Transparency Myanmar

transparency.myanmar@gmail.com

(ဇန်န၀ါရီလ ၂၈ ရက် ၂၀၁၁ ရက်စွဲပါ Monsters and Critics မှ Ko Ko and Peter Janssen ရေးသားသော Myanmar Parliaments to usher in new era of Military rule ကို တိုက်ရိုက် ဘာသာ ပြန်ဆိုသည်)

စစ်တပ်မှ အုပ်ချုပ်သော မြန်မာ နိုင်ငံတွင် တနင်္လာနေ့တွင် ပထမဦးဆုံး ပါလီမန် အစည်းအဝေးကို ကျင်းပမည် ဖြစ်ရာ စစ်တပ် ခေါင်းဆောင်သော ပါလီမန် အုပ်ချုပ်ရေး ခေတ်သစ် တစ်ခုကို စတင်တော့မည် ဖြစ်သည်။

လွှတ်တော် နှစ်ရပ်တွင် ရွေးကောက် တင်မြှောက် ခံထားရသော ကိုယ်စားလှယ်များနှင့် စစ်တပ်မှ ခန့်ထားသော ကိုယ်စားလှယ် ၁၆၆ ဦးတို့သည် မြို့တော် နေပြည်တော်တွင် တွေ့ဆုံ ကြမည် ဖြစ်ပြီး ပထမဦးဆုံး ပြုလုပ်မည့် အစီအစဉ်မှာ သမ္မတသစ် ရွေးကောက် တင်မြှောက်ရေးပင် ဖြစ်သည်။

ပထမဆုံး သမ္မတမှာ နိုင်ငံကို ၁၉၉၂မှ စအုပ်ချုပ်လာသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်လိမ့် မည်ဟု ကျယ်ကျယ် ပြန့်ပြန့် ခန့်မှန်းမှုများ ရှိနေသည်။

"ကျွန်တော် ထင်တယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေပဲ သမ္မတ လုပ်လိမ့်မယ်။ ဘာလို့လဲ ဆိုတော့ အကြွင်းမဲ့ အာဏာကို သူလွယ်လွယ် နဲ့တော့ လက်လွှတ် လိမ့်မယ် မဟုတ်ဘူးလို့ ထင်တယ်။"ဟု စီးပွားရေး သမား တစ်ဦးက ပြောသည်။

တစ်ဖက်တွင်လည်း အခြား ခန့်မှန်းမှုများ ရှိနေပြန်သည်။

"အစိုးရ နံပါတ် ၃ ခေါင်းဆောင် ဦးရွှေမန်း ကတော့ သမ္မတ ဖြစ်ဖို့ အဖြစ်နိုင်ဆုံး လူပါပဲ။ ဒါပေမယ့် သန်းရွှေ ကတော့ သမ္မတကို နောက်ကနေ ကြိုးကိုင် နေဦးမှာပါပဲ" ဟု အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် အာဏာ ဆက်ကိုင်ထားရန် အကြောင်းပြချက် ကောင်းကောင်း ကလည်း ရှိနေသည်။ ယင်းအား ဆက်ခံမည့်သူအား အခွင့်အလမ်း ကောင်းများ မပေးလိုခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၆၂ မှ ၁၉၈၈ ထိ တန်ခိုး ထွားခဲ့သော ဗိုလ်ချုပ်မှူးကြီး နေ၀င်းသည် နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် ၂၀၀၂ တွင် ဆိုးဆိုး ၀ါးဝါး အခြေအနေတွင် ကွယ်လွန်ခဲ့ရသည်။ ထိုသို့ ဖြစ်စေရန် သန်းရွှေကပင် စီမံခဲ့ခြင်း ဖြစ်သည်။

ယခု လက်ရှိ စနစ်အရ လက်ရှိ အုပ်ချုပ်သူကို မျက်နှာသာ ပေး ရနိုင်သေးသည်။

မြန်မာနိုင်ငံ၏ အခြေခံ ဥပေဒအသစ် အရ လွှတ်တော် နှစ်ရပ်မှ သမ္မလောင်း တစ်ဦးစီ ပေါင်း နှစ်ဦးနှင့် ခန့်အပ် ထားသော တပ်မတော်သား အမတ်များက တစ်ဦးကို အမည် စာရင်း တင်သွင်းရန် ဖြစ်သည်။

အကယ် တပ်မတော်သား ကိုယ်စားလှယ်များက သန်းရွှေအား သမ္မတလောင်း အမည် စာရင်း မတင်သွင်း ခဲ့သည့်တိုင် ကျန် လွှတ်တော် နှစ်ရပ် အနက် တစ်ရပ်ရပ်က ယင်းအား အမည် စာရင်း တင်သွင်း နိုင်ပေသေးသည်။

လွှတ်တော် နှစ်ရပ်အတွက် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် စစ်အစိုးရ အလိုကျ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ၇၇ % အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲကို အတိုက် အခံ ကိုယ်စားလှယ်များအား ကန့်သတ် ချုပ်ချယ်မှုများ ရှိသည်ဟု ဝေဖန်ခဲ့ကြသည်။

USDP ကို စစ်တပ်မှ အငြိမ်းစားများနှင့် အစိုးရ ၀န်ထမ်းများဖြင့် ဖွဲ့စည်းထားပြီး ယင်းတို့ အများစု၏ ဘ၀မှာ သန်းရွှေပေါ် ကျေးဇူးများ ရှိနေသည်။

သမ္မတသည် ကက်ဘိနက် အသစ်၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်တို့ကို ခန့်အပ်ပိုင်ခွင့် ရှိသည်။ သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ဥက္ကဌ ဖြစ်လာမည် ဖြစ်သည်။

အဆိုပါ ကောင်စီသည် စစ်တပ်များ၏ ဦးစီးချုပ်ကို ခန့်အပ် ပိုင်ခွင့်၊ တာဝန်မှ ရုတ်သိမ်းပိုင်ခွင့် ရှိသည်။

အဆိုပါအဖွဲ့တွင် အဖွဲ့ဝင် ၁၁ ဦး ပါဝင်ပြီး၊ သမ္မတ၊ ဒုတိယ သမ္မတ ၂ ဦး၊ စစ်တပ်ဦးစီးချုပ်၊ ဒု ဦးစီးချုပ်၊ လွှတ်တော် နှစ်ရပ်မှ ဥက္ကဌများ၊ ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီး နှင့် နယ်စပ် စည်ပင် ၀န်ကြီးတို့ ပါဝင်ကြသည်။

အဆိုပါ ကောင်စီသည် စစ်တပ်ကို ထိရောက်စွာ ထိန်းချုပ်လိမ့်မည် ဖြစ်သည်။ စစ်တပ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း မြန်မာ နိုင်ငံ၏ အာဏာ ထွက်ပေါ်သည့် မူရင်းအရပ် ဖြစ်သည်။ "ဒီအဖွဲ့ကတော့ Beijing က ပေါ်လစ် ဗျူရိုနှင့် အတူတူပါပဲဗျာ"ဟု လန်ဒန် အခြေစိုက် တက်ကြွစွာ လှုပ်ရှားသူ ပညာရှင် မောင်ဇာနည်က ပြောသည်။ "တကယ်လို့ လက်တစ်ဆုပ်စာ ကွန်မြူနစ် အစစ် မဟုတ်တဲ့ အုပ်ချုပ်သူတွေဟာ တရုတ်ပြည်မှာ တရုတ် ၁.၃ ဘီလီယံကို ကောင်းကောင်း ထိန်းချုပ် နိုင်တယ်ဆိုရင် ဒီ လုံခြုံရေး ကောင်စီဟာ ယူနီဖောင်းဝတ် လေးသိန်း လောက်ကို မက်လုံးတွေပြ၊ ဇွတ်အတင်းခိုင်း၊ နမူနာ အရေးယူတာတွေ ပြပြီး လွယ်လွယ်လေး ထိန်းချုပ်နိုင်ပါတယ်" ဟု ယင်းက ပြောသည်။

အထက်ပါ အချက်များသည် သန်းရွှေသည် သမ္မတ နေရာ ယူရန် သော်လည်းကောင်း၊ မည်သူ သမ္မတ ဖြစ်သည် ဖြစ်စေ ယင်း၏ အိတ်ထဲတွင် လုံခြုံစွာ ထည့်ထားနိုင်သည် ဆိုသည့် အချက်များကို ကောင်းကောင်း ပြဆို နေသည်။

သို့သော် အချို့ သုံးသပ်သူများက ပြောင်းလဲမှု အတွက် အချက် အချို့ကို တွေ့မြင်ပြီး ဖြစ်သည်ဟု ဆိုသည်။

"အခု မြန်မာ နိုင်ငံမှာ အဖွဲ့အစည်း တစ်ခုက အုပ်ချုပ်တော့မှာပါ။ စစ်တပ်နှင့် အစိုးရ ဖြစ်ပါတယ်။ အဲတော့ သူတို့ နှစ်ယောက် ကြားမှာ ပွတ်တိုက်မှုတွေ ဖြစ်လာပါမယ်။ အဲတော့ ပြောင်းလဲမှု အတွက် အခွင့်အရေး အချို့ ရှိလာနိုင်ပါတယ်" ဟု US Campaign for Burma မှ အမှုဆောင် ဒါရိုက်တာ အောင်ဒင်က ပြောသည်။

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အရပ်ဖက် အဖွဲ့အစည်းများ (Civil society) ပေါ်ပေါက်လာမှုက ပြောင်းလဲမှုအတွက် အခွင့်အလမ်းများ တွေ့ရ သည်ဟု ဆိုသည်။

အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့် ပြုမည့် ဥပဒေကြမ်းများသည် နိုင်ငံရေး လှုပ်ရှားသူများ အတွက် မျှော်လင့်ချက်များ ရှိသည်ဟု သိရသည်။

ရွေးချယ် တင်မြှောက်ခဲ့သော ပါလီမန်နှင့် ကက်ဘိနက် အသစ်ကမူ အနည်းငယ်သာ မျှော်လင့် ရနိုင်မည် ဖြစ်သည်။

"နောက်အစိုးရမှာ အရပ်သားတွေ အတွက် ဘယ်ကဏ္ဍမှာမှ အခွင့်အလမ်း မမြင်ပါဘူး။ ယူနီဖောင်း ချွတ်ထားတဲ့ အရပ်သား ဆိုသူများသာ နေရာ ရပါလိမ့်မယ်"ဟု NLD အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဇန်န၀ါရီလ ၂၈ ရက် ၂၀၁၁ ရက်စွဲပါ Suu Kyi asks investors at Davos to help Myanmar  သတင်းကို တိုက်ရိုက် ဘာသာ ပြန်ဆိုသည်)

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ စီးပွားရေး ဦးဆောင် အုပ်စု များအား သူမ၏ ဆင်းရဲ နွမ်းပါးသော အပယ်ခံ နိုင်ငံတွင် ရင်းနှီး မြှုပ်နှံကြရန် သောကြာနေ့တွင် တိုက်တွန်း ပြောကြား လိုက်သော်လည်း သတိ ကြီးစွာ ထားကြရမည်ဟု ပြောဆိုခဲ့သည်။

ဆွစ်ဇာလန် နိုင်ငံ အလယ်ပိုင်း တောင်တန်း အပန်းဖြေ မြို့တွင် ကမ္ဘာ့စီးပွားရေး အမှုဆောင် များနှင့် အစိုးရ တာဝန် ရှိသူများ အတူတကွ စုဝေးနေကြသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ အသံသွင်း နှုတ်ဆက်လွှာ ပေးပို့ရာတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်က "မြန်မာနိုင်ငံကို ကမ္ဘာ့ အသိုင်းအ၀ိုင်းမှာ ပါဝင် စေချင်ပါတယ်" ဟု ပြောကြားခဲ့သည်။

"လွန်ခဲ့သော နှစ် ၅၀ အတွင်း ကျွန်မတို့ တိုင်းပြည်မှာ နိုင်ငံရေး ပဋိပက္ခတွေ ဖြစ်ပွား နေခဲ့ တာကြောင့် အခွင့်အလမ်း အများကြီး ဆုံးရှုံး ခဲ့ရပြီးပါပြီ" ဟု သူမက ဆိုသည်။

အရှေ့တောင် အာရှ၏ အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်သည့် စစ်ဖက် အုပ်ချုပ်သော မြန်မာ နိုင်ငံတွင် ကာကွယ်ရေး အသုံးစရိတ်က ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍ အသုံး စရိတ်များထက် ကျော်လွန် နေခြင်းသည် နိုင်ငံ၏ ပြည်သူ လူထု ၅၅ သန်းကို ထိခိုက် နစ်နာစေသည်ဟု သူမက ပြောကြားသည်။

နိုဝင်ဘာလက သူမ မလွတ်မြောက်မီ အထိ ၇ နှစ်ကြာ ထိန်းသိမ်းထားခြင်း ခံခဲ့ရသော အကျယ်ချုပ် ကာလအတွင်း ရေဒီယို အသံလွှင့် အစီအစဉ်များမှ ကြားသိရသည့် ကမ္ဘာ့စီးပွားရေး အကျပ် အတည်း နောက်ဆက်တွဲ အခြေအနေကိုလည်း သူမက ဆွေးနွေးခဲ့သည်။ ယခု အခါ သူမသည် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်နိုင်ရေးနှင့် နိုင်ငံရေး နယ်ပယ်သို့ ပြန်ဝင် နိုင်ရေး အတွက် ကြိုးပမ်း လှုပ်ရှားလျက် ရှိသည်။

"အမျိုးသား ပြန်လည် စေ့စပ်မှု၊ နိုင်ငံရေး တည်ငြိမ်မှု မရှိပဲနဲ့ လူမှုရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ ဆိုတာ စိတ်ကူးယဉ် အိပ်မက်ပဲ ဖြစ်နေပါလိမ့်မယ်" ဟု သူမက သတိပေး ပြောကြားသည်။

နည်းပညာ ကဏ္ဍ၊ အခြေခံ အဆောက်အဦ ကဏ္ဍနှင့် အသေးစား ချေးငွေ ကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံကြရန် သူမက တိုက်တွန်းခဲ့သော်လည်း "ကျွန်မတို့ ဖွံ့ဖြိုး တိုးတက်မှုရဲ့ ပေးဆပ်မှုတွေနဲ့ နောက်ဆက်တွဲ ထိခိုက်မှုတွေ ကိုတော့ ထပ်ကြပ် မကွာ သတိထားရမှာပါ။ သဘာဝ ပတ်ဝန်းကျင် နယ်ပယ် ဆိုင်ရာပဲ ဖြစ်ဖြစ်၊ လူမှု နယ်ပယ် ဆိုင်ရာပဲ ဖြစ်ဖြစ်ပေါ့" ဟု ရင်းနှီး မြှုပ်နှံသူများအား ပြောဆို ခဲ့သည်။

မြန်မာ နိုင်ငံတွင် ရင်းနှီး မြှုပ်နှံ ထားသူများနှင့် ရင်းနှီး မြှုပ်နှံရန် စဉ်းစား နေသူများ ကိုလည်း ဥပဒေ လေးစားရေး ကိစ္စ၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေး ဆိုင်ရာ ကိစ္စရပ်များ၊ အလုပ် သမားများ၏ အခွင့် အရေး ကိစ္စ၊ အလုပ် အကိုင် ဖန်တီးရေး ကိစ္စ၊ နည်းပညာ ဆိုင်ရာ ကျွမ်းကျင်မှု မြှင့်တင်ပေးရေး ကိစ္စ စသည်တို့ပေါ် လေးလေး နက်နက် သဘော ထားကြရန် သူမက မေတ္တာ ရပ်ခံ လိုက်သည်။

နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ယခုတိုင် ဖမ်းဆီးထားသော အစိုးရကို ရံပုံငွေ တောင့်အောင် ခရီးသွား လုပ်ငန်းမှ ဒေါ်လာများနှင့် ပြည်ပမှ ရင်းနှီး မြှုပ်နှံမှုများက ကူညီ ပေးနေသလို ဖြစ်နေ သည်ဟု ဒီမိုကရေစီ လှုပ်ရှားသူ တစ်ချို့က စိုးရိမ် ပူပန်လျက် ရှိသော်လည်း ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက် လာမှုက အဆိုပါ စိုးရိမ် ပူပန်မှုများကို လျော့ပါး သွားစေသည့် လက္ခဏာ ရှိသည်။

၁၉၉၀ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့ဖူးသော ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင်ရ ခဲ့သော်လည်း တပ်မတော်က အာဏာ လွှဲပြောင်း ပေးခြင်း မရှိပဲ လွှတ်တော် ခေါ်ယူ စည်းဝေးရန် ငြင်းဆန်ခဲ့သည်။ ယခုအခါတွင်မူ တပ်မတော် နောက်ခံပါတီ လွှမ်းမိုးသော လွှတ်တော်ကို ၁၉၈၈ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် တနင်္လာနေ့တွင် ခေါ်ယူ စည်းဝေး တော့မည် ဖြစ်သည်။

စစ်အစိုးရက ဖျက်သိမ်း ထားသော NLD ပါတီ တရားဝင် ပြန်လည် ဖွဲ့စည်းခွင့် ရရန် ဒေါ်အောင်ဆန်းစုကြည်က တင်ပြ လျှောက်ထားသော အမှုကို ကြားနာရန် ဗဟိုတရားရုံးက သောကြာ နေ့တွင် ငြင်းပယ်ခဲ့ပြီး နာရီ အနည်းငယ် အကြာတွင် သူမက ဒါဗို့စ် အပန်းဖြေ စခန်းမှ ကမ္ဘာ့ စီးပွားရေး ဖိုရမ် တက်ရောက် သူများကို "အသံသွင်း နှုတ်ဆက်လွှာ" ကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းမှ 28 January 2011 ရက်စွဲပါ "North Korea in Fresh Call for Talks with South Korea" ကို ဘာသာ ပြန်ဆိုသည်)

တင်းမာမှု ပြေလျော့ရေး နည်းလမ်းများကို တောင်ကိုရီးယားနှင့် ဆွေးနွေးရန် မြောက်ကိုရီးယားက ထပ်မံ နှိုးဆောင် တောင်းဆိုမှု ပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင် သတင်းဌာနက သောကြာနေ့တွင် သတင်း ထုတ်ပြန်လိုက်သည်။

ဘိုးဘေး နိုင်ငံ ပြန်လည် ပေါင်းစည်းရေး ဒီမိုကရက်တစ် တပ်ဦးဟု ခေါ်သော အုပ်စုက "တောင်နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံ အကြား အန္တရာယ် ကြီးမားသော အနေ အထားကို ကျော်လွှား နေစဉ် ပြည်သူ လူထု အနေဖြင့် အတူတကွ ရှေ့သို့ ချီတက်ရေး နည်းလမ်းများကို ရှာဖွေရန်" ၂ နိုင်ငံ လွှတ်တော် အမတ်များ အကြား တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ် ကြရန် ကြိုးစားလျက် ရှိသည်ဟု ကြေညာချက်တွင် ဖော်ပြသည်။

အရပ်သား ၂ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့သော နိုဝင်ဘာ ၂၃ ရက်က တောင်ကိုရီးယား ကျွန်းကို မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ်မှု နောက်ပိုင်း ပထမဆုံး တွေ့ဆုံမှု ဖြစ်သည့် စစ်ဖက် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြုလုပ်ရန် နှစ်ဖက် စလုံးက မျှော်လင့် ထားကြသည်။

ပြီးခဲ့သော မတ်လက တောင်ကိုရီးယား စစ်သင်္ဘောကို မြောက်ကိုရီးယားက တိုပီဒိုဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုးလ်က စွပ်စွဲခဲ့ပြီး နောက်ပိုင်း တစ်နှစ်ပတ်လုံး တင်းမာမှုများ ကြီးထွား လာခဲ့သည်။ အဆိုပါ သင်္ဘော တိုက်ခိုက်မှုကို မြောက်ကိုရီးယားက ငြင်းဆိုထားသည်။

ပြဿနာကို မီးထွန်း ရှာသည့် လေလုံးထွား ခြောက်လှန့်မှုများကို လပေါင်းများစွာ ပြောကြားခဲ့ ပြီးနောက် ယခု နှစ်တွင် ပြုံယမ်းက နည်းဗျူဟာ ပြောင်းလဲကာ တွေ့ဆုံ ဆွေးနွေးရေးကို မကြာခဏ တောင်းဆိုမှုများ ပြုလုပ် လာခဲ့သည်။

မြောက်ကိုရီးယား အာဏာရ ကွန်မြူနစ် ပါတီက ကြီးစိုးထားသော အဆိုပါ ဒီမိုကရက်တစ် တပ်ဦးက ပြည်သူ့ လွှတ်တော်ဟု ခေါ်သည့် ရာဘာ တံဆိပ်တုံး လွှတ်တော် (ကွန်မြူနစ် အာဏာရှင် နိုင်ငံများတွင် အာဏာရှင် ခိုင်းသမျှ တံဆိပ်တုံး ထုပေးရသည့် လွှတ်တော်) အတွက် ကိုယ်စားလှယ် လောင်းများကို ရွေးချယ်ပေးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Straits Times မှ 28 January 2011 ရက်စွဲပါ "Thai government Army deny coup claims" ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းအစိုးရသည် မျှော်မှန်းထားသော ရွေးကောက်ပွဲများ မတိုင်မီ လမ်းပေါ် ဆန္ဒပြပွဲများ အရှိန်မြင့် လာသည့် ကြားမှပင် စစ်တပ်က အာဏာ သိမ်းမည့် အလား အလာနှင့် ရင်ဆိုင် နေရသည်ဟု အတိုက်အခံတို့က ပြောဆိုနေခြင်းကို အစိုးရက ကြာသပတေးနေ့တွင် ပယ်ချ လိုက်သည်။

စစ်တပ်က ထိုင်းနိုင်ငံရေးကို ကြားဝင်ရန် အလား အလာ ရှိနေသည်ဟု အစိုးရ ဆန့်ကျင်သည့် ရှပ်နီ အုပ်စု ခေါင်းဆောင်၊ နိုင်ငံရေး သမား တစ်ဦးက ပြောကြားမှုကို ဝန်ကြီးချုပ် အဘီဆစ်ဗဲ့ ဂျာဂျီဗားက ပယ်ချလိုက်သည်။

"မဟုတ်ပါဘူး၊ သူတို့ အာဏာ သိမ်းဖို့ မကြံစည်ပါဘူး" ဟု ပြောကြားခဲ့သော ဝန်ကြီးချုပ်က စစ်တပ် ဦးစီးချုပ် ပရာရွတ် ချန်အိုချာသည် ၎င်းအား ထုတ်ပယ်ရန် စီစဉ်မည် မဟုတ်ဟူသော အချက်ကို ယုံကြည် စိတ်ချမှု ရှိကြောင်း ဆက်လက် ပြောသည်။

ယင်းကဲ့သို့ သေချာပေါက် ပြောဆိုမှုများကို ဒုတိယ ဝန်ကြီးချုပ် ဆူသက်သောင် ဆာဗန်က အစောပိုင်းတွင် ငြင်းဆိုခဲ့သော်လည်း ၁၉၃၂ ခုနှစ် နောက်ပိုင်း ထိုင်းနိုင်ငံတွင် ၁၉ ကြိမ်မြောက် စစ်တပ် အာဏာသိမ်းမှု ဖြစ်လာဖွယ် ရှိသည့် စစ်တပ်၏ လှုပ်ရှားမှုကို အကွဲ အပြဲ ကြီးမားနေသော ထိုင်းနိုင်ငံတွင်း အုပ်စု အချို့က ထောက်ခံ ကြဖွယ် ရှိသည်ဟု ဝန်ခံခဲ့သည်။

"အာဏာ သိမ်းဖို့ တောင်းဆိုနေတဲ့ အုပ်စုတွေ ရှိပါတယ်၊ ဒါပေမဲ့ ဒီလို မတောင်းဆို ကြပါနဲ့၊ ဒါဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် အဖြေ မဟုတ်ပါဘူး၊ ရှပ်နီတွေရဲ့ သူရဲကောင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို စစ်တပ်က အာဏာ သိမ်းခဲ့တာ ၅ နှစ်တောင် မပြည့် သေးပါဘူး" ဟု ယင်းက ဆိုသည်။

ထိုင်းစစ်တပ်၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆွန်ဆန် ကွေကမ်နတ်ကလည်း ယင်းကဲ့သို့ အစီအစဉ်များ မရှိဟု ငြင်းဆိုခဲ့သည်။ "စစ်တပ် အကြီးအကဲက အာဏာ သိမ်းမှာ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပြီးပါပြီ၊ လက်ရှိ အနေအထားမှာ ဘယ်လို စစ်တပ် ခေါင်းဆောင်ကမှ အာဏာ သိမ်းဖို့ သတ္တိ မရှိပါဘူး" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Assiociated Press မှ 28 January 2011 ရက်စွဲပါ "Chinese Journalist who is critical of government fired" ကို ဘာသာ ပြန်ဆိုသည်)

အစိုးရကို ဝေဖန်မှုကြောင့် လူသိများသော သတင်း ဆောင်းပါးရှင် တစ်ဦးက "၎င်း၏ အရေး အသား လေသံကို လျှော့ရန် ငြင်းဆန်သည့် အတွက် တိုင်းပြည်၏ သတ္တိ အကောင်းဆုံး မီဒီယာ လုပ်ငန်းများ ထဲမှ တစ်ခု က ၎င်းအား အလုပ်မှ ထုတ်ပယ်လိုက်သည်" ဟု ပြောကြားသည်။

Southern Media အုပ်စုပိုင် သတင်းစာများတွင် အယ်ဒီတာနှင့် ဆောင်းပါးရှင် အဖြစ် ဆောင်ရွက်ခဲ့သူ ချန်ပင်းက ၎င်းအား အလုပ် ရပ်ဆိုင်းမှုသည် ၎င်းရေးသားခဲ့သော ဆောင်းပါး တစ်ခုချင်းနှင့် မသက်ဆိုင်ဘဲ တသမတ်တည်း ဝေဖန်နေသည့် လေသံကြောင့် ဖြစ်သည်ဟု ပြောသည်။

ချန်ပင်းက ၎င်းအား အလုပ်မှ ထုတ်ပယ်မှုသည် ပြီးခဲ့သော နိုဝင်ဘာလက အထိန်းသိမ်းခံ ဒီမိုကရေစီ လှုပ်ရှားသူ လူများကို ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိပြီး နောက်ပိုင်း အရှိန် မြှင့်လာသည့် လွတ်လပ်စွာ ပြောဆိုခွင့် အပေါ် ကန့်သတ် နှိပ်ကွပ်သည့် တရုတ် နိုင်ငံ စီမံချက်၏ အစိတ် အပိုင်း တစ်ခု ဖြစ်သည်ဟု ယူဆကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.