကို နှုတ်ကသာ အကောင်းမဆိုသော်လည်း စိတ်ထဲက ကြိတ်၍ မျှော်လင့်ကြသော မြန်မာတွေနှင့် အချိန်မှီ အလွမ်းသင့်ရန် ကြိုးပမ်းခြင်းသာဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ  ကြားနေရေးမူဝါဒဟု ကြွေးကြော်ပြီး အိမ်နီးချင်း အင်အားကြီးနှစ်နိုင်ငံအပေါ် နိုင်ငံရေး အမြတ် ထုတ်ပြီး ယနေ့တိုင်ရပ်တည်နိုင်ဆဲဖြစ်သော မြန်မာတွေအနေဖြင့် ထပ်မံအမြတ်ထုတ်စရာ ဝယ်လက်ကြီးကြီးတစ်ဦးနှင့် အကြောင်းသင့်ရခြင်းပင် ဖြစ်တော့သည်။

****************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment