Transparency Myanmar

transparency.myanmar@gmail.com

(ဇန်န၀ါရီလ ၂၅ ရက် ၂၀၁၁ ရက်စွဲပါ VOA News မှ Ron Corben ရေးသားသော Burma's path to privatization keeps armed Forces in economic control  ကို တိုက်ရိုက် ဘာသာ ပြန်ဆိုသည်)

မြန်မာ စစ်တပ်သည် စီးပွားရေး ပြုပြင် ပြောင်းလဲမှု၏ အစိတ် အပိုင်း တစ်ခုအဖြစ် နိုင်ငံပိုင် ပစ္စည်း များကို ပုဂ္ဂလိကပိုင် အဖြစ် ဖိအားပေး ပြောင်းလဲလျက် ရှိသည်။ သုံးသပ်သူ အများစုကမူ ယခု အစီ အစဉ်သည် နိုင်ငံပိုင် ပစ္စည်းများကို စစ်တပ်အစိုးရ မဟာမိတ်များ လက်ထဲသို့ ပြောင်းပေးသည့် ဖြစ်စဉ် ရိုးရိုးလေးပင် ဖြစ်ကြောင်း၊ စစ်တပ်က စီးပွားရေးကို ဆက်လက် ချုပ်ကိုင် နေဦးမည် ဖြစ်ကြောင်း ပြောခဲ့ ကြသည်။

မြန်မာနိုင်ငံသည် အာရှတိုက်တွင် အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်ပြီး စီးပွားရေးကို စစ်တပ် အစိုးရ ကသာ ချုပ်ကိုင် လွှမ်းမိုး ထားသည်။

သို့သော် အစိုးရသည် နိုင်ငံပိုင် ပစ္စည်း ၉၀ % ကို ရောင်းချခြင်း အပါအ၀င် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်လျက် ရှိသည်။

အသေးစိတ် ဖော်ပြခြင်း မရှိသော်လည်း ရန်ကုန်ရှိ မီဒီယာ သတင်းများတွင် လေဆိပ်များ၊ အဆောက် အဦများ၊ ဓာတ်ဆီဆိုင်များနှင့် အဓိက ဆိပ်ကမ်း အနီးရှိ မြေများ အပါအ၀င် နိုင်ငံပိုင် ပစ္စည်း (၄၀၀) ကျော်ကို ရောင်းချပြီး ဖြစ်ကြောင်း ဖော်ပြကြသည်။

ကမ္ဘောဒီးယား အခြေစိုက် ရင်းနှီး မြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ Leopard Capital မှ မန်နေးဂျင်း ဒါရိုက်တာ Douglas Clayton က ပြောကြားရာတွင် ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းသည် စွမ်းဆောင်ရည် မြင့်မားရေး အတွက် ခြေလှမ်း တစ်ရပ် ဖြစ်ကြောင်း ဆိုသည်။

"စီးပွားရေးကို ပုဂ္ဂလိက ပိုင်ဆိုင်မှု လက်ထဲ ထည့်လိုက်တာဟာ ပိုကောင်းတဲ့ စီမံ ခန့်ခွဲမှု ရှိတဲ့ စီးပွားရေးကို ဖြစ်စေနိုင်ပါတယ်"ဟု Clayton က ပြောသည်။ "မြန်မာပြည်ကို ခေတ်မှီအောင် လုပ်တဲ့ ခြေလှမ်း တစ်ရပ်ပါပဲ။ ဘယ်ပုံနဲ့ပဲ လုပ်လုပ် ရလဒ်ကတော့ အခုထက် စာရင် ပိုကောင်းလာမှာပါပဲ။ လွတ်လပ် ပွင့်လင်းတဲ့ စီးပွားရေးကြောင့် အကျိုးများ ဖြစ်ထွန်းပါလိမ့်မယ်။ အနာဂတ် စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ ပိုမို မြန်ဆန်လာနိုင်ပါတယ်"ဟု ယင်းက ပြောသည်။

သို့သော် အချို့ မြန်မာ ပညာရှင်များက ယခု ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းမှာ စစ်တပ်က အာဏာ ဆက်လက် ချုပ်ကိုင်ထားရေး အစီအစဉ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ပြောကြသည်။ ပစ္စည်း အများစုသည် စစ်တပ်နှင့် ပတ်သက်သော စီးပွားရေး သမားများ လက်ထဲသို့သာ ရောက်သွားသည်ဟု ယင်းတို့က ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင်လည်း စစ်တပ်၏ ပါတီများကသာ ၈၀ % အနိုင်ရခဲ့သည်။ အခြေခံ ဥပဒေတွင် ပါလီမန်၏ ၂၅%သောနေရာအား စစ်တပ်အတွက် ပေးထားသည်။ ပါလီမန်သည် လာမည့် အပတ်တွင် စတင်မည် ဖြစ်သည်။

"ရွေးကောက်ပွဲ မတိုင်ခင် ပိုင်ဆိုင်မှုတွေကို အမြန် ရောင်းချတာဟာ စီးပွားရေး လုပ်ငန်းရှင်ကြီး တွေကို အကူအညီ ပေးတယ် ဆိုတာ ပြချင်လို့ပါ"ဟု သြစတြေးလျ Macquarie တက္ကသိုလ်မှ စီးပွားရေး ပညာရှင် Alison Vicary က ပြောကြားခဲ့သည်။ "ဥပမာ လေဆိပ်ဆိုရင် အစိုးရနဲ့ ဆယ်နှစ်လောက် အလုပ် လုပ်လိုတဲ့ သူကို ပေးခဲ့တယ်။ ရှင်းနေတာပဲ။ အစိုးရမှာ အကြံ ရှိတယ်လေ။ ဒီလူတွေဆီက ထောက်ခံမှု လိုချင်တယ်လေ။ ဒါတွေကို အနာဂတ်မှာ ဘယ်လို စီမံ ခန့်ခွဲမယ် ဆိုတာ နောက်တစ်ပိုင်းပေါ့" ဟု ယင်းက ပြောသည်။

အချို့ မြန်မာ ပညာရှင်များက ပြောကြားရာတွင် နိုင်ငံပိုင် ပစ္စည်းများကို ၀ယ်ယူကြသူများတွင် စစ်တပ်က ပိုင်ဆိုင်သော မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း တို့လည်း ပါဝင်သည်ဟု ဆိုသည်။

"အခု ပုဂ္ဂလိကပိုင် ပြုလုပ်ရေးမှာ ပြည်သူပိုင်တဲ့ ပစ္စည်းတွေကို စစ်အစိုးရ ခေါင်းဆောင်တွေ၊ သူတို့ရဲ့ ခရိုနီတွေ၊ စစ်အစိုးရရဲ့ ပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ခေါင်းဆောင်တွေရဲ့ ကိုယ်ပိုင်ပစ္စည်း အဖြစ် ပြောင်းလိုက်တာ ပါပဲ"ဟု လူ့အခွင့်အရေး အဖွဲ့ ဖြစ်သော Alternative ASEAN Network မှ ပြောခွင့်ရ အမျိုးသမီး Debbie Stothardt က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အကြောင်း ဝေဖန်သူ စာရေးဆရာ Bertil Lintner ကလည်း ယခု ရောင်းချခြင်း များသည် စီးပွားရေးကို စစ်တပ်ကပင် ဆက်လက် ချုပ်ကိုင် နိုင်စေရန် ဖြစ်ကြောင်း သဘောတူခဲ့သည်။ သို့သော် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အတွက်မူ လမ်းပွင့်သွားကြောင်း ယင်းက ဆိုသည်။

"ပြည်သူတွေ ပြောပါလိမ့်မယ်။ အခွင့်အလမ်းသစ်တွေ၊ ပုဂ္ဂလိက ပိုင်တဲ့ ကုမ္ပဏီတွေ အဖွဲ့ အစည်းတွေနဲ့ ပြုပြင်ထားတဲ့ စီးပွားရေးတွေ ရှိနေပေမယ့် ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ ပြုပြင်ထားတဲ့ စီးပွားရေးတွေ ရှိနေပေမယ့် စီးပွားရေးက အခြေအနေ သိပ်ဆိုးနေတော့ သူတို့ တစ်ခုခု တော့ လုပ်ရလိမ့်မယ်လို့ ပြောလိမ့်မယ်"ဟု Linter ကပြောသည်။

ဟောင်ကောင်ရှိ ငွေကြေး ခ၀ါချမှု ဆန့်ကျင်ရေး အကြံပေး အဖွဲ့ ဖြစ်သော Pacific Risk မှ Peter Gallo က သတိပေး ပြောကြားရာတွင် မြန်မာ နိုင်ငံတွင် ပုဂ္ဂလိကပိုင် ပြုလုပ်ပေးနေသော်လည်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံ သူများ အနေဖြင့် သတိထား ၀င်ရောက်ကြရန် သတိပေးခဲ့သည်။ အမေရိကန်၊ ဥရောပ သမဂ္ဂနှင့် အခြား အစိုးရများသည် မြန်မာ နိုင်ငံတွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များ ပြုလုပ်ရန် တွန်းအား ပေးသည့် အနေဖြင့် စီးပွားရေး အရ အရေးယူမှုများ ချမှတ်ထားသည်။

"လက်တွေ့ကျမယ့် ကိစ္စကတော့ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေး အခြေအနေပါပဲ။ ဘယ်အစိုးရ မဆို ဒီမိုကရေစီကျကျ ရွေးကောက်ထားတဲ့ အစိုးရ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ တိုင်းပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုင်းပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဗြောင်ကျကျ ပြုလုပ်နေမယ် ဆိုရင်တော့ နိုင်ငံတကာရဲ့ ကန့်ကွက် ရှုံ့ချမှုတွေ ဆက်လက် ရှိနေမှာပါပဲ"ဟု Gallo က ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် ကဲ့သို့သော မြန်မာ ကော်ပိုရေးရှင်း အချို့မှာ အမေရိကန်၏ အမည်မည်း စာရင်းသွင်းမှုကို ခံထားရသည်။

ယခု ပြုပြင် ပြောင်းလဲမှုများမှာ မြန်မာများ၏ လူနေမှု ဘ၀ကို အနည်းငယ်သာ တိုးတက်မှု ပြုလုပ် ပေးနိုင်သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူ Stothardt က ပြောသည်။

"မြန်မာပြည်သူ အများစုဟာ သန့်ရှင်းတဲ့ရေ၊ အခြေခံ လျှပ်စစ်မီး၊ ကျန်းမာရေးနဲ့ ပညာရေးတို့ကို မရပါဘူး။ အခု ပုဂ္ဂလိကပိုင် ပြောင်းလဲရေး အစီအစဉ်မှာ ပြည်သူတွေ ပိုင်တဲ့ ပစ္စည်းတွေကို စစ်တပ် ခေါင်းဆောင်တွေ၊ သူတို့ရဲ့ ခရိုနီတွေရဲ့ ကိုယ်ပိုင်ပစ္စည်းအဖြစ် ပြောင်းလိုက်တာပါပဲ။ သာမန် မြန်မာ နိုင်ငံသားတွေရဲ့ အခြေအနေတွေ တိုးတက် မလာသေးပါဘူး"ဟု Stothardt က ပြောသည်။

မြန်မာ အစိုးရ တာဝန်ရှိသူများနှင့် ဒေသဆိုင်ရာ နိုင်ငံရေး သုံးသပ်သူများက ပြောကြားရာတွင် တိုင်းပြည်၏ ဆင်းရဲ မွဲတေမှုအပေါ် အနောက်နိုင်ငံ၏ အရေးယူမှုများမှာ တာဝန်ရှိကြောင်း ပြောခဲ့ကြသည်။ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်သော ASEAN ကလည်း အရေးယူမှုများကို ရုတ်သိမ်း ပေးစေလိုကြသည်။

အာဆီယံ ခေါင်းဆောင်များက ပြောကြားရာတွင် ရွေးကောက်ပွဲ ကျင်းပခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်းမှာ မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ တိုးတက်မှု ရှိလာကြောင်း ပြသခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် အရေးယူမှုများ ရုတ်သိမ်း ပေးသင့်ကြောင်း အာဆီယံက ပြောသည်။

သို့သော် လူ့အခွင့်အရေး အဖွဲ့များက ပြောကြားရာတွင် ပြောင်းလဲမှုများမှာ အမှန်တကယ် ပြုပြင် ပြောင်းလဲမှု အစစ် မဟုတ်သေးကြောင်း၊ အထူးသဖြင့် စစ်အစိုးရသည် နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ကျော်ကို ထိန်းသိမ်းထားပြီး၊ စီးပွားရေးကိုလည်း တင်းကြပ်စွာ ချုပ်ကိုင်ထားဆဲ ဖြစ်ကြောင်း ဆိုခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Associated Press မှ 26 January 2011 ရက်စွဲပါ "China's Premier says Public should criticize Government" ကို ဘာသာ ပြန်ဆိုသည်)

တရုတ် ဝန်ကြီးချုပ်သည် အစိုးရ တာဝန် ရှိသူများ အပေါ် မကျေနပ်ချက်များ တိုင်ကြားခွင့် ပြုသည့် "ပြည်သူ့ ပန်ကြားလွှာ ဗျူရို" သို့ မကြုံစဖူး သွားရောက် လည်ပတ်စဉ် တရုတ် ပြည်သူများအား အစိုးရ အပေါ် ဝေဖန်မှုများ ပြုလုပ် ကြရန်နှင့် မတရားမှုများကို ဖော်ထုတ် တင်ပြကြရန် တိုက်တွန်း လိုက်သည်ဟု နိုင်ငံပိုင် မီဒီယာက သတင်း ဖော်ပြလိုက်သည်။

နိုင်ငံပိုင် ဆင်ဟွာ (Xinhua) သတင်း ဌာနက အင်္ဂါနေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ရာ၌ ၁၉၄၉ ခုနှစ် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ထူထောင်ပြီး နောက်ပိုင်း တိုင်ကြား လျှောက်ထားသူ သာမန် ပြည်သူများကို ဝန်ကြီးချုပ်က တွေ့ဆုံခြင်းသည် ယခု ပထမဆုံး အကြိမ် ဖြစ်သည်ဟု ပြောကြားသည်။

တနင်္လာနေ့ မွန်းလွဲပိုင်းတွင် ဘေဂျင်းရှိ ပန်ကြားလွှာ ဗျူရိုမှ ဝန်ထမ်းများနှင့် ဧည့်သည်များအား ဝမ်ကြားပေါင်က ပြောကြားသည့် အတိုင်း China Central Television ရုပ်သံက တင်ပြရာတွင် ပြည်သူများအား အစိုးရကို ဝေဖန်ခွင့်၊ ကြပ်မတ်ခွင့် ပေးသည့် အခြေအနေများ ဖန်တီး ပေးရမည် ဖြစ်ပြီး အစိုးရ အနေဖြင့် ပြည်သူ အများစု၏ ပြဿနာနှင့် အခက်အခဲများကို တာဝန် သိသိဖြင့် ဖြေရှင်း ပေးနိုင်စွမ်း ရှိရမည်ဟု ဖော်ပြထားသည်။

တရုတ် နိုင်ငံသည် အစိုးရအပေါ် ဆန့်ကျင် အတိုက်အခံ ပြုမှုကို အစွန်းရောက် ပူပန် လွန်းသော နိုင်ငံ ဖြစ်သည်။ ဆန္ဒပြမှုများကို အစိုးရက ခွင့်ပြုထားခြင်း မရှိသကဲ့သို့ ခေါင်းဆောင်ပိုင်းအား ပြင်းထန်စွာ ဝေဖန်ထားသော သို့မဟုတ် တည်ငြိမ်မှု ပျက်ပြားစေနိုင်သော ကိစ္စ မှန်သမျှကို မီဒီယာနှင့် အင်တာနက်တွင် ပုံမှန် စိစစ် တည်းဖြတ်လေ့ ရှိသည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လူကျားဘို အပါအဝင် တရုတ် ကွန်မြူနစ် အစိုးရအပေါ် လူသိ ရှင်ကြား ထုတ်ဖော် ဝေဖန်သူများကိုလည်း မခိုင်လုံသော တရား စွဲဆိုချက် များဖြင့် ထောင်ဒဏ် အပြစ်ပေးခဲ့သည်။

အဂတိ လိုက်စားမှု ကဲ့သို့သော လူမှု ပြဿနာရပ် များအပေါ် စိတ် အနှောင့်အယှက် ဖြစ်မှု၊ မကျေနပ်မှုများကို ထုတ်ဖော် ပြောဆိုရန် ကြီးမားသော လူထု လွတ်လပ်ခွင့် ပေးမည့် ကိစ္စနှင့် ပတ်သက်၍ ဝမ်ကြားပေါင်က ယခင်ကလည်း ပြောဆိုခဲ့ဖူးသည်။

          ယခု သတင်း အပေါ် အချို့က မှတ်ချက် ပေးရာတွင် အစိုးရ အနေဖြင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများကို ပိုမို၍ တွန်းတွန်း တိုက်တိုက် လုပ်ဆောင်ရန် ဆန္ဒ ရှိနေသော်လည်း ခိုင်မာသော အစ ပျိုးမှုများဖြင့် ဆက်လက် ဆောင်ရွက်ရန် လိုအပ်နေသေးသည်ဟု ပြောကြားကြသည်။

          တိုင်ကြား မှုများအပေါ် ခေတ်မမီ၊ ထိရောက်မှု မရှိ ဖြေရှင်းခြင်းဟု ကျယ်ကျယ် ပြန့်ပြန့် ယူဆ ထားကြသည့် ပြည်သူ့ ပန်ကြားလွှာ စနစ်သည် ယခု ဗျူရိုသို့ လာရောက် လည်ပတ်သည့် ဝမ်ကြားပေါင်၏ နာမည်ကြီး ခရီးစဉ်ကြောင့် တိုင်ကြား လျှောက်ထားမှုများ ပို၍ များလာမည့် ရလဒ် ထွက်ပေါ်လာရန် အလား အလာ ရှိသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးက ပြောကြားသည်။

          လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူ သုတေသန ပညာရှင် Phelim Kine က "တိုင်ကြားမှု စနစ်နဲ့ ပတ်သက်လို့ ဝမ်ကြားပေါင်ရဲ့ လူသိ ရှင်ကြား တိုက်တွန်းမှုဟာ အဆင့်အတန်း ကွဲနေတဲ့ တရုတ် ကျေးလက် လူထုကြီးကိုသာ ဆွဲဆောင် နိုင်ပါလိမ့်မယ်၊ အတိတ်က မတရားမှုတွေကို ဖြေရှင်း ဖို့ထက် ပျက်စီးနေတဲ့ တိုင်ကြားမှု စနစ်ကို ပြုပြင်ဖို့ ကြိုးစားမယ် ဆိုရင် စနစ် အသစ်တွေကို ဆက်တိုက် ဖန်တီးရမှာပါ" ဟု အီးမေးလ် ပေးပို့ ပြောကြားသည်။

          တရုတ်နိုင်ငံတွင် ဒေသ အာဏာပိုင်များမှာ ၎င်းတို့၏ နယ်မြေဒေသမှ တိုင်ကြားမှုများ မရှိရ ဟူသော ဖိအား ကျရောက်နေသည်။ ယင်းတို့၏ စွမ်းဆောင်မှု အပေါ် နယ်မြေ ဒေသခံများက တိုင်ကြားခြင်းသည် မတည်ငြိမ်မှု လက္ခဏာဟု အစိုးရက ယူဆသောကြောင့် ဖြစ်သည်။ ယင်း၏ အကျိုးဆက် အဖြစ် တိုင်ကြား လျှောက်ထားသူ အချို့မှာ တစ်ခါတစ်ရံ ၎င်းတို့၏ တိုင်ကြားလွှာကို မတင်ပြနိုင်ခင်မှာပင် လူမိုက်များ၏ ဖမ်းဆီးခြင်း ခံရကာ တာဝန် ရှိသူများက တိတ်တိတ်ပုန်း ပြုလုပ်ထားသော တရား မဝင် အချုပ်ခန်းများတွင် ချုပ်နှောင် ထားခြင်း ခံကြရသည်ဟု သိရှိရသည်။

          ၂၀၀၄ ခုနှစ်က တရုတ် အစိုးရ၏ လေ့လာမှု အစီရင်ခံစာ တစ်စောင်တွင် တိုင်ကြားသူ ၆၂၃ ဦးကို ရွေးထုတ် လေ့လာ မေးမြန်းခဲ့ရာ ၀.၂ ရာခိုင်နှုန်း ကသာလျှင် တိုင်ကြားမှု စနစ်မှ တစ်ဆင့် ပြဿနာ ဖြေရှင်း နိုင်ခဲ့သည် ဟူသော တွေ့ရှိချက်ကို Phelim Kine က ရည်ညွှန်း ကိုးကားကာ မှတ်ချက် ပေးခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Daily star.net မှ 26 January 2011 ရက်စွဲပါ "Move on to buy hydro-power from Myanmar" ကို ဘာသာ ပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အိမ်နီးချင်း တိုင်းပြည်၏ ရခိုင်ပြည်နယ်မှ ရေအားလျှပ်စစ် ဝယ်ယူရန် အတွက် မြန်မာ ကုမ္ပဏီ တစ်ခုနှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်လျက် ရှိသည်။

"ဆွေးနွေးမှုကတော့ မပြီးပြတ် သေးပါဘူး၊ လျှပ်စစ် ဓာတ်အား ဝယ်ယူ တင်သွင်းဖို့ ကိစ္စ နဲ့ ပတ်သက်လို့ ကျွန်မ ကိုယ်တိုင် ကုမ္ပဏီ တာဝန် ရှိသူ တွေနဲ့ ဆွေးနွေးခဲ့ပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီး ဒစ်ပူးမိုနီက ဒါကာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မနေ့က ပြောကြားလိုက်သည်။

အဆိုပါ ရေအားလျှပ်စစ် စီမံကိန်း နှစ်ခုကို လုပ်ကိုင်ရန် ပုဂ္ဂလိက ကုမ္ပဏီက ကန်ထရိုက် ရရှိထားခြင်း ဖြစ်ပြီး ယင်းတို့ အနက် ၈၀ မဂ္ဂါဝပ် စက်ရုံမှာ ၂၀၁၅ တွင် စတင် ထုတ်လုပ်မည် ဖြစ်၍ နောက်ထပ် ၈၀၀ မဂ္ဂါဝပ် စီမံကိန်းကိုမူ ၂၀၁၈ တွင် စတင် လည်ပတ်နိုင်မည်ဟု ဝန်ကြီးက ဆက်လက် ပြောကြားသည်။

"ဘင်္ဂလား ပင်လယ်အော် ကဏ္ဍပေါင်းစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ (BIMSTEC) ရဲ့ ၁၃ ကြိမ်မြောက် ဝန်ကြီးများ အစည်းအဝေး တက်ရောက်ဖို့ သွားတဲ့ ခရီးစဉ်အတွင်း ဇန်နဝါရီ ၂၃ ရက်၊ ရန်ကုန်မြို့မှာ ကုမ္ပဏီ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်၊ စီမံကိန်း ပြီးစီးတာနဲ့ ရေအား လျှပ်စစ် ရောင်းပေးဖို့ အတွက် ကုမ္ပဏီက သဘောတူပါတယ်" ဟု ဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံမှ လျှပ်စစ် ဓာတ်အား တင်သွင်းရာတွင် နယ်စပ်၏ တစ်ဖက်စီ၌ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ လိုအပ်သည်ဟု သူမက ပြောကြားသော်လည်း ဓာတ်အား ဈေးနှုန်းကို ယခုတိုင် အပြီးသတ် သတ်မှတ် နိုင်ခြင်း မရှိဟု ဆိုသည်။

ဒစ်ပူးမိုနီက သူမနှင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးတို့၏ တွေ့ဆုံမှုနှင့် ပတ်သက်၍ ပြောရာတွင် မှတ်ပုံတင် ထားသူ၊ အထောက်အထား မရှိသူ မြန်မာ နိုင်ငံသား နှစ်မျိုးစလုံးကို ပြန်ပို့ရန် ကိစ္စနှင့် ဗီဇာ လွယ်ကူရေး ကိစ္စ အပါအဝင် နှစ်နိုင်ငံ ကိစ္စရပ် မြောက်မြားစွာကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။၏

သတင်းထောက်များ၏ မေးမြန်းမှုကို သူမက ပြောကြားရာတွင် မြန်မာ အာဏာပိုင်များက ၎င်းတို့၏ နိုင်ငံသား ဒုက္ခသည်များအား  ပြန်ပို့မည့် အစီအစဉ်ကို သဘောတူခဲ့သည်ဟု သူမက ပြောကြားပြီး မြန်မာ ဒုက္ခသည် ၂၈၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းများတွင် နေထိုင်လျက် ရှိသော၊ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသော မြန်မာ နိုင်ငံသား ၃ သိန်းမှ ၅ သိန်း အထိ ရှိနိုင်သည်ဟု ဆက်လက် ပြောသည်။

ဘင်းစတက်(BIMSTEC)၏ အမြဲတမ်း အတွင်းရေးမှူးချုပ်ကို ဒါကာတွင် ထားရှိမည့် ဆုံးဖြတ်ချက် နှင့် ပတ်သက်၍ သူမက ပြောကြားရာတွင် ယခု ကိစ္စသည် ဘင်္ဂလားဒေ့ရှ် အတွက် အောင်မြင်မှုကြီး တစ်ခု ဖြစ်ကာ အတွင်းရေးမှူးချုပ်သည် ယခုနှစ်အတွင်း လုပ်ငန်း စတင် လည်ပတ် နိုင်မည်ဟု မျှော်လင့် ရသော်လည်း အမြဲတမ်း အဆောက်အအုံ ဆောက်လုပ်ခြင်းမှာမူ နှစ်အနည်းငယ် ကြာဦးမည်ဟု ဆိုသည်။

ဝန်ကြီးချုပ် ရှိတ်ဟတ်ဆီနာ၏ လတ်တလော ယူအေအီး ခရီးစဉ်သည်လည်း အောင်မြင်သည်ဟု ဝန်ကြီးက ပြောသည်။

ဝန်ကြီးချုပ် ရှိတ်ဟတ်ဆီနာသည် ယူအေအီး ခေါင်းဆောင် ရှိတ်မိုဟာမက် ဘင်ရာရှစ် အယ်လ် မတ်တွန်၊ ယူအေအီး နိုင်ငံခြားရေး ဝန်ကြီးတို့နှင့် ဆွေးနွေးပွဲများ ပြုလုပ် ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်တွင် ရေနံချက် စက်ရုံ တည်ဆောက်ခြင်းနှင့် အခြေခံ အဆောက်အဦး ကဏ္ဍ ဖွံ့ဖြိုးရေးတွင် ကူညီပေးရန် ယူအေအီးက သဘော တူခဲ့သည်ဟု ဝန်ကြီး ဒစ်ပူးမိုနီက ပြောသည်။

ယူအေအီး နိုင်ငံရောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား စက်ဖြင့် ဖတ်နိုင်သော ပတ်စပို့ (MRP) ထုတ်ပေးခြင်းနှင့် ပတ်သက်၍ သူမက ပြောကြားရာတွင် ယူအေအီးက သတ်မှတ်ထားသော ဒီဇင်ဘာ ၃၁ နောက်ဆုံး သတ်မှတ်ရက် မတိုင်မီ ခေတ်မီ ပတ်စပို့များကို ယူအေအီးရှိ ဘင်္ဂလားဒေ့ရှ် အဖွဲ့များက ထုတ်ပေးမည် ဖြစ်ကာ အကယ်၍ သတ်မှတ်ရက် ကျော်သွားပါက ကန့်သတ်ရက် တိုးပေးရန် စဉ်းစားမည်ဟု ယူအေအီး အာဏာပိုင်များက သဘောတူခဲ့ကြောင်း ဖော်ပြသည်။

လက်ရှိ ယူအေအီးတွင် ဘင်္ဂလားဒေ့ရှ် အလုပ်သမား ၇ သိန်း ကျော်ခန့် ရှိသည်ဟု သိရသည်။

အပိုင်စီး ခံနေရသော MV Jahan Moni သင်္ဘောပေါ်မှ ဘင်္ဂလားဒေ့ရှ် သင်္ဘောသားများ၏ ကံကြမ္မာနှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းတို့ အားလုံး ကျန်းမာရေး ကောင်းမွန်နေကာ ၎င်းတို့ လွတ်မြောက်ရေး အတွက် ကြိုးပမ်း နေဆဲ ဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။

အာဖဂန် ဒုစရိုက်သမားများ၏ ပြန်ပေးဆွဲခြင်း ခံရသော ဘင်္ဂလားဒေ့ရှ် အလုပ်သမား ၅ ဦးကို ကယ်ဆယ်ရေး ကိစ္စမှာလည်း ကြိုးပမ်း ဆောင်ရွက် နေဆဲ ဖြစ်ပြီး မိမိတို့ ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် အာဖဂန် အာဏာပိုင်များ ပုံမှန် ဆက်သွယ်မှု ရှိနေသည်ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(25 January 2011 ရက်စွဲပါ new Kerala.com မှ Myanmar, Indonesian tourists to get visa on arrival ကို ဘာသာ ပြန်ဆိုသည်)

အိန္ဒိယ အစိုးရက အင်္ဂါနေ့က ကြေညာရာတွင် ခရီးသွား ကဏ္ဍ တိုးမြှင့်ရေး အတွက် မြန်မာ နိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ ခရီးသည်များအား လေဆိပ် ဆိုက်ရောက် ဗီဇာ ပေးရန် ထပ်မံ တိုးချဲ့လိုက်ကြောင်း ဆိုခဲ့သည်။

ဆိုက်ရောက် ဗီဇာကို ဂျပန်၊ စင်ကာပူ၊ ဖင်လန်၊ လူဇင်ဘတ်နှင့် နယူးဇီလန်တို့ကို ၂၀၁၀ ဇန်နဝါရီ ၁ မှ စ၍ ပေးခဲ့သည်။ ထို့နောက် ယခု လအတွင်းမှာပင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ နိုင်ငံသားများကိုလည်း တိုးချဲ့ပေးခဲ့သည်။

"ဒီအစီအစဉ်ဟာ နိုင်ငံခြားသားတွေ အတွက် အကျိုးရှိပါတယ်။ ဒီဇင်ဘာ ၂၀၁၀ အထိ ဒီအစီ အစဉ်အရ ခရီးသည် ၆၅၆၉ ဦး ဝင်ရောက်ခဲ့ပါတယ်" ဟု ပြည်ထဲရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"အခု ဒီအစီအစဉ်ကို မြန်မာ နိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံသားတွေ အတွက် တိုးချဲ့ပေးခဲ့ပါပြီ" ဟုလည်း ၎င်းက ဆိုသည်။

ဆိုက်ရောက် ဗီဇာသည် ရက် ၃၀ သက်တမ်း ရှိပြီး တစ်ကြိမ် ဝင်ရောက်ခွင့် ပြုမည် ဖြစ်ပြီး ဒေလီ၊ မွန်ဘိုင်း၊ ချန်နိုင်းနှင့် ကာလကတ္တား လေဆိပ်များတွင် ခွင့်ပြုထားခြင်း ဖြစ်ပြီး ကလေး အပါ အဝင် ခရီးသည် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၆၀ သို့မဟုတ် ၎င်းနှင့် ညီမျှသော အိန္ဒိယ ရူပီးငွေ ပေးရမည် ဖြစ်သည်။

ဆိုက်ရောက် ဗီဇာကို ခရီးသည် တစ်ဦးလျှင် ပြက္ခဒိန် တစ်နှစ် အတွင်း အများဆုံး နှစ်ကြိမ်သာ ရယူခွင့် ရှိပြီး တစ်ကြိမ်နှင့် တစ်ကြိမ်သည် အများဆုံး နှစ်လ ကွာခြား ရမည် ဖြစ်ကာ ဗီဇာကို ထပ်မံ သက်တမ်း တိုး၍ မရပါ။

အဆိုပါ နိုင်ငံများမှ ခရီးသည်များသည် တိုးရစ် ဗီဇာကို ရက် သုံးဆယ် အထိ ရယူနိုင်ပြီး ဆေးကုသခြင်း၊ စီးပွားရေး လုပ်ငန်း ကိစ္စနှင့် ဆွေမျိုး မိတ်ဆွေများထံ လည်ပတ်ခြင်းများ ပြုနိုင်သည်ဟု ဆိုသည်။

ယခု ဆိုက်ရောက် ဗီဇာကို သံတမန်နှင့် အစိုးရ ဝန်ထမ်း နိုင်ငံကူး လက်မှတ်များ အတွက် မပေးဟု ဆိုပြီး အဆိုပါ ဗီဇာမှာ အိန္ဒိယ နိုင်ငံတွင် ပီအာ ရထားသူများ၊ အလုပ် လုပ်နေသူ များနှင့်လည်း အကျုံး မဝင်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.