Transparency Myanmar

transparency.myanmar@gmail.com

(Spero News တွင် 2011 ဇန်နဝါရီ 18 ရက်စွဲပါ Asia News ၏ Myanmar:NLD : keep only 'targeted' sanctions against the Burmese military  regime ကို ဘာသာ ပြန်သည်)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ခေါင်းဆောင်များသည် မြန်မာနိုင်ငံ စစ်အစိုးရကို ရည်ရွယ်၍ ချမှတ်သော အရေးယူမှု (Sanctions) များ ဆက်လက် ရှိနေရေးကို ထောက်ခံကြောင်း သို့သော် ပြည်သူ အများစုကို ထိခိုက်သော ကုန်သွယ်ရေး အပေါ် အထွေထွေ ကန့်သတ်မှု များကိုမူ ပြန်လည် ချမှတ်ရန် မသင့်ကြောင်း ဆိုသည်။ မကြာသေးမီ ရက်များ အတွင်းက အာဆီယံ အစည်းအဝေးမှ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အရေးယူမှုများ ရုတ်သိမ်းရန် သို့မဟုတ် ဖြေလျော့ပေးရန် အဆိုပြုမှု ထွက်ပေါ်လာပြီးနောက် အထက်ပါ NLD ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရန်ကုန်ရှိ Asia News သတင်း အရင်းအမြစ်က ပြည်သူများ ဆင်းရဲမှု ပိုမို ဖြစ်စေရန် အားပေးသော အမေရိကန်နှင့် အီးယူ၏ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော မူဝါဒများကို ပြန်လည် သုံးသပ်ရန် အချိန်တန်ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

NLD ၏ အဓိက ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားရာတွင် NLD ပါတီသည် စစ်အစိုးရ ခေါင်းဆောင်ပိုင်းနှင့် ၎င်းတို့၏ မဟာမိတ်များအပေါ် ရည်ရွယ်၍ ချမှတ်ထားသော အရေးယူမှုများကို  အမြဲတစေ လုံးဝ ထောက်ခံကြောင်း၊ ဆက်လက်၍လည်း ထောက်ခံသွားမည် ဖြစ်ကြောင်း ဆိုသည်။ ကုန်သွယ်ရေးနှင့် ပတ်သက်၍ ကန့်သတ်မှုများသည် ပြည်သူများအပေါ် ထိခိုက်မှု ရှိမရှိ ပြန်လည် သုံးသပ်သွားမည် ဖြစ်ကြောင်း  ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ အမေရိကန်နှင့် အီးယူတို့မှ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အရေးယူမှုများနှင့် ပတ်သက်၍ ငြင်းခုန်မှုများသည် မကြာသေးမီက ရွေးကောက်ပွဲတွင် အရွေးခံရသော ရှမ်းအမျိုးသား ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင်အမျိုးသား တိုးတက်ရေး ပါတီ၊ ချင်းအမျိုးသား ပါတီနှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီတို့က အရေးယူမှုများ ဖယ်ရှားရန် တောင်းဆိုခဲ့ခြင်း အပြီးတွင် ပြန်လည် အသံ ထွက်လာခဲ့သည်။ ပါလီမန် အမတ် နေရာ ၁၀၀၀ ကျော် ရှိသည့် အနက် ၁၂၆ နေရာ အနိုင် ရရှိသော တိုင်းရင်းသား အမတ်များ၏ တောင်းဆိုမှုကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက လက်ခံခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ခြင်း စသော ဖြစ်ပေါ် တိုးတက်မှုများကြောင့် အရေးယူမှု မူဝါဒများ ဖယ်ရှားရန် သို့မဟုတ် ဖြေလျော့ပေးရန် တောင်းဆိုခဲ့သည်။

သို့သော် အမေရိကန်၏ ရပ်တည်မှုမှာ မပြောင်းမလဲ ရှိနေဆဲ ဖြစ်သည်။ အိုဘားမား အစိုးရသည် စစ်အစိုးရကို ဆက်ဆံရေး ပြုလုပ်ခဲ့သော်လည်း အရေးယူမှုများသည် အမေရိကန် မူဝါဒ၏ အဓိက အစိတ်အပိုင်းများ ဖြစ်နေဆဲ ဖြစ်သည်။ ဝါရှင်တန်ရှိ သံတမန် သတင်းများအရ အမေရိကန်သည် ၂၂၀၀ ခန့် ရှိသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသား အုပ်စုများအား တိုက်ခိုက်ခြင်းများ ရပ်ဆိုင်းခြင်းနှင့် အတိုက်အခံနှင့် မှန်ကန်သော တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်မှသာ အရေးယူမှုများ ပယ်ဖျက်ရန် စဉ်းစားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

ရန်ကုန်ရှိ Asia News သတင်း အရင်းအမြစ်များကမူ ယခုနှစ်များ အတွင်း အရေးယူမှုများသည် ပြည်သူ လူထုကိုသာ အဓိက ထိခိုက်ကြောင်း ရှင်းပြခဲ့သည်။ မြန်မာ အစိုးရကမူ အနောက် နိုင်ငံများ၏ အရေးယူမှုများကို ထောက်ခံခြင်း မရှိသည့် တရုတ်၊ အိန္ဒိယ တို့ကဲ့သို့သော နိုင်ငံများနှင့် ဆက်လက်၍ ကူးသန်း ရောင်းဝယ်ရေးများ ပြုလုပ်လျက် ရှိသည်။ ခေါင်းဆောင်များမှာ တစ်စထက် တစ်စ ချမ်းသာ လာလျက် ရှိသော်လည်း ပြည်သူများမှာမူ ဆင်းရဲသည်ထက် ဆင်းရဲလျက် ရှိသည်။

မြန်မာ ပြည်သူများမှာ နှစ်ဖက်ကြားတွင် ညှပ်လျက် ရှိသည်။ တစ်ဖက်က တဖြည်းဖြည်း အင်အား ကြီးမားလာသော စစ်အစိုးရနှင့် အခြားတစ်ဖက်က အနောက် နိုင်ငံများက ချမှတ်ထားသော အရေးယူမှု များကြောင့် ဒုက္ခ ရောက်ရသော နေ့စဉ်ဘဝများ ကြားတွင် ဒုက္ခ ပင်လယ် ဝေလျက် ရှိသည်။ မကြာသေးမီ ရက်သတ္တပတ်များ အတွင်းက ထကြွမှု အနည်းငယ် ရှိခဲ့ရာ  မြန်မာ့ နိုင်ငံရေး၏ အဓိက ဇာတ်ကောင်များ ဖြစ်သော ကျောင်းသားများ၊ ပညာရှင်များနှင့် ဘုန်းတော်ကြီးများ မဟုတ်ပဲ သာမန် အလုပ်သမားများ ဖြစ်ကြသည်။ မြောက်ပိုင်း ကချင်ပြည်နယ်တွင် တရုတ်နှင့် နယ်စပ်တွင် လူအများစုသည် အလုပ် လုပ်ကိုင်ရသော အခြေအနေနှင့် ပတ်သက်၍ ဆန္ဒပြမှုများ ဆက်တိုက် ရှိခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(VOA News မှ 18 Jan  2011 ရက်စွဲပါ "ILO Wellcomes Burma's Proposed New Labor Laws" သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံတွင် အလုပ်သမား သမဂ္ဂများကို ကြီးမားစွာ လွတ်လပ်ခွင့် ပြုမည့် အဆိုပြု ဥပဒေများကြောင့် အားတက် သရော ဖြစ်ရသော်လည်း တပ်မတော်နှင့် အရပ်ဖက် ကဏ္ဍတွင် ကလေးသူငယ် အလုပ်သမားများ အသုံးပြုနေခြင်းနှင့် ပတ်သက်၍ စိုးရိမ် ပူပန်နေရဆဲ ဖြစ်သည်ဟု နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ILO) က ပြောကြားသည်။

ဆန္ဒပြခွင့် ရှိသော တရားဝင် အလုပ်သမား သမဂ္ဂများကို ခွင့်ပြုမည့် ဥပဒေကို တပ်မတော် အစိုးရက စီစဉ် ပြင်ဆင်လျက် ရှိပြီး ယင်းဆောင်ရွက်ချက်သည် စီးပွားရေး ပြုပြင် ပြောင်းလဲမှု လက္ခဏာများ၏ နောက်ထပ် အဆင့် တစ်ခု ဖြစ်သည်ဟု မြန်မာနိုင်ငံမှ ILO ကိုယ်စားလှယ် Steve Marshall က သတင်းထောက်များအား အင်္ဂါနေ့တွင် ပြောကြားသည်။

ပြီးခဲ့သော နိုဝင်ဘာလက ရွေးချယ် တင်မြှောက်ခဲ့ပြီး ဇန်နဝါရီ လကုန်ပိုင်းတွင် ပထမဆုံး အကြိမ် စည်းဝေးမည့် လွှတ်တော်သစ် မစတင်မှီ ယခု ဥပဒေကို ထုတ်ပြန်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ ယခု ဥပဒေသည် မြန်မာနိုင်ငံ၏ အလုပ်သမား အခွင့်အရေး ကိစ္စတွင် အဓိက အဆင့် တစ်ခုကို ဆောင်ရွက် နိုင်ခြင်း ဖြစ်သည်ဟု Marshall ကပြောကြားသည်။

"သိသာ ထင်ရှားတဲ့ အချက် ကတော့ အလုပ်သမားတွေနဲ့ ပြည်သူတွေကို ထိထိ ရောက်ရောက် ကိုယ်စားပြုတဲ့ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့် ရမယ့် အချက်ပါ။ ကိုယ်စားပြုမယ့် ကိစ္စတွေကတော့ ဥပမာ ပြောရရင် စုပေါင်း တောင်းဆိုမှုပေါ့၊ ဆန္ဒပြခွင့် ကိစ္စတွေလည်း ပါမှာပါ၊ ဒါဟာ သိပ်ကို အရေးကြီးပါတယ်၊ တကယ်လို့ ဥပဒေ အဖြစ် ထွက်ပေါ်လာပြီ ဆိုရင် လူ့အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက် နိုင်မယ့် လမ်းကြောင်းပေါ်မှာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခု ပြုလုပ်နိုင်တယ်လို့ ဆိုရမှာပါ" ဟု Marshall က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံမှ တပ်မတော် အစိုးရသည် ILO စံချိန်ညွှန်း သတ်မှတ်ချက် ဖြစ်သည့် နိုင်ငံတကာ အသိအမှတ်ပြု Freedom of Association Covention စာချုပ်ကိုလည်း လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်ဟု သိရှိရသည်။

သို့ရာတွင် Marshall က အထက်ပါ ဥပဒေ ပေါ်ထွက်လာမှုသည် မြန်မာ နိုင်ငံ၏ တိုးတက်သော အလုပ်သမား ဈေးကွက်ကို ဦးတည်သည့် ခြေလှမ်း တစ်ခု ဖြစ်သော်လည်း အလုံးစုံ ပြုပြင် ပြောင်းလဲရေး အစီအစဉ်မှား ကနဦး အစသာ ရှိသေးသည်ဟု ပြောကြားခဲ့သည်။

သမဂ္ဂများနှင့် သင်းပင်း အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ စီးပွားရေးနှင့် နိုင်ငံရေး နယ်ပယ်၏ သွင်ပြင် လက္ခဏာ ဖြစ်နေသောကြောင့် ၎င်းတို့အား တပ်မတော်က တင်းကြပ်စွာ ထိန်းချုပ် ထားသည်ဟု လူ့အခွင့်အရေး အုပ်စုများက ဆိုသည်။

အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်များမှာ တပ်မတော်က ခွင့်မပြုသော လှုပ်ရှားမှုများ ပြုလုပ်ခြင်းကြောင့် ထောက်ဒဏ် အပြစ်ပေးခြင်း ခံကြရသည်။ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသား အဖွဲ့ ဖြစ်သည့် AAPP(Burma)က ပြောကြားရာတွင် လက်ရှိ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်အနက် ၄၄ ဦးမှာ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများ ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ILO ၏ အကြီးမားဆုံး ရည်မှန်းချက်မှာ အဓမ္မ ခိုင်းစေမှု အဆုံးသတ်ရေး  ဖြစ်ပြီး အဆိုပါ ကိစ္စကို တပ်မတော် အစိုးရနှင့် သဘော တူညီမှု ရရှိထားကာ ILO ဌာနေ အရာရှိများထံ တိုင်ကြားခွင့် ပြုထားသည်ဟု သိရှိရသည်။ ILO သည် ပြီးခဲ့သော နှစ်က တိုင်ကြားစာ ၃၇၀ လက်ခံ ရရှိခဲ့ပြီး လတ်တလော နှစ်များ အတွင်း သိသာစွာ များပြားလာခြင်းဖြစ်သည်ဟု ဆိုသည်။

ဆက်လက်၍ Marshall က ကလေး သူငယ် အလုပ်သမား ကိစ္စနှင့် မြန်မာနိုင်ငံမှ လက်နက်ကိုင် တပ်ဖွဲ့များတွင် ကလေးစစ်သား စုဆောင်းခြင်း ကိစ္စများနှင့် ပတ်သက်၍ ILO အနေဖြင့် စိုးရိမ် ပူပန်နေရဆဲ ဖြစ်သည်ဟု ပြောကြားသည်။ ယင်းကိစ္စကို လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆွေးနွေးရာတွင် တိုးတက်မှု လက္ခဏာများ ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

"ကလေး စစ်သား စုဆောင်းတဲ့ ကိစ္စမှာဆိုရင် ယေဘုယျအားဖြင့် အပေါင်း လက္ခဏာ ဖက်ကို ရောက်လာပါတယ်။ ဥပမာ မနှစ်က ILO ကို တိုင်ကြားခဲ့တဲ့ ကလေး ၇၃ ယောက်ကို စစ်တပ်က ထုတ်ပယ်ပြီး ပြန်လွှတ်ပေးခဲ့တာကို တွေ့ရပါတယ်" ဟု Marshall က ပြောကြားသည်။

တပ်မတော် အစိုးရက ၂၀၁၂တွင် စတင် အကျုံးဝင်မည့် အမျိုးသားရော၊ အမျိုးသမီးများပါ စစ်မှု ထမ်းရမည့် အစီအစဉ်ကို လတ်တလော ကြေညာခဲ့သည်။

တပ်သားသစ် စုဆောင်းမှုနှင့် တပ်ပြေး ပြဿနာများဖြင့် ရင်ဆိုင်နေရသော မြန်မာ့ တပ်မတော်သည် ပွဲစားများ အသုံးပြုကာ အရွယ် မရောက်သေးသော ကလေး သူငယ်များကို စုဆောင်းရန် ကြိုးစားလာခဲ့သည်။ ယခု အဆိုပြုထားသော နိုင်ငံတော်စစ်မှုထမ်း ဥပဒေသည် ကလေးစစ်သား စုဆောင်းမှုအပေါ် တိုက်ရိုက် အကျိုး သက်ရောက်မှု ရှိလာမည်ဟု မျှော်လင့်ကြောင်း Marshall က ပြောကြားသည်။

ဆင်းရဲ မွဲတေမှုကြောင့် မိဘများက ကလေးများအား ပညာသင်ပေးရန် မတတ်နိုင်သည့် အချိန်တွင် ကလေးများ အလုပ်လုပ်ရန် သိမ်းသွင်း ဖြားယောင်း ခံကြရခြင်း ဖြစ်သည်ဟု Marshall က ဆက်လက် ပြောဆိုသည်။

သို့သော်လည်း အဓမ္မ ခိုင်းစေမည့် ကိစ္စမှာ မြန်မာနိုင်ငံ တဝှမ်းတွင် အဓိက ပြဿနာ တစ်ရပ် ဖြစ်နေဆဲဟု သိရှိရပြီး တောနယ် ကျေးရွာများတွင် ရွာသားများအား လမ်းဖောက်ခိုင်းခြင်း၊ တပ်မတော် အတွက် အခြား အလုပ်များ ခိုင်းစေခြင်းနှင့် ထောင်သားများကို ဒေသခံ လုပ်ငန်းများတွင် အသုံးပြုခြင်း စသော ကိစ္စများကို လူ့အခွင့်အရေး အုပ်စုများက ရည်ညွှန်း ကိုးကား အစီရင်ခံ တင်ပြထားကြသည်။

မြန်မာ နိုင်ငံ၏ အလုပ်သမား ရေးရာ ဆောင်ရွက်မှုများကို ထပ်မံ အကဲ ဖြတ်မှုကို ဖေဖော်ဝါရီလတွင် ပြုလုပ်မည်ဟု မျှော်လင့်ရပြီး အလုပ်သမား ရေးရာ ကျွမ်းကျင်သူများ ပါဝင်သည့် ILO မစ်ရှင်က မြန်မာ နိုင်ငံမှ ပြုပြင် ပြောင်းလဲမှုနှင့် အလုပ်သမား ဥပဒေသစ်ကို လာရောက် အကဲဖြတ်မည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Reuters သတင်းဌာနမှ 18 Jan 2011 ရက်စွဲပါ S.E Asians immigrands face most discrimination in Korea သတင်းကို ဘာသာ ပြန်ဆိုသည်)

တောင်ကိုရီးယားတွင် နေထိုင်သော အရှေ့တောင် အာရှ နိုင်ငံသား ၄ ဦးလျှင် ၁ ဦးမှာ ခွဲခြား ဆက်ဆံမှုနှင့် ရင်ဆိုင် နေရပြီး OECD တိုင်းပြည်များမှ နိုင်ငံခြားသားများ၏ အလားတူ ကိန်းဂဏန်းထက် ၃ ဆကျော် ပို၍ များပြားသည်ဟု အင်္ဂါနေ့တွင် ထုတ်ပြန်သော သဘောထား စစ်တမ်း တစ်ရပ်အရ သိရှိရသည်။

Seoul Development Institute (SDI) က ဆိုးလ်မြို့တော်တွင် နေထိုင်သော ပြည်ပ နိုင်ငံသား ၃၃၃ ဦးထံမှ သဘောထား ကောက်ယူခဲ့သော စစ်တမ်းအရ အရှေ့တောင် အာရှ နိုင်ငံများမှ ရွှေ့ပြောင်း နေထိုင်သူများ၏ ၂၅.၉ ရာခိုင်နှုန်းသည် ခွဲခြား ဆက်ဆံခံရမှုနှင့် ရင်ဆိုင် နေကြရပြီး၊ အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ဥရောပ နိုင်ငံများ အပါအဝင် OECD တိုင်းပြည်များမှ ရွှေ့ပြောင်း နေထိုင်သူများ အနက် အလားတူ ခွဲခြား ဆက်ဆံခံရသူ ၈.၂ ရာခိုင်နှုန်း ရှိသည်ဟု နှိုင်းယှဉ် သိရှိရသည်။

တရုတ်၊ ထိုင်ဝမ် စသော အရှေ့မြောက် အာရှ နိုင်ငံများမှ လာရောက် နေထိုင်သူများ ၂၀ ရာခိုင်နှုန်း မှာလည်း အလားတူ ခွဲခြား ဆက်ဆံခြင်း ခံကြရသည်ဟု အဆိုပါ စစ်တမ်းက ဆိုသည်။

သဘောထား အဖြေပေးသူ စုစုပေါင်း အနက် ၃၂.၇ ရာခိုင်နှုန်းက အလုပ်အကိုင် ရှာဖွေရာတွင် လည်းကောင်း၊ ၇.၂ ရာခိုင်နှုန်းက ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းများကို အသုံးပြုရာတွင် လည်းကောင်း၊ ၆.၉ ရာခိုင်နှုန်းက နေစရာအိမ် ရှာဖွေရာတွက် လည်းကောင်း ခွဲခြား ဆက်ဆံခြင်း ခံကြရသည်ဟု အဖြေပေးကြသည်။

OECD တိုင်းပြည်များမှ လာရောက် နေထိုင်သူများက ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ အသုံးပြုရာတွင် ခွဲခြား ဆက်ဆံခြင်းကို အများဆုံး ကြုံတွေ့ရသည့် အချိန်တွင် အရှေ့တောင် အာရှ နိုင်ငံသားများက နေအိမ် ရှာဖွေရာတွင် လည်းကောင်း၊ အရှေ့မြောက် အာရှနိုင်ငံသားများက ဆေးဝါး ကုသမှု ကဏ္ဍတွင် လည်းကောင်း အခက်အခဲများနှင့် ရင်ဆိုင်ကြရသည်ဟု လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၎င်းတို့အား ဆိုးလ်မြို့ အပေါ် သံယောဇဉ် ရှိပါသလားဟု မေးမြန်းရာ ၂၉.၇ ရာခိုင်နှုန်းက အတန်ငယ် သဘောတူကာ ၂၁.၉ ရာခိုင်နှုန်းက သဘော တူလိုဟန် မပြဘဲ၊ ၁၃.၈ ရာခိုင်နှုန်းက လုံးဝ သဘော မတူဟုလည်း ဖော်ပြထားသည်။

ကမ္ဘာတစ်လွှား နိုင်ငံပေါင်း ၁၆၆ နိုင်ငံမှ အမိ နိုင်ငံမှ အဝေးရောက် နိုင်ငံသား ၂၅၀၀၀၀ ကျော်ခန့် ဆိုးလ် မြို့တော်တွင် နေထိုင်လျက် ရှိကြရာတွင် တရုတ်နွယ်ဖွား ၆၆.၈ ရာခိုင်နှုန်း၊ တရုတ်လူမျိုး ၁၀.၃ ရာခိုင်နှုန်းနှင့် အမေရိကန် ၅.၃ ရာခိုင်နှုန်းတို့ ပါဝင်ကြသည်ဟု တရားရေး ဝန်ကြီးဌာန၏ ၂၀၀၉ ခုနှစ် ကိန်းဂဏန်း များအရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(19 ဇန်နဝါရီ 2011 ရက်စွဲပါ Reuters သတင်းဌာန၏ U.S, Chinese Companies to meet with Hu and Obama ဆောင်းပါးကို ဘာသာ ပြန်သည်)

အမေရိကန် ပြည်ထောင်စု သမ္မတ Barack Obama က ဗုဒ္ဓဟူးနေ့တွင် ကြီးမှူးကျင်းပမည့် တရုတ်သမ္မတ ဟူကျင့်တောင်နှင့် ဆွေးနွေးပွဲတွင် တက်ရောက်မည့် စီးပွားရေး ဦးဆောင်များတွင် General Electric ၊ Micorsoft ၊ Goldman Sachs၊ Coca-Cola၊ Boeing၊ Intel and Carlyle အုပ်စုများမှ အမှုဆောင်များ တက်ရောက် လိမ့်မည် ဖြစ်ကြောင်း အိမ်ဖြူတော်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

Obama သည် အဆိုပါ အစည်းအဝေးတွင် တရုတ် နိုင်ငံသို့ အမေရိကန်မှ ပို့ကုန်များ တိုးတက်လာရေး၏ အရေးကြီးပုံနှင့် အမေရိကန် အလုပ်အကိုင် သန်းပေါင်း များစွာ ရရှိရေး  အထောက်အကူ ပြုမည့် အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာရေး များကို မီးမောင်း ထိုးပြလိမ့်မည်ဟု အိမ်ဖြူတော်မှ ဆိုသည်။

အမေရိကန် စီးပွားရေး ဦးဆောင်များ အနက်မှ တက်ရောက်ကြမည်ဟု မျှော်လင့်ရသူများမှာ

_                    Microsoft Corp မှ အမှုဆောင် အရာရှိချုပ်  Steve Ballmer

_                    Goldman Sach မှ အမှုဆောင်အရာရှိချုပ် Lloyd Blankfein

_                    Motorola မှ တွဲဖက် အမှုဆောင်အရာရှိချုပ် Greg Brown

_                    General Electric မှ အမှုဆောင်အရာရှိချုပ် Jeff Immelt

_                    Coca-Cola မှအမှုဆောင် အရာရှိချုပ် Muhtar Kent

_                    Boeing မှ အမှုဆောင်အရာရှိချုပ် Jim Mc Nerney

_                    Carlyle Group မှ မန်နေဂျင်းဒါရိုက်တာ David Rubenstein တို့ဖြစ်ကြသည်။

တရုတ်နိုင်ငံ စီးပွားရေး ခေါင်းဆောင်များ အနက်မှ တက်ရောက်ကြမည့် အမေရိကန်တွင် ရင်းနှီး မြှုပ်နှံထားသော ကုမ္ပဏီများ အနက်မှ

_        Lenovo တည်ထောင်သူ Liu Chuanzhi

_        China Investment Corp ဥက္ကဋ္ဌ Lou Jiwei

_        Wanxiang Group တည်ထောင်သူ Lu Guanqiu

_        Haier မှ အမှုဆောင်အရာရှိချုပ် Zhang Ruimin တို့ ပါဝင်ကြမည်ဖြစ်သည်။

အမည် မဖော်လိုသူ အမေရိကန် စက်မှုလုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားရာတွင် အိမ်ဖြူတော်သည် ကုမ္ပဏီအချို့ ပါဝင်သော တရုတ်နှင့် စီးပွားရေး သဘော တူညီချက် အချို့ ကြေညာလိမ့်မည်ဟု ၎င်းက ထင်ကြောင်း ပြောကြားခဲ့သည်။

"မေးစရာ မေးခွန်းကြီး တစ်ခုကတော့ Boeing ရောင်းချမှုကြီး ရှိခဲ့မလား ဆိုတာရယ်၊ အကယ်၍ ရောင်းချမှု ရှိခဲ့ရင် လေယာဉ် အသစ်တွေလား ဒါမှမဟုတ် ပိုက်လိုင်းမှာ ရှိပြီးသား လေယာဉ်တွေလား မသိနိုင်သေးပါဘူး" ဟု ၎င်းက ပြောသည်။

"အိမ်ဖြူတော်ဟာ အခြား သဘော တူညီချက်တွေ ရှိနိုင်သေးတယ်လို့ ကျွန်တော် ထင်တယ်၊ GE ကလည်း စွမ်းအင် သဘောတူညီမှု အချို့ ရှိပါတယ်၊ ကျွန်တော် နားလည်တာကတော့ အိမ်ဖြူတော်က ကိန်းကဏန်း ပမာဏ အများကြီးကို ကြေညာချင်ပုံ ရတယ်" ဟု ၎င်းကပင် ပြောသည်။

တရုတ် အစိုးရ အေဂျင်စီများနှင့် နိုင်ငံပိုင် လုပ်ငန်းများသည် ခိုးကူး အစား တရားဝင် Software များကို အသုံးပြုခြင်း ရှိမရှိ လွတ်လပ်သော စာရင်းစစ်များ ထား၍ စစ်ဆေးခွင့် ပြုရန် သဘော တူညီချက် လက်မှတ် ရေးထိုးနိုင်လိမ့်မည်ဟု Obama အစိုးရ တာဝန် ရှိသူများက မျှော်လင့်နေသည်။

Microsoft မှ Software အမြောက် အမြား ရောင်းချနိုင်ရေး အတွက် တရုတ် အစိုးရက တရားဝင် Software ဝယ်ယူရေး ဘတ်ဂျက် ခွင့်ပြုရေး ကတိကိုလည်း အလို ရှိကြောင်း စက်မှု လုပ်ငန်း တာဝန် ရှိသူက ပြောသည်။

သို့သော် အမေရိကန် ကုန်သွယ်ရေး တာဝန် ရှိသူတို့သည် ပြီးခဲ့သည့် လက တရုတ်နှင့် ဆွေးနွေးရာတွင် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တိုးတက်မှု ရှိမရှိ အင်္ဂါနေ့က ပြောကြားခဲ့ခြင်း မရှိပေ။

ထို့အပြင် အမေရိကန် ကုန်သွယ်ရေးနှင့် စိုက်ပျိုးရေး တာဝန်ရှိသူ တို့သည် အမေရိကန် အမဲသားများ တရုတ် ဈေးကွက်တွင် ပြန်ဖွင့်ရေး အတွက် ညှိနှိုင်းမှု အောင်မြင်ခြင်း ရှိမရှိကိုလည်း မှတ်ချက် ပြုခဲ့ခြင်း မရှိပေ။

Obama အစိုးရမှ ငွေတိုက် အတွင်းဝန် Tim Geithner ၊ ကူးသန်း ရောင်းဝယ်ရေး အတွင်းဝန် Gary Locke နှင့် ကုန်သွယ်ရေး ကိုယ်စားလှယ် Ron Kirk တို့လည်း အဆိုပါ အစည်းအဝေးသို့ တက်ရောက် ကြမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 18 Jan 2011 ရက်စွဲပါ "Japan to host FM meet with China, South Korea" သတင်းကို ဘာသာ ပြန်ဆိုသည်)

မျှော်လင့် ထားသော သုံးနိုင်ငံ ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီတွင် တရုတ်၊ တောင်ကိုးရီးယား နိုင်ငံများနှင့် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ဂျပန် နိုင်ငံက လက်ခံ ကျင်းပမည်ဟု အင်္ဂါနေ့ သတင်းများက ဖော်ပြသည်။

အဆိုပါ အစည်းအဝေးကို မတ်လ ၁၉နှင့် ၂၀ ရက်များတွင် ကျိုတိုမြို့၌ ကျင်းပမည်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဂျီမေဟာရာ ကတရုတ်နှင့် တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးများအား အဆို ပြုထားကြောင်း အမည် မဖော်လိုသော အစိုးရ သတင်း ရပ်ကွက်ကို ကိုးကား၍ Kyodo News နှင့် Jiji Press သတင်း ဌာနများက ပြောကြားသည်။

ဂျပန်နိုင်ငံသည် အာရှ အိမ်နီးချင်း နှစ်နိုင်ငံနှင့် နှစ်စဉ် ကျင်းပနေကျ သုံးနိုင်ငံ ထိပ်သီး ဆွေးနွေးပွဲကို ယခုနှစ်တွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ပြီး နေရာနှင့် နေ့ရက်ကိုမူ မသတ်မှတ် ရသေးဟု သိရှိရသည်။

တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး ကင်ဆမ်ဟွန်၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ယန်ကျားချီတို့နှင့် တွေ့ဆုံမည့် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် မြောက်ကိုးရီးယား၏ စစ်ရေး ကျူးကျော် ရန်စမှုကြောင့် ဒေသတွင်း တင်းမာလာမှုများနှင့်  ရပ်ဆိုင်းနေသော နျူကလီယာ ဖျက်သိမ်းရေး ဆွေးနွေးပွဲ ကိစ္စများကို အဓိက ဆွေးနွေးကြမည်ဟု မျှော်လင့်ရကြောင်း Kyodo News က သတင်း ထုတ်ပြန်သည်။

ဂျပန် ဝန်ကြီးချုပ် နာတိုခန်၊ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ်တို့ ပါဝင်မည့် သုံးနိုင်ငံ ထိပ်သီး ဆွေးနွေးပွဲကို ဇွန်လ တဝိုက်တွင် ကျင်းပရန် တိုကျိုက မျှော်လင့်ထားသည်ဟု Kyodo News က ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဇန်နဝါရီ 18 , 2011 ရက်စွဲပါ Upstream Online.com မှ  Goldpetrol re-enter Burmese wells ကို တိုက်ရိုက် ဘာသာ ပြန်ဆိုသည်)

စကာင်္ပူတွင် မှတ်ပုံတင် ထားသော Interral Resources က ပြောကြားရာတွင် ၎င်း ၆၀ % ပိုင်ဆိုင်သော လက်ခွဲ တစ်ခု ဖြစ်သည့် Goldpetrol Joint Operating ကုမ္ပဏီသည် မြန်မာနိုင်ငံ ရေနံချောင်းနှင့် ချောက်ရှိ ရေနံတွင်းများသို့ ပြန်လည် ဝင်ရောက်ခဲ့ပြီး ရေနံ ထုတ်လုပ်သူများ အဖြစ် မှတ်ပုံ တင်ခဲ့သည်ဟု ဆိုသည်။

Goldpetrol သည် ရေနံချောင်းရှိ ရေနံတွင်းများကို ပြန်လည် တူးဖော်ခဲ့ရာ ပြီးခဲ့သည့် လက တွင်းအမှတ် YNG-2459 အား ပြန်လည် တူးဖော် ပြီးစီးပြီး တစ်ရက်လျှင် (၂၂) စည် ထွက်ရှိသည်။ အဆိုပါ တွင်းကို ၁၉၃၁ ခုနှစ်က စတင် တူးဖော်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်တွင် ပြန်လည် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ချောက်ရှိ ရေနံတွင်းများသို့ ဝင်ရောက် တူးဖော်ခဲ့ရာ တွင်းအမှတ် ချောက်-950 တွင် တစ်ရက်လျှင် (၃၂) စည် ပုံမှန် ထွက်ရှိသည်။ အဆိုပါ တွင်းသည် ၁၉၅၆မှ ၁၉၈၂ ခုနှစ်အတွင်း ရေနံစိမ်း ၂၀၆၀၀၀ စည် ထွက်ရှိခဲ့ပြီး ဖြစ်သည်။

Interral က ဖြည့်စွက် ပြောကြားရာတွင် Goldpetrol သည် ပြီးခဲ့သည့် နှစ်က အချို့ ရေနံတွင်းများ ပြန်လည် တူးဖော်ခဲ့ရာ တစ်ရက်လျှင် စည်ပေါင်း (၉၀) အထိ ထွက်ရှိခဲ့သည်ဟု ပြောခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.