Transparency Myanmar

transparency.myanmar@gmail.com

(ဇန်န၀ါရီလ ၂၄ ရက် ၂၀၁၁ ရက်စွဲပါ IRIN သတင်းဌာန မှ Burmese refugees in Thailand face ration cuts  ဆောင်းပါးကို တိုက်ရိုက် ဘာသာ ပြန်သည်)

စားနပ်ရိက္ခာ ဈေးနှုန်းများ မြင့်တက် လာခြင်းကြောင့် ထိုင်းနိုင်ငံရှိ မြန်မာ ဒုက္ခသည် ၁၃၉၀၀၀ ကျော် အတွက် လုပ်ကိုင်နေသည့် လူသားချင်း စာနာ ထောက်ထားသော အဖွဲ့အစည်း ၁၂ ခု ပူးပေါင်း ထားသော Thailand Burma Border Consortium TBBC အနေဖြင့် ဆန် ဝေပုံကျ ရာရှင် ပေးဝေမှုကို ၂၀% အထိ ဖြတ်တောက် လိုက်ရသည်ဟု သိရှိရသည်။

ဆက်လက် ဖြတ်တောက်မည့် ရိက္ခာများမှာ ဆား၊ သကြား၊ ဆီ နှင့် ငရုတ်သီး ရာရှင်များ ဖြစ်သည်ဟု ဆိုသည်။

"စားသောက်ကုန် ဈေးနှုန်း မြှင့်တက်မှုနဲ့ ငွေလဲနှုန်း မြင့်မားမှုတွေကြောင့် စားနပ်ရိက္ခာ ၀ယ်ယူရာမှာ ပိုမို အခက် အခဲ တွေ့နေရပါတယ်"ဟု TBBC ၏ ဒုတိယ အမှုဆောင် ဒါရိုက်တာ Sally Thompson က IRIN သို့ ပြောကြားသည်။

မြန်မာ လူမျိုးတို့၏ အဓိက အစားအစာ ဖြစ်သော ဆန် ရာရှင် ပေးဝေမှုကို အသက် ၅ နှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက် မိခင်များ စသော ထိလွယ် ခိုက်လွယ် အုပ်စုများ အတွက် ယခင် အတိုင်း ပေးဝေမည် ဖြစ်သည်။ အဆိုပါ ထိလွယ် ခိုက်လွယ် အုပ်စုကို ယခုတိုင် အကာ အကွယ် ပေးထားဆဲ ဖြစ်ပြီး ကျန်းမာရေး အနေအထားကို လေ့လာရန် အတွက် နှစ်စဉ် အာဟာရ စစ်တမ်း ကောက်ယူရန် TBBC က စီစဉ်လျက် ရှိသည်ဟု  Thompson က ပြောကြား သည်။

ကုလ သမဂ္ဂ ဒုက္ခသည် ဆိုင်ရာ အေဂျင်စီ UNHCR ၏ အဆိုအရ ထိုင်းနိုင်ငံသည် မှတ်ပုံတင် ထားသော မြန်မာ ဒုက္ခသည် ၉၆၈၀၀ နှင့် မှတ်ပုံ တင်ခြင်း မရှိသော ဒုက္ခသည် ၅၃၀၀၀ ခန့်ကို လက်ခံ ထားကာ အဆိုပါ ဒုက္ခသည်များသည် ၁၄ ကီလိုမီတာ ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်ရှိ ထိုင်းအစိုးရ ဖွင့်လှစ် ပေးထားသော စခန်း ၉ ခုတွင် နေထိုင်လျက် ရှိကြသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဇန်န၀ါရီလ၂၄ ရက် ၂၀၁၁ ရက်စွဲပါ Associated Press မှ China's new stealth fighter may use US technology  ကို တိုက်ရိုက် ဘာသာ ပြန်ဆိုသည်)

အမေရိကန် ပြည်ထောင်စု၏ လေကြောင်း အသာစီး ရမှုကို သိသိ သာသာ ခြိမ်းခြောက်နိုင်သည့် အဆင့်မြင့် နည်းပညာသုံး စတဲ့လ် တိုက်လေယာဉ်သစ်ကို တရုတ် တာဝန် ရှိသူများက မကြာ သေးမီကပင် ဖော်ထုတ် ပြသခဲ့ပြီး အဆိုပါ နည်းပညာ အချို့နှင့် လေယာဉ် ထွက်ပေါ်လာခြင်းသည် အမေရိကန် ပြည်ထောင်စုထံမှ ရရှိသွားခြင်း ဖြစ်ဖွယ် ရှိသည်ဟု သိရှိရသည်။

၁၉၉၉ ခုနှစ် ဆားဘီးယားတွင် ပစ်ချခံရသည့် အမေရိကန် F117 Nighthawk လေယာဉ်မှ နည်းပညာ အချက် အလက် အချို့ကို တရုတ်တို့က ကြိုးစား ပမ်းစား ရယူခဲ့ခြင်း ဖြစ်ဖွယ် ရှိကြောင်း ဘော်လကန် ဒေသမှ စစ်ဘက် တာဝန် ရှိသူများနှင့် အခြား ကျွမ်းကျင်သူများက Associated Press သို့ ပြောကြားသည်။

Nighthawk တိုက်လေယာဉ်များသည် ရေဒါဖြင့် ထောက်လှမ်းရန် ခက်ခဲ့သော ကမ္ဘာ့ ပထမဆုံး စတဲ့လ် နည်းပညာသုံး လေယာဉ်များ ဖြစ်သည်။ သို့သော်လည်း ၁၉၉၉ ခုနှစ် မတ်လ ၂၇ ရက်က ကိုဆိုဗို စစ်ပွဲတွင် နေတိုး လေတပ်က ဆားဘီးယားကို ဗုံးကြဲစဉ် Nighthawk လေယာဉ် တစ်စင်းကို ဆားဘီးယားတို့က လေယာဉ်ပစ် ဒုံးကျည်ဖြင့် ပစ်ချခဲ့ပြီး ခုန်ထွက် လွှတ်မြောက်သွား သော လေယာဉ်မှူးကို ကယ်တင် နိုင်ခဲ့သည်။

ယင်းဖြစ်ရပ်သည် တန်ဖိုးကြီး ကိုယ်ပျောက် လေယာဉ်များ အနက်မှ တစ်စင်းကို ပထမဆုံး ပစ်ခတ် ထိမှန်ခဲ့ခြင်း ဖြစ်သည်။ မှန်ကန်သော နည်းဗျူဟာနှင့် ကံစွပ်မှုတို့ တိုက်ဆိုင် သွားခြင်းကြောင့် ဆိုဗီယက် ရုရှားလုပ် SA-3 ဒုံးကျည်က တိုက်လေယာဉ်ကို ထိမှန်သွားခြင်း ဖြစ်သည်ဟု ပင်တာဂွန်က ယုံကြည် ထားသည်။

လေယာဉ်ပျက် အပိုင်းအစ များမှာ ကျယ်ပြန့်သော ယာခင်းပြင် အနှံ့အပြား ပြန့်ကျဲ သွားခဲ့ရာတွင် အရပ်သား များက အမှတ်တရ အဖြစ် အစိတ်အပိုင်း အချို့ကို ကောက်ယူ သိမ်းဆည်း ခဲ့ကြပြီး  အချို့ အစိတ် အပိုင်းမှာ မော်တော်ကား တစ်စီး ပမာဏခန့် ရှိသည်ဟု ဆိုသည်။

"အဲဒီ အချိန်တုန်းက F117 လေယာဉ် ပျက်ကျတဲ့ နေရာကို တရုတ် အေးဂျင့်တွေ ရောက်လာပြီး ဒေသခံ လယ်သမားတွေ ဆီက လေယာဉ်ပျက် အပိုင်းအစတွေကို ၀ယ်နေတယ်လို့ ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ တင်ပြ ထားပါတယ်။ တရုတ်တွေက လျှို့ဝှက် စတဲ့လ် နည်းပညာကို ရဖို့နဲ့ ပုံတူ ကူးဖို့အတွက် ဒီပစ္စည်းတွေကို အသုံးပြုခဲ့တယ်လို့ ယုံကြည်ရပါတယ်" ဟု ကိုဆိုဗို စစ်ပွဲအတွင်းက ခရိုအေးရှား စစ်ဖက် အကြီးအကဲ ဗိုလ်ချုပ် Daver Domazet-Loso က တယ်လီဖုန်းဖြင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 24 Jan 2011 ရက်စွဲပါ "Thai police to deport 91 Rohingya to Myanmar" သတင်းကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံ တောင်ဖက် ကမ်းရိုးတန်းသို့ ကမ်းကပ်လာသော ရိုဟင်ဂျာ လှေစီး ခရီးသည် ၉၁ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးကာ မြန်မာ နိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေသည်ဟု တနင်္လာနေ့တွင် ထိုင်းရဲ တပ်ဖွဲ့က ပြောကြားလိုက်သည်။

ဘင်္ဂါလီ စကားပြော အစ္စလာမ် ဘာသာဝင် မြန်မာ ရိုဟင်ဂျာများသည် ကမ္ဘာ့ ဖိနှိပ် ချုပ်ချယ် ခံရဆုံး လူမျိုးစု တစ်စု ဖြစ်သည်ဟု ကုလ သမဂ္ဂက ထုတ်ဖော် တင်ပြထားသည်။

အသက် အရွယ် မျိုးစုံ ယောက်ျားများသာ ပါဝင်သော အဆိုပါ ရိုဟင်ဂျာ အုပ်စုသည် စနေနေ့ ညနေပိုင်းတွင် စက်လှေ အင်ဂျင် ပြဿနာကြောင့် ကမ်းသို့ ကပ်လာခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဖရန်ပြည်နယ် ကန်တန်ခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲ ဗီဆစ်တန်ပွန်း၏ အဆိုအရ သိရှိရသည်။

"ဒီအုပ်စုက မြန်မာနိုင်ငံ ကနေ မလေးရှားကို သွားကြတဲ့ သူတွေလို့ ကျွန်တော် ထင်ပါတယ်၊ ရေနဲ့ စားနပ်ရိက္ခာ အပါအဝင် လူသားချင်း စာနာ ထောက်ထားမှု အခြေခံ အကူအညီတွေ သူတို့ကို ဖြည့်ဆည်း ပေးပါတယ်၊ ဒါပေမယ့် သူတို့က တရားမဝင်  ဝင်ရောက် လာသူတွေပါ၊ ကျွန်တော်တို့ရဲ့ ဥပဒေအတိုင်း ဆောင်ရွက်သွားဖို့ ရှိပါတယ်" ဟု ၎င်းက ပြောကြားသည်။

၎င်းတို့ကို ဖမ်းဆီးမိခဲ့သော ဆောင်ခလာ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေး ဌာနမှ ရဲမှူးကြီး ပူသီပေါင်မူဆီကာက တစ်ရက် သို့မဟုတ် နှစ်ရက် အတွင်း ယင်းတို့ကို ပြန်ပို့မည်ဟု ပြောသည်။

ဗုဒ္ဓဘာသာ အဓိက ကိုးကွယ်သော မြန်မာနိုင်ငံက ရိုဟင်ဂျာတို့၏ နိုင်ငံသား ဖြစ်ခွင့်နှင့် အခြေခံ အခွင့်အရေးများကို ထိရောက်စွာ ပိတ်ပင်ထားသဖြင့် ၎င်းတို့အပေါ် နှိပ်စက် ညှင်းပမ်းမှုနှင့် မတရား ဆက်ဆံမှုများ ပေါ်ပေါက်လာကာ အများစုမှာ တိုင်းပြည်မှ စွန့်ခွာ ထွက်ပြေးကာ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက် ရှိကြသည်။

ယခင်ကလည်း ရိုဟင်ဂျာ လှေစီး ဒုက္ခသည်များကို ထိုင်းရေတပ်က ပင်လယ်ပြင်သို့ ပြန်မျှောလိုက်သဖြင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြင်းထန်စွာ ဝေဖန် ပြစ်တင်ခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(24 Jan 2011 ရက်စွဲပါ AFP ၏ Watchdog slams UN, EU's  human rights "cowardice" ကို ဘာသာ ပြန်ဆိုသည်)

ကုလ သမဂ္ဂနှင့် အီးယူ တို့သည် တရုတ်နှင့် ဥဇဘက် ကစ္စတန် ကဲ့သို့သော လူ့အခွင့်အရေး ချိုးဖောက်သည့် နိုင်ငံများကို အသံ မထွက်သော ဆွေးနွေးမှုများ၊ ပူးပေါင်း ဆောင်ရွက်ခြင်းများဖြင့် ချဉ်းကပ် ဆောင်ရွက်ခြင်း အတွက် ပျက်ကွက်မှုများကြောင့် သရဲဘော ကြောင်သူများဟု Humnam Rights Watch(HRW) က တနင်္လာနေ့က တင်သွင်းသော နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

HRW က ကမ္ဘာပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် အစီရင်ခံစာကို ဘရပ်ဆဲတွင် ထိုသို့ ထုတ်ပြန်လိုက်သည့် နေ့မှာ အီးယူက အငြင်းပွားဖွယ် ဥဇဘက် သမ္မတ Islam Karimov အား ဘရပ်ဆဲတွင် လက်ခံ တွေ့ဆုံသည့် နေ့၌ပင် ဖြစ်သည်။ ယင်းသို့ ဥဇဘက် သမ္မတအား လက်ခံခဲ့သဖြင့် ဆန္ဒပြမှု အချို့ ရှိခဲ့သည်။

နယူးယောက် အခြေစိုက် NGO ဖြစ်သော HRW ၏ အမှုဆောင် ဒါရိုက်တာ Kenneth Roth က စာမျက်နှာ ၆၀၀ ပါ အစီရင်ခံစာ နိဒါန်းတွင် လူ့အခွင့်အရေး ချိုးဖောက်သူများ အပေါ် တုံ့ပြန်ခြင်း မပြုသော လူ့အခွင့်အရေး အကာအကွယ် ပေးသူများ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။ အဆိုပါ အစီရင်ခံစာတွင် နိုင်ငံအစိုးရ ၁၀၀ ကျော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ပြထားသည်။

၎င်း၏ အမြင်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အခြား ဦးဆောင် လှုပ်ရှားသူများသည် ရေငုံ နှုတ်ပိတ် နေခြင်းတည်း ဟူသည့်အခြေခံ ကျသော အမှားကို  ကျုးလွန်ခဲ့ကြကြောင်း၊ ထိုသို့ မည်သို့မျှ မပြောသောကြောင့် အခြား အကျိုး စီးပွားများပါ ဆုံးရှုံးရကြောင်း ပြောသည်။

အစိုးရ၏ ဖိနှိပ်မှုများ ရှိသော မြန်မာ နိုင်ငံကိုမူ အာရှ နိုင်ငံများက အနည်းငယ် တုံ့ပြန်မှုများ ရှိသည်ဟု မြင်ကြောင်း Roth က ဆိုသည်။ အစီရင်ခံစာတွင် မြန်မာ အစိုးရသည် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့သော်လည်း အခြား နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော် လွှတ်ပေးရေး အတွက် ဆက်လက် လုပ်ဆောင်မှု မရှိဟု ဖော်ပြထားသည်။

လောလောဆယ် အားဖြင့် ကုလ သမဂ္ဂသည် သိရီလင်္ကာ သမ္မတ Mahinda Rajapaksk ၊ မြန်မာ နိုင်ငံမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သို့မဟုတ် ဆူဒန် ခေါင်းဆောင် Omar al-Bashir  တို့အပေါ် လေးစားသော သဘောထား ကျင့်သုံးသည့် အတွက် ဝေဖန် ခံနေရသည်။ ဘန်ကီမွန်းကမူ ၎င်း၏ corridor diplomacy ကြောင့် မမျှော်လင့်သော ရလဒ်များ ရရှိခဲ့ကြောင်း ပြောခဲ့သည်။

အီးယူ ထိပ်တန်း သံတမန် တစ်ဦး ဖြစ်သူ ဗြိတိန် မျက်နှာဖုံး Catherine Ashton မှာ အဝေဖန် ခံရဆုံး ဖြစ်ပြီး ဥဇဘက် ကစ္စတန်နှင့် တာမင့် နစ္စတန်တို့တွင် စွမ်းအင် အကျိုးစီးပွားကြောင့် ၎င်းတို့အား မျက်နှာလို မျက်နှာရ လုပ်နေရကြောင်း ဝေဖန်ကြသည်။

တစ်ကမ္ဘာလုံး နီးပါးက သရဲဘော ကြောင်လျက် ရှိခြင်းကြောင့် တရုတ်က အခြေခံ လွတ်လပ်ခွင့်များကို ပိုမို၍ ဖိနှိပ်မှုများ ပြုလုပ်ခြင်းကို ရင်ဆိုင်ရန် အခက်အခဲ ရှိလျက် ရှိသည်။ တချိန်တည်း မှာပင် တရုတ်ကလည်း အာဖရိက သဘာဝ ရင်းမြစ်များတွင် ဖြစ်စေ အမေရိကန်နှင့် ယူရိုဇုံရှိ လူအများ ကြွေးမြီ ကိစ္စများတွင် ဖြစ်စေ ကြီးမားစွာ ရင်းနှီး မြှုပ်နှံလျက် ရှိခြင်းကြောင့် တိတ်တိတ် နေခြင်းကပင် ပိုကောင်းသော ချဉ်းကပ်မှု ဖြစ်နေသည်။

ပြီးခဲ့သည့် နှစ်က ဘရပ်ဆဲတွင် အီးယူနှင့် တရုတ် ထိပ်သီး အစည်းအဝေးတွင် တရုတ် ဝန်ကြီးချုပ်က ပိတ်ပင်ထားသော သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားရန် ငြင်းဆန်သဖြင့်  အီးယူက သတင်းစာ ရှင်းလင်းပွဲကို ပယ်ဖျက်ခဲ့သည်။

အိုဘားမား အစိုးရသည် အမေရိကန်- တရုတ် ဆက်ဆံရေးကို တင်းမာမှု ဖြစ်စေမည့် လူ့အခွင့်အရေး ကဲ့သို့သော ကိစ္စရပ်များကို အရေး မကြီးသကဲ့သို့ သဘော ထားသည်ဟု အစီရင်ခံစာ၌ တင်ပြထားသည်။

Aston ၏ တိတ်တဆိတ် ဆွေးနွေးခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ရန် အကြံပေးချက်မှာ သဘောတူ သယောင် ရှိသော်လည်း လူ့အခွင့်အရေး ကာကွယ်ရေး ဦးဆောင်သူများမှ ညီညွတ်ရမည့် အစား မသိကျိုးကျွံ ပြုနေကြောင်း Roth က International Herald Tribune တွင် တနင်္လာနေ့ အစီရင်ခံစာ မထုတ်မီ အကြို ရေးသားခဲ့သည်။

ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့သည်လည်း တရုတ် စိတ်မငြိုငြင်အောင် လုပ်နေကြသည်ဟု တွေ့မြင်ရသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

အစီရင်ခံစာသည် ၂၀၁၀ နိုဝင်ဘာလ အထိ အဖြစ် အပျက် များကိုသာ ဖော်ပြထားသဖြင့် ယခုလ တူနီးရှား၏ Jasmine တော်လှန်ရေးအပေါ် အငြင်းပွားဖွယ် ပြင်သစ်၏ သံတမန်ရေး အရ ရပ်တည်မှုကို ဖော်ပြထားနိုင်ခြင်း မရှိပေ။

HRW က ပြောကြားရာတွင် မြောက်ကိုရီးယား၊ ဆူဒန်နှင့် ဇင်ဘာဘွေတို့ ကဲ့သို့သော အစိုးရ တစ်ခု၏ အပြုအမူသည် အလွန်တရာ ဆိုးရွားမှသာ အခြား အကျိုး စီးပွားများထက်  သတိပြုမိပြီး အနောက်နိုင်ငံ ခေါင်းဆောင်များက ဝင်ရောက် ကိုင်တွယ်ကြကြောင်း၊ သို့သော် ၎င်းတို့၏ အကြမ်းဖက်မှု တန်ပြန်ရေး အတွက် ကျူးလွန်မှုများကြောင့် အဝေဖန် မခံရအောင် သတိပြု လုပ်ဆောင်ရသည် များလည်း ရှိကြောင်း ဖော်ပြခဲ့သည်။

Roth  က မီးမောင်း ထိုးပြသော အချက် တစ်ခုမှာ အမေရိကန် သမ္မတ Barak Obama ၏ ချက်၊ ဆူဒန်၊ ယီမင်နှင့် ကွန်ဂို ကဲ့သို့သော ကလေး စစ်သားများ အသုံးပြုသည့် စစ်တပ်များကို မှားယွင်းစွာ ယုံစားမှုနှင့် ၎င်းတို့အား စစ်တပ် အတွက် အကူ အညီများ တိုးချဲ့ ပေးခဲ့ခြင်းပင် ဖြစ်သည်။

လူပေါင်း ၂ သိန်းခန့်ကို မတွေးဝံ့စရာ အခြေအနေများတွင် ဖမ်းဆီး ချုပ်နှောင်ထားသည်ဟု ပြောကြသော မြောက်ကိုရီးယား အကျဉ်း စခန်းများမှသည် မုဒိန်း ရာဇဝတ်မှုများကို  အပြစ် မပေးသော စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေသော ကွန်ဂို နိုင်ငံ အထိ ကမ္ဘာတစ်လွှားမှ ညှင်းပမ်း နှိပ်စက်မှုများကို HRW က အသေးစိတ် ဖော်ပြထားသည်။

ပါလီမန် လွှတ်တော်သစ်နှင့် မူးယစ်ဆေးဝါး အခြေပြု အကြမ်းဖက် အဖွဲ့အစည်းများ ပေါ်ထွက်လျက် ရှိသော ကိုလံဘီယာနိုင်ငံ၊ လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို ပွင့်လင်းကြောင်း ပြသခဲ့သော်လည်း ယေဘူယျ အခြေခံ အခွင့်အရေး နယ်ပယ်တွင် နက်နက် ရှိုင်းရှိုင်း အနှုတ် လက္ခဏာ ပြနေသော ရုရှား နိုင်ငံတို့ကိုလည်း  HRW က လေ့လာကာ အစီရင်ခံထားသည်။

တချိန်တည်းတွင် အမေရိကန် ပြည်ထောင်စုသည်လည်း (အစီရင်ခံစာ ရေးသည့် အချိန်တွင်) ဥပဒေ အသိ မကြွယ်သေးသူ ၂၅၇၄ ဦးခန့် တစ်သက် တစ်ကျွန်း ပြစ်ဒဏ် ကျခံနေရခြင်းကြောင့် သံသယ ဖြစ်စရာ နိုင်ငံ အဖြစ် ကမ္ဘာ့ မှတ်တမ်း ဝင်သွားသည်။

ထို့ပြင် ဥရောပတိုက်၏ အကြီးဆုံး မျိုးနွယ်စု ရောမ လူမျိုးများ သည်လည်း အစွန်းရောက် မွဲတေမှု အပါအဝင် မတရား ဆက်ဆံခံရခြင်း၊ ခွဲခြား ဆက်ဆံ ခံရခြင်းတို့ကို ရင်ဆိုင်နေရသည်ဟု ယခင်နှစ်က ရိုမေးနီးယား၊ ရောမနှင့် ဘူလ်ဂေးရီးယား ရောမများ ပြင်သစ်နိုင်ငံမှ အတင်း မောင်းထုတ် ခံရခြင်းကို  ကိုးကား ရည်ညွှန်းကာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.