Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၄.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ဇန်နဝါရီတွင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးမည် မျှော်လင့်

(Reuters သတင်းမှ 13 Dec 2011 ရက်စွဲပါ Myanmar seen freeing Political prisoners in jan သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. တရုတ်ဝန်ကြီးချုပ် လာမည့်အပတ် မြန်မာသို့သွားမည်

(13 December 2011 ရက်စွဲပါ Reuters ၏ Chinese premier Wen to visit Myanmar next week-sources ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနှင့် မြောက်ကိုရီးယားတွင် လွတ်လပ်မှုနှင့် လူ့အခွင့်အရေးရရှိရေးအတွက် ပူးပေါင်းပါဝင်ရန် တရုတ်ကို တိုက်တွန်း

(Asian tribune မှ 14 Nov 2011 ရက်စွဲပါ China Urged to Participate in Restoring Freedom & Human Rights in Burma & North Korea ကို ဘာသာပြန်ဆိုသည်)

*******************************************************************************************

ဇန်နဝါရီတွင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးမည် မျှော်လင့်

(Reuters သတင်းမှ 13 Dec 2011 ရက်စွဲပါ Myanmar seen freeing Political prisoners in jan သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ သြဇာကြီးဆန်းစစ်ဝေဖန်သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ကုလသမဂ္ဂအရာရှိဟောင်း၊ သမိုင်းပညာရှင်၊ စာရေးဆရာတစ်ဦး လည်းဖြစ်သော ဦးသန့်မြင့်ဦးက မြန်မာနိုင်ငံ၌ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများအားလုံး(သို့)အရေအတွက်များစွာကို လာမည့်လတွင် လွှတ်ပေး ဖွယ်ရှိပြီး၊ ကြားဖြတ် ရွေးကောက်ပွဲများကို မတ်လတွင်ကျင်းပရန် အလားအလာရှိသည်ဟုအင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ ထိုနည်းအားဖြင့် ဥရောပ သမဂ္ဂက စီးပွားရေးအရေးယူဒဏ်ခတ်မှု Sanctions များ ရုတ်သိမ်းရန်နှင့် များမကြာမီ အမေရိကန်ပြည်ထောင်စုက ဆက်လက်ရုတ်သိမ်းရန်အတွက် လမ်းပွင့်သွားလိမ့်မည်ဟု ယင်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ဇန်နဝါရီလမှာ နိုင်ငံရေးအကျဉ်းသားအားလုံးမဟုတ်ရင်တောင် အရေအတွက် အများဆုံးလွှတ်ပေးနိုင်ပါတယ်။ ဒါပြီးရင် ဖေဖော်ဝါရီဒါမှမဟုတ် မတ်လမှာ ကြားဖြတ်ရွေးကောက်ပွဲတွေပေါ့” ဟု ဦးသန့်မြင့်ဦးက စင်ကာပူတွင် ပြုလုပ်သော အင်တာဗျူးတွင်ပြောကြားသည်။ နိုင်ငံတကာအသိုင်းအဝိုင်း၏ အပယ်ခံဖြစ်ခဲ့သော မြန်မာနိုင်ငံသည် ရာစုနှစ်ထက်ဝက်စစ် အုပ်ချုပ်ရေးအလွန် ပြီးခဲ့သော မတ်လတွင် အရပ်ဖက်အစိုးရသစ်အာဏာရလာချိန်မှစ၍ အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုများကို စတင်ပြုလုပ် လာခဲ့သည်။ အစိုးရသစ်က နိုင်ငံရေးအကျဉ်းသားများကို စတင်လွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာနှင့် အင်တာနက်ဆင်ဆာကို ဖြေလျှော့ပေးခြင်းတို့အပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးဒိုင်ယာလော့ စတင်ဆွေးနွေးခြင်း တို့ကို အဆက်မပြတ်ပြုလုပ်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည်လည်း လွန်ခဲ့သော နှစ်ပတ်ခန့်က မြန်မာနိုင်ငံသို့ ရောက်လာခဲ့ပြီး အထောက်အပံ့များ ပိုမိုပေးအပ်ရန်နှင့် သံအမတ်ကြီး ပြန်လည်ခန့်အပ်ရေးကို စဉ်းစားရန် ကတိပေးသွားခဲ့သည်။ အစိုးရကကြေညာထားပြီးဖြစ်သော ကြားဖြတ်ရွေးကောက်ပွဲ များသည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၏ နောက်လာမည့်အဆင့် ဖြစ်ဖွယ်ရှိကာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီက ၎င်းတို့ပါဝင်ယှဉ်ပြိုင် ကြမည်ဟု ပြောကြားထားသည်။

“NLD ပါတီဝင်ပြိုင်ပါလိမ့်မယ်။ တော်တော်လေးလွတ်လပ်မျှတမယ့် သဘောရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်အမတ်ဖြစ် လာမှာပါ၊ ဒါပြီးရင်တော့ မြန်မာနိုင်ငံက ဒေသတွင်းတစ်ခြားနိုင်ငံတွေနဲ့ ကွဲပြားနေတဲ့ သိုးမည်းတစ်ကောင်လို့ ဘယ်လိုမှ ပြောလို့မရနိုင်တော့ပါဘူး”ဟု ဦးသန့်မြင့်ဦးက ဆိုသည်။ ဘန်ကောက်တွင် အခြေစိုက်နေထိုင်သော ဦးသန့်မြင့်ဦးသည် ကွယ်လွန်သူ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးဖြစ်သည်။ မြန်မာနိုင်ငံသို့ မကြာခဏသွားရောက်ကာ အစိုးရအကြီးတန်းတာဝန်ရှိသူများ၊ ဝန်ကြီးများနှင့် တွေ့ဆုံတတ်သူ ဦးသန့်မြင့်ဦးက ပြီးခဲ့သော သီးတင်းပတ်တွင် မြန်မာနိုင်ငံသို့ နောက်ဆုံးတစ်ခေါက် ရောက်ခဲ့သည်ဟု ပြောကြားသည်။ "ခင်ဗျား အဲဒီကို(မြန်မာနိုင်ငံ) ရောက်ပြီး လူတွေနဲ့ သိသွားတဲ့အချိန်မှာ “ဘာက ဘာလဲ”ဆိုတဲ့ အထုံး ပြေဖို့လွယ်ကူသွားပါလိမ့်မယ်" ဟု ယင်းက ပြောသည်။

မြန်မာနိုင်ငံအကျဉ်းထောင်များထဲတွင် ဖမ်းဆီးထားဆဲ နိုင်ငံရေးအကျဉ်းသားအရေအတွက်ကို အတိအကျမသိနိုင်သော်လည်း ခန့်မှန်းခြေ ၅၀၀ ခန့်ရှိမည်ဟု အဖွဲ့အစည်းများနှင့်အနောက်သံရုံးများက သဘောတူလက်ခံထားကြပြီး ဇန်နဝါရီလတွင် အများစုလွတ်မြောက်လာလိမ့်မည်ဟု ယင်းအနေဖြင့် မျှော်လင့်ထားကြောင်း ဦးသန့်မြင့်ဦးက ဆက်လက်ပြောကြား သည်။

ယင်းသို့လွှတ်ပေးခြင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲများသည် ဥရောပသမဂ္ဂက မတ်လတွင် Sanctions များကို နှစ်ပတ်လည်ပြန်လည်သုံးသပ်မှု ပြုလုပ်စဉ် ရုတ်သိမ်းပေးအောင် ဆွဲဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ အမေရိကန်အစိုးရအနေနှင့်လည်း ကွန်ဂရက်တွင် ဥပဒေပြင်ဆင်ရန် အချိန်ယူရသည့် တိုင်အောင် မကြာမီအတွင်း လိုက်ပါ ရုတ်သိမ်းပေးနိုင်ဖွယ် ရှိကြောင်း ဦးသန့်မြင့်ဦးက သုံးသပ်ပြောဆိုသည်။

ထို့သို့ Sanctions များကို ရုတ်သိမ်းပေးပါက လုံးပါးပါးနိမ့်ကျနေသော မြန်မာနိုင်ငံ၏ စီးပွားရေးကို အထောက် အကူဖြစ်စေနိုင်သော်လည်း တိုင်းရင်းသား စစ်တပ်များနှင့် မူးယစ်ရာဇာစစ်ဘုရင်များက ဆင်နွှဲနေကြသော ပြည်တွင်းစစ် ပဋိပက္ခများ ဖြေရှင်းခြင်းအပါအဝင် လုပ်ဆောင်စရာများစွာ ကျန်ရှိနေသည်ဟု ယင်းကပြောကြားသည်။

ဦးသန့်မြင့်ဦးက ဆက်လက်၍ “အခုမြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အရာအများစုကို တင်စားရမယ်ဆိုရင် အပင်အောက်ပိုင်းမှာ တွဲကျနေတဲ့ သစ်သီးတွေပေါ့။ စီးပွားရေးကိစ္စ၊ လက်နက်ကိုင်ပဋိပက္ခကိစ္စတွေကတော့ ဦးနှောက်ခြောက်ရမယ့် ပြဿနာတွေပေါ့။ ဒီကိစ္စတွေဟာ အခုချိန်ထိ မယုံနိုင် စရာ ကောင်းလောက်အောင် အရေးကြီးတဲ့ ပြဿနာတွေ ဖြစ်နေပြီး သူတို့အတွက် ရိုးရှင်းလွယ်ကူတဲ့ ဖြေရှင်းနည်းမရှိသေးပါ”ဟု မှတ်ချက်ပေးခဲ့သည်။

*******************************************************************************

တရုတ်ဝန်ကြီးချုပ် လာမည့်အပတ် မြန်မာသို့သွားမည်

(13 December 2011 ရက်စွဲပါ Reuters ၏ Chinese premier Wen to visit Myanmar next week-sources ကို ဘာသာပြန်ဆိုသည်)

တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်သည် မဲခေါင်မြစ်တစ်လျှောက် နိုင်ငံများ၏ ဒေသတွင်းထိပ်သီးအစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံသို့ လာမည့် အပတ်တွင် သွားရောက်မည်ဖြစ်ကြောင်း အစည်းအဝေးစီစဉ်နေသူများနှင့် နီးစပ်သောသူများက Reuters သို့ပြောကြားခဲ့သည်။ ဝမ်၏ ခရီးစဉ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ခရီးစဉ်အပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဟီလာရီ၏သမိုင်းဝင်ခရီးစဉ်တွင် အရပ်သားအစိုးရသစ်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် ဆက်လက်အကောင်အထည်ဖော်ရန် ကတိများနှင့် ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ပြန်လည် ဆက်ဆံနေမှုများကို တွေ့မြင်ခဲ့ရသည်။ ဘေဂျင်းသည် မြန်မာနိုင်ငံ၏ အနီးကပ်ဆုံးပါတနာဖြစ်ပြီး ၎င်းတို့လုပ်ကိုင်နေသော ရေအားလျှပ်စစ် ရေလှောင်တမံကို ရပ်ဆိုင်းရန် မြန်မာ၏ ဆုံးဖြတ်ချက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်။

***********************************************************************************

မြန်မာနှင့် မြောက်ကိုရီးယားတွင် လွတ်လပ်မှုနှင့် လူ့အခွင့်အရေးရရှိရေးအတွက် ပူးပေါင်းပါဝင်ရန် တရုတ်ကို တိုက်တွန်း

(Asian tribune မှ 14 Nov 2011 ရက်စွဲပါ China Urged to Participate in Restoring Freedom & Human Rights in Burma & North Korea ကို ဘာသာပြန်ဆိုသည်)

နိုင်ငံတကာလူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနှင့် မြောက်ကိုရီးယားနိုင်ငံမှ ကွန်မြူနတီများနှင့် တက်ကြစွာ လှုပ်ရှားသူ များက နှစ်နိုင်ငံစလုံးတွင် တရားမျှတမှုနှင့် လွတ်လပ်မှုတို့ပေါ်ထွန်းရေးအတွက် ဆော်သြရန် အတူတကွရပ်တည်သွားကြမည်ဖြစ်ကြောင်းသိရသည်။ တရုတ်အစိုးရအနေဖြင့် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကိုတာဝန်ရှိစွာအသုံးပြုပြီး မြန်မာနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံတွင်း တရားမျှတမှုနှင့် လွတ်လပ်မှုတို့ ဖြစ်ထွန်းရန်အလို့ငှာ ဆော်သြပေးရေးအတွက် Burma Campaign UK နှင့် Christian Solidarity Worldwide တို့က ဦးဆောင်ကာ လန်ဒန်မြို့ရှိ၊ တရုတ် သံရုံးရှေ့တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲနောက်ပိုင်း အခြေအနေများတိုးတက် ကောင်းမွန်လာပြီး ပြောင်းလဲမှုများဖြစ်ထွန်း ခဲ့ပြီဟု လူအများစုက ထင်မှတ်လျက်ရှိကြသည်။ အမှန်တွင် အပြောင်းအလဲမှာ အနည်းငယ်သာဖြစ်ပေါ်ခဲ့ပြီး တိုင်းရင်းသားလူနည်းစုများ နေထိုင်ရာ ဒေသများ၌ မုဒိမ်းကျင့်မှုများ၊ သတ်ဖြတ်မှုများနှင့် ပဋိပက္ခများပိုမိုပေါ်ထွန်းလာသည်။ နိုင်ငံရေးအကျဉ်းသားအများစုမှာလည်း ယနေ့ချိန်ထိဖမ်းဆီးထိန်းသိမ်း ခံထားရဆဲပင် ဖြစ်၏။

မြောက်ကိုရီးယားနိုင်ငံတွင်မူ နိုင်ငံရေးအကျဉ်းသားပေါင်း ၂ သိန်းကျော်ခန့်ရှိပြီး ၎င်းတို့မှာနိုင်ငံတစ်နံတစ်လျားရှိ အကျဉ်းစခန်းများ၊ အလုပ်ကြမ်း စခန်းများတွင် ဆိုးရွားသောအခြေအနေများဖြင့်နေထိုင်ကြရသည်။ ကလေးငယ်အများစုမှာ အဆိုပါအကျဉ်းစခန်းတွင်သာ မွေးဖွားခဲ့ကြပြီးလူဆိုးလူသွမ်းများ အဖြစ် တံဆိပ်တပ် သတ်မှတ်ဖော်ပြခံကြရသည်။ မြောက်ကိုရီးယားဟူသည် ကမ္ဘာပေါ်တွင်လူ့အခွင့်အရေးအခြေအနေအဆိုးရွားဆုံးသောနိုင်ငံအဖြစ် စာရင်းသွင်း ခံထားရသောနိုင်ငံဖြစ်သည်။

"မြန်မာနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအများကြီး ဖြစ်ပေါ်နေတယ်ဆိုတဲ့ အချက်ကို အောက်မေ့အမှတ်ရဖို့ အင်မတန် အရေးကြီးလှပါတယ်။ အဲဒီနှစ်နိုင်ငံစလုံးက ပြည်သူတွေဟာ အခြေခံ လွတ်လပ်ခွင့်နဲ့ အခြေခံလူ့အခွင့်အရေးတွေ အနည်းငယ်မျှသာ ရရှိကြ တာပါ။ အဲဒီအချက်တွေကို တရုတ်အစိုးရက သိရှိအောင်လုပ်သင့်ပြီး သူ့ရဲ့သြဇာလွှမ်းမိုးမှုကို တာဝန်ရှိရှိအသုံးပြုပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်အောင် ပြုလုပ်ပေးသင့်ပါတယ်" ဟု Burma Campaign UK မှ Campaigns Officer ဖြစ်သူ ဝေနှင်းကပြောကြားသည်။

Christian Solidarity Worldwide အဖွဲ့မှ အရှေ့အာရှရေးရာ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Benedict Rogers ကမူ "မြန်မာနဲ့မြောက်ကိုရီးယား နိုင်ငံတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ကမ္ဘာပေါ်မှာအဆိုးဆုံးအဆင့်မှာရှိပါတယ်။ နှစ်နိုင်ငံအစိုးရတွေဟာ လူသားမဆန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံထားရပါတယ်။ အဲဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြောက်ကိုရီးယားနဲ့ မြန်မာအစိုးရတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်အောင်၊ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံထားရသူတွေလွတ်မြောက်အောင်၊ အဓမ္မလုပ်သားအဖြစ်စေခိုင်းခံရမှု၊ ညှဉ်းပန်းနှိပ်စက်မှု နဲ့သတ်ဖြတ်မှု တွေ အဆုံးသတ်အောင် အရေးတယူလုပ်ဆောင်သင့်ပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံစလုံးအပေါ် တရုတ်နိုင်ငံက သြဇာလွှမ်းမိုးမှုရှိတာ သိသာ ထင်ရှားပါတယ်။ အဲဒါကြောင့် အဲဒီသြဇာလွှမ်းမိုးမှုကို တာဝန်ရှိရှိအသုံးပြုပြီး လူသားမဆန်တဲ့ရာဇဝတ်မှုမျိုးတွေအဆုံးသတ်နိုင်အောင် မြန်မာနဲ့ မြောက်ကိုရီးယား အစိုးရ နှစ်ရပ်စလုံးကို တိုက်တွန်းဖို့ ကျွန်တော်တို့က တရုတ်နိုင်ငံကို မေတ္တာရပ်ခံလိုက်ပါတယ်" ဟု ပြောကြားသွားသည်။

***************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment