Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃၁.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ပြောင်းလဲမှုတွေကို အခြေခံက စဖို့ လိုပါသည်

              ******************************************

ဆောင်းပါးကဏ္ဍ

ပြောင်းလဲမှုတွေကို အခြေခံက စဖို့ လိုပါသည်

ဝင်းထွဋ်ဇော်

(ဒီဇင်ဘာ ၂၉ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၇၅)တွင်မှ ထုတ်ယူဖော်ပြသည်)

လွန်ခဲ့တဲ့ ခုနှစ်လ၊ ရှစ်လလောက်ကစပြီး ကျွန်တော်တို့နိုင်ငံမှာ ပြောင်းလဲမှုဆိုတဲ့အသံတွေကို ကြားခဲ့ရတယ်။ လွှတ်တော်သုံးရပ် ပေါ်ပေါက်လာပြီး လွှတ်တော်ကတစ်ဆင့် ပြောနိုင်ဆိုင်နိုင်တဲ့ လမ်းကြောင်းတွေ ပေါ်လာပြီး အရပ်သားအစိုးရ ပေါ်ပေါက်လာပြီဆိုတဲ့ အသံတွေကို ကြားခဲ့ရတယ်။ ဒီနောက်မှာတော့ စာပေလွတ်လပ်ခွင့်တွေ အတော်လေးရှိလာပြီး ပြောခွင့်ဆိုခွင့်တွေ အတော်ရှိလာပြီဆိုတဲ့အသံတွေ ပေါ်ထွက်လာပြန်တယ်။ ထို့နောက်မှာတော့ တစ်ချိန်တုန်းက သတင်းစာတွေ ဂျာနယ်တွေရဲ့စာမျက်နှာတွေပေါ်မှာ မတွေ့ခဲ့ရတာကြာပြီဖြစ်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံတွေနဲ့ အကြောင်းအရာ အတ္ထုပတ္တိတွေကို စာမျက်နှာတွေပေါ်မှာ တွေ့လာရတယ်။

ထို့နောက်မှတော့ အမျိုးသားခေါင်းဆောင်ကြီးရဲ့ သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေနဲ့ ဆောင်းပါးတွေ အင်တာဗျူးတွေကို မဂ္ဂဇင်း ဂျာနယ်တွေမှာ တွေ့လာရတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်နဲ့ နိုင်ငံတော်သမ္မတတို့ တွေ့ဆုံခဲတဲ့ သတင်းတွေ၊ ဓာတ်ပုံတွေကို စာနယ်ဇင်းတွေ မီဒီယာတွေရဲ့  မျက်နှာစာပေါ်မှာ ပေါ်ထွက်လာခဲ့တယ်။

ဒါ့အပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အကျဉ်းသား အနည်းငယ်ကိုလည်း အကျဉ်းထောင်တွေမှ လွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေမှ တာဝန်ရှိသူတွေဟာလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ကြပါတယ်။

ဥရောပ နိုင်ငံအချို့ကလည်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်ပေါက်လာပြီလို့ ပြောဆိုလာကြတယ်။ နှစ်ပေါင်းများစွာ ကြာမျှ တစ်နေရာတည်းမှာပဲ မလှုပ်မယှက် တန့်ရပ် (Static) နေခဲ့ပြီး လွတ်လပ်မှု အငွေ့အသက်တွေ ကင်းမဲ့ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံမှာ ပြောင်းလဲမှုလို့ ထင်စရာရှိတဲ့ လှုပ်ရှားမှုတွေ ခပ်စိတ်စိတ် ဖြစ်လာချိန်မှာ ယခုလို အပြောင်း အလဲတွေ ဖြစ်လာပြီဆိုတဲ့ အသံတွေ ပေါ်ထွက်လာတာဟာ သိပ်တော့မဆန်း ကြယ်လှပါဘူး။

တကယ်တော့ ကုလသမဂ္ဂကရာ အီယူ (EU)ခေါ် ဥရောပသမဂ္ဂကရော အာဆီယံ (ASEAN) နိုင်ငံတွေကပါ ကျွန်တော်တို့ မြန်မာနိုင်ငံကို    ပြောင်းလဲစေချင်ကြတာ အမှန်ပါ။ တရုတ်၊ အန္ဒိယစတဲ့ အိမ်နီးချင်းနိုင်ငံတွေဟာလည်း ကျွန်တော်တို့နိုင်ငံကို ပြောင်းလဲစေချင်တဲ့ဆန္ဒတွေ ရှိနေတယ် ဆိုတာကို သံသယရှိစရာ မလိုပါဘူး။

သို့ပေမဲ့ တကယ်တမ်း ပြောမယ်ဆိုရင်တော့ ထိုနိုင်ငံတွေ ထိုအဖွဲ့အစည်းတွေက ကျွန်တော်တို့ နိုင်ငံကို ပြောင်းလဲစေလိုတဲ့ ဆန္ဒထက် ကျွန်တော်တို့ ပြည်သူတွေ ကိုယ်တိုင်ရဲ့ ပြောင်းလဲလိုတဲ့ ဆန္ဒက မနှိုင်းယှဉ်သာအောင်ကို ကြီးမားလှပါတယ်။

ကမ္ဘာဦးလူသားတွေဟာ နေနဲ့လကို တောင့်တကြသလိုပဲ ကျွန်တော်တို့ ပြည်သူတွေကလည်း ဒီမိုကရေစီရေး အပြောင်းအလဲတွေကို မွတ်သိပ်ခဲ့ကြ တယ်။ လိုလားတောင့်တာခဲ့ကြပါတယ်။  သို့ပေမဲ့ အပြောင်းအလဲဆိုရာမှာ (Violent means) နဲ့ ဖြည်းဆေးညင်သာတဲ့ အပြောင်းလဲ (Gradulism) သို့မဟုတ် ငြိမ်းချမ်းစွာ ကူးပြောင်းမှု (Peaceful Transistion) ရယ်လို့ နှစ်မျိုးနှစ်စားရှိပါတယ်။

အင်အားသုံး အပြောင်းအလဲကတော့ လက်နက်ကိုင် တော်လှန်ရေးနည်းလမ်းနဲ့ အုပ်စိုးသူလူတန်းစားကို ဖယ်ရှားပစ်ပြီး လူ့အဖွဲ့အစည်းပုံစံ (Social order) ကို ပြောင်းလဲပစ်ခြင်းပဲဖြစ်တယ်။ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှုကတော့ လက်ရှိအုပ်စိုးသူ အသိုက်အဝန်း သို့မဟုတ် လူတန်စားနဲ့ လွတ်လပ်မှုနဲ့ အပြောင်းအလဲကို လိုလားတဲ့ ပြည်သူလူထုအကြားမှာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် သဘောတူညီချက်တစ်ခုကို ရယူကာ အပြောင်းအလဲတွေကို ဆောင်ရွက်ခြင်းပဲ ဖြစ်တယ်။

အဲဒီလိုလုပ်ဆောင်ရာမှာ ပါဝင်တဲ့ အပြောင်းအလဲလုပ်ငန်းတွေကတော့ (၁)နိုင်ငံရေး (၂)စီးပွားရေး (၃)အုပ်ချုပ်ရေး (၄)တရားစီရင်ရေး (၅)တိုင်းရင်း သားလူမျိုးများအရေး စတာတွေပဲဖြစ်တယ်။ ထိုလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ အချိန်ယူပြီး ဆောင်ရွက်ရမှာတွေရှိသလို လတ်တလောမှာပဲ ဆောင်ရွက်ဖို့ လိုအပ်တဲ့ အလုပ်တွေရှိပါတယ်။

ပြောင်းလဲမှုဆိုရာမှာလည်း ပုံစံ(Form) ပြောင်းလဲမှုနဲ့ အနှစ်သာရပိုင်းဆိုင်ရာ (Content) ပြောင်းလဲမှုဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ တကယ်တော့ ပြောင်းလဲမှုတိုင်းဟာ အပေါ်ယံ ပုံစံပြောင်းလဲမှု သို့မဟုတ် ဟန်ပြပြောင်းလဲမှုမျိုး မဟုတ်ဘဲ အနှစ်သာရအရ ပြောင်းလဲမှုတွေ ဖြစ်ရပါမယ်။

နိုင်ငံတစ်နိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ဘယ်လောက်အထိ ဖြစ်ပေါ်နေသလဲဆိုတဲ့အချက်ကို လေ့လာသုံးသပ်ရာမှာ တိုင်းတာရမယ့် အခြေခံ   ပေတံကတော့ အောက်ခြေပြည်သူတွေရဲ့ ဘဝတွေပဲဖြစ်ပါတယ်။ နိုင်ငံတစ်ခုရဲ့အပေါ်လွှာမှာ တိုးတက်ပြောင်းလဲဖို့ တာစုနေတဲ့ သို့မဟုတ် တိုးတက်ပြောင်းလဲ ရေးအတွက် ပထမခြေလှမ်းတွေအဖြစ် သတ်မှတ်ထားတဲ့လုပ်ငန်းတွေ ဘယ်လောက်ပင်ဆောင်ရွက်ပေမယ့်လည်း အောက်ခြေပြည်သူတွေရဲ့ ဘဝတွေဟာ ဒုံရင်း ဒုံရင်းပဲ ဖြစ်နေမယ်ဆိုရင် ပြောင်းလဲရေးဆိုတဲ့ ရည်ရွယ်ချက်တွေ လုပ်ငန်းစဉ်တွေဟာ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။

ယင်းသို့ မအောင်မြင်ရုံသာမကဘဲ တစ်ချိန်မှာ အဆိုပါ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ လမ်းလွဲသွားတာမျိုးတွေ ဆန့်ကျင်ဘက် သက်ရောက်မှု တွေကို ဖြစ်ပေါ်စေတာမျိုးတွေပင် ဖြစ်လာနိုင်ပါတယ်။ တကယ့် နည်းမှန်းလမ်မှန် စေတနာမှန်နဲ့ပြုလုပ်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတိုင်းဟာ စတင် လုပ်စမှာပင် ပြည်သူလူထုရဲ့ ဘဝတွေကို သက်သာချောင်ချိစေမယ့် အရိပ်လက္ခဏာတွေ အငွေ့အသက်တွေတော့ ပေါ်လွင်ရမှာဖြစ်တယ်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေစတင်ချိန်မှာပဲ အောက်ခြေပြည်သူတွေအကြားမှာ စိတ်လက်ပေါ့ပါးပြီး အနှောင်အဖွဲ့တွေ ကင်းလွတ်လာတဲ့ ခံစားမှု မျိုးတွေ အခင်းအကျင်းမျိုးတွေ ပေါ်ပေါက်လာဖို့ လိုပါတယ်။ မနက်မိုးလင်းတာနဲ့ အောက်ခြေပြည်သူတွေ ကြုံတွေ့ရတဲ့ အခြေခံ စားကုန်ဈေးနှုန်းတွေဟာ ရုတ်တရက် မကျဆင်းသည့်တိုင်အောင် တန့်ရပ်နေဖို့တော့လိုပါတယ်။ လမ်းခွန်၊ တံတားခွန်တွေနဲ့ အထွေထွေ အခွန်အခတွေဟာ  ချက်ချင်းကျဆင်းမလာသည့် တိုင်အောင် တန့်ရပ်နေဖို့လိုပါတယ်။ ပြုပြင်ပြောင်းလဲရေးခေတ်တွေမှာ ပြည်သူလူထုအနေနဲ့ အစိုးရဌာနဆိုင်ရာတွေနဲ့ ဆက်ဆံရာမှာ ကြိုးနီစနစ်တွေ ကင်းရှင်းပြီး လွယ်ကူချောမွေ့မှု၊ ပွင့်လင်းမြင်သာမှုတွေ ရှိဖို့လိုပါတယ်။

အပြောင်းအလဲတွေ တကယ်ဖြစ်ပေါ်နေတဲ့ ခေတ်မျိုးတွေမှာ တောင်သူလယ်သမားတွေဟလည်း မိမိတို့ ဓားမဦးချ လုပ်ကိုင်နေတဲ့ လယ်ယာမြေတွေကို စိတ်တုံးတုံးချပြီး အနှောင့်အယှက်ကင်းမဲ့စွာ လုပ်ကိုင်နိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် ပညာရေး၊ ကျန်းမာရေး စတဲ့နယ်ပယ်တွေမှာလည်း ပြည်သူသူအားလုံးဟာ တစ်ပြေးညီခံစားခွင့်ရှိဖို့လိုတယ်။ မိဘတွေက ငွေကြေးအကုန်အကျမခံနိုင်လို့ ပညာသင်ကြားခွင့် ဆုံးရုံးရတဲ့ လူငယ်တွေ၊ အဆင့်မြင့် ပုဂ္ဂလိကဆေးရုံးတွေမှာ မကုသနိုင်လို့ သေဆုံးကြရတဲ့လူနာတွေ မရှိဖို့ လိုတယ်။ ဒါ့ အပြင်လာဘ်ပေးလာဘ်ယူမှု အဂတိလိုက်စားမှုတွေဟာလည်း အပြောင်းအလဲတွေ ဖော်ဆောင်နေတဲ့ ခေတ်တစ်ခေတ်မှာ ချက်ချင်းလက်ငင်း ဖျက်သိမ်းပစ်နိုင်ရမယ့် ကိစ္စတွေပဲ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေ ပေါ်ပေါက်နေပါပြီဆိုတဲ့ ခေတ်ကာလမှာ အောက်ခြေပြည်သူတွေအနေနဲ့ ညဥ့်အချိန်မှာ မိမိတို့ရဲ့ နေအိမ်တံခါးတွေကို ဖွင့်ပြီး မအိပ်နိုင်သည့်တိုင်အောင် မိမိတို့ရဲ့နေအိမ်တံခါးတွေကို ကန်ကျောက်ပုတ်ခတ်ကာ အနှိုးမခံရတဲ့အခြေအနေမျိုးတော့ ရှိဖို့လိုပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ ပေါ်ပေါက်နေပါပြီဆိုတဲ့ ခေတ်ကာလမှာ အောက်ခြေပြည်သူတွေအနေနဲ့ ညဥ့်အချိန်မှာ မိမိတို့ရဲ့နေအိမ်တံခါတွေကို ဖွင့်ပြီးမအိပ်နိုင်သည့်တိုင်အေင် မိမိတို့ရဲ့ နေအိမ်တံခါးတွေကို ကန်ကျောက်ပုတ်ခတ်ကာ အနှိုးမခံရတဲ့ အခြေအနေမျိုးတော့ ရှိဖို့လိုပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေကို ဖော်ဆော်နေတဲ့ ကာလမျိုးမှာ နယ်စွန်နယ်ဖျားတွေမှာနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ ရင်ထဲနှလုံးထဲမှာ အကြောက်တရားတွေ ကင်းစင်စွာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် ယမ်းငွေတွေနဲ့ သေနတ်သံတွေ တိတ်ဆိတ်ရပ်စဲဖို့ လိုပါတယ်။ ပြုပြင်ပြောင်းလဲရေး ခေတ်သစ် တစ်ခုမှာ ခေါင်းလောင်းသံတွေနဲ့ ဆရာတော် သမားတော်တွေဟောပြောချီးမြှင့်တဲ့ တရားဓမ္မသံတွေဟာ လွတ်လပ်စွာ ပျံ့လွင့်လာဖို့ လိုပါတယ်။

တကယ်တော့ အခြေခံပြည်သူတွေရဲ့ဘဝတွေကို လန်းဆန်းတက်ကြွစေတဲ့ ပြုပြင်ပြောင်းလဲရေးတွေ သာလျှင် အနှစ်သာရ ပြည့်ဝတဲ့ ပြုပြင်ပြောင်းလဲ ရေးပဲ ဖြစ်ပါတယ်။

**************************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

 ၃၁.၁၂.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ၂၀၁၂ ခုနှစ်၌ ကုန်ပစ္စည်းခွဲခြား အကောက်ခွန် စနစ်စတင်မည်
  2. E-custom စနစ်ဖြင့် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းအားလုံး ဆောင်ရွက်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကြားဖြတ် ရွေးကောက်ပွဲရက် ထုတ်ပြန်ကြေညာ
  2. အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သတင်းထပ်မံထုတ်ပြန်
  3. မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တည်ထောင်ခွင့်ရ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************************

ပြည်တွင်းသတင်းများ

၂၀၁၂ ခုနှစ်၌ ကုန်ပစ္စည်းခွဲခြား အကောက်ခွန် စနစ်စတင်မည်

လာမည့် ၂၀၁၂ ခုနှစ် မှ စတင်၍ ကမ္ဘာ့အကောက်ခွန် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ကုန်ပစ္စည်း အမျိုးအစားခွဲခြား၍ အခွန်ကောက်ခံသည့်စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

မြန်မာ့အကောက်ခွန်နှုန်း ကောက်ခံသည့်ဇယား၌ အသုံးပြုထားသည်မှာ HS(Harmonize System) ကွန်ဗင်းရှင်းနှင့်အညီ  မူလ ခွဲခြားထားသည့် ဂဏန်းခြောက်လုံးပါ ကုန်ပစ္စည်းအမျိုးအစား၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် ဂဏန်းရှစ်လုံးပါ ကုန်ပစ္စည်းအမျိုးအစား၊ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု စာရင်းအင်း လိုအပ်ချက်အရ ဂဏန်းဆယ်လုံးပါ သင်္ကေတစနစ်ကို အသုံးပြုထားကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၁၂ တွင် အာဆီယံသတ်မှတ်အကောက်ခွန် ကုန်ပစ္စည်းစာရင်းမှ ၈၀ ရာခိုင်နှုန်းကို အခွန်နှုန်း သုညရာခိုင်နှုန်းအထိ လျှော့ချပေးသွားမည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်တွင် နိုင်ငံတွင်း စီးပွားဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူ ပြုနိုင်စေရန်နှင့် ပြည်တွင်း လုပ်ငန်းရှင်များ အဆင်ပြေနိုင်စေရန် ပို့ကုန်သွင်းကုန် လုပ်ငန်းအချို့၌ အခွန်ကင်းလွတ်ခွင့်ပြုခြင်း၊ အခွန်လျှော့ပေးခြင်း စသည့်ဖြေလျှော့မှုများကို လုပ်ဆောင်ပေး ခဲ့ကြောင်း သိရသည်။

                                YC

-----------------------------------------------------------------------------------------------------------------------------------

E-custom စနစ်ဖြင့် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းအားလုံး ဆောင်ရွက်မည်

မြန်မာနိုင်ငံရှိ အကောက်အခွန်ဦးစီးဌာနအနေဖြင့် နိုင်ငံတွင်း ပို့ကုန်၊သွင်းကုန်နှင့် CMPအထည်ချုပ်လုပ်ငန်းများတွင် အကောက်ခွန်ဆိုင်ရာ များအတွက် E-custome စနစ်ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ စတင်၍ အကောင် အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ အကောက်အခွန်ဆိုင်ရာလုပ်ငန်းများတွင် E-custome စနစ်အား စတင်အကောင်အထည်ဖော် ဆောင်ရွက်လိုက်ပါက ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ၌ ဆိပ်ကမ်းတွင်း ပစ္စည်းများ ထုတ်သွင်းမှုတွင် အချိန်ကြန့်ကြာမှုများ လျော့နည်းသွားမည့်အပြင် မှန်ကန်တိကျစွာဖြင့် လုပ်ဆောင်လာနိုင်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်အသုံးပြုမည့် E-custome စနစ်သည် နိုင်ငံရှိ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့နိုင်စေရန် အာဆီယံ Single Window System ဖြစ်ဆောင်ရွက်မှုတွင် အခြေခံကျသော စနစ်တစ်ခုဖြစ်ပြီး  အာဆီယံ Single Window System စတင်နိုင်ရန် ပြည်တွင်း၌ National Single Window စနစ်အား စတင်အကောင်အထည်ဖော် မည်ဖြစ်ကြောင်း သိရသည်။

E-custome စနစ်တစ်ခု ပေါ်ပေါက်လာပါက မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများနှင့် အခြားလုပ်ငန်းများရှိ အကောက်အခွန် ပေးဆောင် နေမှုများတွင် အားလုံးအဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Ref:နေပြည်တော်တိုင်းမ်

************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကြားဖြတ် ရွေးကောက်ပွဲရက် ထုတ်ပြန်ကြေညာ

ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က လစ်လပ်မဲဆန္ဒ နယ် ၄၈ နေရာအား လာမည့် ၂ဝ၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဒီဇင်ဘာ ၂၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော လစ်လပ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၄ဝ နေရာ၊ လစ်လပ် အမျိုသားလွှတ်တော် မဲဆန္ဒနယ် ၆ နေရာနှင့် လစ်လပ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်း၊ အတည်ပြု ကြေညာ ခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များပါ တစ်ပါတည်း ထုတ်ပြန်လိုက်သည်။

လွှတ်တော် အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုကို ဇန်နဝါရီလ ၁၆ ရက်မှ ဇန်နဝါရီ ၃၁ ရက်အတွင်း တင်သွင်းရမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာ ရုပ်သိမ်းလိုပါက ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့ ရုပ်သိမ်းနိုင် ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို  ဖေဖော်ဝါရီ ၆ ရက်မှ ၁ဝ ရက်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သည် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တစ်ရပ်ကို  ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာ ၇ ရက် နေ့တွင် ကျင်းပပေးခဲ့ပြီးနောက် အချိန်တစ်နှစ်နှင့် ၄ လ ကျော်အကြာတွင် လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် ယခုကဲ့သို့ ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သတင်းထပ်မံထုတ်ပြန်

အစိုးရသစ်လက်ထက်မှ စတင်ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အင်းစိန် အကျဉ်းထောင်နှင့် လှေလှော်အင်း ရဲဘက်စခန်းတို့ကို သွားရောက်လေ့လာပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့် သတင်း တစ်ရပ် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

                ၎င်း သတင်းထုတ်ပြန် ကြေညာချက်များမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့သည် ယခုလအတွင်း၌ မြန်မာနိုင်ငံရှိ အကျဉ်းထောင်အချို့ကို သွားရောက်လေ့လာခဲ့ရာတွင် အင်းစိန် အကျဉ်းထောင်၌ထားရှိသည့် အကျဉ်းသားအရေအတွက်သည် အများဆုံး ထားရှိနိုင်မည့် အရေအတွက်ထက် များစွာကျော်လွန်လျက်ရှိကြောင်း၊ ထိုသို့ အကျဉ်းသားများ အကျဉ်းထောင်အတွင်း ကျပ်တည်းစွာ နေထိုင်ရမှုသည် အကျဉ်းသားများ အဆင်မပြေမှုများ၏ အခြေခံအကြောင်းတရားများဖြစ်သည့်အတွက် ၎င်းအခြေအနေများကို အချိန်မီ အရေးယူဆောင်ရွက်သင့်ပါကြောင်း အကြံပြု၍ ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် အကျဉ်းထောင်များအတွင်း တရားစခန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ရေရှည်တွင် အကျဉ်းသားများ၏ စိတ်အခြေအနေကို သိမ်မွေ့ စေနိုင်မည် ဖြစ်ကြောင်း၊ ကော်မရှင်မှ အကျဉ်းသားများအား တွေ့ဆုံမေးမြန်းခဲ့ရာတွင် အကျဉ်းသားများသည် နိုင်ငံတော်သမ္မတ၏ ထပ်မံ ထုတ်ပြန်ကြေညာပေးမည့် လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်လျက်ရှိကြောင်း၊ ထိုသို့သော အကြောင်းရင်းများကြောင့် နိုင်ငံတော် တည်ငြိမ်ရေးနှင့် အများပြည်သူ အေးချမ်းသာယာရေး ကို ထိပါးခြင်းမရှိနိုင်သည့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါရန် နိုင်ငံတော်သမ္မတထံ တင်ပြမေတ္တာရပ်ခံအပ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

              Ref:ကြေးမုံ

-----------------------------------------------------------------------------------------------------------------------------------

ကြားဖြတ်ရွေးကောက်ပွဲ၌ KIO ဒုဥက္ကဋ္ဌပောာင်း ဝင်ရောက်မည်

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် KIO ဒုဥက္ကဋ္ဌပောာင်း  ဒေါက်တာတူးဂျာသည် ကချင်ပြည်နယ် မိုးကောင်းမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဒေါက်တာတူးဂျာအနေဖြင့် ပါတီတည်ထောင်ရန် အစီအစဉ်မရှိသော်လည်း ၂၀၁၂ တွင် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက် ချမှတ်ထားပြီးဖြစ်ကြောင်း ဒေါက်တာတူးဂျာမှ ပြောကြားခဲ့သည်။

ယခင် ကျင်းပပြီးစီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါက်တာတူးဂျာသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီတည်ထောင်ခွင့်  လျှောက်ထားရာတွင် မရရှိခဲ့သည့်အပြင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့မှုများမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်ခဲ့ရကြောင်း သိရသည်။

ဒေါက်တာ တူးဂျာသည် KIO ၌ ဆယ်စုနှစ်ကျော် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် KIO မှ အနားယူ သွားခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံး၌ လွှတ်တော်တွင်းလစ်လပ်မဲဆန္ဒနယ် (၄၈) နေရာရှိပြီး ကချင်ပြည်နယ်တွင် မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့တွင် လစ်လပ်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာများ၌ ထုတ်ပြန်ချက်များ အရ သိရှိရသည်။

Ref: The Voice

**********************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ပြီးခဲ့သော်ကာလများအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးသံများရော ပစ်သံခတ်သံများပါ ဒွန်တွဲကြားနေရသည်ဖြစ်ရာ မြန်မြန် ဆန်ဆန်ပြီးပြေဖို့ မမျှော်လင့် နိုင်သေး။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးသည့် အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ထာဝရငြိမ်းချမ်းရေး ရရှိဖို့ ၃-၄နှစ် ကြာချင်ကြာမည်။ သို့သော် ရအောင်ကြိုးပမ်းမည်။ ယခုအစိုးရသက်တမ်းအတွင်း အောင်မြင်စေရမည်ဟု သန္နိဋ္ဌာန်ပြုထားသည့် စသဖြင့် ပြောဆိုသွားခဲ့ရာ စောင့်တော့စောင့်ရ လိမ့်ဦးမည်။

အရေးကြီးတာက နောက်ကြောင်း ပြန်လှည့်မသွားကြဖို့ပင်၊ အစိုးရိုင်း ခေါင်းဆောင်တွေကတော့ နိုင်ငံရေးအပြောင်းအလဲသည် နောက်ကြောင်းပြန် သွားမှာ မဟုတ်ကြောင်း အကြိမ်ကြိမ်အထပ်ထပ် အာမခံခဲ့ကြသည်။ သို့သော် ငြိမ်းချမ်းရေးဆွေးနွေးပွဲနည်းတူ အခြား အခြားသော နိုင်ငံရေး အပြောင်းအလဲတွေလည်း နှေးကွေးကြန့်ကြာနေမှာ စိုးရိမ်သည်။ အကြောင်းက နိုင်ငံရေးတွင် တိုးတက်မှုနှေးကွေးနေက ယင်းနှင့် ဆက်စပ်နေသည့် စီးပွားရေး၊ အများပြည်သူ၏ လူနေမှုဘဝများ အရေးမှာလည်း တိုးတက်မှုနှေးကွေး နေနိုင်သောကြောင့်ဖြစ်သည်။

ဒီဇင်ဘာ ၂၉ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၇၅) တွင်ပါသည့် “ကျွန်တော်တို့ ဘယ်နားရောက်ပြီလဲ” အယ်ဒီတာ့အာဘော်မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“လွတ်လပ်တဲ့ အုပ်ချုပ်မှုစနစ်မရှိဘဲနဲ့ ငွေကြေးလည်ပတ်မှုကို ဘယ်လိုထိန်းပေးနိုင်မလဲ။ ဘယ်လောက်လွတ်လပ်တယ်ဆိုတဲ့ အခန်းကဏ္ဍက အရေးကြီး လာပါပြီ။ အခုအချိန်ထိ စက်မှုလုပ်ငန်းတွေက နာလန်မထူနိုင်သေးပါဘူး။ နည်းပညာ ပိုင်းရှင်သန်တဲ့ အစ္စရေးလိုနိုင်ငံမျိုးနဲ့ ပူးပေါင်းတာမျိုးက ဖြစ်သင့် ပါတယ်။ ကားတင်သွင်းတဲ့ကိစ္စနဲ့ ဒေါ်လာဈေး ပြန်တက်လာအောင် နိုင်ငံတော်က ဖန်တီးပေမယ့် အဲဒါက ဆေးမြီးတိုပါပဲ။ ရေရှည်ထိရောက်တဲ့ ကုစားမှုမျိုး ဖြစ်မလာနိုင်ပါဘူး”

ဒီဇင်ဘာ ၂၈ ထုတ် Open News အတွဲ (၄) အမှတ် (၁၂) တွင်ပါသည့် “ဗဟိုဘဏ်တွင် လွတ်လပ်သော အုပ်ချုပ်မှုစနစ် ရှိမှသာ စီးပွားရေး လည်ပတ်မှု တိုးတက်မည်ဟုဆို”သတင်းမှ မြန်မာနိုင်ငံငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရောက်သွားရင်ရော လွှတ်တော်တွင်းမှာ ပါတီရဲ့လမ်းညွှန်မှုအတိုင်း ပြောဆိုမှာလား၊ ကိုယ်ယုံကြည်ရာ ပြောဆို မှာလား။

ဖြေ- ခုနက ပြောသလိုပေါ့။ နှစ်ပိုင်းလုံးရှိတယ်။ NLD က အောက်ခြေညီလာခံ စလုပ်ရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပါတီတစ်ခု စထောင်ပြီး ခေါင်းဆောင် တွေက အောက်ခြေညီလာခံ ဘာလို့မလုပ်သလဲဆိုလို့ရှိရင် အဓိကအားဖြင့် သူတို့နေရာ ပျောက်မှာစိုးလို့ပဲ။ NLD မှာလည်း ရှိခဲ့တယ်။ အောက်ခြေ Base မရှိဘဲနဲ့ ပါတီခေါင်းဆောင် တက်လုပ်နေတဲ့သူတွေ အများကြီးရှိတယ်။ NDF မှာလည်း ဒီလိုပဲ။ ကျန်တဲ့ပါတီတွေမှာလည်း အဲဒီလိုပဲ ရှိတယ်။ တကယ်တမ်း အောက်ခြေ Base ရှိတာ ဦးသိန်းညွှန့်က ရှိတယ်။ အဲဒါကြောင့် သူက Base အရင် ထူထောင်တာပေါ့။ အခု NLDက အောက်ခြေညီလာခံတွေ လုပ်ပေမှ ပါတီကလည်းစည်းမျဉ်းစည်းကမ်း မူဝါဒချမှတ်မှာပေါ့။ အဲဒီကနေပြီး တချို့ကိစ္စတွေက တစ်ဦးချင်းအနေနဲ့လည်း လွှတ်တော်မှာ ပြောတာ၊ ဆိုတာ၊ တင်တာ လုပ်ခွင့်ရှိလာမယ်။ ဒါပေမဲ့ တစ်ဦးချင်းလုပ်တဲ့ ကိစ္စတွေမှာလည်း ပါတီကိုပဲ တင်ပြရမှာပေါ့။ သူ့ပါတီ System ကို မသိမသာ ပြောင်းလဲသွားတဲ့ ပုံစံကို အန်ကယ်သဘောကျတယ်။

ဒီဇင်ဘာ ၃၀ ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ် (၄၁) တွင်ပါသည့် “လာသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်နှင့် အင်တာဗျူး” မှကောက်နှုတ်ချက်

***************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs