Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၅.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. မြဝတီနယ်စပ် ပြန်ဖွင့်ခြင်းကြောင့် ရနောင်းကို ထိခိုက်နိုင်

(Bangkok Post မှ 5 Dec 2011 ရက်စွဲပါ “ Myawaddy reopening hit Ranong” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာခေါင်းဆောင်များ အာသာပြင်းပြနေသည့် အသိအမှတ်ပြုလေးစားမှုကို ဟီလာရီကလင်တန် ထုတ်ဖော်ပြသ

(AP သတင်းဌာနမှ 3 Nov 2011 ရက်စွဲပါ Analysis: Clinton gives Myanmar respect it craves ကို ဘာသာ ပြန်ဆိုသည်)

              ***************************************************************************

မြဝတီနယ်စပ် ပြန်ဖွင့်ခြင်းကြောင့် ရနောင်းကို ထိခိုက်နိုင်

(Bangkok Post မှ 5 Dec 2011 ရက်စွဲပါ “Myawaddy reopening hit Ranong” သတင်းကို ဘာသာ ပြန်ဆိုသည်)

              ထိုင်းနိုင်ငံ တပ်ခ် ပြည်နယ် မဲဆောက်ခရိုင်နှင့် မျက်နှာခြင်းဆိုင် မြန်မာနိုင်ငံဖက်မှ မြဝတီနယ်စပ် စစ်ဆေးရေးဂိတ် ယနေ့ ပြန်လည် ဖွင့်လှစ် လိုက်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်မှုကို ထုတ်ဖော်ခဲ့ကြသော အန်ဒါမန်ကမ်းခြေ ရနောင်းမှ စီးပွားရေးလုပ်ငန်းရှင်များက သူတို့၏ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်နိုင်ဖွယ် ရှိသည်ဟု ပြောကြားခဲ့သည်။

                ဒေသခံစီးပွားရေးသမားများကို ကိုယ်စားပြုသော ရနောင်းကုန်သည်ကြီးများအသင်း၏ အမျိုးသမီးဥက္ကဋ္ဌ နာရူမို ခိုရာဖမ်က မြဝတီနယ်စပ်ဂိတ် ပြန်ဖွင့်ခြင်းကြောင့် ရနောင်း၏ ကုန်သွယ်မှုကို သက်ရောက်မှု ရှိစေနိုင်ကြောင်း အသင်းဝင် ကုန်သည်များက စိုးရိမ်နေကြသည်ဟု ပြောကြားခြင်းဖြစ်သည်။

                မြဝတီနယ်စပ်ကို လွန်ခဲ့သောတစ်နှစ်ကျော်က ပိတ်ထားခဲ့ပြီး နောက်ပိုင်း ထိုင်းစီးပွားရေးလုပ်ငန်းရှင် မြောက်များစွာက ၎င်းတို့၏ ကုန်စည်များကို ရနောင်းမှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းသို့ ပြောင်းလဲတင်ပို့ ခဲ့ကြသည်ဟု ရနောင်းကုသည်ကြီးများအသင်းဥက္ကဋ္ဌ နာရူမိုကဆိုသည်။ ထို့နောက် တွင်မှ ရန်ကုန်နှင့် အခြားမြို့များသို့ ရေကြောင်းခရီးဖြင့် ပို့ဆောင်ခြင်းဖြစ်သည်။

                ပြီးခဲ့သေနှစ်အတွင်း အဆိုပါ နယ်စပ်ကုန်သွယ်ရေးသည် ရနောင်းစီးပွားရေးလုပ်ငန်းများအတွက် ဘတ်ငွေ ၂၀ ဘီလျံခန့် ရှာဖွေပေးနိုင်ခဲ့သည် ဟုလည်း သိရသည်။

                မြန်မာနိုင်ငံဘက်မှ မြဝတီနယ်စပ်ဂိတ်ကို ယနေ့ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ရာ ထိုင်းစီးပွားရေးလုပ်ငန်း အများစုသည် ရန်ကုန်မြို့တော်နှင့် လည်းကောင်း၊ မြန်မာပြည်မြောက်ပိုင်းနှင့် လည်းကောင်း ပိုနီးသည့် မဲဆောက်ခရိုင်မှ တစ်ဆင့် ပြန်လည်တင်ပို့ကြလိမ့်မည်ဟု သူမက ပြောကြားသည်။ ဒီကိစ္စကြောင့် ရနောင်းရဲ့ နယ်စပ် ကုန်သွယ်ရေးကို သေချာပေါက် သက်ရောက်မှုရှိလာမှာပါဟု နာရူမိုက မှတ်ချက်ပေးသည်။

                သို့သော်လည်း ရနောင်းဂိတ်ကို ဆက်လက်ဖွင့်ထားမည်ဖြစ်၍ မြန်မာနိုင်ငံတောင်ပိုင်းသို့ တင်ပို့မည့် ထိုင်းစီးပွားရေး လုပ်ငန်းများအတွက် အဆင်ပြေဆုံး လမ်းကောင်းတစ်ခု ဖြစ်နေလိမ့်ဦးမည်။ ထိုင်းပင်လယ်ကွေ့နှင့် အန်ဒါမန် ပင်လယ်အကြား ကုန်စည်ပို့ဆောင်မှု တိုးတက်စေရန်အတွက် ချန်ဖွန် ကုန်သည်ကြီးများအသင်းနှင့်အတူ နီးနီးကပ်ကပ် တိုင်ပင်ညှိနှိုင်းဆောင်ရွက်နေသည်ဟု ရနောင်း ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌက ပြောကြား သည်။

                သူမက ဆက်လက်၍ “ယခုအစီအစဉ်ကို ယင်းလပ်ခ်ရှင်နာဝပ်ထရာ အစိုးရထံ တင်ပြထားကြောင်း၊ စီမံကိန်းတွင် ရနောင်း- ချန်ဖွန် ရထားလမ်း တည်ဆောက်ခြင်း၊ ပြည်နယ်နှစ်ခုကို လေးလမ်းသွားကားလမ်းဖြင့် ချိတ်ဆက်ခြင်း၊ ချန်ဖွန်တွင် ကွန်တိန်နာထားရန်နေရာ ဆောက်လုပ်ခြင်းတို့ ပါဝင်ကြောင်း ပြောကြားသည်။ ဆုံးဖြတ်ချက်ပေးရမည့်ရက်ကိုမူ မသိရသေးဟု ဆိုသည်။

******************************************************************************

မြန်မာခေါင်းဆောင်များ အာသာပြင်းပြနေသည့် အသိအမှတ်ပြုလေးစားမှုကို ဟီလာရီကလင်တန် ထုတ်ဖော်ပြသ

(AP သတင်းဌာနမှ 3 Nov 2011 ရက်စွဲပါ Analysis: Clinton gives Myanmar respect it craves ကို ဘာသာ ပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံခရီးစဉ်သည် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဖိနှိပ် ချုပ်ခြယ်သည့် အုပ်ချုပ်ရေးစနစ် ကျင့်သုံးသောကြောင့် ဖယ်ကြဉ်ခံခဲ့ရသော မြန်မာစစ်ဘက်ခေါင်းဆောင်များအား အနောက်နိုင်ငံများ၏ အသိအမှတ်ပြု လေးစားမှု အနည်းငယ်ဖြစ်ထွန်းစေခဲ့သည်။

စစ်တပ်ကျောထောက်နောက်ခံ မည်ကာမတ္တ အရပ်သားအစိုးရသည် အံ့အားသင့်စရာကောင်းသည့် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှု များကို လတ်တလောလုပ်ဆောင်ပြီး မိမိကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အာရပ်နွေဦးပုံစံ ဆန္ဒပြမှုများရှောင်ကြဉ်နိုင်ရေးအတွက် ကြိုးပမ်းနေ သည့် သဘောတွင်ရှိသည်။

နိုဝင်ဘာလ နောက်ဆုံးရက် (၃၀ ရက်) တွင်စတင်ခဲ့သည့် ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှု များကို နိုင်ငံတကာ၏ အသိအမှတ်ပြုသည်ဟူသောအချက်ကို ဖော်ကျူးရာရောက်ပြီး အမေရိကန်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ကာလသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်သည်။ လွန်ခဲ့သည့် ၆နှစ်ခန့်လောက်က ဆိုလျှင် (ဟီလာရီကလင်တန်ရာထူးမရရှိမီ လက်ထက်) အမေရိကန်အစိုးရ အရာရှိကြီးများက မြန်မာနိုင်ငံကို အာဏာရှင်စနစ်များအခြေစိုက်ရာ နိုင်ငံများအနက် တစ်နိုင်ငံအပါအဝင်အဖြစ် သတ်မှတ်ပြီး စစ်အစိုးရ၏ ၁၉၈၈ ခုနှစ် ဒီမိုကရေစီဆန္ဒပြပွဲများအပေါ် ရက်စက်စွာနှိမ်နင်းဖြိုခွင်းမှုများကြောင့် ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံ၏ တရားဝင်နာမည်ကို Myanmar ဟု မခေါ်ဆိုဘဲ ကိုလိုနီခေတ်က နာမည်ဖြစ်သည့် Burma ဟု ခေါ်ဆိုခဲ့ကြသည်။

               ယခု ဟီလာရီကလင်တန်၏ မြန်မာခရီးစဉ်သည် အမေရိကန်သမ္မတသစ် အိုဘားမားလက်တွင် စတင်ခဲ့သည့် အာဏာရှင်နိုင်ငံများအပေါ် နောက်ကွယ်မှ ပဏာမချဉ်းကပ်မှု မူဝါဒသစ်၏ အထွတ်အထိပ်အဆင့်တစ်ခုဟု ဆိုရမည်။ အိုဘားမားက ကမ္ဘာ့အာဏာရှင်နိုင်ငံများကသာ ဖိနှိပ် တင်းကြပ် သော စနစ်များကို စွန့်လွှတ်မည်ဆိုပါက အမေရိကန် ပြည်ထောင်စုကလည်း အကူအညီအထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်သည်ဟု ၂၀၀၉ ခုနှစ် တွင် လူသိရှင်ကြား ထုတ်ဖော်အသိပေးခဲ့သည်။

               ထိုနောက်ပိုင်းကာလများ ၂၀၁၀ ပြည့်နှစ်တွင် စစ်အစိုးရက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ် ပေးပြီး ယခုအစိုးရသစ်လက်ထက်တွင် သူမနှင့် ဒိုင်ယာလော့ခ်များ ပြုလုပ်ခဲ့ရာ ဝါရှင်တန်အစိုးရ အနေဖြင့် မြန်မာနှင့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် လုံလောက်သော အကြောင်းပြချက်များရရှိသွားသည်။

              အရှေ့အလယ်ပိုင်းဒေသ အာဏာရှင်နိုင်ငံခေါင်းဆောင်များ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော လူထုအုံကြွမှုမျိုးကို ရှောင်ရှားနိုင်ရန်ဆန္ဒပြင်းပြနေပြီး အခြားသော နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုသစ်များ ပြုလုပ်ပါက တရုတ်နိုင်ငံအပေါ် လုံးလုံးလျားလျား မှီခိုအားထားနေရမှုကို ပြန်လည်ချိန်ညှိနိုင်လိမ့် မည်ဟု မျှော်လင့်လျက် ရှိကြသော မြန်မာစစ်ဗိုလ်ချုပ်ကြီးများက မောက်မာထောင်လွှားမှုများကို နှိမ့်ချကာ တင်းကြပ်စွာ အုပ်ချုပ်မှုများကိုလည်း ဖြေလျှော့ ပေး လာခဲ့သည်။

             နှစ်ပေါင်း ၂၅ နှစ်ခန့်ကာလပတ်လုံး တလွဲတချော်ဖြစ်စေသည့်ဆိုရှယ်လစ်ပုံစံအုပ်ချုပ်ရေးကို အဆုံးသတ်ကာ စီးပွားရေးကို ပြန်လည် တံခါးဖွင့်ပေးခြင်း၊ အခြေခံအဆောက်အဦများကို ပြုပြင်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ် အခတ် ရပ်စဲရေး သဘောတူညီချက်ရရှိအောင် ကြိုးပမ်းခြင်းတို့ကို မြန်မာစစ်ဗိုလ်ချုပ်ကြီးများပြုလုပ်ခဲ့ကြသည်။ သို့တိုင်အောင် အချို့သော လက်နက်ကိုင် အုပ်စုများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မရရှိသေးပေ။

              လေ့လာသုံးသပ်သူများက မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့၏ အဆိုပါ အပြုအမူကောင်းများအတွက် အသိအမှတ်ပြုခံယူလိုကြကြောင်း ပြောဆိုသည်။ ၎င်းတို့ကပြောင်းလဲနေသော ကမ္ဘာကြီးနှင့် ခြေလှမ်းချင်းအတူ လျှောက်လှမ်းနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှု များကို ဖယ်ရှားစေလိုသည်။ ၎င်းတို့၏ သားသမီးများ အမေရိကန်တက္ကသိုလ်ကြီးများ၌ ပညာသင်ကြားခွင့်ရရှိနိုင်ရေးအတွက်နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ်ပြု လေးစားမှုရရှိရန်လိုအပ်သည်ဟုလည်းခံစားမိဟန်ရှိသည်။

"ဗိုလ်ချုပ်ကြီးတွေက သူတို့ကိုယ်သူတို့ ခိုင်မာတောင့်တင်းနဲ့အနေအထားမှာရှိတယ်။ ယခင်တစ်ကြိမ်တစ်ခါမျှ မပြုလုပ်ဖူးတဲ့ အရာတွေကို စတင် လုပ်ဆောင်နိုင်တယ်လို့ ခံလည်းခံစားမိပုံရတယ်" ဟု Georgetown University မှ ဒါရိုက်တာဒေးဗစ်စတိန်းဘတ်ဂ်က ပြောကြားသည်။ အမေရိကန် ပြည်ထောင်စုကမူ တိုးတက်ကောင်းမွန်လာသော နှစ်နိုင်ငံ ဆက်ဆံရေး မက်လုံးများကြောင့် မြန်မာအစိုးရသစ်အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်ကာ နောက်ဆုံး၌ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်သွားနိုင်လိမ့်မည်ဟုမျှော်လင့်ထားသည်။

ဒေးဗစ်စတိန်းဘတ်ဂ်နှင့် London School of Economics မှ Visiting Fellow လည်းဖြစ်ပြီးနှစ်ပေါင်းများစွာ ပြည်ပြေးဘဝဖြင့် နေထိုင်လျက်ရှိသော မောင်ဇာနည်တို့နှစ်ဦးစလုံးက အာရပ်နွေဦးတော်လှန်ရေးများက ဗိုလ်ချုပ်ကြီးများအား များစွာသတိပေးနှိုးဆော်လိုက်သလို ဖြစ်ခဲ့ ဖွယ်ရှိပြီး စီမံခန့်ခွဲခံပြောင်းလဲမှုများသည် ၎င်းတို့ ရပ်တည်ရှင်သန်ရေးအတွက် အကောင်းဆုံး လောင်းကြေးတစ်ခုဖြစ်မည်ဟု သဘောပေါက်ခဲ့ဖွယ် ရှိကြောင်း သဘောတူစွာ မှတ်ချက်ပေးကြသည်။

"ပြုပြင်ပြောင်းလဲမှုတွေကို ပထမဆုံးတွန်းအားပေး မောင်းနှင်လိုက်တာကတော့ စစ်တပ်က သူ့ရဲ့ အခရာကျမှုကို ထိန်းသိမ်းထားလိုတဲ့ ဆန္ဒ ကြောင့်ပါ။ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာရဲ့ ပိုမိုလက်သင့်ခံမှုရယူလိုတဲ့ ပုံစံမျိုးနဲ့ ထိန်းသိမ်းထားချင်တဲ့ ပုံစံမျိုးကို ရယူလိုတဲ့အတွက်ကြောင့်လို့ ပြောလို့ ရပါတယ်" ဟု မောင်ဇာနည်က ပြောကြားသည်။

             အမေရိကန်ပြည်ထောင်စုသည် ၁၉၆၂ ခုနှစ် စစ်တပ်ကအာဏာရယူပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီဆန္ဒပြမှုများအပေါ် ရက်စက်စွာ ဖြိုခွင်းနှိမ်နင်းမှု များကြောင့် လူပေါင်းထောင်နှင့်ချီ၍ သေဆုံးသွားပြီးနောက် မြန်မာနိုင်ငံတွင် သံအမတ် ခန့်အပ်ထားရှိခြင်း မပြုတော့သလို အကူအညီအထောက် အပံ့ များလည်း ရပ်ဆိုင်းပစ်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ်၌ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို မသိကျိုးနွံ ပြုခဲ့ပြီးနောက် စစ်အစိုးရနှင့် ဝါရှင်တန်အကြား တင်းမာမှုမှာ အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိသွားတော့သည်။ မည်သို့ပင်ဆိုစေကာမူ အရန် သဘာဝဓာတ်ငွေ့နှင့် သံယံဇာတပေါကြွယ်ဝမှုတို့က မြန်မာနိုင်ငံအတွက် အပေါင်းအသင်း ရှားပါးမှု မဖြစ်အောင်ဖန်တီးနိုင်ခဲ့သည်။ ထိုအချိန်တွင် လူ့အခွင့် အရေး ကိစ္စများကို မည်သည့်အခါမျှ အလေး မထားတတ်သည့် အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံအား စီးပွားရေးအထောက်အပံ့နှင့် သံတမန်ရေးရာ အကာအကွယ်ပြုမှုများပေးလာခဲ့သည်။ သို့သော်ငြားလည်း မြန်မာစစ်ဗိုလ်ချုပ်ကြီးများက မြန်မာ့သံယံဇာတများကို ခေါင်းပုံဖြတ်ရယူလျက် ရှိပြီး အိန္ဒိယသမုဒ္ဒရာအနီးတစ်ဝိုက်၌ မဟာဗျူဟာနေရာရှိထားသည့် တရုတ်နိုင်ငံနှင့် ဆက်ဆံနေရမှု အပေါ် ဘဝင်မကျမှုများ တိုးမြင့်လာခဲ့သည်။ ၎င်းတို့က မိမိပုံစံဖြင့်မိမိရေးသားသည့် ဒီမိုကရေစီဖော်ဆောင်ရေး လမ်းပြမြေပုံကို အကောင်အထည်ဖော်ကာ ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပ ကာ ယခုနှစ်အတွင်း နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး လွှတ်တော်နှင့် အရပ်သားအစိုးရကို ဖွဲ့စည်းလိုက်နိုင်သည်။

"မေးရမယ့်မေးခွန်းက စစ်အာဏာရှင်စနစ်နဲ့ မှားယွင်းတဲ့ စီးပွားရေးမူဝါဒတွေ ကွယ်ပျောက်သွားနိုင်ခြင်း ရှိ၊ မရှိဆိုတာ မဟုတ်ပါဘူး။ မေးရမှာက ဘယ်လမ်းစဉ်၊ ဘယ်ခြေလှမ်းနဲ့သွားမှာလဲဆိုတာပါ" ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက ပြောကြားသည်။

အမေရိကန်သမ္မတအဖြစ် ပထမဆုံး  မိန့်ခွန်းပြောဆိုရာ၌ ဘားရက်အိုဘားမားက အာဏာရှင်နိုင်ငံများအနေဖြင့် ဖိနှိပ်ချုပ်ခြယ်သည့် မူဝါဒများကို ပထမဦးစွာ စွန့်လွှတ်မည်ဆိုပါက အကူအညီအထောက်အပံ့များပေးသွားမည်ဟု ဆိုထားရာ မြန်မာနိုင်ငံအပေါ် မိတ်ဖွဲ့သံပြုလိုက်သလိုဖြစ်သွားသည်။ အဆိုပါ မိန့်ခွန်းပြောကြားပြီးနောက် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင်မြန်မာ့အစိုးရအရာရှိကြီးများထံမှ ချဉ်းကပ်မှုသစ်များရှိလာကြောင်း ရန်ကုန် အခြေစိုက် အမေရိကန်သံရုံးက သတင်းပေးပို့မှုတစ်ရပ်ထွက်ပေါ်ခဲ့သည်။

၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ရက်စွဲဖြင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ဝါရှင်တန်သို့ပေးပို့သည့် လျှို့ဝှက်သံတမန်ကြေးနန်းတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးဖြစ်သူ ဒေါ်ယဉ်ယဉ်ဦးနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ကြောင်း၊ ၎င်းက စေ့စပ်ညှိနှိုင်းမှုအတွက် ကနဦး အရေးကိစ္စများတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဒုတိယကမ္ဘာစစ်ကာလမှ ကျန်ရှိသော အမေရိကန်များပြန်လည်နာလန်ထူရေး အစရှိသည်တို့ ပါဝင်နိုင်သည်ဟု အကြံပြုပြောဆိုကြောင်း ဖော်ပြပါရှိသည်။ အဆိုပါ သတင်းပေးပို့ချက်ပါဝင်သည့် လျှို့ဝှက်ကြေးနန်းကို မီဒီယာသစ် တစ်ခု ဖြစ်သော Wiki Leaks ကဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်အရာရှိကြီးများက အဆိုပါချဉ်းကပ်မှုကို "တိုးတက်ကောင်းမွန်သည့် ဆက်ဆံရေး တစ်ခု ရယူလိုသည့် စစ်အစိုးရ၏အချက်ပြမှုတစ်ရပ်" ဟု သတ်မှတ်ဖော်ပြသည်။ သို့သော် ခြေခြေမြစ်မြစ်ရှိမှုထက် သင်္ကေတပြမှုသဘောဆောင်သည်ဟု ဆိုခဲ့ကြ သည်။

"စီနီယာဗိုလ်ချုပ်ကြီးများသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် အပယ်ခံဖြစ်နေမှုအပေါ် ရှက်ကိုးရှက်ကန်း ဖြစ်လာပြီး လေးစားခံရမှုကို အာသာ ပြင်းပြလာသည်။ သမ္မတအိုဘားမား၏ စကားဖြင့်ဆိုပါက အသိအမှတ်ပြု လေးစားခံရမှု ရယူရန်အလို့ငှာ ဖိနှိပ်ချုပ်ခြယ်မှုများကို ဖယ်ရှားရန်ဆန္ဒရှိ၊ မရှိ ဟူသောအချက်နှင့် ပတ်သက်၍ တစ်စုံတရာ မတွေ့မြင်ရသေးပေ" ဟု အမေရိကန်သံရုံးယာယီတာဝန်ခံ Larry Dinger က လျှို့ဝှက်ကြေးနန်းတွင် ရေးသား ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း အမေရိကန်သံရုံးက ပြီးပြည့်စုံသော လေ့လာဆန်းစစ်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သေးသည်။ "မြန်မာစစ်ဗိုလ်ချုပ် ကြီး များနှင့် စကားပြောဆိုမှုကနဦးအစ" ဟု အမည်ပေးထားသည်။ စာလုံးရေ ၂၉၀၀ ပါဝင်သည့် အဆိုပါဆန်းစစ်ချက်က နှစ်နိုင်ငံဆွေးနွေးပွဲစကားဝိုင်း စတင်နိုင်ရန် များစွာအသုံးဝင်သော လမ်းညွှန်ချက်တစ်ရပ် အသွင်ဆောင်စေခဲ့သည်။

စစ်ဗိုလ်ချုပ်ကြီးများ အဘယ့်ကြောင့် လက်သီးဆုပ်ရာမှ လက်ဝါးဖြန့်ရန် ဆုံးဖြတ်ခဲ့သည်ဟူသောအချက်ကို အဆိုပါ လေ့လာဆန်းစစ်ချက်တွင် အောက်ဖော်ပြပါအတိုင်း ရေးသားထားသည်။

-- ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများ အများစုသည် 'လွတ်မြောက်မှုရှိမည့် မဟာဗျူဟာ' ကိုရှာဖွေလျက်ရှိသည်။

-- သူတို့အပေါ် ပိတ်ဆို့အရေးယူထားမှုများကို မုန်းတီးကြပြီး အာဏာရှင်ခေါင်ဆောင်များအပါအဝင် အခြားသော နိုင်ငံခေါင်းဆောင်များရရှိသည့် အသိအမှတ်ပြု လေးစားမှုခံယူလိုကြသည်။

-- လက်ရှိ စီနီယာဗိုလ်ချုပ်ကြီးများမှာ အသက်အရွယ်အိုမင်းလာပြီဖြစ်ရာ အကယ်၍ ၎င်းတို့အနေဖြင့် ဆန္ဒအလျောက် အာဏာလွှဲပြောင်းပေးမည်ဆိုပါက နောက်ပိုင်း ကာလများတွင် ၎င်းတို့မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများ ပြည်သူပိုင် သိမ်းခံရခြင်း၊ သို့မဟုတ် မိသားစုဝင်များ တရားဥပဒေအရ အရေးယူခံရ ခြင်း မျိုး မဖြစ်အောင် အာမခံချက်ရယူလိုကြသည်။

မြန်မာနိုင်ငံဘက်မှ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်ကမ်းလှမ်းလာနိုင်ခြေရှိသည့် နယ်ပယ်များတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အကြမ်း ဖက် နှိမ်နင်းရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး နှင့် စီးပွားရေးမူဝါဒဆိုင်ရာ အကြံဉာဏ်များ ရယူရေး အစရှိသည့်နယ်ပယ်များဖြစ်သည်ဟု အဆိုပါ လျှို့ဝှက် ကြေးနန်းကဖော်ပြသည်။

အမေရိကန်အရာရှိကြီးများကမူ ခန့်မှန်းခြေ ၂၀၀၀ ခန့်ရှိသည့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရေးကို ခြေခြေမြစ်မြစ်ရှိသော လုပ်ရပ် အဖြစ် မဖြစ်မနေလုပ်ကိုင်ပေးရမည်ဖြစ်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုထားသည်။ အပြုသဘောဆောင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်အဆင့်များကို မြန်မာ ဘက်မှ လုပ်ကိုင်ပေးခြင်းအားဖြင့် ကျယ်ပြန့်သော စီးပွားရေးပိတ်ဆို့မှုများလျှော့ချပေးလာနိုင်ကြောင်း လေ့လာအကဲခတ်သူများက ပြောကြားသည်။

"ခိုင်မာသော တိုးတက်ဖြစ်ထွန်းမှုများ ရှိလာသည်နှင့် အမျှ စစ်အစိုးရနှင့် ၎င်း၏ မိတ်ဖက်ရောင်းရင်းများအပေါ် အဓိကပစ်မှတ်ထားသည့် ပိတ်ဆို့ အရေးယူမှုများလည်းပဲ လျှော့ချလာနိုင်သည်" ဟု အဆိုပါ လျှို့ဝှက်ကြေးနန်းက ဖော်ပြသည်။

************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment