Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ စနစ် ဖြစ်ထွန်းရေးနှင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာ စစ်အစိုးရနှင့် စေ့စပ် ညှိနှိုင်းသွားရန် ရည်ရွယ်ထားကြောင်း ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အစိုးရ တစ်ရပ် ပေါ်ပေါက်ရေး အတွက် အဆင့် တစ်ဆင့် ဖြစ်ကြောင်း စစ်အစိုးရက ပြောခဲ့သည်။ နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသူများက စစ်အစိုးရ ကျောထောက် နောက်ခံပေးမှုကို ရထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) သာ အနိုင် ရရှိခဲ့သဖြင့် ရွေးကောက်ပွဲသည် သံသယ ဖြစ်စရာ ရှိကြောင်း ဝေဖန် ပြောကြားသည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ရွေးကောက်ပွဲ ကျင်းပပြီး ရက်ပိုင်းမျှတွင် နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယ ပြောရေးဆိုခွင့် ရှိသူ အရာရှိ Mark Toner က ၂၀၁၁ ခုနှစ်တွင် အမေရိကန် အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်အစိုးရ ခေါင်းဆောင်များနှင့် စေ့စပ် ညှိနှိုင်းသွားမည်ဟု မျှော်လင့်ထားကြောင်း ဆိုသည်။

"မြန်မာ အစိုးရနဲ့ နည်းလမ်းတကျ စေ့စပ်ညှိနှိုင်းမှု ပြုလုပ်နိုင်မယ့် လမ်းကြောင်း တစ်ခုကို ကျွန်တော်တို့ ရှာခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ ကြီးမားတဲ့ အောင်မြင်မှု မရရှိခဲ့ပါဘူး" ဟု ၎င်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ စစ်အစိုးရက နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်အား ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ စိုးရိမ်မကင်း ဖြစ်မိကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းက ဆိုသည်။

"အတိအကျ ပြောရရင် ကျွန်တော်တို့က မြန်မာ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွတ်မြောက်ခွင့် ပေးဖို့ တောင်းဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အင်အားစုတွေနဲ့ အနီးကပ် လုပ်ကိုင် သွားနိုင်မယ် လို့လည်း မျှော်လင့်ထားပါတယ်" ဟု မစ္စတာ Mark Toner က ဖြည့်စွက် ပြောကြားသည်။

၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာ လလယ်ပိုင်း အတွင်း ဂျာမန် သတင်းဌာန တစ်ခု ဖြစ်သော Deutsche Welle နှင့် ပြုလုပ်သော တွေ့ဆုံ မေးမြန်းခန်းတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က "တကယ်လို့ ဥရောပကသာ သူလုပ်နိုင်တဲ့ အပိုင်းကနေ ဝင်ပြီး မြန်မာ နိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်ဖို့ လုပ်မယ် ဆိုရင်တော့ ကြီးမားတဲ့ အောင်မြင်မှု တစ်ခု ဖြစ်လာနိုင်ပါတယ်" ဟု ဆိုသည်။

UPI သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ပြည်နယ်ပေါင်း ၃၁ ပြည်နယ်တွင် တရားမဝင် မူးယစ်ဆေးဝါးနှင့် အလုပ်သမား ပြဿနာများကို နှိမ်နင်းခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ အစီရင်ခံစာ တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ပြဿနာများ အကောင်းဆုံး နည်းလမ်းဖြင့် ဖြေရှင်းပေးရန် ဝန်ကြီးချုပ် အဖိဆစ်ဝိ ချာချီဝအား ပြောဆိုမည် ဖြစ်ကြောင်း သိရသည်။ ဝန်ကြီးချုပ် အနေဖြင့် ထိုင်းပြည်တွင်း လုံခြုံရေးနှင့် အလုပ်သမား လိုအပ်ချက်ကို ချိန်ညှိပေးသွားရန် ပြောဆိုမည် ဖြစ်ကြောင်း ထိုင်းသတင်း အေဂျင်စီ (TNA) က ရေးသား ဖော်ပြသည်။

TNA သတင်းဌာန အဆိုအရ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆွန်ကစ်တီ ဂျာကာဘာတရာသည် နယ်စပ် ဒေသတွင် ပြုလုပ်လျက် ရှိသော လုံခြုံရေး ဆိုင်ရာ စစ်ဆင်ရေးများနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၂၈ ရက်နေ့က ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်ဟု သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ သက်ဆိုင်ရာ အစိုးရ အရာရှိကြီးများနှင့် နယ်စပ်ဒေသ ပြည်နယ်ပေါင်း ၃၁ ခုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကြီး ဆွန်ကစ်တီက ယမန် နှစ်အတွင်း ပြုလုပ်ခဲ့သော နယ်စပ်ဒေသ တရားမဝင် မူးယစ်ဆေး မှောင်ခိုကူးမှု၊ လူကုန်ကူးမှု အစရှိသော ပြဿနာများ နှိမ်နင်း တိုက်ဖျက်ရေး လုပ်ငန်းများကို ပြန်လည် သုံးသပ်ခဲ့ကြောင်း၊ ပြည်နယ် အသီးသီးတွင် ဖြစ်ပေါ်ခဲ့သော ပြဿနာများကို ကောင်းစွာ နားလည် သဘောပေါက်ခဲ့ပြီး အလားအလာ ရှိသော ရလဒ်များ ထွက်ပေါ်နိုင်ရေး အတွက် ဆွေးနွေးခဲ့ကြောင်း TNA က ဆိုသည်။

ထို့ပြင် ထိုင်းနိုင်ငံ အနေဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ နေထိုင်သွားရာတွင် ငြိမ်းချမ်းရေးကို ထုတ်ဖော်ကာ ရိုးရာ ဓလေ့ ထုံးတမ်းစဉ်လာများ၊ ယဉ်ကျေးမှုများနှင့် အပြန်အလှန် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများကိုပါ ဆောင်ကြဉ်း သွားမည် ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် သဘော တူညီမှု ရရှိခဲ့ကြသည်။

ထိုင်းပြည်နယ် အသီးသီးတွင် တရားမဝင် အလုပ်သမားများကြောင့် ဖြစ်ပေါ်လျက် ရှိသည့် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများနှင့် အခြားသော ပြဿနာများ ပိုမို များပြားလာကြောင်း၊ အဆိုပါ တရားမဝင် အလုပ်သမား အရေအတွက်မှာ ပိုမို များပြားလာလျက် ရှိသကဲ့သို့ ထိုင်းနိုင်ငံတွင်း ၎င်းတို့၏ ကွန်မြူနီတီ ပိုမို ဖွံ့ဖြိုးအောင် ပြုလုပ်လျက် ရှိသည်ကို တွေ့ရကြောင်း ဗိုလ်ချုပ်ကြီး ဆွန်ကစ်တီက ဆိုသည်။

ပြည်ပမှ ယင်းသို့ တရားမဝင် လာရောက် နေထိုင်လျက် ရှိသော အလုပ်သမားများ၏ ပြဿနာများကို ဖြေရှင်းရာတွင် ထိုင်းပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ အနေဖြင့် ထိခိုက် ဆုံးရှုံးမှုများ ရှိလာနိုင်သည်ဟု ၎င်းက ထောက်ပြသည်။

"အခုလို ဖြစ်နေတဲ့ ပြဿနာတွေကို အမျိုးသား လုံခြုံရေး ကောင်စီ အနေနဲ့ ဝန်ကြီးချုပ်ကို အစီရင်ခံ တင်ပြမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် နောက်ပိုင်းမှာ တိတိကျကျနဲ့ ထိထိ ရောက်ရောက် ရှိမယ့် ရလဒ်တွေကို ထုတ်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ပြဿနာတွေ ဖြေရှင်းရာမှာ စီးပွားရေးနဲ့ လူမှုရေးစတဲ့ ကိစ္စတွေကိုပါ ထည့်တွက်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ပြည်ပ အလုပ်သမား၊ လုံခြုံရေး၊ လူမှု အဖွဲ့အစည်း စတာတွေ အတွက် လိုအပ်ချက်တွေကို မဖြစ်မနေ ချိန်ညှိသွားရမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ထိုင်း-မြန်မာ နယ်စပ် ဒေသ တစ်လျှောက် ဖြစ်ပေါ်လျက် ရှိသော ပြဿနာများကို နှိမ်နင်း တိုက်ဖျက်ရာတွင် ထိုင်းနိုင်ငံ အနေဖြင့် အိမ်နီးချင်း နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မည် မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး ဆွန်ကစ်တီက ဆက်လက် ပြောဆိုသည်။

Bernama သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.