Transparency Myanmar

transparency.myanmar@gmail.com

(UN News Centre မှ 7 Jan 2011 ရက်စွဲပါ Ban and Chimese Foreign Minister stress need for peace on Korean Peninsula ကို ဘာသာပြန်ဆိုသည်။)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ယန်ကျားချီနှင့် ကိုရီးယား ကျွန်းဆွယ် အခြေအနေကို ယနေ့ ဆွေးနွေးခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုရှိရန် လိုအပ်ကြောင်း နှစ်ဦးလုံးက အလေးအနက် ပြောကြားခဲ့ကြသည်။

ထို့အပြင် မြောက်ကိုရီးယား၏ နျူကလီယာ ကိစ္စနှင့် ပတ်သက်သည့် အကျပ်အတည်းကို ဖြေရှင်းရန် ရည်ရွယ်သော တရုတ်၊ မြောက်ကိုရီးယား၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်သည့် ခြောက်နိုင်ငံ ဆွေးနွေးပွဲများ ပြန်လည် စတင်ရန် လိုအပ်ကြောင်း ကိုလည်း ကုလသမဂ္ဂ ဌာနချုပ်တွင် ၎င်းတို့ နှစ်ဦး တွေ့ဆုံစဉ် အလေးထား ပြောဆိုခဲ့ကြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ တက်ကြွသော ကြိုးပမ်း အားထုတ်မှုများကို အထွေထွေ အတွင်းရေးမှူးချုပ်က လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ဟုလည်း အစည်းအဝေး အပြီးတွင် ဘန်ကီမွန်း၏ ပြောရေးဆိုခွင့် ရှိသူ ထုတ်ပြန်သော အချက်အလက် များအရ သိရှိရသည်။

ကုလ အထွေထွေ အတွင်းရေးမှူးသည် ယခု သီတင်းပတ် အစောပိုင်းက အလားတူ ကိစ္စကိုပင် တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်နှင့် တယ်လီဖုန်းဖြင့် စကား ပြောဆိုခဲ့ကြရာတွင် ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ချောမွေ့စေရန် အတွက် စိုးရိမ် ပူပန်နေသော နိုင်ငံများနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်ကာ အကူအညီပေးရန် ၎င်းအနေဖြင့် အဆင်သင့် ရှိနေကြောင်း ဘန်ကီမွန်းက ထပ်လောင်း အတည်ပြု ပြောဆိုခဲ့သည်။

ကုလအထွေထွေ အတွင်းရေးမှူးချုပ်နှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးတို့သည် ဆူဒန်နိုင်ငံနှင့် မြန်မာ နိုင်ငံတို့မှ အခြေအနေများ အပြင် နိုဝင်ဘာ ရွေးကောက်ပွဲတွင် အတိုက်အခံ သမ္မတလောင်းက အောင်ပွဲခံခဲ့သော်လည်း ရာထူးမှ ဆင်းပေးရမည့် သမ္မတက နှုတ်ထွက်ရန် ငြင်းဆန်နေသည့် အိုင်ဗရီကိုစ့်မှ လက်ရှိ ဖြစ်ပွားနေဆဲ ပြဿနာကိုလည်း ယနေ့ ဆွေးနွေးခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Xinhua သတင်းဌာန၏ 8 Jan 2011 ရက်စွဲပါ UNAIDS to extend aid fof Myanmar HIV Victims သတင်းကို ဘာသာပြန်ဆိုသည်။)

ကုလသမဂ္ဂ၏ UNAIDS သည် အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ဆိုင်ရာ ကုလသမဂ္ဂ အစီအစဉ်နှင့် ပူးတွဲကာ မြန်မာနိုင်ငံမှ HIV လူနာများကို anti-retroviral (ARV) ဆေးဝါးများ ၂၀၁၅ အထိ ဆက်လက် ကူညီ ထောက်ပံ့သွားမည်ဟု ပြည်တွင်း မီဒီယာ တစ်ခုက စနေနေ့တွင် သတင်း ဖော်ပြသည်။

မြန်မာနိုင်ငံမှ လူပေါင်း ၂၅၀,၀၀၀ ခန့်မှာ HIV/AIDS ရောဂါပိုး ကူးစက်ခံ နေရသည်ဟု ကုလ အဖွဲ့အစည်း၏ ပြောကြားချက်ကို ကိုးကားကာ The Voice က သတင်း ဖော်ပြထားသည်။

လူနာပေါင်း ၇၄၀၀၀ ၏ ၂၇ ရာခိုင်နှုန်း (သို့) စုစုပေါင်း လူနာ ၂၀၀၀၀ ခန့်ကို ARV ဆေးဝါးများဖြင့် ကုသပေးခဲ့သည်ဟု သတင်းတွင် ပါရှိသည်။

မြန်မာနိုင်ငံသည် လွန်ခဲ့သော ၁၀ နှစ် အတွင်း၌ နိုင်ငံအတွင်း HIV ပျံ့နှံ့မှုကို မှန်မှန် ကျဆင်းအောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ထူးခြားသော အောင်မြင်မှုကို ရရှိခဲ့သည်လည်း သိရှိရသည်။

နိုင်ငံ၏ HIV ပျံ့နှံ့မှုနှုန်းသည် ၂၀၀၀ ခုနှစ်တွင် ၀.၉၄% ရှိရာမှ ၂၀၀၇ တွင် ၀.၆၇ % နှင့် ၂၀၀၉ တွင် ၀.၆၁ % သို့ မှန်မှန် ကျဆင်းခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း NGO ၁၁ ဖွဲ့၊ နိုင်ငံတကာ NGO ၂၁ ဖွဲ့နှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ ၇ ဖွဲ့ တို့သည် HIV & AIDS ကို တိုက်ဖျက်ရန် အတွက် ကျန်းမာရေး ဝန်ကြီးဌာနနှင့် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

ထို့အပြင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့အစည်း အမျိုးမျိုးက ဦးဆောင်သော နိုင်ငံတကာနှင့် ဒေသတွင်း လှုပ်ရှားမှုများ အပါအဝင် HIV/AIDS ဆိုင်ရာ အာဆီယံ လုပ်ငန်း အစီအစဉ်နှင့် မဲခေါင် ဒေသတွင်း HIV/AIDS စီမံကိန်းများတွင်လည်း တက်တက်ကြွကြွ ပါဝင် လှုပ်ရှားနေသည်။

မြန်မာနိုင်ငံ အမျိုးသား ကျန်းမာရေး အစီအစဉ်၏ ဦးစားပေး တိုက်ဖျက်ရမည့် ရောဂါများတွင် AIDS ရောဂါလည်း ပါဝင်နေပြီး HIV/AIDS ကာကွယ်ရေးနှင့် ကုသ စောင့်ရှောက်ရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန် တစ်ရပ် အနေဖြင့် အကောင်အထည် ဖော်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Radio Australia News မှ 7 Jan 2011 ရက်စွဲပါ "Eight hurt in Burma road blast" သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာနိုင်ငံ အရှေ့ပိုင်း ကားလမ်း တစ်ခုပေါ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၈ ဦး ထိခိုက် ဒဏ်ရာ ရရှိသွားသည်ဟု မြန်မာ တာဝန်ရှိသူများက ပြောကြားသည်။

ဗုံးပေါက်ကွဲချိန်တွင် ကားပေါ်တွင် ရှိသော ခရီးသည် ၆ ဦးနှင့် မော်တော် ဆိုင်ကယ်ပေါ်မှ ၂ ဦးတို့ ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ရွေးကောက်ပွဲ အပေါ် ကျယ်ကျယ် ပြန့်ပြန့် ပြစ်တင် ဝေဖန်ခဲ့ကြ ပြီးနောက် ယခု လအတွင်း ခေါ်ယူမည်ဟု မျှော်လင့်ရသော လွှတ်တော်သစ်၏ ပထမဆုံး အစည်းအဝေးကို ကျင်းပရန် ပြင်ဆင်နေချိန်တွင် ယင်းသို့ ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိပြီးချိန် မှစ၍ နိုင်ငံ အနှံ့အပြား၌ ပြည်တွင်းစစ်မီး တစ်ငွေ့ငွေ့ လောင်နေခဲ့ရာ ယခုတိုင်ပင် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Monsters and Critics မှ Jan 7 2011 ရက်စွဲပါ Lvc Besson quietly filming Aung San Su Kyi biopic in Paris already ကို ဘာသာ ပြန်ဆိုသည်။)

ပြင်သစ် ရုပ်ရှင် ဒါရိုက်တာ Lvc Besson သည် သရုပ်ဆောင် မင်းသမီး Michelle Yeoh ပါဝင် သရုပ်ဆောင်သော ဒေါ်အောင်ဆန်းစုကြည် အကြောင်း အထ္ထုပ္ပတ္တိ ရုပ်ရှင် ရိုက်ကူးမှုကို ပါရီမြို့တွင် တိတ်တိတ် ဆိတ်ဆိတ် ပြန်လည် စတင်ခဲ့သည်။

မနှစ်က စတင် ရိုက်ကူးခဲ့သော မြန်မာ အတိုက်အခံ ခေါင်းဆောင်၏ အကြောင်း ရုပ်ရှင်ကားကို ပါရီမြို့တွင် ပြန်လည် စတင် ရိုက်ကူးနေကြောင်း Deadline Hollywood မီဒီယာက အခိုင်အမာ ပြောကြားသည်။

ဒါရိုက်တာ Besson သည် လေဒီ (ဒေါ်အောင်ဆန်းစုကြည်) အကြောင်း ရုပ်ရှင်ကို တတ်နိုင်သမျှ တိတ်တိတ် ဆိတ်ဆိတ် ဆက်လက် ရိုက်ကူးရန် ကြိုးစားနေခြင်းမှာ နိုဝင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း နိုင်ငံရေး အနေ အထားကြောင့် ဖြစ်သည်ဟု သိရှိရသည်။

ဒါရိုက်တာ Besson သည် အထက်ပါ ရုပ်ရှင် ဇာတ်ကားကို ထိုင်းနိုင်ငံ ဘန်ကောက် အပါအဝင် အင်္ဂလန်နိုင်ငံ အောက်စဖို့ရှိ ရိုက်ကွင်းများတွင် ရိုက်ကူးခဲ့ပြီး လွန်ခဲ့သော ၂ လက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသော နေ့တွင် ဘန်ကောက်၌ ၎င်းတို့ ရိုက်ကူးလျက် ရှိသည် ဟုလည်း သိရှိရသည်။

ယခု ဇာတ်ကားတွင် အင်္ဂလန်သို့ ပြန်ကာ သူမ၏ ကွယ်လွန် တော့မည့် ခင်ပွန်း (David Thewlis သရုပ်ဆောင်မည်) ကို စောင့်ရှောက် မည်လား (သို့) မြန်မာ့ ဒီမိုကရေစီ အရေး အတွက် ဆက်လက် တိုက်ပွဲဝင်မည်လား ဆိုသည်ကိုမူ ဒေါ်အောင်ဆန်းစုကြည်၏ အဆုံးအဖြတ်ကို လိုက်နာမည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Time မဂ္ဂဇင်းမှ Jan-07-2011 ရက်စွဲပါ Vivenne Walt ၏ Burma's Release of Suu Kyi Eases Pressure for Further Sanctions ဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့တွင် နေအိမ် အကျယ်ချုပ် ၇ နှစ် ထိန်းသိမ်း ခံရခြင်းမှ လွတ်မြောက်ကာ သူမအား ချစ်ခင် လေးစားသော ထောက်ခံသူ ထောင်ပေါင်း များစွာကို နှုတ်ခွန်းဆက် စကားဆိုခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့သည် ၂၀၁၀ ခုနှစ်၏ ပျော်ရွှင်စရာ အခိုက် အတန့်များ အနက်မှ တစ်ခုပင် ဖြစ်သည်။ အနောက်နိုင်ငံ များစွာ အတွက် ထိုမြင်ကွင်းမှာ ကမ္ဘာ့ ခေါင်းအမာဆုံး အာဏာရှင်များထံမှ တစ်ဦး၏ သိသာစွာ ပြောင်းလဲရန် ဦးတည်မှု အဖြစ် ရှုမြင်စရာ ဖြစ်ခဲ့သည်။

နှစ်လခန့် အကြာတွင်မူ အဆိုပါ အားတက်ဖွယ် ခံစားမှုမှာ မှေးမှိန်လာခဲ့သည်။ အမှန် တကယ်မှာမူ နိုင်ငံရေး အပြောင်းအလဲ လုပ်ရန် အလှမ်း ဝေးသွားသည့် ခြေလှမ်းကို ပြသခဲ့ခြင်းသာ ဖြစ်ပြီး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး Campaign အုပ်စုများက ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်မှုသည် မြန်မာ စစ်ဖက် အုပ်ချုပ်သူများ အပေါ် ပိုမို ဖိအားပေးမည့် ကြိုးပမ်းမှုများကို ရှုပ်ထွေး သွားစေသည့် အသွင် ရှိသည်ဟု ဆိုသည်။ လက်ရှိ အမေရိကန် ပြည်ထောင်စုသည် မြန်မာ နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ထားရာတွင် ကျွန်း၊ ကျောက်မျက်နှင့် စစ်လက်နက် ပစ္စည်း ရောင်းဝယ်မှု ပိတ်ပင်ခြင်း အပါအဝင် အစိုးရ တာဝန်ရှိသူများနှင့် ငွေကြေး ဆက်ဆံမှုများ ပိတ်ပင်ခြင်းတို့ ပါဝင်သည်။ ဧပြီလက သက်တမ်း တိုးခဲ့သော အီးယူ၏ အရေးယူ ပိတ်ဆို့မှုများတွင်လည်း အလားတူ ကုန်သွယ်ရေး တားမြစ်မှုများ အပါအဝင် အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူများနှင့် ၎င်းတို့ မိသားစုဝင်များကို ပြည်ဝင် ဗီဇာ ပိတ်ပင်ခြင်း၊ ၎င်းတို့၏ ငွေကြေး ပိုင်ဆိုင် အပ်နှံမှုများကို ထိန်းချုပ်ခြင်းတို့ ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီးချိန်မှ စ၍ ယခု အချိန်အထိ ဝါရှင်တန်နှင့် ဘရပ်ဆယ်တွင် မြန်မာ အစိုးရ အပေါ် တင်းကြပ်သော အရေးယူမှုများ ချမှတ်ရန် တောင်းဆိုမှုများ အသံတိုး သွားခဲ့သည်။ မြန်မာ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကို ဆေးကြော သန့်စင်အောင် ဖိအားပေးရန် အရေးပါသည့် ဆောင်ရွက်ချက်ဟု Campaign အုပ်စုများက ပြောနေကြသော အရေးယူ ပိတ်ဆို့မှု အစီအစဉ် တစ်ခုမှာ မြန်မာ အစိုးရကို ဝန်ဆောင်မှု ပေးနေသော မြန်မာ မဟုတ်သည့် ဘဏ်များကို ပစ်မှတ်ထား အရေးယူရေးပင် ဖြစ်သည်။ အဆိုပါ နည်းလမ်းကို လိုအပ်လျှင် ဆောင်ရွက်မည်ဟု ဆိုကာ အမေရိကန် ပြည်ထောင်စု၏ အရေးယူ ပိတ်ဆို့မှု အစီအစဉ်များတွင် ခွင့်ပြု ထည့်သွင်း ထားသော်လည်း ဝါရှင်တန်က ကျင့်သုံးခြင်း မပြုရန် ရွေးချယ်ခဲ့သည်။ "ကျွန်မတို့ကတော့ ဒီကိစ္စကို တွန်းပြီးရင်း တွန်းနေတာပါပဲ" ဟု ဝါရှင်တန်မှ US Campaign on Burma ၏ ဥပဒေ ဆိုင်ရာ ဒါရိုက်တာ Jennifer Quigley က ပြောကြားသည်။ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာတာရဲ့ ရလာဒ်ကတော့ အမေရိကန် ပြည်ထောင်စုက "ငါတို့ အစီအစဉ်ကို ဆိုင်းငံ့ထားပြီး ဘာဖြစ်မလဲလို့ စောင့်ကြည့်ဦးမယ်" လို့ ပြောနေတဲ့ ကိစ္စပါပဲ။ "ဒီကိစ္စက စောင့်ပြီး ကြည့်တဲ့ ကစားပွဲ တစ်ခု ဖြစ်နေပါပြီ။ ဒီလိုဆိုရင် မြန်မာ စစ်ဖက် အုပ်ချုပ်သူတွေဟာ သူတို့ ကိုယ်ကျိုးအတွက် အချိန်နဲ့ နိုင်ငံရေး အမြတ်ရအောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အမြော်အမြင် ရှိရှိနဲ့ တွက်ချက် လုပ်ဆောင် ခဲ့ကြတာလားလို့ မေးစရာ ရှိပါတယ်" ဟု သူမက ဆိုသည်။

အကယ်၍ ထိုသို့ ဟုတ်မှန်ပါက ၎င်းတို့သည် ပြောင်မြောက်သော လုပ်ဆောင်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်လိမ့်မည်။ မည်သို့ဖြစ်စေ မြန်မာ့ အရေး လှုပ်ရှားမှုများမှာ အဆုံးသတ် သွားမည် မဟုတ်ပါ။ သို့သော်လည်း ယခု ရက်ပိုင်းများတွင် အရေးတကြီး လုပ်ဆောင် စရာများ ရှိမည် မဟုတ်ဟု ဆိုသော်ငြားလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ပေါ်ထွက်မှုက အစပျိုးပေးလိုက်သော စိတ်လှုပ်ရှားမှုများကြောင့် ရှိချင်လည်း ရှိလာမည်ဟု ဆိုရမည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှာလည်း အရေးယူ ပိတ်ဆို့မှုများ အပေါ် ထောက်ခံခြင်းကို လက်တွေ့ သုံးသပ်လျက် ရှိပြီး ဆင်းရဲဒုက္ခ ရောက်နေသော မြန်မာ လူထုကြီး အပေါ် (အရေးယူ ပိတ်ဆို့မှု အစီအစဉ်၏) သက်ရောက်မှုကို သူမ အကဲဖြတ် ဝေခွဲနေဆဲ ဖြစ်သည်ဟု အနောက်နိုင်ငံ သတင်းထောက်များကို ပြောကြားခဲ့သည်။ ဘဏ်လုပ်ငန်း အရေးယူ ပိတ်ဆို့ရေး အစီအစဉ်ကို အတိုက်အခံ ခေါင်းဆောင်၏ အားပေး ထောက်ခံမှု မရှိပဲ ကြိုးကြိုးစားစား တွန်းအားပေးရန် Campaign အုပ်စုများက လိုလားခြင်း မရှိပါဟု Jennifer Qugley က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်းသည် အနောက်နိုင်ငံ အစိုးရများအား "စစ်ဗိုလ်ချုပ်များက အပြောင်းအလဲ လုပ်ရန် အဆင်သင့် ရှိနေသည်" ဟူသော မဖြစ်နိုင်သည့် အယူအဆကို ပေးခဲ့သည်ဟု Human Rights Watch ၏ ဝါရှင်တန် ဒါရိုက်တာ Tom Malinowski က ပြောကြားသည်။ "ခက်ခဲတဲ့ လုပ်ငန်း ဆောင်တာကို ရှောင်ရှားဖို့ အတွက် ဘယ်လို အကြောင်း ပြချက်ကို မဆို အသုံးပြုမယ့် နိုင်ငံတွေ ရှိပါတယ်။ တကယ်လို့ မြန်မာ အစိုးရကို ပိုပြီး အချိန်ပေးဖို့ အကြောင်း ပြချက် အဖြစ် ဒေါ်အောင်ဆန်းစုကြည် လွှတ်လာတာကို အကြောင်းပြလို့ ရနိုင်မယ် ဆိုရင် သူတို့က အကြောင်း ပြကြဦးမှာပါ" ဟု ၎င်းက Time မဂ္ဂဇင်းသို့ ပြောကြားသည်။

အရေးပါ အရာ ရောက်သော မြန်မာ့ အရေး လှုပ်ရှားမှု အုပ်စုများထဲမှ တစ်ဖွဲ့ ဖြစ်သည့် Earth Rights International က ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာကို တုန့်ပြန်မှု မရှိသလောက် နီးနီး ပြုမူခဲ့ကြသော အနောက်နိုင်ငံ အစိုးရများက အထက်ပါ အချက်ကို အကြောင်းပြ ကြဖွယ် ရှိသည်။ အဆိုပါ အစီရင်ခံစာတွင် နော်ဝေး အစိုးရသည် ၎င်း၏ ကြွယ်ဝလှသော ဘဏ္ဍာငွေများထဲမှ ဒေါ်လာ ၄.၇ ဘီလျံခန့်ကို မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသော စွမ်းအင် ကုမ္ပဏီများထံ ရင်းနှီး မြှုပ်နှံခြင်းဖြင့် မြန်မာ စစ်ဖက် အုပ်ချုပ်သူ အစိုးရကို သွယ်ဝိုက် ပံ့ပိုးခဲ့သည်ဟု ဖော်ပြထားသည်။ အဆိုပါ ကုမ္ပဏီများထဲမှ Total နှင့် Chevron သည် အင်ဒါမန် ပင်လယ်မှ ထိုင်းနိုင်ငံသို့ မြန်မာပြည်ကို ဖြတ်သန်း သွယ်တန်းထားသော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက် လုပ်ကိုင်ခြင်း လုပ်ငန်းတွင် ဒေါ်လာ ဘီလျံ များစွာ ရင်းနှီး မြှုပ်နှံထားသော ကုမ္ပဏီများ ဖြစ်သည်။ ဘဏ္ဍာငွေများ မည်သည့် နေရာတွင် ရင်းနှီးမြှုပ်နှံသည်ကို ကြီးကြပ်ရသူ၊ နော်ဝေနိုင်ငံ၏ ကျင့်ဝတ်များ ဆိုင်ရာ ကောင်စီ ဥက္ကဌ Gro Nystuen က မြန်မာ အစိုးရ အပေါ် တင်းကြပ်စွာ အရေးယူရန် လိုအပ်ကြောင်း နော်ဝေ တာဝန်ရှိသူများကို စည်းရုံးမှု မအောင်မြင်ခဲ့သလို၊ Earth Rights International ၏ အစီရင်ခံစာမှာလည်း ပစ်ပစ်ခါခါ လျစ်လျူရှုခြင်း ခံခဲ့ရသည်ဟု ပြောကြားသည်။ (နော်ဝေ ရင်းနှီးမြှုပ်နှံမှုထဲမှ) "ဒီကုမ္ပဏီတွေကို ဖယ်ထုတ်ပစ်ဖို့ အတွက် ကျော်လွှားရမယ့် တန်းက တော်တော်မြင့် နေပါတယ်" ဟု Nystuen က Time မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ "လူ့အခွင့်အရေး ညှင်းပန်း နှိပ်စက်မှုနဲ့ အစွပ်စွဲခံရတဲ့ နိုင်ငံ တစ်နိုင်ငံ အပေါ် လက်ရှိ အရေးယူမှုဟာ မလုံလောက်သေးပါဘူး။ ကုမ္ပဏီ ကိုယ်တိုင်က သီးခြား အရေးယူ လုပ်ဆောင်မှုကို လုပ်ရမှာပါ။ အနာဂတ်မှာ ဆက်ပြီး ညှင်းပန်း နှိပ်စက်ဦးမယ့် အန္တရာယ် ရှိနေပါတယ်" ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ အပေါ် အနောက် နိုင်ငံများက သတိကြီးစွာ ထား၍ ဆက်ဆံနေပုံမှာ မြန်မာ့ အရေး Campaign အုပ်စုများ အတွက် စိတ်ပျက်စရာ ဖြစ်နေသည်။ "နိုင်ငံရေးသမား တချို့က ကိစ္စ အတော်များများ အခြေအနေ ပိုကောင်းလာမယ်လို့ ယူဆ နေကြပေမယ့် ဒီအတွေးကို ကျွန်တော်တို့ အရင်ကတည်းက စဉ်းစားကြည့်ပြီးသားပါ" ဟု လန်ဒန်မှ Burma Campaign UK ဒါရိုက်တာ Mark Farmaner က ပြောကြားသည်။ "ဗိုလ်ချုပ်တွေရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းရှင်းလေးပါ။ အပြောင်းအလဲ လုပ်နေတယ်လို့ ပြည်သူတွေ ထင်အောင် လုပ်တာပါပဲ" ဟု ပြောကြားခဲ့သော ၎င်းက အီးယူ၏ လက်ရှိ အရေးယူ ပိတ်ဆို့မှု အစီအစဉ်များကို "အသွား တုံးနေသော လွှ" ဟု ခေါ်ဝေါ်လိုက်သည်။ ၂၀၀၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် လွတ်တော့မည်ဟု မျှော်မှန်းထားကြသော Farmaner တို့ အုပ်စု အပါအဝင် အခြား လူ့အခွင့်အရေး အုပ်စုများက နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးရန် တွန်းအား ပေးခြင်း၊ တိုင်းရင်းသား ကျေးရွာများ အပေါ် စစ်တပ်က တိုက်ခိုက်မှုကို အထောက်အထား ပြခြင်း တို့ဖြင့် မြန်မာနိုင်ငံမှ အလွန်အကျွံ ညှင်းပန်း နှိပ်စက်မှုများကို ထင်ရှား ပေါ်လွင်အောင် စတင် ဖော်ထုတ်ခဲ့ကြသည်။

သို့သော်လည်း အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်း အထောက်အထားများသည် ပုဂ္ဂိုလ်ရေး ကျော်ကြားမှု ဂုဏ်ဒြပ်ဖြင့် ၁၉၉၁ က ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိကာ လတ်တလော Time မဂ္ဂဇင်း မျက်နှာဖုံးတွင် ဂုဏ်ပြုဖော်ပြခံရသူ ဒေါ်အောင်ဆန်းစုကြည်၏ ပေးဆပ်မှုလောက် အနောက်နိုင်ငံများ၏ စိတ်အား ထက်သန်မှုကို နှိုးဆွနိုင်ခြင်း မရှိသေးပါ။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းကြောင့် အီးယူ အစိုးရ အများစုက ၎င်းတို့ အနေဖြင့် လာမည့် သီတင်းပတ် အနည်းငယ် အတွင်း မြန်မာနိုင်ငံတွင် အစိုးရသစ် ပေါ်ပေါက်လာသည် အထိ အနည်းဆုံး စောင့်ကြည့်သင့်သည်ဟု ယုံကြည်နေကြသည်။ မြန်မာ စစ်ဖက် ခေါင်းဆောင်များ အနေဖြင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက လွတ်လပ်မှု မရှိ၊ မျှတမှု မရှိဟု သတ်မှတ်ခဲ့သော ရွေးကောက်ပွဲများ ကျင်းပပြီးနောက်  ၃ လ အကြာ ဖေဖော်ဝါရီ ၅ ရက် နောက်ဆုံးထား၍ အစိုးရသစ် ဖွဲ့စည်းရန် တာဝန်ရှိနေသည်။

အစိုးရ အဖွဲ့သစ် အာဏာ ရယူသည်နှင့် တပြိုင်နက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား အတိုက်အခံ ခေါင်းဆောင်များနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင် ပြုလုပ်ရေး အတွက် ၎င်းအစိုးရသစ်ကို စည်းရုံးဖို့ ကြိုးစားရန် အီးယူက မြန်မာ ခေါင်းဆောင်များထံ အဆင့်မြင့် မစ်ရှင် စေလွှတ်ဖွယ် ရှိမည်ဟု ဘရပ်ဆယ်မှ ဥရောပ သံတမန် တစ်ဦးက Time မဂ္ဂဇင်းသို့ ပြောကြားသည်။ မြန်မာ့ ရေးရာ မူဝါဒများနှင့် အကျွမ်းတဝင် ရှိကာ အမည် မဖော်လိုသော အဆိုပါ သံတမန်က "ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာဟာ လမ်းကြောင်းမှန် ပေါ်ရောက်လာတဲ့ ခြေလှမ်း တစ်လှမ်းလို့ အီးယူထဲက အများစုက ယုံကြည်ကြပါတယ်" ဟု Time သို့ ပြောကြားသည်။ "ဒိုင်ယာလော့ ပုံစံ တစ်မျိုးမျိုး ရှိလာတယ် ဆိုတာနဲ့ပဲ တစုံတရာ အသိအမှတ် ပြုရမှာပေါ့ဗျာ" ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ယင်းကဲ့သို့ တိတ်တဆိတ် ညှိနှိုင်း ဆွေးနွေးမှု နည်းလမ်းဖြင့် ခရီးဆက် နေချိန်တွင် မြန်မာ ဗိုလ်ချုပ်ကြီးများကမူ လာမည့်နှစ်များ အတွင်း နိုင်ငံ့ဘဏ္ဍာအဖြစ် စီးဝင်လာမည့် ဒေါ်လာ ဘီလျံများစွာကို လှမ်းမြင်နေရသောကြောင့် အလော သုံးဆယ် အာဏာ လွှဲပြောင်းလိုပုံ မရပါ။ မြန်မာ နိုင်ငံကို ကန့်လန့် ဖြတ်သန်းသွားမည့် ဓာတ်ငွေ့ ပိုက်လိုင်းကို အသာထား၍ ကိုရီးယား၊ တရုတ်နှင့် အိန္ဒိယ ကုမ္ပဏီများ ဒေါ်လာ ဘီလျံနှင့်ချီကာ ရင်းနှီး မြှုပ်နှံထားသော "ရွှေစီမံကိန်း" ဟု ခေါ်သည့် ကမ်းလွန် သဘာဝ ဓာတ်ငွေ့ သိုက်အသစ်မှ လာမည့်နှစ် ၃၀ အတွင်း မြန်မာ အစိုးရ အတွက် နှစ်စဉ် ဒေါ်လာ တစ်ဘီလျံခန့် ရှာဖွေ ပေးလိမ့်မည်ဟု မျှော်လင့်ထားကြသည်။ အဟောင်း ဖြစ်စေ၊ အသစ်ဖြစ်စေ အနောက်နိုင်ငံ အရေးယူ ပိတ်ဆို့မှု မှန်သမျှ ထိုအရာကို တားဆီးနိုင်မည် မဟုတ်ပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Nation သတင်းစာမှ Jan 7 2011 ရက်စွဲပါ Thailand Retains Position as world's top rice exporter in 2010 သတင်းကို ဘာသာ ပြန်ဆိုသည်။)

ထိုင်းနိုင်ငံသည် ၂၀၁၀ ခုနှစ်တွင် ခန့်မှန်းခြေ ဆန် မက်ထရစ် တန်ချိန် ၉.၀၃ သန်းခန့် တင်ပို့ကာ ဆယ်စုနှစ် တစ်စုကြာ ရယူထားသော ကမ္ဘာ့ ထိပ်ဆုံး ဆန်တင်ပို့သူ နေရာတွင် ဆက်လက် ရပ်တည်နေသည်ဟု ဆန်လုပ်ငန်း သတင်း ရပ်ကွက်က သောကြာနေ့တွင် ပြောကြားသည်။

ထိုင်းနိုင်ငံ၏ ယခင်နှစ် ဆန်တင်ပို့မှု ပမာဏသည် ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး နိုင်ငံအား ခန့်မှန်းခြေ ဒေါ်လာ ၅.၃ ဘီလျံခန့် ရှာဖွေ ပေးနိုင်ခဲ့သည်ဟု ဆန်တင်ပို့သူများ အသင်း ပြောရေး ဆိုခွင့် ရှိသူ ဗီဆန်နူးဆိုင်ကူးက ဆိုသည်။

နိုင်ငံတကာ ဆန်ရောင်းဝယ်ရေး နယ်ပယ်တွင် ထိုင်းနိုင်ငံ၏ အနီးကပ်ဆုံး ပြိုင်ဖက် ဖြစ်သော ဗီယက်နမ် နိုင်ငံကမူ ခန့်မှန်းခြေ ဆန်တန်ချိန် ၆.၉ သန်းခန့် မနှစ်က တင်ပို့ခဲ့သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံက ဆိုရှယ်လစ် စနစ်ကို ကျင့်သုံးကာ ကမ္ဘာ့ဆန်လောက၏ ယခင် ထိပ်ဆုံး နေရာ ဆုံးရှုံးသွားခဲ့သော ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် ထိုင်းနိုင်ငံက ကမ္ဘာ့ ဦးဆောင် ဆန်တင်ပို့သူ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၀၈ ခုနှစ်တွင် တန်ချိန် ၁၀ သန်း တင်ပို့ကာ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ၂၀၀၉ တွင်မူ တန်ချိန် ၈.၆ သန်း တင်ပို့နိုင်ခဲ့သည်။

၂၀၁၀ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ဆန်တင်ပို့မှု ဈေးကွက်မှာ အာဖရိက ဖြစ်၍ နိုင်ဂျီးရီးယား၊ အိုင်ဗရီကိုစ့်နှင့် တောင်အာဖရိကတို့က အများဆုံး ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။

"အာရှတိုက်မှာတော့ မနှစ်က ဗီယက်နမ်ကို ဈေးကွက် တချို့ ခွဲပေးလိုက်ရပါတယ်။ ကျွန်တော်တို့ရဲ့ ဈေးနှုန်းက မြင့်နေလို့ပါ" ဟု ဗီဆန်နူးက ဆိုသည်။ ထိုင်းနိုင်ငံသည် ၂၀၁၁ တွင် ဆန်တန်ချိန် ၉.၅ သန်း တင်ပို့ရန် ရည်မှန်းထားကာ ဝင်ငွေ ဒေါ်လာ ၅.၃ ဘီလျံမှ ၅.၆ ဘီလျံသို့ တိုးတက်လာမည်ဟု ကုန်သွယ်ရေး ဝန်ကြီး မွန်တီဗာနာကာဆိုင်က သောကြာနေ့တွင် ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Jan 7 2011 ရက်စွဲပါ The Nation သတင်းစာမှ Roadshow to Burma glated for January 18 ကို ဘာသာ ပြန်ဆိုသည်။)

ထိုင်းနိုင်ငံ ကန်ချနာဘူရီ ပြည်နယ်နှင့် ဘေးချင်း ကပ်ရက်တွင် ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရန် အဆိုပြုထားသည့် နေရာ ဖြစ်သော ထားဝယ်တွင် သံမဏိ စီမံကိန်းကြီး တစ်ခု ထူထောင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် အတွက် ထိုင်းစက်မှု ဝန်ကြီး ချိုင်ဝူတီဘန်နာဝမ်သည် ထိုင်းကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ ယခုလကုန် သွားရောက်မည် ဖြစ်သည်။

ချိုင်ဝူတီသည် နေပြည်တော်သို့ သွားရောက်မည် ဖြစ်ပြီး စက်မှု ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍကို ကြီးကြပ်သူ မြန်မာ ဝန်ကြီးနှင့် တွေ့ဆုံမည်ဟု ဆိုသည်။ ၎င်းနှင့် လိုက်ပါ သွားမည့် ထိုင်း ရင်းနှီး မြှုပ်နှံသူများကမူ ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုံ တည်ဆောက်ရန် စီစဉ်ထားသည့် ထားဝယ်သို့ သွားရောက်ကြမည် ဖြစ်သည်။

အဆိုပါ သံမဏိ စီမံကိန်း ကဲ့သို့သော စက်မှုလုပ်ငန်း အချို့ကို မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းနိုင်မည့် အလားအလာ ရှိပြီး နှစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် ပူးတွဲ ရင်းနှီး မြှုပ်နှံမှု အစီအစဉ် အဖြစ် ဆောင်ရွက်မည်ဟု ချိုင်ဝူတီက ပြောကြားသည်။

"ရေနက် ဆိပ်ကမ်း နယ်မြေနဲ့ ကြီးမားတဲ့ စက်မှုဇုန် နယ်မြေမှာ ဘယ်လို ရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်းတွေကို ရှာနိုင်မလဲ ဆိုတာကို ကျွန်တော်တို့ မြင်ရတော့မှာပါ။ အာဆီယံ စီးပွားရေး အသိုင်း အဝိုင်း သက်ဝင် လှုပ်ရှားလာတဲ့ အချိန်မှာ အာဆီယံဟာ တစ်မိုးထဲ အောက်ကို ရောက်သွားမှာ ဖြစ်ပြီး၊ ထိုင်းနိုင်ငံဟာ ရင်းနှီး မြှုပ်နှံမှု ဗဟို အချက်အချာ ဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ ရှုမြင်ထားပါတယ်" ဟု ၎င်းက ဆိုသည်။

ရင်းနှီး မြှုပ်နှံမှု ဘုတ်အဖွဲ့၏ ပင်လယ်ရပ်ခြား တာဝန်ခံများနှင့် ယခု တစ်ပတ်တွင် တွေ့ဆုံ စည်းဝေးခဲ့သော ချိုင်ဝူတီက "ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ BOI ၏ ကိုယ်စားလှယ် အဖွဲ့သစ်သည် ထိုင်းနိုင်ငံ၏ ပြည်ပတွင် ရင်းနှီး မြှုပ်နှံမှုများနှင့် ပြည်ပမှ ထိုင်းနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုများကို မြှင့်တင် အားပေးရန် ဖြစ်သည်" ဟု ပြောကြားသည်။ ထိုင်းနိုင်ငံက ပစ်မှတ်ထားသော ပြည်ပ ရင်းနှီး မြှုပ်နှံသူများမှာ အမေရိကန် ပြည်ထောင်စု ဥရောပနှင့် ဂျပန် နိုင်ငံများမှ ဖြစ်ပြီး၊ တရုတ်နှင့် အိန္ဒိယကဲ့သို့ ပစ်မှတ်သစ် များထံမှလည်း မျှော်လင့်ထားသည်။

ယခုနှစ်တွင် ပြည်ပမှ လာရောက် မြှုပ်နှံမှု ဘတ်ငွေ ဘီလျံ ၄၀၀ အတွက် အထူး အခွင့် အရေးများ ပေးရန် လျှောက်လွှာများကို လက်ခံ ရရှိမည်ဟု ရင်းနှီး မြှုပ်နှံမှု ဘုတ်အဖွဲ့က မျှော်လင့်ထားသည်။ ၂၀၁၀ တွင် လက်ခံ ရရှိသော ရင်းနှီး မြှုပ်နှံမှု ဘတ်ငွေ ၄၄၇ ဘီလျံမှာ BOI ၏ မျှော်မှန်းချက် ဘတ်ငွေ ၅၀၀ ဘီလျံအောက် အနည်းငယ် လျော့နည်းခဲ့သည်။

ယင်းသို့ ကိန်းဂဏန်း ကျသွားသော်လည်း ထိုင်းနိုင်ငံသည် ယခင်နှစ်က ရင်းနှီး မြှုပ်နှံမှု၊ ချဲ့ထွင်နိုင်မှု အဆင့် သတ်မှတ်ချက် ဇယားတွင် ကမ္ဘာ့ အဆင့် ၁၅ ရှိခဲ့ပြီး အာရှ၌ တရုတ်၊ အိန္ဒိယ၊ ဟောင်ကောင်၊ စင်္ကာပူတို့၏ နောက်တွင် အဆင့် ၅ နေရာ၌ ရပ်တည်နိုင်ခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆွဲဆောင်ရာတွင် ထိုင်းနိုင်ငံ၏ အားသာချက် အချို့ကို ဥပမာပြရလျှင် ပထဝီ အနေအထား အခြေခံ အဆောက်အဦးနှင့် နွေးထွေးပျူငှာမှု တို့ဖြစ်သည်ဟု ချိုင်ဝူတီက ပြောကြားသည်။

သို့သော်လည်း တိုင်းပြည် ဆက်လက် ကြီးပွား တိုးတက်စေရန် အတွက် ထိုင်းနိုင်ငံသည် ကဏ္ဍများစွာတွင် တိုးတက်ရန် လိုအပ်နေပြီး အထူးသဖြင့် 3G ကိစ္စကဲ့သို့ ပဋိပက္ခများကို ရှောင်ရှားရန် အတွက် တိုင်းပြည်၏ နိုင်ငံရေး အခြေအနေနှင့် စည်းကမ်း ထိန်းသိမ်းမှု လုပ်ငန်းဘောင်တွင် တိုးတက်ရန် လိုအပ်သည်ဟု ၎င်းက ပြောဆိုသည်။

BOI တာဝန်ရှိသူများကိုလည်း နိုင်ငံခြားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနများနှင့် နီးနီးကပ်ကပ် လက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။ ၎င်းတို့သည် သဘာဝ ပတ်ဝန်းကျင် အကျိုးပြုသည့် ရာဘာ တန်ဖိုး မြှင့်ခြင်း ကဲ့သို့သော တန်ဖိုး ကွင်းဆက် ရင်းနှီး မြှုပ်နှံမှုများ အတွက် အထူး အခွင့်အရေးများ ပေးမည် ဖြစ်ကြောင်း ကမ်းလှမ်း ကြရမည်ဟု ဝန်ကြီး ချိုင်ဝူတီက ပြောကြားသည်။

ထိုင်းနိုင်ငံ၏ BOI သည် အိန္ဒိယမှ စီးထွက်လာမည့် အိန္ဒိယသို့ စီးဝင်လာမည့် ရင်းနှီး မြှုပ်နှံမှုများကို လွယ်ကူ ချောမွေ့စေရန် အတွက် မွန်ဘိုင်းတွင်လည်း ရုံးသစ် ဖွင့်လှစ်ရန် စီစဉ်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(6 Jan 2011 ရက်စွဲပါ DVB News မှ Burma's Opposition sets up Legal networks to help activist သတင်းကို ဘာသာပြန်ဆိုသည်။)

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥပဒေကြောင်းအရ ကူညီ စောင့်ရှောက်ရေး ဗဟိုအဖွဲ့ (CLAT) သည် အထိန်းသိမ်းခံ အစိုးရ ဆန့်ကျင်သူများ၊ ဒီမိုကရေစီ လှုပ်ရှားသူများကို တရားဝင် ဥပဒေကြောင်းအရ အကူအညီ ပေးရန် ကြိုးပမ်းသည့် အနေဖြင့် မြန်မာနိုင်ငံ ဒေသ အနှံ့ အပြားတွင် ရှေ့နေ ကွန်ယက်များကို ဖွဲ့စည်းရန် ပြင်ဆင်လျက် ရှိသည်။

CLAT အဖွဲ့ဝင်များ ဖြစ်သည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန် တို့သည် ရှေ့နေ ကွန်ယက် ဖွဲ့စည်းမည့် အစီအစဉ်ကို ဆွေးနွေးရန် အတွက် ဒေသခံ ရှေ့နေများနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးနှင့် မုံရွာသို့ ခရီးထွက်ခွာ သွားကြသည်။

"ဒေသခံ ရှေ့နေ အုပ်စုများ အနေနဲ့ သူတို့ ဒေသမှာ ဖြစ်ပွားတဲ့ နိုင်ငံရေး အမှုအခင်း ကိစ္စတွေမှာ ညှင်းပန်း နှိပ်စက်ခံ ရသူတွေကို ဘယ်လို အကူအညီ ပေးနိုင်မလဲ ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်" ဟု ဦးအောင်သိန်းက ပြောကြားသည်။

"ဒီရှေ့နေ ကွန်ယက်ဟာ NLD ပါတီဝင် ဖြစ်ခြင်းနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ အမှုအခင်းနဲ့ ပတ်သက် နေသူတွေကို ကူညီပေးဖို့နဲ့ တရားရုံး ကိစ္စတွေမှာ လိုက်ပါ ဆောင်ရွက်ဖို့သာ ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

"ပိုပြီး အရေးကြီးတာ ကတော့ ကျွန်တော်တို့ နိုင်ငံမှာ ကလေး စစ်သား စုဆောင်းမှုနဲ့ လယ်မြေ သိမ်းဆည်းမှု ပြဿနာတွေ ရှိနေတာပါ။ ဒီအမှုတွေကို လိုက်ပါ ဆောင်ရွက်တဲ့ ရှေ့နေတွေက ဘယ်ကနေ အကူအညီ ရမယ်ဆိုတာ မသိကြတာ များပါတယ်။ ကျွန်တော်တို့က သူတို့အတွက် စေတနာ့ ဝန်ထမ်းအဖြစ် ဆောင်ရွက်ကြမှာပါ" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လတ်တလောတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာသော်လည်း မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်များတွင် ထိန်းသိမ်း ခံနေရသော နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော် ရှိနေ သေးသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Asian Tribune သတင်းစာမှ Jan 6, 2011 ရက်စွဲပါ Political Prisoners expected to be freed before parliment သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာနိုင်ငံမှ အာဏာရ တပ်မတော် အစိုးရက လွှတ်တော်သစ် ပထမဆုံးအကြိမ် မခေါ်ယူမှီ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးမည်ဟု မျှော်လင့်ရသည့် နောက်ဆုံး သတင်းများ ထွက်ပေါ်လာကြောင်း နေပြည်တော် သတင်းရပ်ကွက် အဆိုအရ သိရှိရသည်။

"နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးမှာပါလို့ အစိုးရဘက်က ပြောပါတယ်။ ဒါပေမယ့် အချိန်နဲ့ အသေးစိတ် အချက်အလက် တွေကိုတော့ မသိရပါဘူး။ လွှတ်တော် မစခင် (သို့) စတဲ့ အချိန်မှာ လွှတ်ပေးဖို့ အလားအလာ ရှိပါတယ်" ဟု အစိုးရနှင့် နီးစပ်သော သတင်း ရပ်ကွက်က ဆိုသည်။

မြန်မာ နိုင်ငံ၏ လွှတ်တော်သစ် ဖွင့်လှစ်ခြင်းကို ဇန်နဝါရီ လကုန်ပိုင်းတွင် ပြုလုပ်မည်ဟု မျှော်လင့် ရကြောင်း ဧရာဝတီ သတင်း ဌာနက အစောပိုင်းတွင် သတင်း ဖော်ပြထားသည်။

တချိန်တည်းတွင် ဒီမိုကရေစီ လိုလားသော ပြည်တွင်း အဖွဲ့အစည်း ၁၁ ခုက ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကို လွှတ်ပေးရန် တပ်မတော် အစိုးရကို တနင်္လာနေ့က တိုက်တွန်းခဲ့ကြသည်။

ထိုင်းနိုင်ငံ အခြေစိုက် Assistance Association for Political Prisoners-Burma ၏ အဆိုအရ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂၂၀၃ ဦး ရှိကြောင်း သိရှိရသည်။

ယခင်နှစ် စက်တင်ဘာလက အကျဉ်းသား စုစုပေါင်း ၇၁၁၄ ဦးကို လွှတ်ပေးခဲ့ရာတွင် ၎င်းတို့ အနက်မှ ၂၀၀ ကျော်မှာ နိုင်ငံရေး အကျဉ်းသားများ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.