Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၃.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ကချင်တပ်များအား တိုက်ခိုက်မှု ရပ်ဆိုင်းရန် တပ်မတော်ကို သမ္မတညွှန်ကြား

(Channel News Asia မှ 12 Dec 2011 ရက်စွဲပါ “Myanmar orders military to halt attacks against Kachin rebels” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဇန်နဝါရီတွင် မြန်မာနိုင်ငံသို့ သွားမည်

(12 Dec 2011 ရက်စွဲပါ Yahoo News မှ AFP ၏ Britain’s announces trip to Myanmar in January ကို ဘာသာ ပြန်ဆိုသည်)

  1. မဲခေါင်မြစ်အတွင်း ပစ်ခတ်မှု မြန်မာစစ်သား ၃ ဦးသေဆုံး

(News Kerala မှ 12 Dec 2011 ရက်စွဲပါ “Three Myanmar Soldiers Killed in Mekong river clash” သတင်းကို ဘာသာ ပြန်ဆိုသည်)

**********************************************************************************************

ကချင်တပ်များအား တိုက်ခိုက်မှု ရပ်ဆိုင်းရန် တပ်မတော်ကို သမ္မတညွှန်ကြား

(Channel News Asia မှ 12 Dec 2011 ရက်စွဲပါ “Myanmar orders military to halt attacks against Kachin rebels” သတင်းကို ဘာသာ ပြန်ဆိုသည်)

              မြန်မာသမ္မတသည် ပြည်တွင်းစစ်ပဋိပက္ခကို နိုင်ငံရေးအရဖြေရှင်းရန် ကြိုးးပမ်းသည့်အနေဖြင့် နိုင်ငံ၏ အင်အားကြီး မြန်မာ့ တပ်မတော်အား ကချင်တိုင်းရင်းသား လက်နက်ကိုင်များအပေါ် တိုက်ခိုက်မှုများရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သမ္မတရုံးမှ တနင်္လာနေ့တွင် ပြောကြားသည်။

              နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ပြင်းထန်သောတိုက်ပွဲများ လပေါင်းအတော်ကြာ ဖြစ်ပွားခဲ့ပြီးနောက်တွင် သမ္မတ ဦးသိန်းစိန်က တိုက်ပွဲများရပ်ဆိုင်းရန် တပ်မတော်ကို လွန်ခဲ့သော ၂ ရက်က ညွှန်ကြားလိုက်ခြင်း ဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

              "ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ကလွဲရင် KIA အဖွဲ့ကို စပြီးမတိုက်ကြဖို့ သမ္မတကြီးက ‘တပ်’ ကို စနေနေ့က ညွှန်ကြားလိုက်ပါပြီ။ သမ္မတကြီးရဲ့ညွှန်ကြားချက်ကို စစ်ဌာနချုပ်တွေအားလုံးဆီ ပို့လိုက်ပါပြီ” ဟု နေပြည်တော်ရှိ သမ္မတရုံးတာဝန်ရှိသူတစ်ဦးက AFP သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

              တပ်မတော်သြဇာလွှမ်းသော မြန်မာနိုင်ငံ၏ အရပ်ဖက်အစိုးရသစ်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA-S) နှင့် မကြာသေးမီက အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့သော်လည်း တရုတ်နိုင်ငံနှင့် ထိစပ်နေသော မဟာဗျူဟာမြောက် အရေးပါသော ကချင်ပြည်နယ်မှ KIA တပ်ဖွဲ့နှင့် တိုက်ပွဲအဆုံးသတ်ရန် တရားဝင်သဘောတူညီမှု မရသေးပါ။ သမ္မတကြီး၏ တိုက်ပွဲရပ်ဆိုင်းရန် ညွှန်ကြားချက်ကို ပို့လိုက်ပြီဟူသောသတင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူကလည်း AFP သို့ အတည်ပြုပြောကြားထားသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမှ တယ်လီဖုန်းဖြင့် AFP သို့ ဖြေကြားရာတွင် လွှတ်တော်အမတ် ဒေါ်ဒွဲဘူက “အခုအချိန်ထိတော့ အခြေအနေကို သဲသဲကွဲကွဲ မသိရသေးပါဘူး။ ခုခံကာကွယ်တဲ့အနေနဲ့ ပစ်ခတ်မှု လေးတွေတော့ ဆက်ဖြစ်နေတုန်းပဲလို့ ထင်ပါတယ်” ဟု ပြောကြားသည်။

              တရုတ်နိုင်ငံက ငွေကြေးစိုက်ထုတ် တည်ဆောက်နေသော ရေအားလျှပ်စစ် စီမံကိန်းများကို မကျေမနပ် ကန့်ကွက်နေသည့် ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် KIA တပ်များအကြား တိုက်ပွဲများ ဇွန်လမှစ၍ ဖြစ်ပွားခဲ့သည်။

              ပြီးခဲ့သည့် စက်တင်ဘာလကုန်က ပြည်သူလူထု၏ ကန့်ကွက်မှုကို ရှားရှားပါးပါး တုန့်ပြန်သည့်အနေဖြင့် ကချင်ပြည်နယ်မှ အငြင်းပွားဖွယ် အကြီးစားရေလှောင်တမံ တည်ဆောက်မှုကို သမ္မတကြီးက ရပ်ဆိုင်းခဲ့သည်။

             သို့သော် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး နိုဝင်ဘာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ခဲ့သော KIO အဖွဲ့က “မြန်မာ့တပ်မတော်သည် တပ်ဖွဲ့များ ပိုမိုဖြန့်ကျက်နေသလို ဓာတုလက်နက်များကိုလည်း သုံးစွဲနေကြောင်း” ယခင်အပတ်က စွပ်စွဲ ပြောကြားခဲ့သည်။ သို့သော် ယင်းစွပ်စွဲချက် လွတ်လပ်စွာ အထောက်အထား ရှာဖွေဖော်ထုတ်ရန် မဖြစ်နိုင်ပါ။ ၎င်းတိုက်ပွဲများ ကြောင့် ဒေသခံလူထုအရေအတွက် သောင်းဂဏန်းခန့် နေအိမ်များကို စွန့်ခွာ ထွက်ပြေးကြရသည်။

              KIA နှင့် အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေသည်ဟု အမည်မဖော်လိုသူ အစိုးရတာဝန်ရှိသူ တစ်ဦးကပြောကြားသည်။ “KIA နှင့် ငြိမ်းချမ်းရေးရဖို့ သမ္မတကြီးက တကယ်ဆန္ဒရှိနေပါတယ်။ ဒါဟာ သူ့ရဲ့ဆန္ဒအစစ်အမှန်ပဲ ဆိုတာကို လည်း သိစေချင်တယ်။ ဒီအတွက်ကြောင့် သမ္မတကြီးက ဒီပြဿနာကို နိုင်ငံရေးအရဖြေရှင်းဖို့ ကြိုးစားနေတာဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက AFP သို့ ပြောကြားသည်။

              ၁၉၄၈ တွင် ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်မှ လွတ်လပ်ရေးရပြီးချိန်နောက်ပိုင်း မြန်မာနိုင်ငံ၏ တိုင်းရင်းသားဒေသများသို့ ပြည်တွင်းစစ်ပဋိပက္ခနှင့် အစိုးရတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများက ဝါးမြိုထားခဲ့သည်။ ကချင်ပြည်နယ်၏ လက်နက်ကိုင် တော်လှန်ရေးမှာ ၁၉၆၀ ခုနှစ်များတွင် ပိုမို အရှိန်ရလာခဲ့သည်။

              ဘက်ပ်တစ်နှင့် ကက်သလစ်ခရစ်ယာန်ဘာသာကို အဓိကကိုးကွယ်သော ကချင်တိုင်းရင်းသားတို့သည် မြန်မာနိုင်ငံလူဦးရေ၏ ၇ ရာခိုင်နှုန်းခန့်ကို ကိုယ်စာပြုထားသည်။

              လက်ရှိ ငြိမ်းချမ်းရေးကြိုးပမ်းမှုများသည် နှစ်ပေါင်း ၆၀ ပဋိပက္ခ၏ အရေးပါဆုံးကာလများထဲမှ တစ်ခုဖြစ်ကြောင်း တင်ရှား သည်ဟု နိုင်ငံတကာဥာဏ်ကျယ်အုပ်စု International Crisis Group က လတ်တလောအစီရင်ခံစာတွင် တင်ပြထားသော်လည်း ကြာ ရှည်ခံ ငြိမ်းချမ်းရေးကို အာမခံနိုင်ခြင်းမရှိသေးဟု ထောက်ပြထားသည်။

              ယခုလအစောပိုင်းက နေပြည်တော်သို့ အထင်ကရသွားရောက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကလည်း မြန်မာအာဏာပိုင်များနှင့် တွေ့ဆုံမှုအပြီးတါင် မြန်မာအစိုးရ၏ တိုင်းရင်းသားပဋိပက္ခ ဖြေရှင်းရေးကြိုးပမ်းမှုများကို ထောက်ခံ ကြိုဆို ပြောကြားခဲ့သည်။

              သို့သော် အမေရိကန်တာဝန်ရှိသူများက တိုင်းရင်းသားပြည်တွင်းစစ်ပြဿနာသည် မြန်မာနိုင်ငံအတွက် ဖြေရှင်းရန် အခက်ခဲဆုံး ကိစ္စများထဲမှ တစ်ခုဖြစ်လိမ့်မည်ဟု မျှော်လင့်ရကြောင်း သုံးသပ်ပြောဆိုထားကြသည်။

*************************************************************************************

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဇန်နဝါရီတွင် မြန်မာနိုင်ငံသို့ သွားမည်

(12 Dec 2011 ရက်စွဲပါ Yahoo News မှ AFP ၏ Britain’s announces trip to Myanmar in January ကို ဘာသာပြန်ဆိုသည်)

            ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟေ့(ဂ်) (William Hague) က ၎င်းသည်လာမည့်လတွင် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း တနင်္လာနေ့က ကြေညာလိုက်သည်။ ၎င်း၏ခရီးစဉ်သည် ပြုပြင်ပြောင်းလဲမှုများကို မြှင့်တင်ပေးရန် ရည်ရွယ် သွားရောက်ခဲ့ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်၏ ခရီးစဉ်အပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

              “ကျွန်တော် မြန်မာနိုင်ငံကို လာမည့် ဇန်နဝါရီလအစောပိုင်းမှာ သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ဒီကိစ္စမှာ အမေရိကန်နဲ့ နီးကပ်စွာဆက်သွယ်ဆောင်ရွက်နေမှာဖြစ်ပါတယ်။” ပာု ဟေ့(ဂ်)က ဝါရှင်တန်တွင် ဟီလာရီကလင်တန်နှင့်တွေ့ဆုံအပြီး ၎င်းတို့နှစ်ဦး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

              ကလင်တန်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ (၃၀)မှ ဒီဇင်ဘာ (၂)ထိ သွားရောက်ခဲ့ကာ ဗြိတိသျှ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး အင်ဒရူးမစ်ချယ် (Andrew Mitchell) သည်လည်း နိုဝင်ဘာလလယ်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သေးသည်။

              “ကျွန်တော်တို့ရဲ့ ဘုံတူညီတဲ့ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရလွတ်လပ်တာကိုကြည့်လိုပါတယ်။ ဒီရည်မှန်း ချက်ကို အထောက်အကူပြုမဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို သိပ်အရေးကြီးပါတယ်” ပာု ဟေ့(ဂ်)ကပြောသည်။

              နှစ်ပေါင်းငါးဆယ်ကျော်အတွင်း မြန်မာနိုင်ငံသို့ လာရောက်သော ပထမဆုံးအမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဟီလာရီ ကလင်တန်က ပြောကြားရာတွင် သူမ၏ ခရီးစဉ်အတွင်း အားတက်ဖွယ်အခြေခံအကြောင်းများ ပေးသည့် လမ်းပွင့်နေမှုများကို တွေ့ခဲ့ရ သည်ပာု ပါဝင်သည်။

              အငြိမ်းစားဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ သမ္မတဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲမှုဆိုင်ရာများကို ပြောကြားခြင်း၊ ဒေါ်အောင်ဆန်း စုကြည်နှင့်လည်းကောင်း၊ တိုင်းရင်းသားများနှင့်လည်းကောင်း စတင်စကားပြောခဲ့ခြင်းများကြောင့် အမေရိကန်ပြည်ထောင်စုနှင့် အတိုက်အခံများကို အံ့အားသင့်စေခဲ့သည်။ ဟီလာရီကလင်တန်လာရောက်စဉ်က ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ ခဲ့သည်။

********************************************************************

မဲခေါင်မြစ်အတွင်း ပစ်ခတ်မှု မြန်မာစစ်သား ၃ ဦးသေဆုံး

(News Kerala မှ 12 Dec 2011 ရက်စွဲပါ “Three Myanmar Soldiers Killed in Mekong river clash” သတင်းကို ဘာသာ ပြန်ဆိုသည်)

            မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်မှုပြုလုပ်စဉ်အတွင်း မူးယစ်ဆေးဝါးဂိုဏ်းနှင့်ဖြစ်ပွားသော ပစ်ခတ်မှုတွင် မြန်မာတပ်ဖွဲ့ဝင် (၃)ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဆင်ဟွာ (Xinhua) သတင်းဌာနက တနင်္လာနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

              ရွှေတြိဂံ၏ မြောက်ဖက် ကီလိုမီတာ ၂၀ ခန့်အကွာနေရာတွင် မြန်မာ၊ လာအို စစ်သားများ ပူးပေါင်းအဖွဲ့နှင့် မူးယစ်ဆေးဝါး မှောင်ခို အဖွဲ့တို့အကြား တနင်္ဂနွေနေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလအတွင်းက မဲခေါင်မြစ်အတွင်း တရုတ် သင်္ဘောသား ၁၃ ဦး အသတ်ခံရပြီးနောက် တရုတ်၊ လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့က မြစ်ကြောင်းတစ်လျှောက် ပူးတွဲကင်းလှည့်ခြင်း အစီအစဉ်ကို ပြီးခဲ့သော စနေနေ့က စတင်ခဲ့ကြပြီး မရှေးမနှောင်းမှာပင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

              သို့သော်လည်း မဲခေါင်မြစ်ကြောင်း ပူးတွဲကင်းလှည့်မှုတွင် ပါဝင်ခဲ့ကြသော မြန်မာတပ်ဖွဲ့နှင့် သင်္ဘောများ တနင်္ဂနွေညပိုင်းတွင် ဝမ်ဖန်ဆိပ်ကမ်းသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိသည်ပာု တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက တနင်္လာနေ့တွင်ပြောကြား သည်။ တရုတ်၊ လာအို၊ ထိုင်းနှင်းမြန်မာ ပူးတွဲကင်းလှည့်မှုကို ချောမွေ့စွာ စတင်ဆောင်ရွက်နေသည်ပာုလည်း ၎င်းဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

              ကင်းလှည့်မှုအတွင်း မူးယစ်ဆေးဝါးဂိုဏ်းနှင့်ဖြစ်ပွားသော ပစ်ခတ်မှုဖြစ်စဉ်တစ်ရပ်တွင် မြန်မာတပ်ဖွဲ့ဝင်(၃)ဦး ကျဆုံးခဲ့ကြောင်း ကို Bangkok Post အစောပိုင်းသတင်းတစ်ရပ်တွင်လည်း အမည်မဖော်လိုသော သတင်းရပ်ကွက်များကို ကိုးကားဖော်ပြခဲ့သေးသည်။

*********************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment